Monday, 15 February 2010

ခရမ်းပြာဝိုင် (၁၀)‎

ဝေဖူးပေမဲ့၊
မေ မခူးတဲ့ အိပ်မက်တွေ။

ပျိုးမိသမျှ အလွမ်းပါ၊
ခရမ်းပြာရေ။

ဝိုင်တပွင့်ရဲ့ဝတ်ဆံတွေ၊
မပန်လေခဲ့ပေမင့်။

လွမ်းတိုင်းကွယ် ...‎
ပန်းရိုင်းနွယ် အခက်များက
လက်ဖျားမှာပွင့်။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Saturday, 13 February 2010

ရာပြည့်သို့ ငါးနှစ်အလို

အပိုမတွေး၊
ကိုယ်ရေးတွေ ဘေးဖယ်ကာ။

သုံးဆယ့်နှစ် မွေးနေ့အကြို၊
တရက်သာလိုပါသော်လည်း၊
ထိုအရာတွေ ရင်မခုန်၊
သူ "ပင်လုံ" မှာ။

ဗိုလ်ချုပ်ရယ်၊
အပိုအလုပ်ပယ် ပြတ်သားစွာနဲ့၊
မရပ်နားပါ ခရီးဆက်ပြန်ပေါ့၊
မနက်ဖြန် မွေးနေ့လို့တောင်၊
အတွေးဝေ့လို့ မနေနိုင်ရှာ၊
ခိုင်မာတဲ့စိတ်ထား။

မုသားမဆို၊
သူ့စကားရယ် မချိုပါဘူး၊
မလိုတမာ ကင်းရှင်းစွာနဲ့၊
အပိုမပါ ဘွင်းဘွင်းသာကွယ့်၊
ရှင်းလင်းစွာ တွေးသ၍မှာ၊
မွေးနေ့ဘာလဲ သူမခင်၊
ဘေးတွေ့မှာလဲ မပူပင်နဲ့၊
သူအစဉ် တိုင်းပြည်ဖို့သာတွေး၊
‎(အော် ... ) တူမမြင် နှိုင်းမီဖို့ရာဝေးပါရဲ့၊
သမိုင်းချီလို့သာ အလေးပြုချင်၊
‎(ကျနော်တို့ရဲ့) ကျေးဇူးရှင် မွေးဖွားရက်ကို၊
အတွေးများဆက် ပုံပြုသမို့၊
အလေးထားလျက် အကုန်စုလို့၊
ဂုဏ်ပြုစို့လား။ ။


ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ၉၅-နှစ်မြောက် မွေးနေ့အမှတ်တရ ...
ထာဝရ ရိုသေလေးစားဦးညွတ်လျက် ...

ဟယ်ရီ

Read More...

Tuesday, 2 February 2010

မြင်လှည့်ပါ ခရမ်းပြာ (ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်)‎

တေးထပ်ထဲမှာ ဒီတေးထပ်မျိုးကို ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ် လို့ ခေါ်ပါတယ်။ တခြားတေးထပ်တွေက အပိုဒ်ကြီး ‎တပိုဒ် (အပိုဒ်ငယ် ၁၈-ပိုဒ်) နဲ့ပဲ ရေးဖွဲ့ပေမဲ့ ဒီ ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်ကတော့ ပိုဒ်စုံ ရတုတွေလိုပဲ အပိုဒ်ကြီး ‎သုံးပိုဒ် ရေးရပါတယ်။ ဒါ့အပြင် "ကိုယ်တွင်းပြည့်" လို့ ဆိုထားတဲ့အတွက် အပိုဒ်ကြီး တပိုဒ်ချင်းစီရဲ့ အပိုဒ်ငယ်တွေ ‎အားလုံးကို နဘေကိုက်အောင် ရေးရပါတယ်။ မှန်ရာကို ဝန်ခံရရင် ရေးရတာ အလွန်ခက်ပါတယ်။ အစွမ်းကုန်ကြိုးစားပြီး ‎ရေးကြည့်ထားတာပါ။ ရေးဖူးတယ် ရှိအောင်ပေါ့။ ဒါတောင် လုံးဝ အသစ်ရေးတာမဟုတ်ဘဲ အရင်က ရေးထားတဲ့ ‎‎"မြင်လှည့်ပါ ခရမ်းပြာ" ဆိုတဲ့ အရိုးခံတေးထပ်လေးကို နည်းနည်း ပြင်ဆင်ပြီး ကျန်တဲ့နှစ်ပိုဒ်ကို နဘေလိုက်ထပ်ပြီး ‎ရေးလိုက်တာပါ။ ကျနော် အရင်က ရေးခဲ့ဖူးတဲ့ လောကနာရီ နဲ့ ခရမ်းပြာမေ ဆိုတဲ့ ကိုယ်တွင်းပြည့်ပိုဒ်စုံ ရတု ၂-ပုဒ် လိုပဲ ဒါမျိုးထပ်ရေးဖို့ ‎မလွယ်တော့ပါဘူးခင်ဗျာ .... ‎
ဖတ်ကြည့်ကြပါဦး ... ဝေဖန်စရာရှိရင်လည်း အားမနာတမ်း ဝေဖန်သွားနိုင်ပါတယ်။ ကြိုဆိုလျက်ပါ ခင်ဗျာ ...‎


မြင်လှည့်ပါ ခရမ်းပြာ (ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်)‎

ရင်ထဲမှာ အမြဲလွမ်းလို့၊ အသည်းနွမ်းနဲ့ ခေါ်မယ်၊
အမြဲတမ်းကွယ့် ပျော်စေရွယ်၊ ဖျော်ဖြေမယ် ကဗျာငှက်၊
အလာခက် ဝါရွက်ကြွေအောင်၊ ညာရက်လေ သဲမြညှာသက်။‎
ဝေတခက် ခြွေရက်လေတယ်၊‎ ကြွေရွက်တွေ မြေသက်၊‎
ပွေခက်မပြေ အခြေပျက်လို့၊ နေထက်မက ပူတာ၊
နွေရက်ည ဘဝင်ဆူအောင်၊ ကြင်သူရယ် နေရက်နိုင်တာ။
ယိမ်းဝေ့ဝေ့ ယိမ်းရွေ့ကာ၊ ယိမ်းလေ့ပါ ခြွေစေဦး၊‎
ဝေနေမဆုံး သစ်လွင်လက်ဖြာ၊ ချစ်ရင် တသက်တာ၊
ပင်ထက်က ပန်းကညာကို၊ မလှမ်းသာ ရင်လဲ့ညှာဆွေး။

စဉ်မြဲသာ စွဲလန်းလို့၊ အမြဲတမ်းကွယ့် မပျော်တယ်၊
ပုလဲပန်းလဲ့ ဘော်ငွေခြယ်၊ ခေါ်နေမယ် အရှာဆက်၊
ခါတသက် ဗျာစက်ပွေအောင်၊‎ ကြာရက်ရှည် ခွဲရတာခက်။‎
အနေခက် နွေရက်တွေရယ်၊‎ ရှည်သထက်ရှည် အကြွေဆက်၊‎
အဖြေမထွက်လေ ပွေခက်လို့၊ ဖြေခက်ရ သူမှာ၊
နေရက်လှ မမြင်သူယောင်၊ ရင်ပူတယ် အနေခက်မှိုင်ကာ။
တိမ်းလွေ့လွေ့ တိမ်း၍သာ၊ တိမ်းမွေ့ကာ လေပြည်သုဉ်း၊‎
မေရေမုန်း ပစ်ကျဉ်ရက်ပါ၊ ချစ်စဉ်မပျက်သာ၊‎
‎စဉ်ဆက်ည အနွမ်းဗျာပို၊ အလှမ်းကွာ ‎သခင်နဲ့သာဝေး။

မြင်ဆဲပါ အမြဲတမ်းမို့၊ အစွဲအလန်းနဲ့ မျှော်တယ်၊
‎အသည်းလမ်းရဲ့ အပေါ်မယ်၊ ‎မျှော်နေတယ် အလာခက်၊‎
ကဗျာသက် ကြာရက်ရှည်တောင်၊ ဖြာမျက်ရည်‎ ဝဲရပါလျက်။
နွေအဆက် ဝေရွက်တွေရယ်၊ ကြွေလျက်လေ မြေထက်၊
နွေရက်ရှည် အဖြေခက်လို့၊ အခြေပျက်ည မဟူရာ၊
ခြွေရက်ပါ့ တမင်သူလှောင်၊ ယဉ်မူသွယ် ဆွေသက်ပိုင်ညှာ၊
စိမ်းသွေ့သွေ့ စိမ်းငွေ့ဖြာ၊ စိမ်း၍သာ နေစေဦး၊‎
ရေမြေဆုံး ချစ်ကြင်လျက်သာ၊‎ ပြစ်မမြင်ရက်ပါ၊‎
ရင်ထက်က လွမ်းကဗျာကို၊ ခရမ်းပြာ မြင်လှည့်ပါလေး။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Saturday, 9 January 2010

နှောင်ကြိုးမဲ့အိပ်မက်

ဆောင်းဦးညယံ ...‎
ခြေသံဖွနင်း၊ ရင်တွင်းခိုဝင်၊
ညင်သာတိတ်တိတ်၊ မှေးမှိတ်စက်သူ၊
အိပ်မက်ညမျိုး၊ လန့်ကာနိုးမှ၊
မြူခိုးအသွင်၊ ပြန်ချင်ထွက်သွား၊
မတားရက်ပါ၊ နှင်လိုရာသို့၊
ဆက်ကာလှမ်းပေါ့၊ လွမ်းတော့လွမ်းမယ်၊
တကယ်ဆိုရင်၊ သည်ရင်ခွင်မှာ၊
ခြေရာသဲ့သဲ့၊ သူချန်ခဲ့သည့်၊
သွဲ့သွဲ့ရနံ့၊ ဆွတ်ပျံ့ရည်မူး၊
စက်ရာဦးတွင်၊ သည်းမှူးဝတ်ရည်၊
တည်နေမည်လေ၊ သူခြေရာဆက်၊
ခရီးထွက်ရင်း၊ ချိုင့်ခွက်ထူပြော၊
ဘဝတောလည်၊ အမောဖြေဖို့၊
ကြုံလို့ဖြစ်စေ၊ လမ်းနေသင့်ရင်၊
ကြယ်စင်တသောင်း၊ အိပ်မက်ဟောင်းသို့၊
ပြန်ပြောင်းခဏ ဝင်လှည့်ပါ။ ။


‎ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 29 December 2009

ကန္တာရဆောင်း

ကမ္ဘာဦးအလွမ်းပင်လေလား ...‎
အို ... မြောက်ပြန်လေ ...‎
စိုမြစိမ့်လွင်သော ‎
ထို့အတူ ကြုံရခဲလှသော ...‎
ကန္တာရမိုးစက်ပေါက်တို့အလွန် ...‎
ဆောင်းပျိုမသည် ‎
မြူလွှာရုံကို ဆင်မြန်းရင်း ...‎
ကတ္တီပါခြေလှမ်းနုနုတို့ဖြင့် ...‎

နှင်းမဲ့လေသည့်
ဟေမာန်ညို့ညို့ ...‎
လှိုင်းမဲ့လေသော
ကမ်းခြေလွင်လွင် ...‎
မြောက်ပြန်လေ၏ လက်သည်းရိုင်း တငုံ ...‎
သွဲ့သွဲ့သင်းသော မိုးဓားတလက်၏ တီးတိုးသံစဉ် ...‎
ခါးသက်သက် တိမ်လွှာညိုညို တချို့ ...‎
ပြင်းရှရှ ကြယ်စင်ငွေ့တို့၏ ရနံ့ချို တချို့ ...‎
ဟိုး ... ဝေးဝေးက
လျှပ်ပြက်သံတချို့ ...‎
‎... တချို့
‎... တချို့

ကန္တာရသည်
ခါးသီးစိမ့်မြမှုတို့ လွှမ်းရစ်နေ၏။ ‎
နေမင်းသည် ...‎
စောစီးစွာ ပုန်းကွယ်ချိန် ...‎
လွင့်လွင့်ဝေ့ဝဲနေသည့်
သဲလှိုင်းကုန်းများ၏ ဝန်းကျင် ...‎
သဲပြင်ပေါ်တွင် ...‎
တင်ရစ်လေခဲ့သော ကမ္ဗည်းစဉ်
တလောကလုံးတွင်
ခရမ်းပြာရိပ်တို့
ယှက်သန်းဝေဖြာ ....‎
အရာရာသည် ... ‎
ကန္တာရ၏ ရင်ခုန်သံ တချက် ...‎

နှင်းဆီလမ်းခွဲ၏ တဘက်တွင် ...‎
ဆည်းဆာအိပ်မက်တို့
ဝင့်ဝဲလွင့်ဝေနေလေရော့မည် ...‎

ဒီအချိန်ဆို ...‎
ဝေသီတိမ်းမူးဖွယ်ညယံတို့တွင်
လွင့်မောပျော်စံနေရော့မည်လား ...‎

ကြယ်ရံတို့ဖြင့် ပျော်ပါလေ ...‎
အလင်းပန်းကြွေများဆင့်ရင်း ...‎
တစစီ ပြိုကျခဲ့လေသည့် ...‎
ကန္တာရ၏ ဟိုမှာဘက်ရှိ
ကြယ်စင်နန်းအိုလေးရှိရာဆီသို့ ...‎
ခြေဖွနင်းရင်းသာ .... ‎
ပြန်ခဲ့ပါမည် ခရမ်းပြာ ...‎

အလွမ်းတို့ဖြင့် သီကုံးအပ်သော
အိပ်မက်လက်တဆုပ်စာဖြင့် ... ‎
သံယောဇဉ်တို့ဖြင့် ဖွဲ့တည်အပ်သော
ချစ်ခြင်းဝတ်လွှာတို့ဖြင့် ...‎
စွန့်လွှတ်ခြင်းတို့ဖြင့် ဝေဆာခဲ့သော
အရုဏ်ပွင့်ချပ်တို့ဖြင့် ...‎
နူးညံ့စွာပေးအပ်ခဲ့သော
အရှုံးဝတ်ဆံတို့ဖြင့် ...‎

မိုးသောက်အလွန် ...‎
မွန်းတည့်အလွန် ...‎
ဆည်းဆာအလွန် ...‎
ညဥ့်ယံ၏အလွန် ...‎
အတ္တ၏အလွန် ...‎
မာန၏အလွန် ...‎
ရင်ခုန်သံတို့၏အလွန် ...‎
မိုးကုတ်စက်ဝိုင်း၏အလွန် ...‎
ထို့ထက်ပိုလွန်၍ ....‎
ဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎

Read More...

Saturday, 19 December 2009

တိုက်ပွဲပျော် ... သို့

ပုခက်ထဲက၊ အူဝဲဟစ်ကာ
စစ်ကြေငြာပြီး၊ လောကကြီး၏‎၊
ခါးသီးတွေ့ကြုံ၊ အလုံးစုံကို၊
မဖြုံအံခဲ၊ ပွဲဆက်နွှဲရင်း‎၊
လူလဲတော်တော် ကြီးခဲ့ပေါ့။‎

မိုက်လဲမိုက်လို့၊ တိုက်လဲတိုက်ခဲ့၊
ရှုံးလိုက်တာလဲ အသင်္ချေ။ ‎
ရဲလဲရဲလို့၊ နွှဲလည်း နွှဲခဲ့၊
နိုင်ပွဲတွေလဲ အနန္တ။‎

‎ဒီလိုပဲပေါ့‎၊
တိုက်ပွဲဆိုတာ၊ သာချင်သာမယ်၊‎
တိုက်ပွဲဆိုတာ၊ နာချင်နာမယ်၊‎
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ။‎

နာနာသာသာ၊ ဘာမှမဖြုံ၊
စိတ်လုံခြုံရင်၊
မတုန်မလန့်ဖျပ်ပါဘူး။‎
အဟုန်မတန့်ရပ်ပါဘူး။‎

ရှေ့ကဆီး၍၊
လမ်းခရီးထဲ၊ သစ်ပင်လှဲမလား။‎
ရှေ့ကကန့်၍၊
အဟန့်အတား၊ ဆူးတွေထားမလား။‎
ယောက်ျားဟေ့နော်၊
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲ။‎

ဓနုဖြူ ကျော်ထွန်း

ယောက်ျားဟေ့နော် ... တိုက်ပွဲပျော် ... ကျနော်တိုက်ရင်း တက်မှာပဲ .... တဲ့ ...

ဒီ ကဗျာလေးကို ကဗျာချစ်သူများ မှတ်မိကြမလားတော့ မသိပါဘူး။ ၁၉၇၀ ပြည့်လွန်နှစ်များက ရေးခဲ့တဲ့ ဆရာ ‎ဓနုဖြူ ကျော်ထွန်း ရဲ့ လက်ရာ တိုက်ပွဲပျော် ဆိုတဲ့ ကဗျာလေးပါ။ ကျနော် အင်မတန်ကြိုက်လို့ မှတ်ထားခဲ့တာ ‎ကြာပါပြီ။ဓနုဖြူ ကျော်ထွန်း ဆိုတာ တခြားသူ ဟုတ်ပါရိုးလား ... နာမည်ကျော် ဟာသ စာရေးဆရာ အနှစ်သုံးထောင် ‎ဆရာကြီးကွေး ခေါ် အီကြာကွေးပါပဲ။ ပထမတော့ အနှစ်တထောင် ဆရာကြီးကွေး၊ အဲဒီကနေ အနှစ်နှစ်ထောင် ‎ဆရာကြီးကွေး နဲ့ နောက်ဆုံး အနှစ်သုံးထောင် ဆရာကြီးကွေး ဆိုပြီး ရေးနေတဲ့ ဆရာ အီကြာကွေးပါ။ ဂုရုကွေး ‎ပေါ့ဗျာ။
အခုတော့ တိုက်ပွဲပျော်ကြီးဟာ မရဏမင်းနဲ့ စစ်ခင်းတဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ရှာပါပြီ။ ရန်ကုန် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၅-ရက်၊ ညနေ ၆-နာရီမှာ ‎လူကြီးရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ ဆရာဟာ အသက် ၇၂-နှစ် ရှိပြီ ဖြစ်ပါတယ်။

ဆရာကြီးကွေး၏ ဘဝ တစေ့တစောင်း

ဆရာ အီကြာကွေးရဲ့ ဇာတိချက်ကြွေကတော့ ဓနုဖြူမြို့ မင်းပိုင်ရပ်မှာပါ။ ၁၉၃၈ ခုနှစ် မတ်လ ၄ ရက်၊ ‎တနင်္လာနေ့မှာ ‎အဘ ဦးမောင်နှစ်နှင့် အမိဒေါ်ညွန့်မေ တို့က ဖွေးဖွားခဲ့တဲ့ တဦးတည်းသောသားဖြစ်ပါတယ်။ ‎‎နာမည်ရင်း ဦးကျော်ထွန်းပါ။ မူလ ကဗျာ ကလောင် အမည်က ဓနုဖြူ ‎ကျော်ထွန်းဖြစ်ပါတယ်။‎ ဓနုဖြူ အစိုးရ ‎အထက်တန်းကျောင်းမှာ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။


စာရေးဆရာ အီကြာကွေး
(ဧရာဝတီက ရယူပါတယ်)

ဆရာ အီကြာကွေး မကွယ်လွန်ခင်က အမှတ် ၂၆၅၊ မင်္ဂလာလမ်း၊ ၁၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ‎ရန်ကုန်မြို့ မှာရှိတဲ့ သူ့နေအိမ်မှာ ဆွေမျိုးမရှိဘဲ တပည့်တချို့နဲ့ နေထိုင်ခဲ့ပါတယ်။ အဲဒီ နေအိမ်ကို ‎‎မကွယ်လွန်ခင်ကတည်းက သာသနာရေးဝန်ကြီးဌာနကို ကြိုတင် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
ကွယ်လွန်ချိန်အထိ အိမ်ထောင်မရှိဘဲ တကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။


ဆရာကြီးကွေး၏ အိမ် (မိုးမခ မှ ရယူပါတယ်)

စာပေတာဝန်များထမ်းဆောင်ခဲ့ပုံ

အသက် ဆယ့်ခြောက်နှစ်အရွယ်၊ ၁၉၅၄ ခုနှစ် ဇန္နဝါရီလကတည်းက စလို့ စာရေးသားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန် ‎အသက် ၇၂-နှစ် အရွယ်အထိ စာပေရေးသားခြင်းကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အခု ‎ကွယ်လွန်ချိန် ၂၀၀၉-ခုနှစ် အထိဆိုရင် စာရေးသက်တမ်း ၅၅-နှစ်ကျော် ၅၆-နှစ်နီးပါး ရှိခဲ့တဲ့ စာရေးဆရာကြီး ‎တဦး ဖြစ်ပါတယ်။





(DVB (ဒီမိုကရက်တစ် မြန်မာ့အသံ) သတင်းဌာန မှ ‎ရယူပါတယ်)


လူမှုရေး အသော့အထေ့၊ သရော်စာ၊ ဟာသစာတွေ ရေးသားပြီး နာမည်ကျော်ကြားတဲ့ စာရေးဆရာ အီကြာကွေး ‎ဟာ လုံးချင်းဝတ္ထုပေါင်း ၂၀ ကျော်ခန့်နဲ့ ကဗျာ၊ ဝတ္ထုတို၊ သရော်ဟာသ စာပေများကို ကိုယ်ပိုင်ဟန်များဖြင့် ‎ရေးသား တင်ဆက်ခဲ့ပါတယ်။
သူဟာ စာရေးဆရာကြယ်နီ၏ တပည့်တဦးဖြစ်ကြောင်းသိရတယ် လို့ ဧရာဝတီသတင်းဌာနက ဆိုပါတယ်။
ထင်ရှားသည့် စာပေ လက်ရာတွေကတော့ ဓနုဖြူ ကျော်ထွန်း အမည်ဖြင့် ကဗျာပေါင်း ၁၂၀၀ ကျော်၊ မဂ္ဂဇင်း ‎ဝတ္ထုတို ၈၀ ကျော်၊ မဂ္ဂဇင်းဝထ္ထုရှည် ‎၃ ပုဒ်နှင့် "ပီမိုးနင်း၏ ဝတ္တုတို အတတ်ပညာ" အမည်ရှိ စာပေကျမ်း တကျမ်း ‎ပြုစုခဲ့သူဖြစ်ကြောင်း ... ၂၀ ရာစု မြန်မာစာရေး ဆရာများနှင့် စာစုစာရင်း စာအုပ်တွင် ‎ဖော်ပြထားပါတယ်။
ဆရာအီကြာကွေးဟာ လမ်းညွှန်နည်းပြ သင့်ဘဝ မဂ္ဂဇင်းမှာ ကဗျာအယ်ဒီတာအဖြစ် ‎‎နှစ်ပေါင်းသုံးဆယ်ကျော် ဆောင်ရွက်ခဲ့ပြီး လူငယ်ကဗျာရှင်ပေါင်းများစွာကို စင်တင်ပေးခဲ့ပါတယ်။ ‎‎သောကြာစာစောင်၏ အယ်ဒီတာချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ‎ပေါ်ပြူလာ ဂျာနယ်အတွက်လည်း စာပေများ ရေးသားခဲ့ပါသေးတယ်။ (ဧရာဝတီ) အခြားကလောင်အမည်တွေ ‎နဲ့လည်း စာပေအမျိုးအစား များစွာ ရေးသားခဲ့ပါတယ်။
၁၉၅၄-‎ခုနှစ်၊ ဇန်နဝါရီလ ၉-ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းမှာ "ချစ်တိုင်းပြည်" ကဗျာဖြင့် ‎‎စာပေလောကထဲသို့ စတင်ဝင်ရောက်လာခဲ့ပြီး ‎၁၉၅၃-၅၄-ခုနှစ်မှာ စာပေ ဝါသနာရှင်များအသင်း (ဓနုဖြူ) ကို ‎ဖွဲ့စည်းပြီး စာပေတာဝန်မှူးနဲ့ စာကြည့်တိုက်မှူး တာဝန်တွေကိုယူခဲ့ကာ မုန်တိုင်းစာစောင် အမှတ် (၁) နဲ့ အမှတ် ‎‎(၂) တို့ကို ထုတ်ဝေခဲ့ပါတယ်။ ‎၁၉၅၇-ခုနှစ်မှာ ဓနုဖြူ ကဗျာဆရာအသင်းကို တိုးချဲ့ဖွဲ့စည်းပြီး ဥက္ကဋ္ဌ အဖြစ် ‎တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ‎၁၉၅၈-ခုနှစ်မှာ ပြည်သူ့လူငယ်အဖွဲ့ (ဓနုဖြူ) မှာ ဥက္ကဋ္ဌ တာဝန် အပြင် ‎ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (ဓနုဖြူ)မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ‎အဲဒီနှစ်မှာပဲ ‎အသင်းစာကြည့်တိုက်ကို တည်ထောင်ဖွဲ့စည်းရင်း ရန်ကုန်က စာရေးဆရာကြီးတွေကို ဖိတ်ကြားပြီးတော့ ‎စာဆိုတော်နေ့ စာပေဟောပြောပွဲတွေကို ဓနုဖြူမှာ စတင်ကျင်းပပေးခဲ့တာဟာ ၁၉၆၃-ခုနှစ် အထိ ဖြစ်တယ်လို့ ‎သိရပါတယ်။ ဓနုဖြူမှာ စာပေဟောပြောပွဲတွေကို မျိုးစေ့ စ,ချပေးခဲ့သူပဲ ဖြစ်ပါတယ်။
၁၉၆၉-ခုနှစ်မှာ ရန်ကုန်မြို့၊ တောင်ဥက္ကလာ ကဗျာ့ကလာပ်စည်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပစ္စက္ခကဗျာများနှင့် ‎ပဲ့တင်သံကဗျာများ စုပေါင်း ကဗျာစာအုပ် နှစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အီကြာကွေး အမည်နဲ့ ရေးခဲ့တဲ့ ‎‎"နောင်တခါ မေးရင် ဖြေလိုက်မယ်" ‎ဝတ္ထုတိုကို ပထမဆုံး ရုရှဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရကြောင်း သိရပါတယ်။
ကဗျာဆရာ လက်သင်တွေအတွက် လမ်းညွှန်နည်းပြ မဂ္ဂဇင်းမှာ "ကဗျာ့ပွဲခင်းသာ" ကဏ္ဍကို နှစ်ပေါင်း သုံးဆယ် ‎ကျော် လစဉ်မပျက် တာဝန်ယူရေးသားခဲ့ပြီး နောက်ပိုင်း သောကြာစာစောင်မှာ အဲဒီကဏ္ဍကို သုံးနှစ်ကျော် ‎ဆက်လက် တာဝန်ယူရေးသားခဲ့ကြောင်း သိရှိရတာမို့ ဆရာဟာ အီကြာကွေး အမည်နဲ့ ကျော်ကြားခဲ့ပြီး ‎ဟာသတွေ၊ သရော်စာတွေ ရေးနေခဲ့ပေမဲ့ ငယ်ချစ်ဖြစ်တဲ့ ကဗျာအပေါ် သံယောဇဉ်ကြီးလွန်းပြီး ‎တာဝန်အထူးကျေပွန်ခဲ့သူဖြစ်ကြောင်းလည်း သိနိုင်ပါတယ်။
‎အီကြာကွေးအမည်နဲ့ သရော်စာ၊ ဟာသစာတွေကိုတော့ ၁၉၅၇-ခုနှစ်မှာ ရေးသားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဟာသ ‎‎စာရေးဆရာ အီကြာကွေး အနေနဲ့ နိုင်ငံကျော်ခဲ့ပါတယ်။ သူဟာ လုံးချင်း အုပ်-၂၀ ကျော် ရေးသားထုတ်ဝေခဲ့တဲ့ ‎အထဲက ‎ဟာသ မဟုတ်တဲ့ "မျက်စိအောက်က ဇရာ" နဲ့ “ငုတ်တုတ်ထင်ရှားရေးဖော်များ” စတဲ့ ‎စာအုပ်တွေဟာ ‎ထင်ရှားပါတယ်။


ဆရာအီကြာကွေးရဲ့ လက်ရာ ဖြစ်တဲ့ "ငုတ်တုတ်ထင်ရှား ရေးဖော်များ"
(DVB စာမျက်နှာက ရရှိပါတယ်)


ဒါတွင်မကသေးပါဘူး၊ ဆရာကွေးဟာ ရွှေမန်းသဘင်မှာ ရှေ့ပိုင်းပြဇာတ် ဒါရိုက်တာအဖြစ် "ပုတီးတလုံး ‎ဂျောက်ခနဲ"၊ ‎‎"မျက်လုံးများပင်မြင်ပါပြီ" နဲ့ "အဆိပ်တောမှ ပြန်ခဲ့ပါ" ဆိုတဲ့ ‎ရှေ့ပိုင်းပြဇာတ်တွေကိုလည်း ‎ရေးသားခဲ့ပါတယ်။ (ဧရာဝတီ)‎
လက်ရှိ မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေတွေကို သူကိုယ်တိုင် ဂုရုကွေးဆိုတဲ့ ဇာတ်ကောင်အဖြစ်နဲ့ ပါဝင်တဲ့ ‎အတို့အထိ သရော် ဟာသလေးတွေနဲ့ စာဖတ်ပရိသတ်ကို မနောခွေ့စေခဲ့သလို ဒကာဆိတ်၊ ဆိုက်ကားဆရာ ‎စာကလေး အစရှိတဲ့ ဇာတ်ကောင်များနဲ့ သူ့မူပိုင် ဟိုက်ရှာလဘတ်ရည်၊ သွပ်သွပ်သွပ်သွပ် စတဲ့ ‎စကားလုံးလေးတွေဟာ တနိုင်ငံလုံးက လူကြီးလူငယ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။ ခွေးတွေကို ဇာတ်ကောင် ‎အဖြစ်ထားပြီး "ဖိုက်တာဘောလုံး၏ ကြိုးပမ်းချက်များ" ဆိုတဲ့ အသော့ အထေ့ ဟာသ ဝတ္ထုတိုတွေလည်း ‎အတွဲလိုက် ရေးသားခဲ့ပါ သေးတယ်။
မိုးဝေမဂ္ဂဇင်းမှာပါတဲ့ "ခွပ်လိုက်ကြစို့ သူငယ်ချင်း" နဲ့ ရှုဒေါင့်ဂျာနယ်က "နိုင်ငံတော်ပြည်အရေး" ပင်တိုင်ကဏ္ဍ ‎တွေမှာ ပရိသတ် အခိုင်အမာရခဲ့ပါတယ်။ မော်ကွန်းဂျာနယ် သက်တမ်းတလျှောက် အဆက်မပြတ်ရေးခဲ့တဲ့ ‎အသော့အထေ့စာမူတွေကို စုစည်းပြီး "တွေ့ရကြုံရ ရှတတ လေးတွေ" ဆိုတဲ့ လုံးချင်းစာအုပ်အဖြစ်လည်း ‎ပြန်လည်ထုတ်ဝေခဲ့ပါတယ်။



ဆရာကြီးကွေး၏ တွေ့ရကြုံရ ရှတတလေးတွေ စာအုပ်


အနုပညာရှင်တို့၏ စကားများ

အော်ပီကျယ်
ငယ်စဉ် ကျောင်းသားဘဝကတည်းက ဆရာကြီးရဲ့ စာပေလက်ရာတွေနဲ့ ရင်းနှီးခဲ့ပြီး လေးစားခဲ့ရသူ ‎ကာတွန်းဆရာ အော်ပီကျယ်ကတော့ စာပေလောကရဲ့ အဖိုးတန်လှတဲ့ ကလောင်တလက် ဆုံးရှုံးတဲ့အတွက် ‎ဝမ်းနည်းမိတယ် လို့လည်း ကာတွန်းဆရာ အော်ပီကျယ်က မဇ္ဈိမ (မြန်မာ) သတင်းဌာန ကို ပြောခဲ့ပါတယ်။
‎"အဓိက သရော်စာပေတွေမှာ ဆရာကြီးတို့က ထိပ်ဆုံးမှာ ရှိတယ်။ ဆရာ့ရဲ့ သရော်စာတွေကို ကျနော်တို့ ‎ငယ်ငယ်ကတည်းက စွဲလမ်းတယ်။ ဆရာဆုံးသွားတော့ တကယ့် ပင်တိုင် ဟာသစာရေးဆရာတယောက် ‎လျော့သွားတာပေါ့ ခင်ဗျာ၊"‎
‎"သူက လူတိုင်းနဲ့ ခင်တယ်။ သူ့ဘဝတလျှောက်လုံးက စာပေလုပ်ငန်းတခုထဲနဲ့ပဲ ရပ်တည်ခဲ့တယ်" လို့ သူက ‎ပြောပါတယ်။
လွတ်လပ်သော မြန်မာ့အသံ (RFA) သတင်းဌာနကိုတော့ ...‎
‎"ဆရာအီကြာကွေးက ကျနော်တို့ရဲ့ သင်ဆရာ မဟုတ်တောင် မြင်ဆရာပေါ့ဗျာ။ သူရေးတာလေးတွေက ‎တကယ်ထိထိမိမိပါ၊ ကောင်းပါတယ်။ ကျနော်တို့က နဂိုကတည်းက ကြိုက်လည်းကြိုက်တယ်၊ ‎လေးလည်းလေးစားတယ်။ စာပေတခုတည်းနဲ့ ဆရာအီကြာကွေးတို့က အသက်မွေးရတာလေ။ ‎ဆရာတို့ဟာကျလည်း များသောအားဖြင့် မဂ္ဂဇင်းတွေမှာ ရေးတဲ့ဟာလေးတွေဆိုတော့ ဝင်ငွေအားဖြင့်ကျတော့ ‎သိပ်ပြီးတော့မများဘူးပေါ့။ အဲ့ဒါကိုပဲ စွဲစွဲမြဲမြဲစာရေးပြီး အသက်မွေးဖော်ရတယ် ဆိုတော့ ကျနော်တို့က ‎တကယ်ချီးကျူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစိုက်မတ်မတ် ရေးခဲ့တာကိုး။ အဲ့တော့ ကျနော်တို့က ‎နှမြောပါတယ်။ ဆရာမှ မဟုတ်ပါဘူး၊ ဘယ်သူမဆို စာပေလောကထဲက ဆုံးသွားကြရင် နှမြော စရာကြီးပဲ။ ‎ကလောင်တချောင်း လျော့လျော့သွားတာကိုး ..." လို့ RFA သတင်းဌာနကို ကာတွန်း အော်ပီကျယ်က ‎ပြောခဲ့ပါတယ်။

စာပေစာနယ်ဇင်းလောကရှိ စာရေးဆရာ တဦး
ဆရာကြီး အီကြာကွေးရဲ့ အမှတ်တရ သရော်ဟာသ တခုဖြစ်သည့် 'တိုင်ထောင်ထားတဲ့ မာစတာ' ဟာလည်း ‎ဖတ်မိသူများအတွက် ရင်ထဲ စွဲမှတ်သွားစေကြောင်း လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စာပေစာနယ်ဇင်းလောကရှိ ‎စာရေးဆရာ တဦးက ယခုလို မှတ်ချက်ပေးခဲ့ပါသေးသတဲ့။
‎"ဆရာ့အရေးအသားက သိပ်ပြောင်မြောက်တယ်။ ၈၃ ခုနှစ်လောက်ကပေါ့။ အဲဒီတုန်းက တိုယိုတာ ‎ဖောင်ဒေးရှင်းတခုက စာရေးဆရာတွေရဲ့ စာပေတွေကို စုဆောင်းပြီး ပြိုင်ပွဲတခု လုပ်ပေးတယ်။ ဆုရတဲ့သူတွေကို ‎TV တလုံး လက်ဆောင်ပေးမယ် ပြောပေမယ့် တကယ်တမ်းတော့ မပေးဘူး။ အဲဒါကို ဆရာက သရော်ထားတာ" ‎လို့ သူက မဇ္ဈိမ သတင်းဌာန ကို ပြောပါတယ်။

မင်းလူ
ဆရာ အီကြာကွေးရဲ့ လူနေမှု ဘဝတစိတ်တပိုင်းကို စာရေးဆရာ မင်းလူက ...‎
‎"သူက လောဘမရှိဘူး၊ ‎မာန်မာန မရှိဘူး၊ လူငယ် တွေနဲ့ ရောရော၊ နှောနှော ပေါင်းသင်းလို့ရတယ်၊ ဘဝကို ‎ပျော်ပျော်ပါးပါး၊ ‎လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားချင်တယ်၊ သိပ်လေးနက်တဲ့ ‎‎အကြောင်းအရာတွေကို သူမလုပ်ချင်ဘူး" လို့ ဧရာဝတီ သတင်းဌာနကိုပြောပါတယ်။
‎"ဆရာကွေးရဲ့ သရော်စာတွေမှာ အငြိုးအတေးနဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်တာမျိုးမပါဘူး၊ သူ့ရဲ့ ‎သရော်စာတွေက ‎ရိုးသားတယ်၊ ထူးခြားတဲ့ အချက်က တကယ်လေးနက်ပါတယ်ဆိုတဲ့ နိုင်ငံရေး ‎အကြောင်းအရာ၊ တခြား ‎တွေးခေါ်ပိုင်းဆိုင်ရာတွေ အားလုံးကို သူအကုန်သိတယ်၊ ဒါပေမယ့် ‎သူကိုယ့်သူ ပညာတတ်ကြီးလို မနေခဲ့ဘူး" ‎လို့လည်း သူက ဆက်ပြောပါတယ်။
‎"ဆရာကွေးကိုပြောရင် အများကြီးဗျ၊ သင်္ကြန်ခေတ်ကောင်းခဲ့တဲ့ ‎တလျှောက်လုံးမှာ သင်္ကြန်သံချပ် တော်တော် ‎များများ ရေးခဲ့တယ်၊ သင်္ကြန်လှည့်ကားမှာလည်း သူက ‎လိုက်တယ်၊ သင်္ကြန်ပိုးလည်းရှိတယ်" လို့လည်း ‎ဆရာမင်းလူက ဆက်ပြောခဲ့ပါသေးတယ်။

လူငယ် ကဗျာဆရာ ဏီအဲဝိုင်
ဆရာ အီကြာကွေးရဲ့ စာဖတ်ပရိသတ်တဦးဖြစ်သူ လူငယ် ကဗျာဆရာ ဏီအဲဝိုင် က ...‎
‎"ဆရာကြီးရဲ့ ‎‎"တိုက်ပွဲပျော်" ဆိုတဲ့ ကဗျာဟာ ကျနော်တို့ လူငယ်တွေ အတွက် အများကြီး စိတ်ဓာတ်ခွန်အား ‎‎ဖြစ်စေပါတယ်" လို့ ဧရာဝတီ သတင်းဌာနကို ပြောပြပါတယ်။
‎‎"အနှစ်တထောင် အီကြာကွေးလို့ သူ့ကိုယ့်သူ ဆိုခဲ့ပေမယ့်လည်း အခုလို နှစ်တရာမပြည့်ခင်မှာ ‎ဆုံးပါးသွားတဲ့ ‎အတွက် နှမြောမိ ပါတယ်၊ ဆရာကြီးရဲ့ ကဗျာတွေ၊ ဟာသ ဉာဏ်ရွှင်တဲ့ ‎အရေးအသားတွေ ရှေ့ဆက် ‎မတွေ့ရတော့ဘူးဆိုတော့ စာပေ လောက အတွက်လည်း ‎ဆုံးရှုံးမှုကြီးဖြစ်ပါတယ်" လို့လည်း ဏီအဲဝိုင် က ‎ဆက်ပြောပါတယ်။
လုပ်ဖော်ကိုင်ဖက် စာပေသမားတွေကတော့ ခုလို ဆရာကြီး အီကြာကွေး ကွယ်လွန်သွားတာဟာ ‎မြန်မာ့စာပေလောကရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတခု ဖြစ်တယ်လို့ ဆိုကြပါတယ်။

မောင်မိုးသူ
ဆရာကြီးဆုံးတဲ့ညပိုင်း ‎ဆရာကြီးနဲ့ ခေတ်ပြိုင် စာပေလောကသားတွေ ဆုံတွေ့နေကြတဲ့အချိန်မှာ အီကြာကွေး ဆုံးပါးသွားတယ်ဆိုတာ ‎သိလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်ကြရတဲ့အကြောင်း စာရေးဆရာ အယ်ဒီတာ ရုပ်ရှင်ဒါရိုက်တာတဦး ‎ဖြစ်တဲ့ ဆရာကြီးမောင်မိုးသူက လွတ်လပ်တဲ့ အာရှအသံ သတင်းဌာန (RFA) ကို အမှတ်တရစကား ‎အခုလိုပြောပါတယ်။

‎"ဘဘတို့ မနေ့ညက စာရေးဆရာရဲ့ မွေးနေ့မှာ ဘဘတို့ သူငယ်ချင်းတွေ အကုန်လုံး စုသွားနေတုန်း ‎တော်တော် များများ ဆုံနေကြတုန်း အဲ့မှာ စ ကြားတာပဲ။ အစတုန်းက ဆေးရုံတက်တဲ့အကြောင်း အဏ္ဏဝါစိုးမိုး ‎ဖုန်းက ပြောတယ်။ နောက် ဆုံးတာလည်း အဏ္ဏဝါစိုးမိုး ဖုန်းဆက်လာတော့မှသိတယ်။ အီကြာကွေး ဆုံးတာနဲ့ ‎ပြောစရာ ရိုးရိုးလေးပါပဲ။ အင်မတန် ချစ်စရာကောင်းတယ်။ သဘောကောင်းတယ်။ ပျော်စရာကောင်းတယ်။ ‎စာပေဟောပြောပွဲတွေမှာ ဟောရင်လည်း သူက နာမည်ကြီးပဲလေ။ သူနဲ့ လုပ်ကိုင်ရတာလဲ ‎ချစ်စရာကောင်းပါတယ်။"‎
ဆရာကြီးအီကြာကွေးရဲ့ စာပေဆောင်းပါး တော်တော်များများကို သူတာဝန်ခံခဲ့တဲ့ စာပေမဂ္ဂဇင်းတွေမှာ ‎အခန်းဆက် ဖော်ပြခဲ့တဲ့အခါ လူထုရဲ့ အကြိုက်တွေ့တဲ့ ဆောင်းပါးတွေ ဖြစ်ခဲ့တယ်လို့ ဓနမဂ္ဂဇင်းတိုက် ‎အယ်ဒီတာ တာဝန်ယူခဲ့သူ ဆရာမောင်မိုးသူက ဆက်ပြောခဲ့ပါတယ်။

ဒေါက်တာလွဏ်းဆွေ
‎ဆရာကြီး အီကြာကွေးဟာ ဓနုဖြူကျော်ထွန်း ဆိုတဲ့ ကလောင်အမည်နဲ့ လစဉ်ဆောင်းပါးတွေ ရေးခဲ့ဖူးတဲ့ ‎မြားနတ်မောင် မဂ္ဂဇင်းရဲ့ အယ်ဒီတာဟောင်း ဒေါက်တာလွဏ်းဆွေကလည်း ဆရာကြီးဟာ လောဘရမက် ‎အလွန်နည်းပြီး ရခဲ့သမျှ စာမူခတွေကိုတောင် လုပ်ဖော်ကိုင်ဖက် စာရေးဆရာတွေကို ခွဲဝေပေးတတ်တယ်။ ‎အင်မတန် သဘောဖြူတဲ့ ဆရာကြီးပါလို့ ပြောပါတယ်။
"ဟုတ်ကဲ့ ဆရာနဲ့ပတ်သက်ပြီး အဓိက သတိထားမိတာကတော့ ဘဝမှာ သူက ဘာမှ လောဘစိတ် ၊ဒေါသစိတ်၊ ‎မောဟစိတ်တွေ မရှိဘူး။ ဆရာဟာ ဖြူစင်တဲ့ လူတယောက်ဖြစ်တယ်။ လူတဖက်သားကို ကောက်ကောက် ‎ကွေ့ကွေ့ မရှိဘူး။ ပျော်ပျော်နေမယ်၊ သူရတာမှန်သမျှ လှူမယ်၊ အများအတွက်လုပ်မယ်။ ဘဝမှာ အားလုံး ‎အဆင်ပြေအောင် နေထိုင်တဲ့သူ တယောက် ဆိုတော့ ဆရာရဲ့ဘဝက ဖြူစင်သန့်ရှင်းတဲ့ လူတယောက်လို့ ‎ပြောရမှာပေါ့နော်။" လို့ ဒေါက်တာလွဏ်းဆွေက RFA ကို ပြောသွားပါတယ်။

ဆရာမောင်စိမ်းနီ
ကဗျာဆရာကနေ သရော်စာရေးသူဘဝကို ပြောင်းလဲသွားတဲ့ ဆရာကြီးအီကြာကွေးရဲ့ စာပေဘဝဖြတ်သန်းမှုနဲ့ ‎ပတ်သက်လို့ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမောင်စိမ်းနီက "သူက ကဗျာဆရာဗျ။ ကျနော်တို့ ‎ကတော့ ကဗျာဆရာဆိုတော့ နှမျောတာပေါ့။ သူရေးခဲ့တာလေးတွေက ကောင်းခဲ့တာကိုး" လို့ ‎ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာနကို အမှတ်တရ ပြောကြားပါတယ်။
‎"တိုင်းရင်းမေတို့ ဘာတို့တုန်းက သူရေးခဲ့တာတွေ တော်တော်များများ ကောင်းခဲ့တယ်။ ကဗျာအနေနဲ့တုန်းက ‎တော့ ဓနုဖြူကျော်ထွန်းအနေနဲ့ ဖြစ်တာပေါ့လေ။ နောက်ပိုင်းကျမှ အီကြာကွေးဖြစ်ပြီးတော့ ပျော့စိကုန်တာတွေ ‎ဖြစ်ကုန်တာပေါ့။"‎
ဆရာဟာ မြန်မာ့စာပေလောကအတွက် လိုအပ်နေတဲ့ သရော်စာပေနဲ့ ဟာသစာပေတွေကို ကလောင်သွား ‎ထက်ထက်မြက်မြက်နဲ့ ရေးသားနိုင်ခဲ့သူလို့လည်း ဆရာမောင်စိမ်းနီက သုံးသပ်ချီးကျူးပါတယ်။
သရော်စာတွေကို ထိထိမိမိရေးနိုင်စွမ်းတဲ့ အီကြာကွေး ဆုံးပါးသွားတာဟာ မြန်မာစာပေအတွက် နှမျောစရာပါ ‎လို့လည်း မောင်စိမ်းနီက ပြောပါတယ်။
ကာတွန်းအော်ပီကျယ်နဲ့ ဆရာအီကြာကွေးတို့ရဲ့ မိတ်ဆွေရင်း စာရေးဆရာ တက္ကသိုလ်စိန်တင်တို့ကလည်း ဒီနှစ် ‎ထဲမှာ ဟာသစာရေးဆရာ နီကိုရဲ ကွယ်လွန်သွားပြီးနောက် အခုလည်း ဆရာအီကြာကွေး ဆုံးပါးသွားပြီဖြစ်လို့ ‎နှမျောပါတယ်လို့ ပြောပါတယ်။

ဆရာကြီးကွေး၏ နောက်ဆုံးခရီး








ဆရာ အီကြာကွေး၏ နာရေးနှင့်ပတ်သက်ပြီး ရုပ်ရှင်မင်းသား အကယ်ဒမီ ကိုကျော်သူ ဦးစီးတဲ့ ‎နာရေးကူညီမှုအသင်းက ‎တာဝန်ယူပြီးတော့ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီဇင်ဘာ ၁၇ ရက်နေ့ ‎‎ကြာသပတေးနေ့ နေ့လည် ၂-နာရီမှာ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်ကတဆင့် ရေဝေး သုသာန်ကို ‎‎သယ်ဆောင်ပြီး မီးသင်္ဂြိုဟ် ခဲ့ပါတယ်။




အကယ်ဒမီကျော်သူ နှင့် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ




ဈာပန ဓာတ်ပုံများကို http://moemaka.blogspot.com/ မှ ရရှိပါတယ်။


ဆရာကြီးကွေး ကောင်းရာသုဂတိသို့ လားပါစေ ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ

ဟယ်ရီ


Sources and References:‎

Read More...

Tuesday, 15 December 2009

ခရမ်းပြာတမ်းချင်း‎

လိပ်ပြာသခင်ရယ်၊‎
စိတ်မှာအစဉ်မယုံချင်တတ်လဲ၊‎
အိပ်ရာဝင်ပုံပြင်အမှတ်နဲ့၊‎
အကုန်အစင်ဖတ်ပါ။‎

ငယ်စာရင်းမှာ မဝင်ပါဘူး၊‎
သူငယ်ချင်းပါ အစဉ်ပြောပေမယ့်၊‎
ရင်မောစွာ တိတ်တခိုးနဲ့၊‎
ကြိတ်ပျိုးမိတဲ့ အကြင်နာကို၊‎
တမင်တကာ ရင်မှာသိမ်းပါလို့၊‎
ထိန်းလာရ အနေခက်လေတဲ့၊‎
နွေရက်တွေကြာ။‎

အမှန်ပြောရင်ကွယ်၊‎
သံယောဇဉ်တွယ်လာလေတော့၊‎
နွယ်ပမာလိုရစ်ပတ်ထားတဲ့၊‎
အချစ်နတ်ဘုရားရဲ့စေရာကျွန်ပမာ၊‎
အသစ်ထပ်ပွားတဲ့ဝေဒနာနွံမှာ၊‎
ကျွံလာလေ အရုန်းခက်၊‎
မမုန်းရက်တဲ့ အတွယ်အတာ၊‎
‎ကြွယ်ကာဆင့်ပွား။‎

ရင်ထဲမှာ ဆယ်နေထွက်သလိုပေါ့၊‎
ရှင်ကွဲဟာ တကယ်အနေခက်ပါရဲ့၊‎
ရေထက်က လမင်းပုံလို၊‎
ဘဝချင်းမဆုံ လွမ်းဗျာကြွယ်လို့၊‎
တမ်းကာရယ် မပြည့်တဲ့ခဏမှာ၊‎
နှုတ်ခမ်းလွှာရယ် သွေ့ခဲ့ရစဉ်၊
နေ့နဲ့ညအစဉ် ပြောင်းသွားလေသမျှ၊‎
မမေ့တဲ့ဘဝတွင် နှောင်းသွားပြီမို့၊‎
‎(ခရမ်းပြာရယ် ... )‎
မတွေ့ခဲ့ကြရင်အကောင်းသား။ ။‎


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 1 December 2009

အလွမ်းပျော်

အလွမ်းနှင့်မျှော်၊ ပန်းပွင့်ပေါ်မှာ၊
လွင့်ရော်ဝေ့ဝဲ၊ ပျော်မွေ့ဆဲပေါ့၊
တွေ့မြဲတွေ့နေ၊ အိပ်မက်တွေတိုင်း၊
ဝေမှိုင်းညို့စွေ၊ လှိုင်းတို့ခြေရာ၊
ဖွေရှာမိမော၊ ရီဝေမျောရင်း၊
သောကဝတ်ရည်၊ ဖြစ်တည်သောက်သုံး၊
နောက်ဆုံးတော့လေ၊ ဖြေမပြေသမျှ၊
နေနေကျပြီ၊ နွေညတမ်းခြင်း၊
ပန်းတခင်းမှာ၊
လွမ်းရင်းလွမ်းကာ ပျော်တော့မည်။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Monday, 23 November 2009

ကြယ်ကြွေဆုတောင်း

ကြယ်တို့မည်သည်၊ ညယံဆီ၌၊ သီရီကြွေကျ၊ မြေသို့ခချိန်၊ ခဏတာဝယ်၊ တောင်းဆုရွယ်သော်၊ အကယ်ပင်ပြည့်၊ ‎‎ဆိုဓလေ့ကို၊ တကွေ့ချိန်ခါ၊ ကြားနာဖူးခဲ့၊ ထူးတဲ့ဖြစ်အင်၊ တကယ်ပင်လား၊ မထင်ငြားလည်း၊ လွင့်ပါးစိတ်နယ်၊ ‎‎ဖြေတွယ်ရာမဲ့၊ သောကရဲ့လူ၊ အပူတွေများ၊ ပျောက်လိုငြားပေါ့၊ စောင့်စားဆုချွေ၊ ပန်ဖူးပေ၏၊ ဝေရီဝေမြ၊ ‎‎ကြယ်ကြွေကြသည်။ ။ ညအခါ၌သာတကား။

ရွယ်လို့ရည်မည်၊ ခါရာသီပြောင်း၊ ပြာရီဆောင်းလဲ့၊ နှောင်းနွဲ့နွဲ့နှင်း၊ သွဲ့သင်းသင်းသုန်၊ မှိုင်းမှုန်မြမြ၊ ပျပျပျံ့ပျူး၊ ‎‎လွမ်းလေလူးလို့၊ သည်းဦးသူ့ကို၊ တမ်းစိတ်ပိုစဉ်၊ ဟိုအရင်က၊ ချိုရွှင်မြသည့်၊ ငွေလမျက်နှာ၊ ရှက်ရိပ်ဖြာဝှက်၊ ‎‎ဆံနွယ်ယှက်ငင်၊ ညက်ညက်ငြင်မြ၊ ပြုံးစစသည်။ ။ နှမလာခိုက်မှာတကား။

ဘယ်သို့ဆီရည်၊ ဝေသီထွေပြား၊ နွေရက်များသာ၊ အခါခါနှင့်၊ ရာသီစက်ဝန်း၊ ဖန်ဖန်ယွန်းချိန်၊ လဲ့ရွှန်းစန္ဒီ၊ ဘယ်ဝယ်ဆီလဲ၊ ‎‎ထွေရီမိန်းမော၊ သောကတောလယ်၊ ဖျောက်သောခြေရာ၊ ဖွေရှာတွေ့သူ၊ ဖြစ်စေဟူသား၊ ရင်ပူလှိုက်ဝေ၊ တောင်းဆုချွေမိ၊ ‎‎ကြယ်ကြွေဆုတောင်း၊ ပြည့်စေကြောင်းဟု၊ ဆင့်လောင်းဆုပန်၊ အဖန်ဖန်နှင့်၊ မိုးယံရီမြ၊ ကြယ်ကြွေညသည်။ ။ လမသာ ‎‎မိုက်ပါတကား။


ရတုတွေကို ခေါင်းစဉ်တပ်လေ့မရှိဘူး ဆိုပေမဲ့ မတပ်ရဘူးလို့တော့လည်း ဆိုမထားတာကြောင့် ဒီရတုလေးကိုတော့ ခေါင်းစဉ်တပ်လိုက်ပါတယ် ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

Read More...

Saturday, 7 November 2009

ကြွေ

လွမ်းလို့သာ၊
ပန်းတို့မှာ ကဗျာပွင့်။

သခင့်ထံ၊
အသင့်ပန်ရန် နှင်းအဆက်မှာ၊
ငြင်းရက်သူ ပန်းမကြိုက်၊
နွမ်းခိုက်ကြွေလွင့်။


လောကအလှ‎အတွက် ရေးပေးတဲ့ ကဗျာလေးပါ ... ‎ဒီမှာ‎ လည်း သွားဖတ်နိုင်ပါတယ်။

ကျနော် facebook မှာ တင်ထားတုန်း မမေ (မမေဓာဝီ) က ဒီကဗျာလေးကို ဖတ်ပြီး Comment မှာ ကဗျာတပုဒ် ပြန်ရေးပေးထားပါတယ်။ အလွန်လှတဲ့ ကဗျာလေးမို့ ကျနော်အလွန်ကြိုက်လို့ တခါတည်း တင်ပေးလိုက်ပါတယ်။ (မမေရေ ... ခွင့်ပြုပြု မပြုပြု တင်ပြီဗျို့ ... စာမကျက်ချင်တိုင်း ကဗျာတွေ လျှောက်ရေးနေတယ်)


မမှန်းသာ
ပန်းကဗျာ သီကာကုံး
မမုန်းပါနှင့်။

အရှင့်ထံ...
ခွင့်ပန်လွှာ ကဗျာပန်းကို
အသာလှမ်းကာ ပေးအပ်လည်း
ပြေးထွက်သူ ရှောင်ခွါလို့
ယောင်ချာချာ မျှော်တမ်းရှိုက်
လွမ်းလှိုက်လေလွင့် ... ။

မေဓာဝီ

အဲဒီ ကဗျာလေးအတွက် ခေါင်းစဉ်ကိုတော့ လောကအလှ‎ မှ ဒေါ်လေး ဟနစံ က "လွင့်" လို့ ပေးသွားပါတယ် (ကောင်းလိုက်တဲ့ ခေါင်းစဉ်လေး) ... ပြီးတော့ သူ့ လောကအလှ မှာပဲ လက်မြန်ခြေမြန် ယူတင်လိုက်ပါလေရော ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

Read More...