Monday, 20 July 2009

သခင်အောင်ဆန်းတရား‎

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊‎
အဘယ်တရားဟောမည်နည်း။‎

ဆန်း၏ သတ္တိ၊‎
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊‎
ဟောစရာကား အလွန်များ၏။‎

မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊‎
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊‎
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊‎
မင့်သား သိစေချင်လှ၏။‎

သူ့အစွမ်းကား၊ အခြားမဟုတ်၊‎
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊‎
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊‎
ဗန်းပြအလှ၊ ပကာသနကို၊‎
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊‎
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊‎
ကြုံရာဘဝ၊ မုကလုံလောက်၊‎
ခံမြို့ဆောက်၏။‎

ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
‎ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်‎
ပျံတလူလူ၊ သူထူခဲ့ကြောင်း‎
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊‎
ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။‎


ဇော်ဂျီ

‎(ညီသစ်ဆင်း ကဗျာများ မှ ...)‎

Read More...

Sunday, 19 July 2009

ပြောလိုက်ပါဘိ ဟောပါဘိ

ဆရာဇော်ဂျီရေးဖွဲ့ခဲ့တဲ့ ညီသစ်ဆင်းကဗျာတွေထဲက တပုဒ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းကဗျာများ စာအုပ်ထဲမှာပါလို့ တင်ပေးလိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမှာရှိတဲ့ ယောက်ျားကောင်းတို့ရဲ့ခေါင်းဆောင်သဘောကို ယနေ့ခေတ်လူငယ်များ နားလည်စေချင်တဲ့ ဆရာကြီးရဲ့ စေတနာပါ ....

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သက်လှယ်၊ မင်း သားငယ်သည်၊‎
သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။‎

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊‎
အူယားဖါးယား၊‎
ကစားရာမှ၊ နွားရုပ်ချ၍၊‎
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊‎
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊‎
ငါမြင်ခဲ့၏ မှတ်မိ၏။‎

မိုးကစိုစို၊ ကျီးအုပ်ပြို၍၊‎
ထိုမှဤမှ၊ တို့လမ်းမတွင်၊‎
ပျံကြဝဲကြ၊ ငရဲကသို့၊‎
အုံကြွမြည်အာ၊ မသာယာကို၊‎
ငါကြားခဲ့၏ မှတ်မိ၏။‎

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊‎
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊‎
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊‎
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊‎
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊‎
မချင်မရဲ၊ ဝမ်းနဲခံခက်၊‎
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊‎
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။‎

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊‎
သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊‎
မြတ်စေချင်၏၊ မင်းမြင်ငါကြား၊‎
စကားဥဒါန်း၊ ဆန်း၏သတ္တိ၊‎
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊‎
ဆန်းမှာဆုံပေါင်း၊ ယောက်ျားကောင်းတို့၊‎
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊‎
ပြောလိုက်ပါဘိ ဟောပါဘိ။ ။‎

ဇော်ဂျီ
‎(ဇူလိုင်လ ၁၉ ရက်၊ ၁၉၆၄ ခုနှစ်၊ အာဇာနည်နေ့)‎

၁၉၆၄-ခုနှစ် အာဇာနည်နေ့အထိမ်းအမှတ်
မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊ ယဉ်ကျေးမှုဌာန
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေးကော်မတီက ထုတ်ဝေသည့်
‎"ဗိုလ်ချုပ်အောင်ဆန်းကဗျာများ" စာအုပ်မှ ...‎

Read More...

အာဇာနည် အလေးပြု

ဆရာကြီးမင်းသုဝဏ်ရဲ့ "အာဇာနည် အလေးပြု" ဆိုတဲ့ ကဗျာလေးနဲ့ ၆၄-နှစ်မြောက် အာဇာနည်နေ့ကို ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ် ...
အမျိုးသားခေါင်းဆောင်ကြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိ သို့ရောက်ရှိပြီး မြင့်မြတ်ရာဘုံဘဝမှာ သာဓုခေါ်နိုင်ကြပါစေ ....


အာဇာနည် အလေးပြု

ငါတို့အတွက်၊ ကိုယ့်အသက်ကို၊
မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွှတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖော်နတ်က ကြားစေသောဝ်။

(မင်းသုဝဏ်)
(၄၊ ၁၊ ၁၉၅၃)
(အင်းယားကန်သို့ အိုကုတို့ ကဗျာစာအုပ်၊ စာမျက်နှာ ၁၄၃-မှ ....)

Read More...

အာဇာနည်ဗိမာန်

ဒီနေ့ဆိုရင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ မသမာသူများလုပ်ကြံခြင်းခံရတာ ၆၂-နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။

တိုင်းပြည်အတွက် အသက်ပေးသွားရှာကြသူ ဗိုလ်ချုပ်နဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုတဲ့အနေနဲ့
၁၉၆၄-ခုနှစ် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊ ယဉ်ကျေးမှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေး ကော်မတီက ထုတ်ဝေတဲ့ ‎"ဗိုလ်ချုပ်အောင်ဆန်းကဗျာများ" စာအုပ်ထဲက ကဗျာတွေကို တင်ဆက်လိုက်ပါတယ်။
ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိ လားကြပါစေ။


အာဇာနည်ဗိမာန်

သြော် … အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော
အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့ အောင်ပန်းညှို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန် မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။


သြော် … တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘုကွဲ့၊
သတိကင်းကာ မျက်ရည်ကျကျပြီး၊
ခက်ကပြီ လက်ဆည်မရနိုင်ဘု၊
သောက ဘလောင်ဆူတော့ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊
ယခေါင်မူ ယမန်သနစ်တွေပေါ့၊
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူရမ်းနေကြ၊
ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊
လူကြမ်း ဓပြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊
ဘေးအပေါင်းကြီးစွာ ဝေဒနာ အစုံနဲ့၊
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊
ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊
သားရင်း ရှင်တရုပ်ကယ်က၊
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊
ဒဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊
ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊
အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊
တထုံး နောက်တနဲမှာတော့၊
မင်းရဲရန္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊
ပြည်မင်းဂုဏ်ခံလို့၊
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊
တလိုင်းနယ် ရွေပြည်တခွင်မတော့၊
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊
လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊
သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊
မဟုတ်တရုတ် အကောင် တေလေတစ္ဆေကိုက်တာနဲ့၊
သြော်…..ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊
မရေမရာ သေရွာဆိုက်သလိုပါ့၊
အခိုက်အခါတူလို့မို့၊
ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်၊
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊
ငါတလူ ငါသရမ်းရော့မဟဲ့လို့
သာခန်း ပလ္လင်ညွှန်းပြီး၊
မြင်ကွန်းပိုင် သူပုန်ထစဉ်က၊
ကြုံရသူ မသာတော်နှင့်၊
ပမာသော် တူတယ်လို့နှိုင်းမိတယ်၊
ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊
စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊
မှိုင်းရဲ့စိတ်ထင်။

မင်းစိတ် မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊
ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊
ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊
တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သကော။

နန်းမြို့တည်ရန်၊
မှန်းလို့ရည်ကာသန်တဲ့ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊
ထိုထိုလူခပဲကို မကြည်ညိုတဲ့၊
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့၊
တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊
သြော် ... အမှောင်စရိုက်ကယ်နှင့်၊
ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊
ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊
ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊
ဖြေမကြည် နေရီတော့လွမ်းစေဘို့၊
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊
အစွမ်းကုန် သည်တခါဖြင့်၊
ပြည်ရွာ ညီညာဘို့အလုပ်ပေပေါ့၊
သုဿန် တံခွန်စောင်းရရှာတဲ့၊
ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်၊
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊
မြန်မာမတော့ ပူစရာဘို့၊
တဗျူဟာ အောင်ခမန်းတွင်မှ၊
လူမသမာ အမှောင်သန်းချိန်မို့၊
သောင်ကမ်းမို့မို့ဆီက၊
ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊
သြော် … တောင်နန်း မြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့၊
အခေါင်မမြန်းရခင်က အောင်ပန်းညှို့ ရရှာတဲ့၊
အောင်ဆန်းတို့ သေပုံနှမြော။ ။

(သခင် ကိုယ်တော်မှိုင်း)‎

‎(၁၉၄၇-ခုနှစ်က ရေးသားခဲ့သည့်ကဗျာ)‎
၁၉၆၄-ခုနှစ် အာဇာနည်နေ့အထိမ်းအမှတ်
မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊ ယဉ်ကျေးမှုဌာန
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေးကော်မတီက ထုတ်ဝေသည့်
‎"ဗိုလ်ချုပ်အောင်ဆန်းကဗျာများ" စာအုပ်မှ ...‎

(ဗိုလ်ချုပ်အောင်ဆန်း ရှားပါးဓာတ်ပုံများကို မြန်မာမိသားစု မှ ရရှိပါသည်။)

Read More...

Thursday, 16 July 2009

ကဗျာပျောက်ဆုံးခြင်း

တိမ်ခိုးပမာ၊ စိတ်ခြေရာ၌၊
ကဗျာလိုက်လို့ရှာမိသည်။

ကဗျာကဗျာ၊ တစာစာနဲ့၊
ဘယ်ညာရှေ့နောက်၊ ထက်အောက်စုန်ဆန်၊
ကာရန်ပျောက်ဆုံး၊ မိုးလုံးပတ်လည်၊
နရီဘယ်မှာ၊ ရှာရင်းရှာဆဲ၊
ကဗျာငါ့ဆီပြန်လာပါ။

တိမ်ခိုးပမာ၊ စိတ်စေရာနယ်၊
ကဗျာဘယ်ဆီပျောက်သနည်း။ ။


ကဗျာရေးလို့မရလို့ ရေးလိုက်တဲ့ကဗျာလေးဖြစ်ပါတယ် ...
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

Read More...

Monday, 22 June 2009

လောကဓံ

ရွှေမှန်ကင်းများ၊
အခြေကြွားသော်၊
ထင်းသားအနေခက်လိမ့်မည်။

တစ်နေ့ကြုံပြန်၊
လောကဓံကြောင့်၊
ရွှေမှန်ကင်းတို့၊
အနေချို့၍၊
မြေသို့သက်ဆင်း၊
အခြေယွင်းသည်၊
မှန်ကင်းလည်းထင်း-ထင်းလည်းထင်း။ ။


လွန်ခဲ့တဲ့ ၂၄-နှစ်က ကျနော်ရေးခဲ့တဲ့ ကဗျာအဟောင်းလေးပါ ... ကဗျာရွာမှာ အရင်ဆုံးစတင်ခဲ့တဲ့ ကဗျာတွေထဲမှာ ဒီတပုဒ်လေး အမှတ်တရ မို့ တင်လိုက်ပါတယ်။
မိုက်ပင်ပျိုးလို့ မိုက်ဆိုးမှန်နေဆဲသူများအတွက် လောကဓံဆိုတာ ဒီလောကကြီးမှာ ရှိနေသေးပါကြောင်း ....

ဟယ်ရီ

Read More...

သတ္တမဘုံစဉ်အလွမ်းကို ပြန်လည်ခံစားခြင်း

၁။ နွေရက်များ၏ဝေဒနာ

နွေရက်တွေရောက်လာပြန်ပြီ ညီမလေးရေ ...
နွေနဲ့အတူ ဥသြတွေရဲ့ လွမ်းတေးသံ ... အတာ နဲ့ ပိတောက် ကလည်း တံခါးခေါက်လို့ ... သူတို့အချိန်မှန်ရောက်လာကြပြန်ပြီပေါ့
ဒါပေမဲ့ အတာသဘင်ဆိုတာ ပါဝင်ဆင်နွှဲခွင့်လေးမှမရှိသူအတွက်ဆိုရင် ခက်ဆစ် ဆိုတာ အလကားပေါ့ ...
ပန်ပေးခွင့်မကြုံတဲ့ အဝေးက ပိတောက်တခက်ဟာ မင်းအတွက် အရေးပါလေတော့မတဲ့လား ..
အင်းလေ ... တကယ်တော့ အရေးပါတယ် မပါဘူးဆိုတာလဲ အရေးမှမဟုတ်တာ ညီမလေးရယ်၊ တကယ်ချစ်တတ်တဲ့သူတွေဆိုတာ ပေးဆပ်ဖို့သာ အမြဲ တွေးတတ်ကြတာပါလေ၊ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ အတေးအမှတ်ဆိုတာ နတ္ထိ၊ နာကျည်းခြင်းဆိုတဲ့ စကားဟာ သူရူးတွေရဲ့အလင်္ကာလို့သာ ကိုယ်အမြဲတမ်း မှတ်ထင်ခဲ့သူပါ။


၂။ မျက်ရည်နက္ခတ်စီးခဲ့လေသူ

သိုးငယ်တို့ရဲ့ အပြုံး နဲ့ မြွေပွေးတို့ရဲ့နှလုံးသားကို ထက်ဝက်စီပိုင်ဆိုင်ထားသူအဖို့ အအိပ်လည်းပျက်၊ အဆိပ်လည်းတက်၊ နေရဲ့သွေးတွေနဲ့ ဖွဲ့သီထားတဲ့ လင်္ကာအိုတွေနဲ့ ညည်းချင်းချမိချိန်မှာ ညှိုးငယ်တဲ့ အရှုံးတခုဟာ ကိုယ့်ရင်ထဲမှာ တွဲခိုနေဆဲပါပဲ ... တကယ်တမ်း တွေးကြည့်တော့လည်း ပြိုင်ပွဲကိုမှ ဝင်ခွင့်မရှိသူမှာ အနိုင်အရှုံးဆိုတာ ရှိပါဦးမတဲ့လား ...
ခင်ဝမ်းရဲ့ ခုနစ်ပြည်ထောင် တေးသံက အဝေးကနေ တိုးတိုးလေး ပျံ့လွင့်လို့ ...
အိပ်မက်တွေကြွေတဲ့ရာသီဆို မျက်ရည်နက္ခတ်တို့ အမြဲ ပျံဝဲတဲ့ညတွေမှာ မင်းနာမည်လေးကို တိုးတိုးလေး ညည်းရင်း တိတ်တခိုး နောက်ပြန်ဆုတ် ခဲ့ရတဲ့ တေလေနှလုံးသားနဲ့ လူရဲ့အဖြစ်တွေ .. မင်းမသိနိုင်ပါဘူး ညီမလေးရယ်

ညီမလေးရေ ...
ယမမျက်စောင်း ဆိုတာ အကြောင်းသုံးပါး မရွေး ... ဂုမ္ဘာန်တစ်ထောင်ကို အိုးကင်းထဲထည့်လှော်တဲ့ နှမ်းတွေလို တဖျစ်ဖျစ်မြည်ပြီး ကျေပျက်သွားစေနိုင်သတဲ့ ...
ထက်ကောင်းကင် က ဣန္ဒာရဲ့ ဝရဇိန် ... အာဠာဝက ဘီလူးမင်း ရဲ့ ဘွဲ့ဖြူ ... ဝေဿဝဏ်နတ်မင်း ရဲ့ ချွန်းတောင်း ...
ဒါတွေဟာ ကမ္ဘာ့လက်နက်ကြီး လေးပါး တဲ့
အဲဒီ လက်နက်တွေကို မာရ်နတ်မင်းရဲ့ လက်ရုံးတစ်ထောင်အပြည့်ကိုင်စွဲရင်း ကိုယ့်အသည်းကို ထိုးနှက်နေသလား ... ခဲမီးပြင်းနဲ့အတိုက်ခံရသလို ဘယ်မှာကြည့်လိုက် ကြည့်လိုက် အမိုက်တိုက်က အပြည့် ...

၃။ သတ္တမဘုံစဉ်အလွမ်း

တခါတလေတော့လဲ လရောင်ခြည်ကို တမ်းတမိပါတယ် ခေါ်ခွင့်မကြုံတဲ့ ကိုယ့်ရဲ့လှယမင်းရယ်
နွေညခင်းတရာမှာ ငွေလမင်းဟာ တခါတလေတော့ သာရော့လေရယ်မလားလို့ ဟိုးအဝေးက မှုန်သီဝေဝါးတဲ့ အာကာထက်က တိမ်ပန်းချီကို ရေးခြယ်သီမှုန်း ခဲ့မိသူလိုပါပဲ ... အတိအကျလဲ မရှိဘဲ ပျော်၊ အမိအရလဲ မရှိဘဲ မျှော်မိရင်း နောက်ဆုံးတော့လည်း နွေရက်တွေ ရှည်တဲ့ မိန်ရာသီတကြောမှာ တိမ်ထက်က ကြယ်စင်ကို ရှာဖွေမောခဲ့မိသမျှ ကြွေသွားခဲ့ရတဲ့ အိပ်မက်တွေကို လေနှင်ရာမျှောရင်း နွမ်းလျတဲ့ ကဗျာအမောတွေသာ တပွေ့တပိုက်သီခဲ့မိပါတယ် ... ကိုယ့်ဘဝထဲကို ခဏလေးဆင်းလာခဲ့တဲ့ ... မြနှယ်ယွင်းရည်တဲ့ နွေပန်းချီကားထက်က လမင်းရွှေရည်ပန်းအိမ်လေးရေ

၎။ ဗျတ်စောင်းတလက်နဲ့ ကဗျာသည်

ကိုယ်ကလည်း တေးသီအကျော်မဟုတ်ပြန်တော့ ခက်သားပဲ ညီမလေးရယ် ... Beethoven ကတော့ Elise အတွက် တေးချင်းရှည်တပုဒ်ဖွဲ့ခဲ့လေရဲ့ ...
မှောင်ရီသမ်းချိန်များဆို သော်တာရောင်ခြည်ဂန္တဝင်တေးချင်းကြီးတပုဒ် နဲ့ တချိန်က တင့်မောခဲ့တဲ့ Alhambra နန်းတော်ရဲ့ ရင်ပြင်ထက်မှာ Tarrega ဆိုတဲ့ ကြယ်ကြီးတပွင့်ရဲ့ လက်ရာတေးချင်းတွေ၊ Mozart ရဲ့ မှော်ဝင်ပလွေသံတွေ၊ Canary အကတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပန်းသဘင်ကို တင်ဆက်ရင်း မင်း ပျော်စံဖို့ ဖျော်ဖြေပေးလိုက်ချင်ပါတယ် ...
ဖြစ်များသာဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ .... အသူရာနတ်မင်းရဲ့ နတ်စောင်းမှာ ပန်းကြိုးလေးတွေဆင်ရင်း သုံးလုံးသော မင်းနာမည်လေးကို သံစဉ်အပြောက်အမွှန်းတွေနဲ့သီမှုန်းဖွဲ့ဆိုပြီး စကြာဝဠာတံတိုင်းမှာ မော်ကွန်းထိုးပေးလိုက်ချင်ပါရဲ့ ...
အခုတော့ ဗျတ်စောင်းတလက်နဲ့ပဲ ကဗျာတပုဒ် ခပ်ပျင်းပျင်း ညည်းချင်းချမိနေရုံသာပဲလေ ...

၅။ ခရမ်းပြာစည်းနရီ

ကိုယ်သွားတော့မယ် ညီမလေးရေ ...
တစ်ဘဝလုံးအတွက် နှုတ်ဆက်လိုက်ပါတယ် ...
လွမ်းတိမ်တွေယှက်သမ်းပြီး နေတခြမ်းကို အသေထမ်းထားရတဲ့ လူဟာ ပန်းတွေနဲ့ဖွဲ့သီတည်ဆောက်ထားတဲ့အိမ်က လှေကလေးအတွက် ဧည့်ကောင်းစောင်ကောင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ ကိုယ် သိပြီးသားပါ။ ဖြစ်ချင်းဖြစ်ရင် နတ်ဆိုးတွေပျော်တဲ့ အပါယ်ဘုံအိမ်ရာထက်က ကျိန်စာပြင်းတွေတိုက်ထားတဲ့ပုရပိုဒ်နက်တချပ်ကလွဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး ညီမလေးရယ် ...

နေတကောင်ဟာ သူ ဖြတ်သန်းခဲ့ရသမျှပင်လယ်ပြင်မှာတွေ့တဲ့ ကျင့်စဉ်မှတ်တမ်းတချပ်ကို ဖွင့်ကြည့်မိလေရဲ့ ...
နန်းဇမ္ဗူရင်ပြင်ထက်က ကြယ်စင်ညှာရဲ့ပန်းသရဖူကို ရင်ခွင်ယှက်မိုးပြီးစောင့်ရှောက်ခွင့်လေးများ ပါလေမလားရယ်လို့ မရဲတရဲ ဖွေရှာကြည့်ခဲ့မိပါတယ်။
ဒါပေမဲ့လဲ မဝံ့မရဲ မျှော်လင့်မိသလို အရိပ်အရောင်လေးတောင် မတွေ့ပြန်လေတော့ နေရာမှန်ဖြစ်တဲ့ လွင်ပြင်နက်ဆိုးရဲ့ထောင့်တနေရာ အောက်တဆင့်မှာပဲ အရာရာကို ထောက်ချင့်တွေးဆပြီး ကောင်းကင်ထက်က ကိုယ့်ရဲ့ကြယ်စင်ကို တိတ်တိတ်လေး ငေးနေပါတော့မယ်။ ပင်လယ်ပြင်ထက် တနေရာမှာ ခဏတက်လာတဲ့ ရေပွက်ကလေးတခုလို့ပဲ မှတ်ယူလိုက်ပါပြီ ... ပျော်ပျော်သာစံနေရစ်ပါတော့ ညီမလေး ...

ညီမလေးရေ ...
တခါတလေတော့ ကိုယ့်ကို သတိရပါ ...
နွေအိုလမ်းမှာ လေညိုတွေသွမ်းတဲ့အချိန် နေကိုထမ်းရင်း လျှောက်မြဲဆက်လျှောက်နေပါတယ် ...
အလွမ်းတတင်းကို ရင်မှာသယ်ပိုးရင်း
ကိုယ့်ရဲ့ ဗျတ်စောင်းမှာ ပိုးကြိုးလေးတွေဆင်ပြီး အနွမ်းသီချင်းကိုနှိုးလိုက်တဲ့အခါ ပျိုးခဲ့မိတဲ့ အလွမ်းတွေပဲ သံစဉ်အဖြစ် ပွင့်ခဲ့ပြန်တာပေါ့
စိုက်တဲ့အတိုင်း သိမ်းရိတ်ရတာဟာ ကိုယ့်အတွက် ထူးပြီးမဆန်းတော့ပါဘူး ညီမလေးရယ် ...
ဒီတော့လဲ အဝေးမြေပြင်မှာ အဆွေးကြွေသဘင်ကို ကြိတ်မှိတ်ဆင်နွှဲလို့
ကိုယ် ...
တိတ်တဆိတ် ရင်ကွဲနေမှာပါ

၆။ ဝေးမြေမှတမ်းချင်း

အဝေးမြေတနေရာကနေ လွမ်းဆဲပါ လွမ်းမြဲပါ လွမ်းနေဦးမှာပါ ညီမလေးရေ ...
လမ်းခွဲဟာ ငိုစရာလား ဝမ်းနည်းစရာ မဆိုပါနဲ့ လွမ်းသည်းညှာ ချိုပြာနွဲ့ရယ် ...

နွေရက်တွေလွန်ပြီဆိုရင် မိုးငွေ့တွေနဲ့ ဝဿန်မိုးဟာ စွေသွန်လာဦးမှာပေါ့ ...
အဲဒီအခါဆို သရဝဏ်နက္ခတ်နဲ့ အတူ ခတ္တာပန်းတွေပွင့်လိမ့်မယ် .. ပုန်းညက်ဝါတွေ စပယ်တွေ ပွင့်လာကြလိမ့်မယ်။ ဒီလို ဝဿန်ခါမှာဆို စပယ်လေးတွေကို မင်း သီနေရင်းပဲဖြစ်ဖြစ် ....

မိုးမှုန်တွေပြေးတဲ့အခါလဲ ဆောင်းနှင်းလေပြေတွေ သွေးလာလိမ့်ဦးမယ်လေ ...
ဒီအခါကျရင် ပွင့်လာမယ့် မြတ်လေးပန်းတွေနဲ့အတူ တော်ဝင်တဲ့သဇင်တွေလည်း ပွင့်ချိန်ရောက်ပြီပေါ့ ... ဒီလိုဆောင်းရက်တွေမှာဆို သဇင်တွေကို မင်းပန်ဆင်ရင်းပဲဖြစ်ဖြစ် ...

နှင်းစက်တွေပြေးပြန်တော့ နွေတေးတမာန်ပြန်ရောက်လာလိမ့်ဦးမှာပဲ ...
အဲဒီအခါ ပွင့်လာလိမ့်ဦးမယ့် ပိတောက်ဝါတို့ စံရာသီမှာ မင်း ပျော်ရွှင်ကာနေရင်းနဲ့ပဲ ဖြစ်ဖြစ် ...

အခါရာသီမရွေး လွင့်ပျံမြူးကြွလို့ တိမ်ပေါ်မှာ မှေးစက်ကာ ငယ်ဖေါ်တွေနဲ့အတူ မင်းပျော်နေရင်း ..
ဝေသီနွေးမူးစရာ ညတွေမှာ လှသွေးရည်အဖေါ်တစုတို့နဲ့အတူ အကလေးတွေနဲ့ မင်း တေးသီရင်း ..
ဘဝဆိုတဲ့ အဏ္ဏဝါဦးရပ်မှာ မင်းကူးခတ်ပျော်မော စံစားနေရင်းနဲ့ ...
မာယာအသွယ်သွယ် ကြွယ်တဲ့ ဟောဒီဘုံဘ၀မှာ ခဏတာလာဆုံခဲ့ရတဲ့ မြူမှုန်လေးတမှုန်ဟာ
မင်းဘဝထဲမှာ တုန်ခါ .. ဖျော့သွေ့ .. ဝေဝါး .. လာပြီး
မင်းလေ .. တဖြည်းဖြည်းနဲ့ ... ကိုယ့်ကို မေ့သွားမှာပါ

၇။ နောက်ဆုံးအိပ်မက်ညို

ညီမလေးရေ ...
မင်းအရိပ်လေး ကိုယ့်ဆီက မပျောက်ဆုံးသွားခင် နောက်ဆုံးစကား ဆုမွန်ချွေခဲ့ပါတယ် ..

နက်ပြာမှိုင်းညို့တဲ့ ညခင်းတွေ မင်းဆီကို ခဏလေးပဲ ရောက်ရှိချဉ်းကပ်လာတဲ့အခိုက်မှာတောင်
ငွေလမင်းဟာ မင်းဘဝအတွက် အမြဲ လက်လက်ဖြာတင့်ရွှန်းဝေနေပါစေ ...

စန်းလသီတဂူ ထွက်ပြူလာတဲ့အချိန်တိုင်းမှာလည်း မြရွက်ပဝါတွေ ခင်းထားတဲ့ ညစက်ရာမှာ
အမြဲတမ်း ကောင်းစွာမှေးစက်ပျော်နိုင်သောသူ ဖြစ်ပါစေ ...

မိုးသောက်ယံကို ရောက်ပြီဆိုရင်လည်း စောင်းစည်ညင်းပတ်သာ တွေရဲ့ သံသာတေးတွေနဲ့
ညင်သာစွာနိုးထလာနိုင်ပါစေ ...

လက်ရှိဖြစ်လေရာ 'တခဏငယ်' လေးတွေတိုင်းမှာလည်း ဘဝသမိုင်း အမြဲကောင်းလေသူ မင်း ဖြစ်ပါစေ ....

ညီ မ လေး ခ ရမ်း ပြာ ရေ ...


သတ္တမဘုံစဉ်အလွမ်း ခရမ်းပြာစည်းနရီ

(၁)
နွေရက်တွေရဲ့ရာဇဝင်မှာ
အဖြေခက်လေတဲ့ တာသဘင်ပွဲ
ပါဝင်နွှဲခွင့်မှ မရှိသူတယောက်အတွက်
ပိတောက်တခက် ဟာ အဝေးမှာနေ
အရေးပါလေတော့မတဲ့လား
ညီမလေးရယ် ...

တကယ်ချစ်တတ်သူတွေဟာ
နွယ်ရစ်ပတ်သလိုအကြင်နာ တေးထပ်နဲ့
အတေးအမှတ်ဆိုတာ ဗလာ
ပေးဆပ်ဖို့သာရှာမှီးရင်း
နာကျည်းခြင်း ဆိုတာဟာ
စာလုံးတောင် မပေါင်းတတ်ခဲ့ကြဘူး
သူရူးတို့ရဲ့အလင်္ကာတဲ့ကွယ်

(၂)
ညှိုးငယ်တဲ့အရှုံးနဲ့
သိုးငယ်ရဲ့အပြုံး
နေသွေးဖွဲ့အမုန်းနဲ့
မြွေပွေးရဲ့နှလုံး
သုဉ်းပျက်ကာ အိပ်စက်
အဆုံးတဝက်မှာ အဆိပ်တက်နေ
အိပ်မက်အကြွေတွေနဲ့
တေလေနှလုံးသားနဲ့လူရဲ့ ရာသီထက်
ဘာဝီစက်အခြေမှာ
မျက်ရည်နက္ခတ်တို့
ဗျဂ္ဃစာအမြဲကျင့်နေလေရဲ့

မာရ်နတ်မင်းရဲ့လက်ပေါင်းတစ်ထောင်
ယမမင်းရဲ့မျက်စောင်းအမှောင်
ထက်ကောင်းကင်က ဝရဇိန်စက်ကျ
ယက္ခရဲ့ဘွဲ့ဖြူဝဠာစုနဲ့
ရာဟုဂြိုဟ်အမြဲစီးနင်း
ခဲမီးပြင်းနဲ့တိုက်
အလစ် .. အငိုက် ..
အမိုက်မှောင်ချည်းပါပဲလေ

(၃)
ညီမလေးရေ ...
ခေါ်ခွင့်မကြုံတဲ့ ကိုယ့်ရဲ့လှယမင်း
နွေညခင်းတရာမှာ
ငွေလမင်းတခါတော့
သာရော့လေမလားလို့
ဝေဝါးမှုန်သီ
တိမ်ပန်းချီရေးခြယ်ခဲ့မိသမျှ
မတိမကျနဲ့ပျော်
မမိမရနဲ့မျှော်ရင်း
အော် .. နောက်ဆုံးတော့
မိန်ရက်နွေတကြောမှာ
တိမ်ထက်ဖွေမောလို့
အိပ်မက်ကြွေမျှောရင်း
မောခဲ့ရတဲ့ နွမ်းကဗျာပါ
ကိုယ့်ဘဝအတွင်း
ခဏဆင်းခဲ့တဲ့ ...
မြယွင်းနွေပန်းချီ
လမင်းရွှေရည်ပန်းအိမ်လေးရယ်

(၄)
ညီမလေးရယ် ..
အဲလစ်ဇယ်အတွက် ဖွဲ့ခဲ့တဲ့
ဘီသိုဗင်ရဲ့တေးချင်း
ဗျတ်စောင်းတစင်းနဲ့
ခပ်ပျင်းပျင်းနဲ့ညည်းတဲ့ကဗျာ
ဖြစ်များသာဖြစ်နိုင်မယ်ဆိုရင်တော့
အသူရာနတ်စောင်းမှာပန်းကြိုးတွေဆင်လို့
မင်းနာမည်အယဉ်ဘွဲ့ကို
ဖွဲ့ဆိုပေးလိုက်ချင်ပါသေးတယ်

မင်းပျော်စံဖို့
ညအမှောင်သမ်းချိန်
လရောင်ဆမ်းတဲ့ ဆိုနာတာ
တာရီဂါကြယ်စံရာ
အယ်လ်ဟမ်ဘရာ နန်းရင်ပြင်ထက်
ပန်းသဘင်တင်ဆက် ပျိုးပြက်ပျော်ရွှင်
မိုးဇက် သီတဲ့မှော်ဝင်ပုလွေသံနဲ့
ကန်နရီအက ကိုတင်ဆက်ကာ
လက်ဖြာ .. ပြာမှိုင်း တဲ့
စကြာဝဠာတံတိုင်းမှာ
သမိုင်းမော်ကွန်းထိုးပေးခဲ့ချင်ပါရဲ့ကွယ်

(၅)
သွားတော့မယ် ညီမလေးရေ ...
ပန်းအိမ်လှေအတွက်တော့
လွမ်းတိမ်တွေယှက်သမ်းလို့
နေတခြမ်းကို
အသေထမ်းထားရတဲ့ ဧည့်သည်ဆိုတာ
တကယ့်တကယ်တော့
အပါယ်နတ်ဆိုးတွေအိမ်ရာထက်က
ကျိန်စာနက်ပုရပိုဒ်တချပ်ပါ။

နေတကောင်ရဲ့ကျင့်စဉ်မှတ်တမ်း
ဖြတ်သန်းခဲ့ရသမျှပင်လယ်ပြင်မှာ
ကြယ်စင်ညှာရဲ့ပန်းသရဖူကို
နန်းဇမ္ဗူရင်ပြင်ထက်
ရင်ခွင်ယှက်မိုးပြီးစောင့်ရှောက်ခွင့် မပါလို့
လွင်ပြင်နက်ဆိုးထောင့် အောက်အဆင့်မှာ
အရာရာကို ထောက်ချင့်တွေး
တိတ်တိတ်လေး ငေးနေပါတော့မယ်။

နွေအိုလမ်းမှာ
လေညိုသွမ်းချိန်
နေကိုထမ်းရင်း
အလွမ်းတတင်းကိုပျိုး
အနွမ်းသီချင်းကိုနှိုး
ပိုးကြိုးလေးတွေဆင်
အဝေးမြေပြင်မှာ
ကြွေသဘင်ကို ကြိတ်မှိတ်ဆင်နွှဲလို့
ကိုယ် ...
တိတ်တဆိတ် ရင်ကွဲနေပါ့မယ်

(၆)
ညီမလေးရေ ..
ဝေးမြေကနေ လွမ်းဆဲ
ဝမ်းနည်းစရာ
လွမ်းသည်းညှာရယ် ...
လမ်းခွဲဟာ ငိုစရာလား

နွေရဲ့အလွန် မိုးစွေသွန်ရင်
သရဝဏ်ခတ္တာ ပုန်းညက်ဝါတို့
ပွင့်ကာတသွယ် စပယ်လေးတွေသီရင်းပဲဖြစ်ဖြစ် ...

မိုးမှုန်အပြေး ဆောင်းနှင်းသွေးရင်
မြတ်လေးတော်ဝင် သဇင်တွေပန်ရင်းပဲဖြစ်ဖြစ် ...

နှင်းစက်အပြေး နွေတေးတမာန်ပြန်အရောက်
ပိတောက်ဝါတို့ စံရာသီမှာပဲဖြစ်ဖြစ် ...

ရာသီမရွေး လွင့်မှေးတိမ်ပေါ်
ငယ်ဖေါ်တွေနဲ့ပျော်ရင်း ..
ညနွေးဝေသီမှာ
လှသွေးရည်တို့နဲ့
အကတေးသီရင်း ..
ဘဝဆိုတဲ့ အဏ္ဏဝါဦးရပ်မှာ
ကူးခတ်ပျော်မောရင်းနဲ့ ...
ဘဝမာယာဘုံမှာ
ခဏတာလာဆုံရတဲ့
အမှုန်လေးတမှုန်ဟာ
တုန် .. ခါ .. ဖျော့ ... သွေ့ .. ဝါး
မင်းလေ .. ကိုယ့်ကို မေ့သွားမှာပါ

(၇)
ညီမလေးရေ ...
မင်းအရိပ်လေး မပျောက်ဆုံးသွားခင်
နောက်ဆုံးစကား ဆုမွန်ချွေခဲ့ပါတယ် ..

ညခင်းနက်ပြာ
ခဏချဉ်းလျက်မှာပင်
လမင်းလက်ဖြာဝေပါစေ ...

လအထွက်မှာ
မြရွက်ပဝါနဲ့
ညစက်ရာမှာ
ကောင်းစွာမှေးပျော်နိုင်သောသူ ဖြစ်ပါစေ ...

စည်ညင်းတို့၏သံသာဖြင့်
မိုးသောက်ယံအင်ခါမှာလည်း
ညင်သာစွာနိုးထနိုင်ပါစေ ...

ဖြစ်လေရာ 'ခဏ' တိုင်းမှာလည်း
ဘဝသမိုင်းကောင်းသူဖြစ်ပါစေ ....

ညီ မ လေး ခ ရမ်း ပြာ ရေ ...


သတ္တမဘုံစဉ်အလွမ်း ခရမ်းပြာစည်းနရီ ကဗျာကိုပဲ ပြန်လည်ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
ဖတ်ရှုခံစားအားပေးသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ...

ဟယ်ရီ

Read More...

Tuesday, 16 June 2009

စေတီယဖွားဖက်တော်

ဦးပုညတို့ ဖွဲ့လိုက်ပုံများတော့ လက်ဖျားခါလောက်ပါတယ်။ မှန်တာကိုမပြောတဲ့နေရာမှာတော့ ဥသျှောင်ပါပဲ။ အဲဒီခေတ်က မှန်တွေက နိုင်ငံခြားက သင်္ဘောနဲ့ ဝင်ပါတယ်။ အဲဒီ "မှန်" တွေကိုရောင်းရင်တောင် "မှား" လို့ခေါ်ပြီး ရောင်းမယ်။ "မှန်" လို့များ ယောင်လို့ပြောမိရင် အာခေါင်ကို ဖဲ့လိုက်ပါဆိုပြီး မောင်းခတ်ကျေညာပြီးတောင် ပြောလိုက်ဦးမယ် ဆိုပဲ ...
အော် .... စေတီယမင်းနဲ့ ဖွားဖက်တော် ဆိုလောက်တဲ့သူတွေ ... အောက်က အလိမ်ဖွဲ့တေးထပ်လေးကို တင်ပေးလိုက်ပါတယ်။

စေတီယဖွားဖက်တော်
စေတီယလက်ထက်က၊‎
ဖွားဖက်တော်ရဲဗိုလ်၊‎
မဟုတ်မှသူဆိုတယ်၊‎
တကိုယ်လုံးမုသား၊‎
အလွဲမျာ့းဘုရင့်ငယ်၊‎
အလိမ်တွင် မင်းတရာ့ဖျား။‎

အမှားမျာ့း ဥသျှောင်ငယ်၊‎
အကောင်တောင် ပိုင်စား၊‎
သင်္ဘောပါ မှန်ကုန်များကို၊‎
မှားခေါ်လို့ရောင်းစေ၊‎
မှန်ဆိုလျှင် အာကိုဖဲ့စေဟု၊‎
မောင်းလှည့်မယ့် လူစားပါပေ။‎

တမိုးအောက်လူ့ပြည်မှာ၊‎
သည်တဖေတပါးသာဖြင့်၊‎
မုသားစောင်ဖြူခြုံ၊‎
ပိန်းပိတ်လို့မှုန်၊‎
မျက်လှည့်ကြီး ဉာဏ်စုံတယ်၊‎
လှည့်စားပုံဆန်းပေငဲ့လေး။ ။‎

(အလိမ်ဖွဲ့)
စလေဦးပုည

Read More...

Saturday, 13 June 2009

ကဝေ

မတွေ့ကြရင်၊ ကောင်းသားထင်ခဲ့၊
တွယ်ရာမဲ့သည်၊ ကိုယ်ရဲ့ဝိညာဉ်၊
စောင်းကြိုးငင်ခိုက်၊ သံစဉ်မပီ၊
ပန်းချီသမား၊ ဝေဝါးဆေးချက်၊
ဘေးထွက်လွဲအောင်၊ စွဲနှောင်ညှို့ယူ၊
သူ ကဝေလား၊ ထွေပြားစိတ်မှာ၊
အရိပ်ပါပဲ၊ လိပ်ပြာဖြတ်ယူ၊
နတ်မူဟန်သွဲ့ နွဲ့လေသူ။ ။


"ကဝေ" သို့ ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Wednesday, 10 June 2009

မျက်ဝန်းမှ ...

ပြိုမလို၊
ညိုကာထစ်ချုန်း။

မှောင်ရီပြာ၊
တောင်ဆီမှာ မိုးတွေညို့ပြီကွယ့်၊
ဖြိုးစွေလို့ သက်ဆင်းကာ၊
မျက်ဝန်းမှာ ရွာပါစေဖို့၊
မာယာတွေ ဆင်ခဲ့သူရယ်၊
မြင်လှည့်ပါအုန်း (ဦး) ။ ။

လောကအလှ အတွက် ရေးပေးထားတဲ့ ဒွေးဆစ်လေးဖြစ်ပါတယ်။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီ

Read More...