စိတ်
ဖေဖေ့ကို ဆုံးရှုံးရတာရော၊ မေမေ ခံစားနေရတာကို မချိတင်ကဲကြည့်ပြီးရော အားလုံးပေါင်းစပ်ပြီး ကျနော့်စိတ်မှာလည်း အတော် နာကျင်ကြေကွဲစွာခံစားရပါတယ်။ မုဆိုးမ မိခင်အိုကို တတ်နိုင်သမျှ နှစ်သိမ့်အားပေးခဲ့ပါတယ်။
ဒီလိုနေရင်းနဲ့ပဲ ဖေဖေ ဆုံးပြီး (၄)လပြည့်ဖို့ ရက်အနည်းငယ်အလိုမှာ မေမေ ဒီကဗျာလေးကို ရေးခဲ့ပါတယ်။
သူထွက်ခွါလည်း၊
ပြန်လာလိမ့်နိုး၊ တိတ်တခိုးပင်၊
မျှော်ကိုးစောင့်ကြိုနေမိသည်။ ။
သူ့စကားသံ၊
မကြားပြန်လည်း၊ ရှာကြံနားစွင့်၊
မျှော်လင့်တောင့်တနေမိသည်။ ။
သူမရှိလည်း၊
ရှိနေသေးသည်၊ မဝေးမကွာ၊
အနီးမှာဟုရှာမိသည်။ ။
သူ့အရိပ်ကို၊
ခိုလှုံလိုလည်း၊ လဲပြိုပျက်ရွေ့၊
ရှာမတွေ့တော့၊
ချမ်းမြေ့စိတ်များပျောက်ခဲ့ပြီ။ ။
မရသည်ကို၊
လိုချင်တောင့်တ၊ သောကမီးကြီး၊
ငြီးငြီးဟုန်းထ၊ တောက်လောင်လှစဉ်၊
"အဘိဏှသုတ်တော်"၊
ရွတ်ပူဇော်သော်၊ တွေးခေါ်ဆင်ခြင်၊
အမှန်မြင်၍၊ ရေစင်အေးချမ်း၊
ပက်ဖြန်းသည်သို့၊ နှစ်လို့စိတ်တွင်၊
တရားမြင်သည်၊ လျင်လျင်စွဲငြီး၊
သောကမီးကိုငြိမ်းစေသတည်း။ ။
အဲဒီတော့မှပဲ ကျနော်လည်း မေမေ့အတွက် အနည်းငယ် စိတ်အေးသွားရပါတော့တယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်အနန္တ၊ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်အနန္တကြောင့် မေမေ့ရဲ့စိတ်မှာ ဆောက်တည်ရာ ရခဲ့ရပါတယ်။ ရတနာသုံးပါးဟာ အမှန်တကယ်ပဲ ကျနော်တို့ရဲ့ အားကိုးအားထားရာဖြစ်စေပါတော့တယ်။
မေမေ့ရဲ့ကဗျာလေးနဲ့ပဲ ရတနာသုံးပါးနှင့်တကွ ကျနော့်ရဲ့ကျေးဇူးရှင်ဖခင်ကြီး နဲ့ မိခင်ကြီးအပါအ၀င် အနန္တော၊ အနန္တငါးပါးကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့လိုက်ပါတယ်ခင်ဗျား။
ခံစားဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးပါ။
ဟယ်ရီ
