Wednesday, 19 June 2013

ဒေါင်းမိခင်တပါး

ဒေါင်းမိခင်တပါး


မရှောင်စတမ်း၊
အရောင်လန်းပေရဲ့၊
အောင်ဆန်းတဲ့စုကြည်။

မြန်မာပြည်ဝယ် အခြေပြုပါတဲ့၊
ဇာနည်ကြယ် အမေစုဟေ့၊
မြေထုကိုတဲ့ သက်သေတည်။

အဖေ့သွေးပေမို့၊
ရှေ့ရေးကို သူမြော်မြင်၊
ပေါ်ပင်တွေ သူ မလိုက်၊
လူကြိုက်စေရေး မဟစ်ပါ၊
လူမိုက်တွေတွေး အပြစ်ရှာလည်း၊
ချစ်ရှာဆဲပါ သူ့တိုင်းပြည်၊
တုနှိုင်းမမီ ပြိုင်စံရှား။

အမှန်မြင်၊
ဉာဏ်ယှဉ်ကာ ပညာရှိပေမို့၊
အစဉ်သာသတိနဲ့ သူအမြဲဆို၊
အယူလွဲကို အားမပေး၊
အမှားအတွေးဘက် သူမယိမ်းရုံမက၊
အများအရေးတွက် အယူမတိမ်းပါဘူး၊
လူပြိန်းတွေ နားမဝင်လည်း၊
အားအင်မြဲထည့် ဇွဲညီညီ၊
ရဲနီနီ မပြောင်းဝိညာဉ်နဲ့
အမြဲတည်ကြည် ကောင်းသတိယှဉ်တဲ့၊
ဒေါင်းမိခင်တပါး။ ။

ဒေါ်အောင်ဆန်းစုကြည် ၆၈-နှစ်မြောက် မွေးနေ့မင်္ဂလာ အား ဂုဏ်ပြုလျက် ...
အမေစု သက်တော်ရာကျော်ရှည်၍ ကျန်းမာချမ်းသာလန်းဖြာစွာဖြင့် ဆက်လက်၍ ပြည့်ကျိုးဆောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း ဤကဗျာဖြင့် ကန်တော့ပန်း ဆင်လိုက်ပါသည်။

ဟယ်ရီလွင်

သရုပ်ဖော် ပန်းချီ - ဗညားလင်း
(အချောမသပ်ရသေးတဲ့ ပုံတောင် တော်တော်ကောင်းနေပါပြီ ... ကြိုက်လွန်းလို့ ခွင့်တောင်းပြီး တင်လိုက်တာပါ)

Read More...

Tuesday, 28 May 2013

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၈)

အက္ခရာ အသတ် အလိုက် ချီနည်းချနည်းများ

စာလုံးရေလိုက် ချနည်းတွေအပြင် “အသတ်” အက္ခရာနဲ့ အချပိုဒ် ရေးဖွဲ့ပုံကို ကြည့်ပြီး ခေါ်တဲ့ ချနည်းတွေလည်း ရှိပါသေးတယ်။ ဒီနည်းတွေ မှာကတော့ အားလုံးဟာ ၇-လုံးချ ချည်းပဲ ဖြစ်ပါတယ်။

ထူးဆန်းထွေလာ
ပိုဒ်စုံသုံးပိုဒ်လုံး အရှည်အတို မညီ၊ အချီအချ မတူဘဲ ရေးဖွဲ့ထားတဲ့ ရတုမျိုးကို ခေါ်ပါတယ်။ ကာရန်နည်းနည်း ကွဲလွဲပြီး ချထား တာမျိုး ဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၃၆၊ ၃၃၇၊ ၃၃၈ တို့မှာ လောကီကိုးရာ .... ဦးထက်ဆင်ရ သည်ဘုရား။ ဗောဓိမျိုးလျာ ... ဗိုလ်ပေါင်းရွှင်ပျ သည်ဘုရား။ မောဠိစိုးကာ ... မတ်များတင်ကြသည်ဘုရား။ ဆိုပြီး မန်လည်ဆရာတော်ကြီးက ရေးဖွဲ့ထားပါတယ်။ ဒါကြောင့် ရတုမှာ အချီအချ မညီလည်း ရေးလို့ရပါတယ်။ အချီပဲညီပြီး အချမညီလည်း ရပါတယ်။ အချီအချ ညီမှ ရတုခေါ်တာ မဟုတ်ဘူး ဆိုတာ သိနိုင်ပါတယ်။ နဝဒေးရတု အမှတ်-၇၇၊ ဟင်သာဝတီမြို့ဘွဲ့ရတု နဲ့ အမှတ်-၇၈ အင်းဝမြို့ဘွဲ့ ရတုမှာလည်း ဒီနည်းနဲ့ ချီထားချထားပါတယ်။ နဝဒေးရတု အမှတ်-၈၂ ဥဒေါင်းမ အမေးရတု၊ ၈၃ ဥဒေါင်းဖို အဖြေ အလိုက်ရတု တွေမှာ အချီညီပြီး အချကာရန် လုံးဝမညီပါဘူး (တခု သတိပြုဖို့က အချီမညီဘဲ အချညီတဲ့ ရတုတော့ မတွေ့ဖူး သေးပါဘူး၊ ဒါပေမဲ့ ရေးလို့ မရဘူးတော့လည်း မဟုတ်ပါဘူး။ ဆိုလို့မကောင်းလို့ ရှေးပညာရှင်တွေ ဒါမျိုး မရေးခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ အချီရော အချရော ညီတဲ့ ပိုဒ်စုံရတုတွေဟာ ရေးရပိုခက်သလို ဆိုလို့လည်း ကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် အချီရော အချရော ညီအောင် ရေးဖို့ အားထုတ်သင့်ပါတယ်။)

ညွန့်ရှင်
အသတ်ရှိတဲ့ စာလုံးနဲ့ပဲ ချထားတာမျိုးကို ညွန့်ရှင် လို့ ခေါ်ပါတယ်။ ဥပမာ - မင်းရောင်မင်းရုပ် မင်းသွေးတည်း။ ဆိုပြီး ချထား တာမျိုးပါ။

ပေါက်ပြ
အသတ်မပါတဲ့ အက္ခရာနဲ့ အသတ်ပါတဲ့အက္ခရာ ရောပြီး အက္ခရာအညီအမျှ ချီထား ချထားတာမျိုးကို ပေါက်ပြချနည်း လို့ ခေါ်ကြောင်း ကဝိကဏ္ဌပါသ ကျမ်း၊ စွယ်စုံကျော်ထင်ကျမ်းနဲ့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတွေမှာပြထားပါတယ်။ မြင်သာတာမို့ ဥပမာ မပြတော့ပါဘူး။ ဒါပေမဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ ကဝိကဏ္ဌပါသကျမ်းကိုပဲ မှီငြမ်းရေးသားတဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ အသတ် လုံးဝမပါဘဲ ချရတယ် လို့ ဆိုပါတယ်။ ဥပမာ - ရွှေကြာငါးခု ရုံလို့ဝေ။ ဆိုပြီး ချတာမျိုးပါ။

ငုံဖူး
“၍” ဆိုတဲ့အက္ခရာ မပါစေရဘဲ ကျန်တဲ့ အသတ်နဲ့ပဲ ချီခြင်းချခြင်းကို ခေါ်ပါတယ်။ ဥပမာ လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ မဲဇာတောင်ခြေ-ချီ ရတုမှာ “နေခြည်ဖြာမှ နွေးသောကြောင့်” ဆိုပြီး ချထားတာမျိုးကို ခေါ်ပါတယ်။ မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ “ဤ” ဆိုတဲ့ အက္ခရာလုံးဝမပါဘဲ ချရတယ် လို့ ဆိုပါတယ်။

ပုလဲသွယ် (မုလေးသွယ်)
ဒီ အချီအချနည်းကို မုလေးသွယ် လို့လည်းခေါ်ပါတယ်။ အသတ်လည်းပါ၊ “၍” ဆိုတဲ့ အက္ခရာလည်း ပါတဲ့ အချီအချနည်းမျိုး ဖြစ်ပါတယ်။ ဥပမာ -
လက်ရုံးချီ၍ ညွတ်တော်မူ
ကျမ်းညီဖြောင့်တန်းစေပြီး၍။ (မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၂၆။ မန်လည်ဆရာတော်) ဆိုပြီး ချတာမျိုး ဖြစ်ပါတယ်။

လည်ကုပ်ချီ (အစငင်)
ကဝိကဏ္ဌပါသ ကျမ်းရဲ့ ရတုချီချနည်း လင်္ကာအရ “... အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊ ဓိပ္ပါယ်ဖြစ်စေ၊ ပုဒ်ဖြစ်စေပင်၊ ယူလေတတန် ...” ဆိုတဲ့အတိုင်း ရှေ့ပုဒ် (အပိုဒ်ကြီး) ရဲ့ ဒုတိယပါဒ၊ တတိယပါဒ တွေထဲက ပါဒတခုခုမှာပါတဲ့ အက္ခရာ (သို့မဟုတ်) အဓိပ္ပါယ်ကို ယူပြီး ပြန်ချီတာမျိုးကို ခေါ်ပါတယ်။ “၄င်းနည်းကို ရတနာသိင်္ခ မည်သော ကုန်းဘောင်မြို့ အနောက် ခရီးတတိုင်ကွာ ဆီးတော ရွာဘွား မောင်တိုး၏ ရတုအဖြေ၌ (အစငင်) ဆိုနည်းဟူ၍ ပြသည်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ဆိုထားပါတယ်။
မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ “ရှေ့ဝယ်မဆွ၊ ပုဒ်အစ၏၊ ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊ ...” လို့ ဆိုထားတဲ့အတွက် ရှေ့ကပုဒ် (အပိုဒ်ကြီး) ရဲ့ အစ ဒုတိယ၊ တတိယ အက္ခရာ တခုခု ကို တိုက်ရိုက် သို့မဟုတ် အဓိပ္ပာယ်အတူတူ ယူပြီး နောက်အပိုဒ်ကြီးမှာ ပြန်ချီခြင်းကို ဆိုလိုပါတယ်။ ဒီ နည်းနှစ်နည်းက အနည်းငယ် ကွဲပြားမှုရှိနေပါတယ်။

အဖျားကောက်
“ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊ အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့် ...” လို့ မန်လည်ဆရာတော် ဘုရားကြီး ရဲ့ ရတုချနည်းလင်္ကာ ထဲမှာ ရေးသားထားချက်အရ ရှေ့ပုဒ်ရဲ့ အချမှာပါတဲ့ အက္ခရာ၊ ဒါမှမဟုတ် အဓိပ္ပာယ်ကို အဖျားမှကောက်ယူပြီး ချီခြင်း ဖြစ်ပါတယ်။ စာဆိုတော် အနောက်ဝန်မင်း မောင်ဥ ရဲ့ ရတုပိုဒ်စုံမှာ ပထမပိုဒ်ကို “ကျွမ်းငယ်ဖော်” လို့ ချီပြီး “ရွှင်ပျော်လေးမြတ်၊ ပေးသက်မှတ်” လို့ ချပါတယ်။ ပြီးတော့ ဒုတိယပိုဒ်ကို “မှတ်သက်ပေး” လို့ ပြန်ချီပြီး “မြင့်ကြာခေါ်တမ်း ဖော်ငယ်ကျွမ်း” လို့ ချပါတယ်။ တခါ တတိယပိုဒ်ကို “သက်မှတ်ပေး” လို့ ချီပြီး “ကြာမြင့်ခေါ်တမ်း ဖော်ငယ်ကျွမ်း” လို့ ပြန်ချပါတယ်။ ပထမပိုဒ်ရဲ့ အစ “ကျွမ်းငယ်ဖော်” နဲ့ ပြန်ချိတ်ထားတာကို တွေ့နိုင်ပါတယ်။ ဒီရတုကို သီးသန့်ဖော်ပြပေးပါမယ်။

ရွှေလောင်းပျံ
က, စ, တ, ယ, ရ, ပ, မ အက္ခရာတွေနဲ့ ချီခြင်း ချခြင်းဖြစ်ပါတယ်။ ဥပမာ - မန်လည်ဆရာတော်က မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၁၄၇၊ ၁၄၈၊ ၁၄၉ တွေမှာ ...
ကွင်း၍သေရတတ်ဘိမူ (၁၄၇)
ကင်း၍ကွေရတတ်ဘိမူ (၁၄၈)
ရှင်း၍နေရတတ်ဘိမူ (၁၄၉) ဆိုပြီး (ရတတ်ဘိမူ) နဲ့ချည်း ချထားတာကို တွေ့ရပါတယ်။

သော်တာရောင် (အညွန့်မဲ့၊ စာတင်း မီးစ)
အသတ်တူ၊ အသံတူ၊ ကာရန်တူ ချခြင်းဖြစ်ပါတယ်။ အဲဒီလို ညီကြပေမဲ့လည်း ...
“ဟု(ဟူ)” ဆိုပြီးချရင် (အညွန့်မဲ့၊ စာတင်း မီးစ) လို့လည်းခေါ်ပါတယ်။ ဥပမာ “ကံဟုမဆို စမာတည်း။” ဆိုပြီး ချထားတာမျိုး ဖြစ်ပါတယ်။
ဒီချနည်းမှာ ၇-လုံးသာမက ၉-လုံးလည်း ချလေ့ရှိပါတယ်။
ဥပမာ - မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၁၉၊ ၁၂၀၊ ၁၂၁ တွေမှာ မန်လည်ဆရာတော်က ...
“ဝေးကွာတစေစေနှင့်သာတမုံ့၊ (၁၁၉)
ချောက်ချားတမွှေမွှေနှင့်သာတမုံ့၊(၁၂၀)
ဆင်းရဲတပေပေနှင့်သာတမုံ့ (၁၂၁)” ဆိုပြီး "နှင့်သာတမုံ့" လို့ သတ်တူ သံတူ ကာရန်တူ ချထားတာမျိုး ဖြစ်ပါတယ်။

ကက္ကူဆူးချီ၊ ကက္ကူဆူးချ
သုံးပိုဒ်လုံး အရှည်အတို (အပိုဒ်ငယ် - ပါဒ အရေအတွက်) ညီမျှပြီး အချီအချ ကာရန် မညီဘဲ စပ်ထားတာမျိုး ဖြစ်ပါတယ်။ မြင်သာတဲ့အတွက် ဥပမာ အထူးမဖော်ပြတော့ပါဘူး။

နေရောင်ခြည်ပြေး
က, ဟ, ထ ဆိုတဲ့ အက္ခရာ ၃-လုံးထဲက တလုံးလုံးနဲ့ ချခြင်းဖြစ်ပါတယ်။ “ကား” နှင့် ချလျှင်လည်း ဒီလိုပဲခေါ်ပါတယ်။
ဥပမာ -
လူ့ရွာအတွင်း၊ သည်သေမင်းနှင့်။ ။ သေကွင်းတတ်သာပြီတကား။ (မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၁၀။ မန်လည်ဆရာတော်)
ရှုကကဲလွန်၊ အလွမ်းသန်သည်။ ။ လေသွန်သာညီ လတကား။ (ဖန်စကြာလျှင်-ချီ ပိုဒ်စုံရတု။ နတ်သျှင်နောင်)

ဖျောက်ဆိပ်လလယ်
အသတ်ရှိသောအက္ခရာနဲ့ ဝဏ္ဏ တလုံးတလုံးကြားမှာထည့်ပြီး ချခြင်းမျိုး ဖြစ်ပါတယ်။ ဆိုလိုရင်းက အသတ်ပါတဲ့ အက္ခရာတွေ ကို အသံတသံချင်းစီရဲ့ကြားမှာ ထည့်ပြီး ချတဲ့နည်းပါ။ ဥပမာ နဝဒေးရဲ့ တစိတ်စိတ်လျှင်-ချီ မိုးတောရတုမှာ “ပျောင်းပျစက်ရာ ခွေလိမ့်မည် - မှတ်နေ့ရက်ကြာရေလိမ့်မည် - ချစ်ထုံ့မျက်ပါ နေလိမ့်မည်” ဆိုပြီး ချထားတာမျိုး ဖြစ်ပါတယ်။

ညွန့်ဟုံ
ဝသတ် အက္ခရာများများသုံးပြီး ချခြင်းဖြစ်ပါတယ်။ နဝဒေးကြီးရေးတဲ့ ပြည်-မြင်ဗာဟု ဘုရားတိုင် ရတုပိုဒ်စုံမှာ ...
ဗာဟု တောင်ထိပ် မိုဖျားသောဝ်။ ။ ချောမွတ်ရွယ်နု ပျိုထွားသောဝ်။ ။ အိမ်သူမျိုးမြတ် ကိုယ်စားသောဝ်။ ။ ဆိုပြီး ဝ-သတ်နဲ့ ချထားတာကို တွေ့နိုင်ပါတယ်။

ချိန်ခွင်ညှာ
ဒီနည်းကို “ချိန်ခွင်လျှာ” လို့လည်း ခေါ်ပါတယ်။ (အစပ် ခြောက်ပါးမှာ ပါဝင်တဲ့ ချိန်ခွင်လျှာ ကာရန်စပ်နည်းနှင့် မသက်ဆိုင်ပါ။ ဒီနည်းဟာ ရတု ချီပုံ ချပုံအတွက် သီးသန့်နည်းဖြစ်ပါတယ်။)
ပထမပိုဒ်မှာ အချရင်းကို တတိယပိုဒ်မှာ အဖျားလုပ်၊ တတိယပိုဒ် အချရင်းကို ပထမပိုဒ်မှာ အဖျားလုပ်ပြီး ဒုတိယပိုဒ်မှာသာ မတူကွဲပြားထူးခြားအောင် စပ်ဆိုခြင်း၊ ပထမနှင့် တတိယပိုဒ်ကိုသာ သံတူချပြီး ဒုတိယပိုဒ်ကို သံကွဲချခြင်းမျိုးကို ခေါ်ပါတယ်။

ဘီလူးရယ်
သရူပ၊ သဝဏ္ဏံ ဖြစ်တဲ့ အက္ခရာ အသတ်သံတွေနဲ့ လှည့်လွှဲပြီး ချခြင်းမျိုး ဖြစ်ပါတယ်။ ဆိုလိုတာက အက္ခရာတမျိုးတည်းကိုပဲ ကာရန်အမျိုးမျိုးထားပြီး ချခြင်းဖြစ်ပါတယ်။ ဥပမာ -
“ဝမ်းဝယ်ဝိုးဝါး ဝေလို့ကို။ နွမ်းနယ်နိုးနား နေလို့ကို။ ကျမ်းကျယ်ကြိုးစား ကြေလို့ကို။” ဆိုပြီ ချတဲ့ပုံစံ ဖြစ်ပါတယ်။

စာကျိုး (စာကြိုး)
‘ဝ’ သတ်နှင့် တခြားအသတ်တွေကြားမှာ သဝေထိုးပါတဲ့ အက္ခရာတွေခြားပြီး ချထားတာမျိုးဖြစ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ် ကျမ်းထဲမှာ တွေ့ရပါတယ်။
နန္ဒမာလိနီကျမ်းထဲမှာတော့ ကဝိကဏ္ဌပါသကျမ်းလာ ရတု အချီအချ ၂၅-မျိုးမှာ စာကျိုးနဲ့ စာတုံး အတူတူပဲလို့ ရေးထား ပါတယ်။ ဒါပေမဲ့ ...
ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာမှာ “စာကြိုးမှာကား၊ သဝေခြားသတ်၊ ဝ-အသတ်နှင့်၊ သတ်စပ်မြဲထုံး။” ဆိုတဲ့ စာသားနဲ့ မန်လည်ဆရာတော်ကြီး ရေးသားတော်မူတဲ့ ရတုချီနည်းချနည်းလင်္ကာအရ “သဝေအသတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊” လို့ရေးထားတဲ့ စာသားအရ စာကျိုးနဲ့ စာတုံး အတူတူပဲ ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

စာတုံး
အချီနဲ့ အချတွေမှာ ...
(င) သတ်နဲ့ (ည) သတ်၊
(တ) သတ် နဲ့ (ပ) သတ်၊
(န) သတ်နဲ့ (မ) သတ် တွေကို ကာရန်တူလို့ ယူဆပြီး စပ်ထားတာမျိုးကို ခေါ်တယ်လို့ ကဝိကဏ္ဌပါသကျမ်း၊ ကဗျာသာရတ္ထ သင်္ဂြိုဟ်ကျမ်းတို့မှာ ဖွင့်ဆိုပြထားပါတယ်။ အချီအချမှာ မဟုတ်ပေမဲ့ အတွင်းကာရန်တွေမှာ "စုံ၊ ဂုဏ်၊ စုန်" ဆိုပြီး ရှင်မဟာ သီလဝံသ တောင်တွင်းမှာ နေစဉ်က စပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ ဒါမျိုး မစပ်တော့ဘဲ ရှောင်ကျဉ်တယ်လို့ ဆိုပါတယ်။
ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က၊ ချက်ရိုင်ပြည့်စုံ၊ နဝဂုဏ်တည့်၊ ဆန်စုန်ထက်အောက်၊ ကျော်ဝှန်တက်၍ ... (ပါရမီတော်ခန်းပျို့၊ ပိုဒ်ရေ ၁။ ရှင်မဟာသီလဝံသ)
မှတ်ချက်။ ။ သေးသေးတင်ဟာ မ-သတ် (မ်) နဲ့ အတူတူပဲ လို့ ယူဆရပါမယ်။

စာဆန်း (စာသွန်၊ စာဆွန့်)
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ “ဆိုအပ်ပြီးသောနည်းတို့မှတပါး မလိမ္မာသော သူငယ်တို့သည် မဘွယ်မရာ မပီမပြင် ဆိုသော စကားကဲ့သို့ အသတ် အသံ ကာရန် မညီမညွတ် ယွင်းချွတ်တိမ်းမှား ထားလိုတိုင်း အက္ခရာဖြင့် ချီခြင်းချခြင်းတည်း။ ၄င်းကို ကျွန်ုပ်တို့ ကျေးဇူးတော်ရှင်၊ ရွှေတောင်မြို့၊ တောနယ် ဝါးလယ်ရွာကျောင်း အရှင် “သီရိမာလာ” ကား (စာသွန်) ဟူ၍ လည်းကောင်း (စာဆွန့်) ဟူ၍လည်းကောင်း၊ ခေါ်ရမည့်အကြောင်းနှင့် မိန့်တော်မူဖူး၏။” လို့ ဆိုထားပါတယ်။ အချီမညီ၊ အချမညီ၊ အသတ်၊ အသံ ကာရန်မညီဘဲ ထားချင်ရာ အက္ခရာနဲ့ ထားပြီး ချီတာ၊ ချတာမျိုးကို ဆိုလိုပါတယ်။

အစပြတ်
တပိုဒ်နှင့်တပိုဒ် အဓိပ္ပာယ်ကို လွှဲပြီး ပြတ်အောင် စပ်ဆိုခြင်းမျိုး ဖြစ်ပါတယ်။
ဥဒါဟရုဏ်အနေနဲ့ တောင်ငူမင်း (နတ်သျှင်နောင်) စာတော် “ဘဝဂ်လုံးလျှင်” ချီရတု နိဂုံးမှာ ... “... ဆီပျံ့ကျောသည်။ ။ သဘောတမ်းကာ နေတော့သည်။” လို့ချပြီး “တခဏ်းလုံးပင်၊ မရုံးချယ်လျှက် ... " လို့ အဓိပ္ပာယ်လွှဲပြောင်းပြီး နောက်တပိုဒ်ကို ချီထားတာမျိုး ဖြစ်ပါတယ်။

စမ္ပါယ်ချီစမ္ပါယ်ချ
အစချီတဲ့အပိုဒ်ရဲ့ အစအက္ခရာ အသံကိုယူပြီး ချခြင်းဖြစ်ပါတယ်။
ပထမအပိုဒ်မှာ ကသိုဏ်းကျူးရင့် ... လို့ ချီပြီး ... ကသိုဏ်းကျူးရင့်-ရှုပါလင့်။ ။ လို့ ချပါတယ်။ တခါ ဒုတိယအပိုဒ်မှာ ... ကသိုဏ်းကျူးရင့် ... လို့ပြန်ချီပြီး အတိုင်းကူးဆင့်-တုပါလင့်။ ။ လို့ ချပါတယ်။ နောက်ထပ်တခါ တတိယအပိုဒ်မှာ အတိုင်းကူးဆင့် ... လို့ ပြန်ချီပြီး မထိုင်းကျူးရင့်-ပြုပါလင့်။ ။ " ဆိုပြီး ချထားတာမျိုးဖြစ်ပါတယ်။
နောက်ထပ် ဥဒါဟရုဏ်တခု အနေနဲ့ ...
ရှင်သံခို ဆိုရတုမှာ ... "နေ" နတ်ကသည် လို့ ချီပြီး ... မုန်းလျက်မပိုင် "နေ" တော့သည်လို့ ချပါတယ်။ ပြီးတော့ အပိုဒ်-၂ မှာ "ခွေ" မပတ်လည် ... လို့ ချီပြီး တိမ်နှယ်ယှက်ဆိုင် "ခွေ" တော့သည် လို့ချပါတယ်။ ပြီးတော့ အပိုဒ်-၃ မှာ "ဝေ" မှတ်မြရည် ... လို့ ချီပြီး ... နေတိုင်းစက်တိုင်း "ဝေ" တော့သည်လို့ ချတာမျိုးကို ဆိုလိုပါတယ်။

မြင်းဆက်ခွ
အချပိုဒ်က စကားလုံး၊ အဓိပ္ပာယ်တွေကို ပြန်ယူပြီး နောက်တပိုဒ်ကို ချီတာမျိုးကို ဆိုလိုပါတယ်။ ဥပမာအနေနဲ့ ပြရရင် တောင်ငူမင်း (နတ်သျှင်နောင်) စာတော် “ခုနစ်တောင်စွန်” ချီ ကျေးစေ ပလီခတ်ရတုမှာ “ချုပ်နေရောင်တင်သည်ညတွင်။” လို့ ချပြီး နောက်တပိုဒ်ကို “ညခင်းချုပ်နေ၊ ပြန်တည့်လေသော် ...” ဆိုပြီး ပြန်ချီပါတယ်။ တခါ ... “နိုင်မည်ကိုပင် ရည်းကြထင်။” လို့ချပြီး တခါ “နိုင်မည်ရည်းထင်၊ အတင်တင်ဝယ် ...” လို့ နောက်တပိုဒ်မှာ ချီထားပြန်တာမျိုးကို ခေါ်ပါတယ်။

မြင်းဆက်ခွန့်
အချပိုဒ်က အက္ခရာကိုလည်းကောင်း၊ အဓိပ္ပာယ်ကိုလည်းကောင်း လည်ကုတ်မှာ ယူပြီး ချီခြင်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြရရင် ပါရမီတော်ခန်းပျို့ အပိုဒ်ရေ-၄ မှာ ရှင်မဟာသီလဝံသက “... ရပ်ရှုပြီးသော်၊ ငါ့ကိုမျှော်၍၊ ရှင်တော်မေတ္တာ သက်လတ်တည်း။” လို့ ချပြီး အပိုဒ်ရေ-၅ မှာ “ဘုရားမည်သည်၊ သက်ကြည်မေတ္တာ၊ ...” ဆိုပြီး အစပိုဒ်မှာမဟုတ်ဘဲ လည်ကုတ်ပိုဒ် (ဒုတိယပိုဒ်)မှာ ယူပြီး ပြန်ချီထားပါတယ်။ (ပျို့ဟာ ရတုမဟုတ်ပေမဲ့ လင်္ကာ ဆိုတဲ့အထဲမှာ နှစ်မျိုးလုံး အကျုံးဝင်လို့ ဒီချီနည်း ကို ဥပမာ ပြလိုက်တာပါ။)

ခု ဆက်လက်ဖော်ပြမယ့် နည်းတွေကတော့ စာလုံးရေနဲ့ မဟုတ်ဘဲ စာပိုဒ်တွေ အနေအထားအရ ခေါ်ဝေါ်တဲ့ အခေါ်အဝေါ်ပါ။ အမျိုးအစားသတ်မှတ်ချက်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်

ပွဲ့ကဆီ (မိုးဆွေ)
“ပိုဒ်စုံ ရတု ၃-ပိုဒ်တွင် ပဋ္ဌမအပိုဒ် ရှည်ခြင်းတည်း။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွှန်ပြထားပါတယ်။ ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ဒုတိယပိုဒ်၊ တတိယပိုဒ် တူလျှင်တူ၊ မတူလျှင်မတူဖြစ်ပြီး ပထမပိုဒ် ရှည်လျားနေလျှင် “မိုးဆွေ” လို့ ခေါ်တယ်လို့ ဆိုပါတယ်။

ဝမ်းပိုဒ်ကြီး (ဝမ်းပိုက်ကြီး)
ဒုတိယပိုဒ် က ကျန်တဲ့အပိုဒ်နှစ်ပိုဒ်ထက် ပိုပြီးရှည်နေတာရင် ဝမ်းပိုဒ်ကြီး လို့ခေါ်ပါတယ်။ ကဗျာဖွဲ့နည်း နိသျည်းမှာတော့ “ဝမ်းပိုက်ကြီး” လို့ ရေးထားပါတယ်။ သဘောကတော့ ပထမအစပိုဒ်ဟာ ဦးခေါင်း၊ ဒုတိယအလယ်ပိုဒ်က ဝမ်းပိုက်၊ တတိယ အဆုံးပိုဒ်က ခြေ လို့ ယူဆလိုက်တဲ့သဘောပါ။ ဒါကြောင့် ဒုတိယပိုဒ်က “ဝမ်း” ပိုဒ် (သို့မဟုတ်) ဝမ်းပိုက် ဖြစ်ပြီး တခြားအပိုဒ်တွေထက် ပိုပြီး ရှည်လျားနေတော့ ပိုကြီးနေတယ် ဆိုတဲ့ သဘောနဲ့ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။

လည်တို
တတိယပိုဒ် က ကျန်တဲ့အပိုဒ်နှစ်ပိုဒ်ထက် ပိုပြီးရှည်နေတာရင် “လည်တို” လို့ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ရော ကဗျာဖွဲ့နည်း နိသျည်းမှာပါ ပြဆိုထားပါတယ်။

ညွန့်တက်
ဒီမှာလည်း နှစ်မျိုးကွဲပြားတာကို တွေ့ရပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ “ပဋ္ဌမပိုဒ် မရှည်မတို ရှိခြင်းတည်း။” (ပဋ္ဌမပိုဒ်က ကျန်တဲ့နှစ်ပိုဒ်နဲ့ မတူဘဲ မရှည်လွန်း မတိုလွန်းတာကို ဆိုလိုပါတယ်) လို့ ဖော်ပြထားပြီး ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ပထမပိုဒ်၊ တတိယပိုဒ် တူပြီး ဒုတိယပိုဒ် မတူလျှင် "ညွန့်တက်" ဟုခေါ်သည် ဆိုပြီး ဖော်ပြထားပါတယ်။

ညွန့်လန်း (ညွှန်လမ်း)
ဒုတိယပိုဒ်က ပဋ္ဌမပိုဒ်ထက် ပိုရှည်နေရင် “ညွန့်လန်း” လို့ခေါ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ဖော်ပြထားပြီး ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ပထမပိုဒ်၊ ဒုတိယပိုဒ် တူပြီး တတိယပိုဒ် မတူလျှင် "ညွှန်လမ်း" လို့ ခေါ်တယ်လို့ ဖော်ပြထား ပါတယ်။ ဒီမှာလည်း နှစ်မျိုးကွဲနေတာကို တွေ့ရပါတယ်။

ညွန့်တုံး
တတိယပိုဒ်က ဒုတိယပိုဒ်ထက် ပိုရှည်နေရင် “ညွန့်တုံး” လို့ ခေါ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော ကဗျာဖွဲ့နည်း နိသျည်းမှာပါ ဖော်ပြထားပါတယ်။

ပိုဒ်စုံစကြာ (စကြာလည်)
အဆုံးချလျှင် အစပိုဒ်သို့ ဆိုက်ခြင်း၊ တနည်းအားဖြင့် ချီပုဒ်ကို ပြန်ယူပြီး ချခြင်းဖြစ်ပါတယ်။
ဥပမာ - ရခိုင်သူ မိညိုရေး ကိုယ်ရည်သွေးဘွဲ့ ရတုမှာ “တောင်တွင်မြင့်မိုရ် ...” လို့ ချီပြီး အဲဒီအပိုဒ်ကိုပဲ “တောင်တွင် မြင့်မိုရ်သာတကား” ဆိုပြီး ပြန်ချပါတယ်။
နဝဒေးကြီးရဲ့ ရတုမှာလည်း ‘သီဟတောနှင့် ကျိုက်ပေါမွေ’ လို့ချီပြီး ‘တွင်မည်ကျိုက်ပေါ သီဟတော’ ဆိုပြီး ပြန်ချထားတာမျိုးပါ။
(အက္ခရာတလုံးတည်းနဲ့ အစပိုဒ်တိုင်းကို ရေးထားတဲ့ ပဒုမ္မာကြာဆိုနည်း ရတုတွေကိုတော့ ယန္တရားစကြာလည် ရတု လို့ ခေါ်ကြပါတယ်။ ပိုဒ်စုံစကြာရတုနဲ့ မတူပါ)

ကိုယ်တွင်းပြည့် (ရင်တွင်းပြည့်၊ ဝမ်းတွင်းပြည့်)
“ပိုဒ်ရေအတူ၊ ကာရန်တူ ပိုဒ်စုံညီညွတ်ခြင်းတည်း” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ရှိသမျှ အပိုဒ်အားလုံး အရေအတွက် တထပ်တည်းတူပြီး ပထမအပိုဒ်က စကားလုံးတိုင်းကို ဒုတိယနဲ့ တတိယ အပိုဒ်တွေမှာ တလုံးမကျန် နဘေအပြည့်ထပ်ပြီး ရေးတဲ့ ရတုမျိုးဖြစ်ပါတယ်။ (ရင်တွင်းပြည့်၊ ဝမ်းတွင်းပြည့်) ဆိုပြီးလည်း ခေါ်ပါတယ်။ အလွန်ရေးရခက်တဲ့ ရတုအမျိုးအစား ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဥပမာ သီးသန့် ပြပေးပါ့မယ်။

စာဖြတ်
တပိုဒ်နှင့်တပိုဒ် မညီရင် “စာဖြတ်” လို့ ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြဆိုထားပါတယ်။
ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ဒုတိယပိုဒ်၊ တတိယပိုဒ် တူပြီး ပထမပိုဒ် မတူလျှင် “စာဖြတ်” လို့ ပြထားပါတယ်။

စာရိ
အဖြစ်ခြင်း မညီဘဲ စပ်ရင် “စာရိ” လို့ခေါ်ပါတယ်။ အလယ်မှာ တလုံးမညီဘဲ ရှိရင် ‘သတ်စေ့နှက်’ လို့ ခေါ်ပါတယ်။ မထောင်းတာစပ်ရတယ်။ အရင်းအဖျား ပျက်ရုံမျှနှင့် စာရိလို့ ခေါ်လို့မရဘူးလို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွန်ပြထား ပါတယ်။

ထောင့်တဲတွန့်
တခြားရတုတွေလို လေးလုံးတပိုဒ် စပ်ရိုးစပ်စဉ်မဟုတ်ဘဲ သုံးလုံးတပိုဒ်၊ ၄-လုံးတပိုဒ်၊ ၅-လုံးတပိုဒ် အစရှိသဖြင့် စပ်ဆိုသွားတဲ့ နည်းဖြစ်ပါတယ်။ ရှင်မဟာရဋ္ဌသာရ ထွင်ခဲ့တဲ့ နည်းလို့ သိရပါတယ်။

သုံးလွန်းတင်
တပိုဒ် စပ်လိုက်ရုံနဲ့ ၃-ပိုဒ်ရခြင်း လို့ ဆိုပါတယ်။ ပထမအပိုဒ်ရဲ့ စာလုံးတွေကိုပဲ ရှေ့နောက်လှည့်ပတ်ရွှေ့ပြောင်းပြီး ဒုတိယနဲ့ တတိယအပိုဒ်တွေ ရအောင် စပ်သွားတာမျိုးကို ဆိုလိုပါတယ်။ ၃-လုံးတင်ကနေ ၁၈-လုံးတင်အထိ စပ်လို့ရတယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ် ကျမ်း မှာ ညွန်ပြထား ပါတယ်။

ယမကချီ၊ ယမကချ
ယမက ဆိုတဲ့ ပါဠိစကားရဲ့ အဓိပ္ပာယ်က သဒ္ဓါတူအနက်ကွဲ (သံတူကြောင်းကွဲ) ပိုဒ်တွေ အစုံလိုက် အစုံလိုက်ထားပြီး ဖွဲ့ဆိုတဲ့ ပါဠိကဗျာတွေကို ဆိုလိုပါတယ်။ ချောင်းမဘုရားတိုင်ရတုတွေဖြစ်ကြတဲ့ ချောင်းမမွေရှင်-ချီ နဝဒေးရဲ့ ရတုမှာ ...
ချောင်းမမွေရှင်၊ ... ချစ်စမမြဲးတောင်းကိုလည်း။
မောင်းမျှရွှေစင်၊ ... ဖြစ်ရမခဲးတောင်းကိုလည်း။
ကြောင်းစထွေအင်၊ ... ပြစ်ပမရှဲးတောင်းကိုလည်း။ ဆိုပြီး ချီထား၊ ချထားသလို ...
ချောင်းမမွေတော်-ချီ နတ်သျှင်နောင်၏ ချောင်းမဘုရားတိုင်ရတုမှာ ...
ချောင်းမမွေတော်၊ ... မုန်းဘွယ်မများ တောင်းကိုလည်း။
မောင်းမျှရွှေလှော်၊ ... နှုန်းဆွယ်မရှား တောင်းကိုလည်း။
ကြောင်းစထွေငေါ်၊ ... ကုန်းသွယ်မသားတောင်းကိုလည်း ...
ဆိုပြီး အစုံလိုက် ချထားခြင်းမျိုး ဖြစ်ပါတယ်။ ဒီနည်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းနဲ့ တခြားကျမ်းတွေမှာ ဖော်ပြထားခြင်းမရှိပါဘူး။ နတ်သျှင်နောင်ဆို ရတုများထဲမှာ တွေ့ရတဲ့ နည်း ဖြစ်ပါတယ်။ သော်တာရောင် (အညွန့်မဲ့၊ စာတင်း မီးစ) ချနည်းနဲ့ ကွဲပြားတာက ဒီနည်းမှာ စကားလုံးအားလုံးကို ကာရန်အညီ ထပ်ပြီး စပ်ဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်။
သုံးပိုဒ်လုံး အပိုဒ်ရေတူညီလျှင် ...
(က) သတ်စေ့နှက်သုံးချက်ညီ ရတု
(ခ) ပဒညီ ရတု
(ဂ) အရည်အပြည့် ရတု
(ဃ) မင်္ဂလာ ရတု လို့လည်း ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်းမှာ ပြထားပါသေးတယ်။

ဒါဆိုရင် ကျမ်းတွေမှာလာသမျှ ရတုချီနည်း၊ ချနည်း အားလုံး စုံသွားပြီဖြစ်ပါတယ် ... ဆက်ပြီး တွေ့ရရင်လည်း ထပ်ပြီး ဖြည့်စွက်ပေးပါ့မယ် ...
ရတုအကြောင်းက ကျယ်ပြန့်လွန်းလို့ ရှေ့ဆက်ပြီး ရေးရပါဦးမယ် ...

ဟယ်ရီလွင်

Read More...

Saturday, 25 May 2013

ကဆုန်လဘွဲ့ ကဗျာများ

ကဆုန်လပြည့်နေ့မှာ ကဆုန်လဘွဲ့ မြန်မာကဗျာတွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ် ...

ကဆုန်လဘွဲ့ ကဗျာများ

ကဆုန်လဘွဲ့ (လေးဆစ်) - ဖိုးသူတော် ဦးမင်း

စကားဝါငုံ သင်းလို့၊
ကြယ်မင်းတဲ့ ဝိသာခါ။

တိမ်ဗွေမှာ ရောင်ခြည်ရွှမ်း၊
ထွန်းတဲ့ချိန်ခါ။

စုံကန္တာ၊
ဟေမာမြိုင်ထဲ။

ရွှေကျေးပျံသင်လို့၊
စံပျော်ရွှင် သည်ဟိုကူးလို့ငယ်၊
မြူးကြစမြဲ။

(ဖိုးသူတော်ဦးမင်း)


The yellow champac buds are fragrant.
Alpha Libra, the king of stars,
shines amid the clouds
in brilliant rays.
In wood and jungle
golden parakeets learn to fly,
Joyously flitting from tree to tree.
They play merrily.

By Pho Thu Taw U Min (Translated by Mg Thar Noe)

ကဆုန်လဘွဲ့ (လေးချိုး) - မဟာဂီတ ဦးပြုံးချို

နေနန်းရယ်တဲ့ ဖန်သူရိန်။

တန်ခိုး ဥဏှဂူနှင့်၊
ကဆုန်ဟူ သည်မာသမှာ၊
ပြင်းပြပူရှိန်။

ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊
ထွန်းလှတဲ့ ငွေတာရိန်ငယ်၊
ဒွတ္တိသ နေ့စွဲ။

ပန်းစကားဝါ၊
နန်းဘယာ ကေသီဆင်လို့၊
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်၊
ခါသဘင်ညောင်ရေသွန်းကြတယ်၊
လွမ်းစရာ့ပွဲ။ ။

(မဟာဂီတ ဦးပြုံးချို)


ကဆုန်လဘွဲ့ (လွမ်းချင်း) - မဟာအတုလမင်းကြီး

မြူခြေငယ်ဝှန်းပါလို့၊ နေဝန်းငယ်စက်ရှိန်၊ တောက်လောင်ငယ်ထိန်သည်
ဖန်သူရိန်တေဇာကြောင့်၊ ပူဗျာပါ ကဲတဲ့လကိုလေး။
ရာသီငယ်ပြိဿ၊ မဟေသီလဲ၊ ရွှေညီခလို့၊ ပန်းမြစကားဝါ၊ ဝိသာခါနှင့်
တာရာခြံရံ၊ စန်းငွေယုံဖန်သည့်နှယ်၊ ဆဒ္ဒန်ပိုင့်ဘွေပုံမှာ
လှူကဆုန်ညောင်ရေပွဲပေမို့၊ သဲလှတယ်လေး။

(မဟာအတုလမင်းကြီး)

ကဆုန်လဘွဲ့ (လူးတား) - ဦးယာ

နှစ်သိန်းစက်ကျယ်၊ တသွယ်ထိရ [1]၊ ပြိဿရာသီ၊ ပထဝီဓာတ် ပညတ်လေ[2]။ ။
သပြေညွန့်နု၊ ရတုမာသ၊ ကဆုန်လဟု၊ ပြည့်ထဝင်းဝါ၊ ဝိသာခါနှင့်၊ စန္ဒာလဝန်း၊ ယှဉ်ပြိုင်ထွန်းသော်၊ လေးကျွန်းလှည့်ပတ်၊ ဟတ္ထိတာရာ၊ ထပ်တူပါ၍၊ နေ့မှာတသွယ်၊ ကြယ်ကြတ္တိကာ၊ သူရိယာနှင့်၊ ယှဉ်လှာမယွန်း၊ မွန်းတည့်ဘဝါး၊ ရငြားနှစ်ခု၊ တိုင်ပင်စု၍၊ ရွက်နုဖူးစီ၊ နာရီနေ့ဝယ်၊ သုံးဆယ်ကကျော်၊ နှစ်ခုပေါ်လျက်၊ ညဥ့်သော်နှစ်ဆယ်၊ ရှစ်ခုသွယ်၏ [3]၊ လှည့်ကယ်ရစ်ပတ်၊ ဝါယောဓာတ်တည့် [4]၊ သွင်းခတ်မှိုင်းရီ၊ လေဝန်းချီ၍ [5]၊ ရာသီလိုက်သင့်၊ ရွှေပွင့်စကား၊ မြသားရိုးနေ[6]၊ ပန်းမိုးစွေ၏၊ ညောင်ရေသဘင်၊ ပျော်ရွှင်သွင်းလောင်း [7]၊ ပျိုတော်ပေါင်းလည်း၊ ယဉ်ပျောင်းတုတ်တီ၊ ရွှေပိုးစီသို့ [8]၊ လုပ်လီလုပ်လဲ့၊ ပင်ကိုယ်နွဲ့နှင့်၊ နတ်ကဲ့လိုလို၊ ပြာညိုပွင့်တောက်၊ နီလာကျောက်သို့၊ (နှင်းပေါက်သော်မော်၊ ပန်းထီးပေါ်တက်၊ မာရဘက်ကို၊ မလျက်ဘယ်ညာ [9]၊ အင်္ကျီမှာလျှင်၊ ရွှေဇာမှော်ပွင့်၊ ဆင်တိုင်းတင့်လျက်၊ ဘုန်းမြင့်စိန္တေ၊ ဓာတ်တော်မွေတွင်၊ ရိုသေကြည်လင်၊ ဆုပန်ဆင်သည် [10]။ ။ သဘင်ညောင်ရေပွဲတည့်လေ။ ။
ညံ့ပြေတည့်ပြာဝင်း ခြောက်ပြစ်ကင်း [11]။ ။ ယဉ်မင်းရွှေရုပ်မယ် [12]။ ။ ရှုဘွယ်တည့်မြခဲ ကျောက်မျက်ရွဲ။ ။ ပုလဲကြေးမုံ။ ။ တူစုံတည့်ယှဉ်တွဲ လည်ချင်းနွှဲ။ ။

* မှတ်ချက်
မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
[ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
[မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
[ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့

---------

[1] တသွယ်ထိန [ဘ]၊ တသွယ်ဒိန [ဟ]၊ တသွယ်ထိရ [မ] [ဦးကျော်ထွန်းအာဘော်]
[2] ပညတ်နာမ ခေါ်ကြလေ [မ] [ဟ]
[3] ရှစ်ခုကယ်၏ [မ] [ဟ]
[4] စုံမြိုင်ရပ်က [မ] [ဟ]
[5] လဝန်းချီ၍ [မ] [ဟ]
[6] ရွှေဖီစကား၊ မြသားလျှံဝေ [မ] [ဟ]
[7] ညောင်ရေသဘင် (သည်ပွဲတွင်၌) ပျော်ရွှင်သွန်းလောင်း [မ]
[8] ယဉ်ပျောင်းဟန်ချီ၊ ရွှေပိုးတီသို့ [မ] [ဟ]
[9] ပန်းထီးပေါ်တွင်၊ ရွှေလှော်နုညက်၊ မာလာခက်ကို၊ ဘရက်ဘယ်ညာ [ဘ]။ ပန်းတည်ပေါ်တက်၊ မာလာပက်၍၊ ဘယက်ဘယ်ညာ [မ]။ ပန်းထည်ပေါ်တက်၊ မာလာမက်၍၊ ဘယက်ဘယ်ညာ [ဟ]
[10] ရှိပန်ဆင်သည် [မ] [ဟ]
[11] သပြေတည့်ပြာဝင်း ခြောက်ပစ်ကင်း။ [ဘ]။ ယဉ်မူတည့်ပြာဝင်း ခြောက်ပြစ်ကင်း [မ] [ဟ]
[12] ယဉ်မင်းရွှေရုပ်နှယ် [မ] [ဟ]

--------------------

ကဆုန်လဘွဲ့ (ပဒေသာသီချင်း - ဖော်ဝေးမစုံ-ချီ) - ဦးကြင်ဥ

အော် - ဖော်ဝေးမစုံ၊ ဆွေးဘို့ကြုံအောင်၊ တပုံတခန်း၊ ကဆုန်ဆန်းမို့၊ ယုန်စန်းငွေလ၊ စန္ဒရနှင့်၊ ပုဏ္ဏာ့းတာရာ၊ ကြယ်ဝိသာလဲ၊ အာကာမြင့်ခေါင်၊ ကွန့်ရွှန်းငယ် ပြောင်သည်၊ တိမ်မှောင်ခြွေလို့ လင်းတော့တယ်။ ။

သံဝှန်ငယ်ညောင်းငြိမ့်၊ စည်မောင်းလှိမ့်လို့၊ ဝတိန့်ခွန်ဆွတ်၊ နတ်များထွတ်ကို၊ သခွတ်စားငယ်၊ ပြည်သမီးရင်း၊ လက်စကြွင်းကြောင့်၊ ရန်တင်းငယ် လှယ်သည်၊ စစ်ဆွယ်ပြိုင်လို့ ကျင်းတော့တယ်။ ။

သင်းမြေနံ့တကြိုင်။
စံကားရွှေဝါနှင့်၊ ညောင်သီဒါ ရေတော်သွန်းချိန်မို့၊ ရွှန်းဝေလို့လှိုင်။
မြိုင်မြစ်စုံ ယမုန်ခပါတဲ့၊ ပြည်အမရ မန်တိုင်၊ ခရိုင်နယ့်တဝိုင်း။
သို့ချိန်ဆီ၊ ရင့်ကျူး ပဉ္စင်္ဂီနှင့်၊ တိမ်ပန်းချီ ပွေလို့ရေးပေလိမ့်၊ ဆေးရင့်ပြာလှိုင်း။ ။

နံကိုင်းဇေယျ၊ ပြည်သန်လျက်ခုံ၊ ကြက်နှစ်စုံလဲ၊ ရွှေပုညနှင့်၊ ပတ္တမြာ့းစစ်၊ ပြာယမိုက်ဆင်၊ မန်းသိုက်ဝင်တဲ့၊ ရှင်ပင့်ဖြစ်ကို၊ စိစစ်ဖွဲ့ကုံး၊ အို - ဘဲ့နှယ်ဆုံးပေလိမ့်။ ။

ခွေနုံးတဲ့ဗျာသီ။
သူလဲ မြင်တော်လာနှင့်၊ ကန္တာမှာ ဖန်ရာကြုံ့ပါဘိ၊ လွမ်းပုံ့ပွေလီ။
ထီးတရာ ပဏ္ဏာကြို့ပါတဲ့၊ မင်းနေမြို့ဌာနီ၊ သည်ဆီထင့် ရော်ရမ်း။
နယ်ရှစ်ခွင်၊ နတ်စစ်ကယ် ဗျူဟာဆင်လို့၊ မြော်အမြင် ထင်အတွေးနှင့်၊ ဝေးကမောင်ပန်း။ ။

(ဦးကြင်ဥ)

ကဆုန်လဘွဲ့ (ပြိဿရာသီဘွဲ့) (အဲးချင်း) - နန်းတွင်းသူ မယ်ခွေ

ဖာလ်နန်းမှ ချက်အုံလေ။ ။ နေနှင့်ယှဉ်မှီ၊ ရောဟဏီလည်း၊ မှန်စီဆောင်က၊ ရွှေထီးရိပ်ပြပါလို့၊ လွမ်းစယှက်လွယ်။ မင်းမူ ဟန်ကျယ်လှ။ မိုဃ်းလယ်ဘုံမှာတဲ့လေး။ ။ ကဆုန်ငယ်မှ ရတု။ မြနီလာဆင်။ အပြာရစ်နှင့်။ ရှစ်မျက်နှာဆို။ တောတခိုမှာ၊ ပျိုနုနုနှင့်၊ ကျီးဥမှ လဲ့ပြာ၊ စကားထုံသင်း၊ ဂေါဇာချင်းတွင်၊ တုကင်းလွတ်ကွာ၊ ငှက်ပေါင်းသာလို့၊ ညှာချွေငယ်စံသည်၊ ယုဂန်မှာ တိမ်တပုံက၊ ဂဠုန်လိုဝဲ။ ။ အသဲမှာဆွတ်ကျင်၊ သောင်သင်ဖြူးခင်း၊ မြစ်ကြီးတွင်းမှာ၊ ငါးကြင်းဆန်ကူး၊ ငါးတံမြူးသည်၊ ပိုက်ဦးငင်လို့၊ သဘင်မှ ဖြိုးဝေ၊ ဇင်ယော် သောင်တင်း၊ ရွှေပိန်ညင်းတို့၊ ချစ်တင်းပိုင်ပိုင်၊ အာလုပ်ကယ်လှိုင်လို့၊ သံပြိုင်ငယ်ချွေသည်၊ ဂြိုဟ်စနေ ဘီလာပိုင်းဆီက၊ မုန်တိုင်းချီပြင်း။ ။ ပြည်ကမ္ဗောဇ၊ တိုင်းညိုမြမှာ၊ တငါ့တာရာ၊ ကြယ်ဥပါနှင့်၊ အခါညောင်ရေ၊ ပွဲစုံငယ်ထွေလို့၊ လွမ်းဘွေဆိုင်ညီ၊ လေမင်းပင်မှီရော့ထင့်၊ စက်ရာသီပြိဿရေးတဲ့ ငိုကြွေးခင်း။ ။

ကဆုန်လဘွဲ့ (ရတု) - ဥက္ကာပျံ

တန်ခူးကုန်ပြန်၊ တာသင်္ကြန်လည်း၊ လွန်လတ်သည်။
ခုဆန်းရေ-ကဆုန်လ၊ မောင့်ကြောင့်စိတ်ပူ၊ မှီးသူတ-တတနယ့်။
စိမ်း ရောင်မြ-ပင်တကာ၊ ရွက်သစ်နုဆောင်၊ ပင်တိုင်းပြောသည်၊ ခြောက်ရောင်အလျှံဖြာသား။
ရှုချေသော်-လွမ်းဘွယ်တိ၊ ကဆုန်ရီသွန်း၊ မိုဃ်းပန်းပွင့်လာဘိက။
စိတ်သတိ- ညှိုးပူဆာ၊ ခြိုးသားကူကေ၊ စိတ်ပူရောက်ပြန်လှာ၍။
ဘုံမွေ့ရာ သလွန်ထက်၊ ညဥ့်လေးယံမှာ၊ တစ်ယံမယ်မစက်တည့်။
ကြံတွေးဆ-နေ့စဉ်ခါ၊ ဝတိန် တရိုး၊ ပဇ္ဇုန်မိုဃ်းသည်၊ ဖြိုးဖြိုးရွာပြန်လှာ၏။
မယ့်လွမ်းစွာကို-မောင်မသိ၊ ပဇ္ဇုန်သခင်၊ ပြိုးပြောက်ဆင်ကေ၊ ကောင်းကင်လျှပ်ရောင်ပြီ့မျှ။
ရှုကြည့်ဘိ-ခုချိန်ခါ၊ သောတာပန်းလောင်း၊ ရောင်မောင်းတစ်ထောင်ဖြာသား။
ထွက်လာရေ-နီမင်းနတ်-ဣန္ဒခေါ်တွင်၊ ဝတိန်ခွင်ဝယ်၊ မြင်းဆင်ရထားတပ်၍။
ချီတက်လတ်-မိုဃ်းကောင်းကင်၊ မြင်းမိုရ်လှည့်ပတ်၊ ယုဂန်ထွဋ်ဝယ်၊ ချဉ်းကပ်လာလတ်ကျင်မှ။
ဘုန်းတန်းရှင်-ပဇ္ဇုန်နတ်-မြပန်းမြပင်၊ မြကုံးဆင်ကေ၊ နတ်သျှင်မြင်ပြန်လတ်က။
ဆွတ်ဆွတ်ပြုံးရယ်ရွှင်၊ ဘယ်ကတင့်ဆုံး၊ မံကြိမ်လုံးနှင့်ပင်တည့်။
ညာဘက်တွင်-စွဲသံလျက်၊ မိုဃ်းဘုန်းနတ်ရှင်က၊ က-မြဲဆင်သည်၊ ပျော်ရွှင်မြင်းနှင့် ထွက်က။
ပြိုးပြိုးပြက်လျှပ်ရောင်ဖြာ၊ ကဆုန်စ-မိုဃ်း၊ ထင်ကြိုးသွန်းချလာသည်။
မယ့်ကို လွမ်းရာဖြစ်ဖို့လေ။

(ဥက္ကာပျံ)

Kason

The Water Feast is past; a new moon waxes;
Still my thoughts follow you incessantly.
Everywhere doves are cooing: through the leaves.
The light seems every colour of gay green.
Or misty showers pass over in thin drizzle.
But all these only make my heart more sad,
For thinking I must see them without you,
So that three parts of the night I often lie
Wakeful and wishing you were by me here,
That we might watch together the moving sky,
See the Rain-king marshall his thunder clouds
And make his lightning flicker; see the Sun-king,
In his rich coat of a thousand scarlet flames,
Drive out and set his horses at a gallop
In circuit of Mount Meru: on the summit
The King of Heave sits, smiling at this,
Until an amber rod in his left hand.
His right upon a sword, he shouts again.
At once the Rain-King summons back the clouds,
Darkens the sky, darks lightning everywhere,
And a shower rushing down settles the dust.

Translated by Maurice Collis

Read More...

Thursday, 23 May 2013

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၇)

ချီနည်းများ
ရတုချီနည်းတွေက သိပ်မများလှပါဘူး။ နာမည်သီးသန့်လည်း ပေးထားတာ မတွေ့ဖူးပါဘူး။ စာလုံးရေအလိုက် ကြည့်မယ် ဆိုရင် ၄-မျိုးပဲ ရှိပါတယ်။ ဒီချီနည်းတွေက ...


၃-လုံးချီ
ဒီချီနည်းက တွေ့ရခဲပါတယ်။ “မှားခဲ့ပြီ - သွားတဲ့ဆီ - အားနွဲ့မှီ” ဆိုပြီး အပိုဒ် သုံးပိုဒ်ရဲ့ အစမှာ ချီထားပုံမျိုးပါ။ အဖျားကောက်ရတုတွေမှာ လောက်ပဲ တွေ့နိုင်ပါတယ်။ စာဆိုတော် အနောက်ဝန်မင်း မောင်ဥ ရဲ့ ရတုပိုဒ်စုံမှာ “ကျွမ်းငယ်ဖော် - မှတ်သက်ပေး - သက်မှတ်ပေး” ဆိုပြီး အစပိုဒ်တွေကို ၃-လုံးချီထားတာ တွေ့နိုင်ပါတယ်။

၎-လုံးချီ
အသုံးအများဆုံး ချီနည်းဖြစ်ပါတယ်။ “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ” ဆိုပြီး မဲဇာတောင်ခြေရတုမှာ ချီထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

၅-လုံးချီ
တွေ့ရခဲပါတယ်။ “အချာပဝရ - နရာပဋ္ဌမ - အခါသမယ” ဆိုပြီး သျှင်မဟာသီလဝံသ-ဆို ရတုမှာ ချီထားပါတယ်။

၇-လုံးချီ
ဒါလည်း တွေ့ရခဲပါတယ်။ နဝဒေးကြီးရတုတွေထဲက ...
သက်တော်ရနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “သက်တော်ရ နှင့် ရှင်လှမွေ - လက်ဝဲးဂူ နှင့် ရှင်ဖြူမွေ - ပုညရှင် နှင့် မြင်ထင်မွေ”
ရွှေယင်မြောနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “ရွှေယင်မြော နှင့် မော်ဓောမွေ - သီဟတော နှင့် ကျိုက်ပေါမွေ - မဟာနော နှင့် သက္ကောမွေ”
ကျိုက်ပတံနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “ကျိုက်ပတံ နှင့် ဇနံလေ - ဇွဲးကပင်နှင့် မောကြင်လေ - ကျိုက်မောင်းမ နှင့် ကာသလေ” ...
ဝန်တောင်လယ် ဆို- ရတုမှာ ... “ရွှမ်းဘိသည်လည်း ရွှမ်းဘိသည် - လွမ်းဘိသည်လည်း လွမ်းဘိသည် - တမ်းဘိသည်လည်း တမ်းဘိသည်” ...
ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။ အချပိုဒ်တွေဟာလည်း အချီပိုဒ်အတိုင်း ၇-လုံးပဲ ချထားပါတယ်။
မြင်းဝန်နေမျိုးသီဟသူ ရေးတဲ့ စကြာရတုပိုဒ်စုံမှာလည်း ... “ထူပါရုံနှင့် စည်းခုံမွေ - မြတ်မုနိနှင့် မြင်မိမွေ - ဆင်ကြိုးဂူနှင့် ဆင်ဖြူမွေ” ... ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။

ဒီ ချီနည်း ၄-မျိုးကလွဲပြီး ကျန်တဲ့ ချီပုံတွေ မတွေ့ရပါဘူး။

ချနည်းများ
ရတုကို ချတဲ့နည်းတွေကို မပြောခင် ချရမယ့် ကြိယာ(စကားလုံး)ခြောက်ဆယ် ရှိပါတယ်။ ‘ရတုချဖွယ်၊ အသွယ်သွယ်၊ ခြောက်ဆယ် ကိရိယာ’ ဆိုတဲ့ ကဝိလက္ခဏာ သတ်ပုံသံပေါက်က စကားအတိုင်း ရတုအချ စကားလုံးပေါင်း ခြောက်ဆယ် ကိုလည်း ကဝိကဏ္ဌပါသ ကျမ်းမှာ ကြိယာခြောက်ဆယ် လင်္ကာ နဲ့ ဖော်ပြပါရှိပါတယ်။
ရှင်မဟာ သီလဝံသ ရေးသားစီရင်တဲ့ ကဝိပါသဏ္ဌကျမ်း အလိုအရတော့ ၆၄-ပါး ရှိပါတယ်။
အသေးစိတ်ကို မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၅) http://harrylwin.blogspot.com/2008/08/blog-post_30.html ရဲ့ ကြိယာ ခေါင်းစဉ်အောက်မှာ ကြည့်နိုင်ပါတယ်။
အခု ရတု ချနည်းတွေကို စပြီး လေ့လာကြည့်ပါမယ်။

လုံးရေအလိုက် ချနည်းများ
ရတုချနည်း အမျိုးမျိုးရှိတဲ့ အနက် အက္ခရာလုံးရေအလိုက် ချတဲ့ နည်းတွေကို အရင်ဖော်ပြပါမယ်။

၃-လုံးချ
ဒီနည်းမှာ အမည်မရှိသလို ဘယ်ရှေးကျမ်းမှာမှလည်း မပါပါဘူး။ အလွန်တွေ့ရခဲပါတယ်။ နဝဒေးကြီးရဲ့ လူမစိုက်တည့် - ချီ မယ်ဘွဲ့ရတုမှာ “ရေကြည်မြ။ နွေလည်မှ။ ဆွေရည်စွ။” ဆိုပြီး သုံးလုံးချထားတာကို တွေ့ရပါတယ်။

၅-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း မဖော်ပြထားပါဘူး။ စွယ်စုံကျော်ထင်ကျမ်းမှာတော့ ကက္ကူဆူးချ ကို ဖြေတဲ့အခါ “နေလျှင် - ဆွေးရ၏။ ဆွေလျှင် - ဝေးလှ၏။” ဆိုပြီး ၅-လုံး ချနိုင်ကြောင်း ညွှန်ပြထားပါတယ်။

၇-လုံးချ
ခိုင်ညွတ်ခက်ဖြာ ချနည်းလို့ခေါ်ပါတယ် (ခိုင်ညွန့်ခက်ဖြာ လို့လည်း ရေးကြပါတယ်)။ အသုံးအများဆုံး ချနည်းဖြစ်ပါတယ်။ “ခုနစ်လုံးမှတ်၊ ချတုံလတ်၊ ခိုင်ညွတ်ခက်ဖြာခေါ်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။

၈-လုံးချ
ဒီနည်းကို ဇမ္ဗူ့တန်ဆောင် လို့ ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာ ဖော်ပြထားပါတယ်။ ရှေးကျမ်းတွေမှာတော့ မပါပါဘူး။ တွေ့လည်း တွေ့ရခဲပါတယ်။ “စာတော်ရှုတပါး တင်ပေါလား” ဆိုပြီး ချတယ်လို့ ဥပမာ ပြထားပါတယ်။

၉-လုံးချ
၉-လုံးချတာကိုတော့ မဏိဆံကျင် ချနည်းလို့ခေါ်ပါတယ်။ “ကိုးလုံးတိတိ၊ ချတုံဘိ၊ မဏိဆံကျင်သော်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ကဝိကဏ္ဌပါသကျမ်းမှာလည်း ဖော်ပြထားပါတယ်။ “ပူဆာလွန်ကဲ၊ တရဲးရဲးသည်။ ။ လောင်စွဲတချေချေနှင့်သာတမုံ့။” လို့ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၂၂ မှာ မန်လည်ဆရာတော်ကြီး ချထားတာ တွေ့နိုင်ပါတယ်။

၁၀-လုံးချ
စာလုံး ၁၀-လုံးနဲ့ အဆုံးသတ်တာကိုတော့ စာမရီသားလိုက် ချနည်းလို့ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာ ဖော်ပြထားပါတယ်။ ရှေးကျမ်းတွေမှာတော့ မပါပါဘူး။ “သေချာတည့်မှတ်သား - နာတော်မူဘုရား။ တွေးမြှော်ရှုစား-ပူတော်မူနှင့် ဘုရား။” အစရှိသဖြင့် ချတာမျိုးဖြစ်ပါတယ်။

၁၁-လုံးချ
အာသာဝတီဝတ်ဆံ ချနည်းလို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ “ဗုဒ္ဓပညာ နှစ်သက်ရှာကြ သွင်ပြင်သောဝ်။” ဆိုတာမျိုးဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်မှာ “နောက်မှာအစွန်း၊ ကိုးယောက်ထွန်းသည်။ ။ မော်ကွန်းတင်ပြ၊ မှတ်ကြမင်းစဉ်အကျဉ်းတည်း။” လို့ မန်လည်ဆရာတော်ကြီး ချထားပါတယ်။ နဝဒေးကြီးရဲ့ “ဘားပြမွေတော်-ချီ” မုတ္တမ-ဘားပြဘုရားတိုင် ရတုမှာလည်း “နွေရောက်သဘင် မင်းလွင်ထမ ဝန်းစေသောဝ်။ ထက်ခွင်ဝန်းလည် လေပြည်စမ ယွန်းစေသောဝ်။ ကောင်းကင်ထွေလည် မြရည်ချမ ဖြန်းစေသောဝ်။” ရယ်လို့ ၁၁-လုံးနဲ့ ချ ထားတာတွေ့ရပါတယ်။ ဒီ ချနည်းကို နဝဒေးကြီး ရဲ့ တခြားရတုတွေမှာလည်း တွေ့နိုင်ပါတယ်။ ၁၁-လုံးချတယ်လို့ ဆိုပေမဲ့ ၄-လုံးတပါဒ အပိုဒ်ငယ်လေးကို နောက်ဆုံး ၇-လုံးတပါဒ အပိုဒ်ငယ်လေးနဲ့ ၄-၂ ကာရန်ပြန်ချိတ်ပြီး ချထားတဲ့သဘောလည်း ရှိပါတယ်။ ကာရန်မချိတ်ဘဲ တောက်လျှောက် အလွတ်ချထားတာမျိုး မတွေ့မိသေးပါဘူး။ ၁၁-လုံးနဲ့ အထက် ချတဲ့ နည်းတွေ အားလုံး ဒီလိုပဲ ၄-လုံးတပိုဒ် အပိုဒ်ငယ်လေးတွေကို ကာရန်ချိတ်သွားပြီး ချကြပါတယ်။

၁၂-လုံးချ
ဒီချနည်းက သီးခြားအမည် မရှိပါဘူး။ မဃဒေဝလင်္ကာသစ်မှာပဲ “ပြဋ္ဌာန်းနာမ ဒုတိယအုပ် အပြီးချုပ်တည်း။” လို့ ၁၂-လုံးနဲ့ ချထားတာ တွေ့နိုင်ပါတယ်။

၁၅-လုံးချ
၁၅-လုံးချရင်တော့ မဏိဥပည်း (သို့) မဏိဦးပြည်း လို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားပါတယ်။ “ကမ္ဘာပေါ်ထွန်း-ယုဂန်စွန်းဝယ်-နေဝန်းလနှယ် ထွန်းတော့သည်။” လို့ တောင်ဘီလာဆရာတော် ရေးစပ်တဲ့ ရတုတပုဒ်မှာ တွေ့နိုင်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၁ မှာလည်း မန်လည်ဆရာတော်က “ ... နတ်စောင်းလင်္ကာ၊ ဤကျမ်းစာသည်။ ။ ကြားနာမဝ၊ သုတပွားရန်၊ ဧကန်ဖြစ်လိမ့်အကျိုးတည်း။” လို့ ၁၅-လုံးချပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီမှာလည်း အာသာဝတီဝတ်ဆံချနည်းလိုပဲ ၄-လုံးတပါဒ တပိုဒ်ပိုလာပြီး အပိုဒ်ငယ် ၂-ပိုဒ်နဲ့ နောက်ဆုံး ၇-လုံး တပါဒ အပိုဒ်ငယ်တပိုဒ်ကို ၄-၂ ကာရန်ချိတ်ပြီး ချသွားတာကို တွေ့နိုင်ပါတယ်။ ကာရန်မချိတ်ဘဲ တောက်လျှောက် အလွတ်ချထားတာမျိုး မတွေ့မိသေးပါဘူး။

၁၆-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း မဖော်ပြထားပါဘူး။ စွယ်တော်သျှောင်ရတု၊ ပိုဒ်ရေ-၅ မှာ ... “စုရုံးဖွဲ့နှောင်၊ များဗိုလ်ဘောင်မှာ၊ မင်းညီနောင်၊ မာန်စောင်ကြုံးမို့ကို။” ရယ်လို့ အုတ်ဘိုဆရာတော် ရေးဖွဲ့သွားတာ တွေ့ရပါတယ်။

၁၉-လုံးချ
အက္ခရာ ၁၉-လုံး နဲ့ အဆုံးသတ်ချထားတဲ့နည်းကိုတော့ ဇော်တခိုင်လုံး လို့ ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ပြထားပါတယ်။ “အသွင်ပဝင်း-မျိုးရင်းသက်လှယ်-နုနယ်ဖြူစင်- အိမ့်ရှင်လွမ်းနှင့်လေတော့မည်။” လို့ နဝဒေးကြီး ရဲ့ လွမ်းချက်ပွေ၍့ - ချီ စစ်-ရတုမှာ တွေ့နိုင်ပါတယ်။

၂၃-လုံးချ
ဒီနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ ဥတေန ရတု၊ ပိုဒ်ရေ-၁ မှာ “အလှတဆူ၊ မြနန်းသူကို၊ အတူတိမ်ဖျား၊ ငှက်ခြေကြား၌၊ လိုက်သွားပါရှာရ၏လေး။” လို့ မန်လည်ဆရာတော်ကြီး ရေးဖွဲ့ခဲ့တာ တွေ့ရပါတယ်။

၂၅-လုံးချ
အက္ခရာ လုံးရေ ၂၅-လုံးနဲ့ ချ တာကိုတော့ မပြတ်ကေသာ ချနည်းလို့ ခေါ်တယ်လို့ ကဝိကဏ္ဌပါသကျမ်းမှာ ဆိုထားပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာတော့ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်းခေါ်တယ်လို့ ဆိုပါတယ်။ ဒီနည်းနဲ့ ချထားတဲ့ ရတုတော့ ရှာလို့မတွေ့သေးပါဘူး။

၂၇-လုံးချ
ဒီချနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ “ဆင်နှာမောင်းသို့၊ အကောင်းရှာရမ်း၊ တလှမ်းလှမ်းနှင့်၊ အဖမ်းမတော်၊ ပွဲဦးချော်သည်၊ မင်းကျော်သရေပွဲတည့်လေး။” လို့ ဝိဓူရ ရတု၊ ပိုဒ်ရေ-၁၇ မှာ မန်လည်ဆရာတော် ရေးဖွဲ့ထားတာ တွေ့ရပါတယ်။

၃၅-လုံးချ
အရှည်ဆုံးချနည်း ဖြစ်ပါတယ်။ ဒီလို အက္ခရာ ၃၅-လုံးနဲ့ ချထားရင် ဇမ္ဗူ့သပြေသီးမှည့် ချနည်း လို့ ခေါ်ပါတယ်။ သည့်ထက် ပိုပြီး ချလို့မရတော့ပါ။ ပိုရင် “ခေါင်းမရှိသောပုဇွန်နှင့်တူ၏” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်း ခေါ်သေးတယ်ဆိုပြီး “အက္ခရာတွက်ကျုံး၊ သုံးဆယ့်ငါးမျှ၊ အဆုံးချ၊ မြဝတ်ကေသာခေါ်” ရယ်လို့ စွယ်စုံကျော်ထင်ကျမ်းမှာ ကျေးဇူးရှင် အသျှင်ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူထားတာကို ကိုးကားပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ရေးထားပါတယ်။ ဒီတော့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းအရ ဆိုရင် မြဝတ်ကေသာချနည်းဟာ ၂၅-လုံးချတာကိုရော၊ ၃၅-လုံးချတာ ကိုရော နှစ်မျိုးလုံးကို ခေါ်ထားတာ တွေ့ရပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းအရတော့ ဇမ္ဗူ့သပြေသီးမှည့် လို့ပဲ ခေါ်ထားတာ တွေ့ရပါတယ်။ “မလွဲမှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မခွဲဝေ၊ ထုတ်ဖွေကျမ်းလာ၊ လင်္ကာစည်ကြီး၊ ဆော်တီးထိန့်ဆူ၊ ရှင်လူကြားစိမ့်၊ ထင်ရှားပြညွှန်းပေသတည်း။” လို့ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၄၆၇ မှာ မန်လည်ဆရာတော်ကြီး ဖွဲ့ဆိုထားတာ တွေ့နိုင်ပါတယ်။ အလွန်တွေ့ရခဲတဲ့၊ အသုံးနည်းတဲ့ ချနည်းဖြစ်ပါတယ်။
၁၁-လုံးကနေ ၃၅-လုံးအထိ အက္ခရာများတဲ့ ချနည်းတွေဟာ ရတုမှာ အသုံးများတဲ့ သုံးလုံးတွဲကာရန် (၄-၃-၂ နဲ့ ၄-၃-၁) တွေ ယူလာပြီး ပုံမှန် ၇-လုံးမချသေးဘဲ ၄-၂ ကာရန်နဲ့ ပဒငယ်လေးတွေ ဆင့်ပြီးမှ နောက်ဆုံး ၇-လုံးပြန်ချထားတဲ့ သဘောမျိုးပဲလို့ ယူဆပါတယ်။ ကာရန်လုံးဝ မချိတ်ဘဲ စာလုံးရေအများကြီးကို ဒီအတိုင်း အလွတ်ချထားတာမျိုး တခုမှ မတွေ့ဖူးသေးပါဘူး။

စာလုံးရေနဲ့ ချီနည်း ချနည်း တွေ ပြီးတော့ အက္ခရာ၊ အသတ်၊ စတာတွေကိုလိုက်ပြီး ခေါ်ဝေါ်သတ်မှတ်ထားတဲ့ ချီနည်း၊ ချနည်းတွေကို ဆက်လက်ဖော်ပြပါမယ် ...

ဟယ်ရီလွင်

Read More...

Sunday, 19 May 2013

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၆)

(၄) အချီအချအားဖြင့်

(ရတု အချီအချတွေက များပြားကျယ်ဝန်းလွန်းတာကြောင့် အချိန်ယူပြီး အသေးစိတ်ရေးနေရလို့ အချိန်အတော်ကြာသွားတာကို ခွင့်လွှတ်ပေးကြပါရန် အနူးအညွတ် တောင်းပန်အပ်ပါတယ်)

ရတု ချီနည်း ချနည်းတွေက အမျိုးမျိုး ရှိပါတယ်။ ဒီအချီအချနည်းတွေကို အသေးစိတ် ဆက်ပြီးရေးပြပါ့မယ်။ ဒီနည်းတွေအနက် ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုးကတော့ ...

‎(၁)        ထူးဆန်းထွေလာ
၂)        ညွန့်ရှင်
၃)        ပေါက်ပြ
‎(၄)        ငုံဖူး
‎(၅)        ပုလဲသွယ်
‎(၆)        လည်ကုပ်ချီ
‎(၇)        အဖျားကောက်
‎(၈)        ရွှေလောင်းပျံ
‎(၉)        သော်တာရောင်
‎(၁၀)      ကက္ကူဆူးချီဆူးချ
‎(၁၁)      နေရောင်ခြည်ပြေး
‎(၁၂)      ဖျောက်ဆိပ်လလယ်
‎(၁၃)      ညွန့်ဟုံ
‎(၁၄)      ခိုင်ညွန့်ခက်ဖြာ
‎(၁၅)      မဏိဆံကျင်
‎(၁၆)      အာသာဝတီဝစ္ဆံ
‎(၁၇)      မဏိဦးပြည်း
‎(၁၈)      ဇော်တခိုင်လုံး
‎(၁၉)      မပြတ်ကေသာ
‎(၂၀)      ဇမ္ဗူ့သပြေသီးမှည့်
‎(၂၁)      ချိန်ခွင်လျှာ
‎(၂၂)      ဘီလူးရယ်
‎(၂၃)      စာကျိုး
‎(၂၄)      စာဆန်း
‎(၂၅)      စာတုံး ...
ဆိုပြီး ဖြစ်ပါတယ်။ ကဝိလက္ခဏာဒီပနီကျမ်းမှာလည်း ၂၅-မျိုးလို့ပဲ ဖော်ပြပါတယ်။ ဒီ ၂၅-မျိုးမှာ ချတဲ့ အက္ခရာလုံးရေအရ သတ်မှတ်တဲ့ ရတုမျိုးက ၇-လုံး ချရတဲ့ ခိုင်ညွန့်ခက်ဖြာ၊ ၉-လုံး ချရတဲ့ မဏိဆံကျင်၊ ၁၁-လုံး ချတဲ့ အာသာဝတီဝစ္ဆံ၊ ၁၅-လုံး ချတဲ့ မဏိဦးပြည်း၊ ၁၉-လုံး ချတဲ့ ဇော်တခိုင်လုံး၊ ၂၉-လုံး ချရတဲ့ မပြတ်ကေသာ၊ ၃၅-လုံး ချရတဲ့ ဇမ္ဗူ့သပြေသီးမှည့် ဆိုပြီး ရတု ၇-မျိုးတွေ့ရပါတယ်။

ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာကတော့ ရတု အချီအချ ၄၁-မျိုး ပြထားပါတယ်။ အဲဒါတွေကတော့ ...
‎(၁) ခိုင်ညွတ်ခက်ဖြာ (ခိုင်ညွန့်ခက်ဖြာ လို့ ပိုပြီး အသုံးများပါတယ်)
‎(၂) မဏိဆံကျင်
‎(၃) အာသာဝတီဝတ်ဆံ
‎(၄) မဏိဥပည်း
‎(၅) ဇော်တခိုင်လုံး
‎(၆) မပြတ်ကေသာ
‎(၇) ဇမ္ဗူ့သပြေသီးမှည့်
‎(၈) ထူးဆန်းထွေလာ
‎(၉) ညွန့်ရှင်
‎(၁၀) ပေါက်ပြ
‎(၁၁) ငုံဖူး
‎(၁၂) ပုလဲသွယ်
‎(၁၃) လည်ကုပ်ချီ
‎(၁၄) အဖျားကောက်
‎(၁၅) ရွှေလောင်းပျံ
‎(၁၆) သော်တာရောင်
‎(၁၇) ကက္ကူဆူးချီ၊ ကက္ကူဆူးချ
‎(၁၈) နေရောင်ခြည်ပြေး
‎(၁၉) ဖျောက်ဆိပ်လလယ်
‎(၂၀) ညွန့်ဟုံ
‎(၂၁) ချိန်ခွင်ညှာ
‎(၂၂) ဘီလူးရယ်
‎(၂၃) စာကျိုး
‎(၂၄) စာတုံး
‎(၂၅) စာဆန်း
‎(၂၆) အစပြတ်
၂၇) စမ္ပါယ်ချီစမ္ပါယ်ချ
၂၈) မြင်းဆက်ခွ
၂၉) မြင်းဆက်ခွန့်
၃၀) ပွဲ့ကဆီ
၃၁) ဝမ်းပိုဒ်ကြီး
၃၂) လည်တို
၃၃) ညွန့်တက်
၃၄) ညွန့်လန်း
၃၅) ညွန့်တုံး
၃၆ ပိုဒ်စုံစကြာ
၃၇) ကိုယ်တွင်းပြည့်
၃၈) စာဖြတ်
၃၉) စာရိ
၄၀) ထောင့်တဲတွန့်
၄၁) သုံးလွန်းတင် ...
ဆိုပြီး ဖြစ်ပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး အပြင် အမှတ် (၂၆) ကနေ (၄၁) အထိ ၁၆-မျိုး ပိုတာကို တွေ့ရပါတယ်။

ဒီလို ရတုချီနည်း ချနည်းတွေကို လင်္ကာတွေနဲ့ ပညာရှိများ ရေးဖွဲ့စပ်ဆိုသွားခဲ့ကြပါတယ်။
ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာကတော့ ...

ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာ
ထူးဆန်းထွေလာ၊ ဟူသည်မှာမူ၊ သုံးဖြာပိုဒ်လုံး၊ စဆုံးရှည်တို၊ အဆိုမညီ၊ ချချီမတူ။ ။ ညွန့်ရှင် - မူကား၊ ထူတမ်းခွန်ဆင့်၊ စာလုံးဖြင့်သာ၊ ချသင့်ပညာတ်။ ။ ပေါက်ပြမှတ်ကား၊ သတ် မသတ်စွာ၊ အက္ခရာချီချ၊ အမျှမျှတည့်။ ။ ထိုမှတထူး၊ ငုံဖူး နှိုက်ကား၊ ၍့ပယ်ရှား၍့၊ တပါးသတ်ဖြင့်၊ အသင့်မလွဲ၊ ချီချမြဲတည့်။ ။ ပုလဲသွယ်မှာ၊ အသတ်ပါနှင့်၊ အက္ခရာ၍့၊ ပါလေ့မှန်ပြီ။ ။ အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊ ဓိပ္ပါယ်ဖြစ်စေ၊ ပုဒ်ဖြစ်စေပင်၊ ယူလေတတန်။ ။ ရွှေလောင်းပြန်မှာ၊ မှန်-က-စ-တ၊ ယ-ပ-ရ မှ၊ သတ္တအက္ခရာ၊ ချီချပါလော့။ ။ သော်တာရောင်မူ၊ သတ်တူသံတူ၊ ကာရန်တူနှင့်၊ ချဟူ၍့ပြ။ ။ သို့ညီကြလည်း၊ ဟုချတပြီး၊ စာထင်းမီး နှင့်၊ တသီးညွန့်မဲ့၊ မည်ဘွဲ့မှတ်လေ။ ။ နေခြည်ရောင်ပြေး၊ အမည်ပေးကား၊ တေးအက္ခရ၊ က-တ-ထ စု၊ တခုခုဖြင့်၊ ချဟုပိုင်းခြား။ ။ အဖျားကောက် နှိုက်၊ ရှေ့ပိုဒ်ချမှာ၊ အက္ခရဓိပ္ပါယ်၊ တသွယ်သွယ်ကို၊ ရွယ်၍့ချီကောက်။ ။ ဖျောက်ဆိတ်လယ်လ၊ ဝဏ္ဏကြားတွင်၊ ပါဝင်လာဘိ၊ သတ်ရှိအက္ခရာ၊ ဖြင့်သာချတုံ။ ။ ညွန့်ဟုန်ကား ‘ဝ’၊ သတ်ရွေ့ချလော့။ ။ ထိုမှတချက်၊ ကက္ကုဆူးချီ-ကက္ကုဆူးချ၊ သုံးပဒပင်၊ ဆုံးစချချီ၊ မညီယွင်းချွတ်။ ။ ခိုင်ညွတ်ခက်ဖြာ၊ ချရာအဆုံး၊ ခုနစ်လုံးရှိ။ ။ မဏိ ဆန်ကျင်၊ ၉-လျှင်ချပြီး။ ။ အာသာဝတီဝတ်ဆံ၊ နိယံမြဲမှတ်၊ ဧက်ဒသ်ချနည်း။ ။ ဥပြည်းမဏိ၊ ချဘိပန္နရ။ ။ ဇော်တခိုင်လုံး၊ အဆုံး နောဒသ်။ ။ မပြတ်ကေသာ၊ မှာ နှစ်ဆဲ့ငါး။ ။ ပိုင်းခြားမှတ်ပြ။ ။ ဇမ္ဗူ့သပြေ၊ သီးမှည့်ရွှေတွင်၊ ထွက်ရေရုံးဘွဲ့၊ သုံးဆဲ့ငါးလုံး၊ ရတုထုံး၌၊ အဆုံးပဒ၊ သည်ထက်ကြွ၍့၊ ချခွင့်မကြိမ်။ ။ ချိန်ခွင်လျှာမှာ၊ ပ-တ သာလျှင်၊ တူရာအချ၊ ဒု-ကွဲရ၏။ ။ ထိုမှတသွယ်၊ ဘီလူးရယ်မူ၊ တူသောသုတိ၊ ရှိအက္ခရာ၊ သတ်သံပါဖြင့်၊ ကြံခါတမျိုး၊ လှီးလွှဲရိုးတည့်။ ။ စာကြိုးမှာကား၊ သဝေခြားသတ်၊ ဝ-အသတ်နှင့်၊ သတ်စပ်မြဲထုံး။ ။ စာတုံး င-ည၊ တ-နှင့် ပ-တည့်၊ န-မ တရပ်၊ သတ်စပ်ယှဉ်မှန်း၊ ချီချခန်းတည့်။ ။ စာဆန်းမှာသော်၊ လျော်နည်းသင့်နည်း၊ နိသျည်းမရှာ၊ ဆရာမတင်၊ ဆင်ခြင်မရှိ၊ မိမိထင်တိုင်း၊ ပေါက်လွှတ်စိုင်းသို့၊ ဂိုဏ်းမလွတ်စွာ၊ သူရူးစာတည့်။ ။ သင်္ချာစဉ်စီ၊ ပဉ္စဝီပင်၊ ချချီရတု၊ သိမှုဖြန့်ချိ၊ ဤသို့ရှိဟု၊ ကဝိပါသဏ္ဌ၊ ကျမ်းမ၌တွင်၊ မော်ကွန်းတင်သည်။ ။ ဉာဏ်မြင်လိုသူ မှတ်ကြောင်းတည်း။
(ကဗျာသင်္ဂဟမေဒနီ ကျမ်းမှ ...)

စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်းလင်္ကာကတော့ ...

စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်း လင်္ကာ
စာချီစာဖြတ်၊ အဆုံးသတ်၌၊ အသတ်နှင့်သာ၊ ချသည်မှာမူ၊ ညွန့်ရှင် ဟူ၏၊ သတ်မူမသတ်၊ ရောလတ်သည်ကို၊ ပေါက်ပြ ဆိုရှင့်၊ ထိုအချမှာ၊ ၍မပါဘဲ၊ သာယာချိုမြ၊ ဧည်လေချသော်၊ ညွန့်ဖူး ခေါ်လော့၊ ထိုရော်အချ၊ က နှင့်တ ကား၊ ခေါ်ကြ ညွန့်လန်းထူးဆန်းထွေလာ၊ ဟူသည်မှာကား၊ ဆုံးမှာအချ၊ သုံးပါဒပင်၊ မညီချင်တည့်၊ သည့်ပြင် ပုလဲသွယ်၊ သတ်ရောလှယ်လိမ့်၊ မှတ်ဖွယ် ရွှေလောင်းပျံ၊ ချဟန် စ-တ၊ က-မ-ရ တည့်၊ ဝ သတ် ဆုံးလျှင်၊ ညွန့်တုံး တွင်ရှင့်၊ သည့်ပြင်တမည်၊ နေခြည်ရောင်ပြေး၊ စာစပ်ရေးကား၊ လေဝဂါဒိ၊ အပြစ်ရှိလိမ့်၊ သီရိထွန်းညိတ်၊ ဖျောက်ဆိပ်လလယ်၊ ဟူသည်ဝယ်ကား၊ အသတ်များ၏၊ အဖျားကောက် ချီ၊ တလီ လည်ဂုတ်စ၊ ဟူသမျှ၌၊ စသည်ကိုသာ၊ ခေါ် စ ပါရှင့်၊ ကာရန်မမှတ်၊ အသတ်မညီ၊ အချီမမျှ၊ ရှိကအထူး၊ ကက္ကူဆူးတည့်၊ နည်းတူ ဤမှာ၊ မဆိုရာ။ ။

ဒီ လင်္ကာမှာက (၁၃)မျိုးပဲ ဖော်ပြထားတာကို တွေ့ရပါမယ်။ ကဗျာ့ပါရဂူ ဖြစ်တော်မူတဲ့ ကျေးဇူးရှင် မန်လည်ဆရာတော် ဘုရားကြီးကလည်း ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်ကို ဖွဲ့ဆိုသွားတော်မူခဲ့ပါတယ်။

မန်လည်ဆရာတော်ကြီး ရေးသားတော်မူသော ကဝိကဏ္ဌပါသကျမ်းလာ ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်
(၁) တနည်းမှတ်လော့၊ ပြလတ်ပိမ့်ငှာ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား၊ သုံးပုဒ်လုံးမူ၊ မတူချီချ၊ ရှိကမည်မှန်း၊ ထူးဆန်းထွေလာ၊ ဟု-ခရာနှင့်၊ ချပါအကဲ့၊ အညွန့်မဲ့ ဟူ၊ တမူနာမ၊ ထင်းမီးစ တည်း၊ ချီချသုံးလီ၊ မညီကျီကျူး၊ ကက္ကူဆူး ဟု၊ အထူးမှတ်လေ၊ သဝေအသတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊ င-ည-တ-ပ၊ န-မ နှစ်ရပ်၊ သံတူစပ်သော်၊ ပညတ်ခေါ်သုံး၊ စာတုံး မည်ရ၊ အန္တမမှန်၊ ကာရန်မတူ၊ စာဆန်း ဟူ၏၊ သရူသဝဏ်၊ ထပ်ဟန်မလွဲ၊ အသတ်လဲ၍၊ လှီးလွှဲတသွယ်၊ ဘီလူးရယ် တည့်၊ သူငယ်မလိမ္မာ၊ ဖွယ်ရာမရှိ၊ ဆိုဘိသော့လား၊ စကားမည်ကာ၊ မစပ်ရာသား၊ လက္ခဏာခုနစ်၊ စင်စစ်မှတ်ဘိ၊ အမြဲသိလော့၊ သတ်ရှိချလျှင်၊ ညွန့်ရှင် ဟူလတ်၊ သတ်မဲ့တုံလျှင်း၊ ချီချခြင်းကို၊ ပေါက်ပြ ဆို၏၊ ထိုမှတဖြာ၊ ဤ ခရာလျှင်၊ မပါချချီ၊ သညီ ငုံဖူး၊ အထူးမှတ်မော၊ သတ်ရော ၍ ပါ၊ ချီချရာကား၊ သညာမှတ်ဘွယ်၊ ပုလဲသွယ် ရှင့်၊ ရှေ့ဝယ်မဆွ၊ ပုဒ်အစ၏၊ ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊ ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊ အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့်၊ ထို့နောက်သမုတ်၊ ချီပုဒ်ကိုချ၊ ချပုဒ်တိုင်းချီ၊ ဤသို့စီမူ၊ စမ္ပါယ်ချီစမ္ပါယ်ချ၊ အချပုဒ်နှင့်၊ ကာရန်သင့်အောင်၊ ချီလင့်တုံက၊ မြင်းဆက်ခွ တည့်၊ ရှေ့ကဉာဏ်ဝန်၊ ဆရာမွန်တို့၊ နည်းညွှန်မှတ်ဖွယ်၊ မိန့်ခဲ့သွယ်တိုင်း၊ မကျယ်အကျဉ်း၊ လင်္ကာချဉ်းသည်။ ။ ရွှေမျဉ်းရွှေတန်-ရွှေကြိုးတည်း။ ။
(၂) က-စ-တ-ယ၊ ပ-ရ-မ တို့၊ သတ္တဗျဉ္ဇနာ၊ ချချီရာလည်း၊ မည်သာတတန်၊ ရွှေလောင်းပြန် ရှင့်၊ မှတ်ရန်တမူ၊ သတ်တူသံတူ၊ ကာရန်တူချ၊ လ၏မည်ဆောင်၊ သော်တာရောင် တည့်၊ ထို့နောင်တပါး၊ ခြား၍မှတ်ကြ၊ က-တ-ထ ဖြင့်၊ ချသည့်တမည်၊ နေရောင်ခြည်ပြေး၊ တရေး ညွန့်လန်း၊ ခေါ်မှန်းစဉ်ဆက်၊ သက်သက်ဝဏ္ဏ၊ ဧကဒွယာ၊ အကြားပါလတ်၊ သတ်မဲ့အက္ခရာ၊ ချတုံပါသော်၊ တွင်ခေါ်မြဲသိပ်၊ ဖျောက်ဆိပ်လလယ်၊ တသွယ်မည်မှတ်၊ မ-သတ်နည်းငြား၊ အသတ်များတုံ၊ စာ ညွန့်ဟုံတည့်၊ မှတ်ပုံအဆုံး၊ ခုနစ်လုံးချ၊ ဟူသမျှကား၊ နာမပညတ်၊ ခိုင်ညွတ်(ညွန့်)ခက်ဖြာ၊ နဝါချဘိ၊ မဏိဆံကျင်၊ ထို့ပြင်တဆစ်၊ ဆဲ့တစ်ချမှာ၊ အာသာဝတီ၊ ဆယ့်ငါးပြီမူ၊ မှတ်ယူမည်ရှိ၊ မဏိဥပြည်း၊ တနည်းထိုမှ၊ ဆယ့်ကိုးချသော် ဇော်တခိုင်လုံး၊ ချထုံးတလီ၊ ပဉ္စဝီ ကား၊ တွင်ညီမည်မှတ်၊ မပြတ်ကေသာ၊ ပဉ္စာတိံသ၊ နာမမည်ပြု၊ ဇမ္ဗူ့သပြေ၊ ထိုထက်ထွေ၍၊ ချစေလင်္ကာ၊ ထုံးမလာတည့်၊ နည်းနာလက်ရှိ၊ အရိုးသိလော့၊ ကဝိကဏ္ဌ၊ ပါသခေါ်ညွှန်း၊ နန်းစဉ်ထွန်းသည်။ ။ မော်ကွန်းရွှေပွင့်-တင်ထိုးတည်း။ ။

ဒီလင်္ကာအရတော့ ရတု ချီနည်း ချနည်း ၂၇-မျိုး ရှိပါတယ် ... ညွန့်မဲ့ နဲ့ ထင်းမီးစ ကအတူတူပါပဲ။

ဒီ ချီနည်းချနည်းတွေကို လေ့လာကြည့်တဲ့အခါ ကျမ်းတွေမှာပါတဲ့နည်းတွေက ၄၁-မျိုး၊ ၂၈-မျိုး အစရှိသဖြင့် အမျိုးမျိုးရှိပေမဲ့ ယေဘူယျပြန်ခွဲကြည့်ရင် အဓိက အားဖြင့်တော့
၁) လုံးရေ အရ
၂) အက္ခရာ နဲ့ အသတ် အရ
ဆိုပြီး (၂)မျိုးပဲ ရှိပါတယ် ... တကယ်တမ်းတော့ ၇-လုံး ချ ခိုင်ညွန့်ခက်ဖြာရတုမျိုးပဲ များပြီး တခြားချနည်း ရတုမျိုးက အလွန်နည်းပါးလှပါတယ်။
ဒီတော့ တခုချင်းကို အသေးစိတ် ထပ်ပြီး ဆက်လက်ဖော်ပြပါမယ်။

ဟယ်ရီလွင်

Read More...

Monday, 6 May 2013

ကျားတော့ကျား

ကျားတော့ကျား

တောတခို၊
ခန္ဓာကိုယ် ပတ်လည်စင်းနဲ့
ခိုရင်းကျက်စား။

လေးချောင်းခြေ၊
အမြီးရယ် ရှည်ရှည်နဲ့၊
စုံမြိုင်ခြေ မြေအနှံ့၊
ခြေဆန့်ရဲ့ နယ်တခို၊
တကယ်ဆို ကျားထင်မိပေမဲ့၊
အားအင်မရှိ မဟိန်းနိုင်၊
ယိမ်းယိုင်လို့ အစွယ်မဲ့၊
အိုဘယ့် ဖွတ်ကျား။ ။

ဟယ်ရီလွင်

Read More...

Wednesday, 1 May 2013

အလင်းစေတမန်

အလင်းစေတမန်

'ကိုရင်ဂျမ်းရဲ့ ပန်းလက်ဆောင်'။
'ဖန်မီးအိမ်' 'အမေ့ကျောင်း'၊
'ခွပ်ဒေါင်းအလံ ခေါ်ရာသို့'
တို့လိုက်ရအောင်။
'ပူစီ'လေး တညောင်ညောင်
မြည်သယောင်ထင်မိ။
'လှေတစ်စင်းနဲ့ သီချင်းသည်'
'ပန်းဈေးခင်း' လယ် တိုးကာကြည့်၊
'အဖိုးကဝိ'။ ။

'ကိုရင်ဂျမ်းအစမ်းစာ'။
'နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း'
'ပျိုးခင်းတေးသံ'သာ။
'ပိတောက်မှ သရဖီ' ဝါ၊၊
'ကန္တာရနှစ်များ'။
'စိမ်းလန်းသောအိပ်မက်'ထူး၊
ဖူးပွင့်လို့သွား။

'လူလေးကြီးရင် ဘာလုပ်မယ်'။
'ကလေးကဗျာပန်းဥယျာဉ်'
လှမ်းဝင်စို့ကွယ်။
'ခုနစ်စင်ကြယ်'
ဘယ်မလဲ ရှာကွယ့်။
'ထီးကလေးနဲ့မနီ'၊
ကျောင်းတော်ဆီ ထွက်လို့လှမ်း၊
လွမ်းမျက်ရည်ဖွဲ့။

'ပုဂံကျောင်းကခေါင်းလောင်းသံ'။
'ဗုဒ္ဓနှင့်တွေ့ဆုံခြင်း'၊
လင်းဓမ္မဉာဏ်။
'ဆီးသီးသည်မဗျိုင်း'ဟန်၊
တွေ့ပြန်ခဲ့လေတိုင်း။
'ကံ့ကော်ရိပ်မှ အိပ်မက်များ'၊
ကျက်စားရစ်သိုင်း။

ဧည့်သည်ကြီး သူပြန်ပြီ။
ဆေးလိပ်တို နေညိုလို့
တို့ပြန်ပို့မည်။
'အညာလမ်းက တမာတန်း'ဆီ၊
လွမ်းမျက်ရည်မခန်း။
'သစ်ရွက်ကြွေလေးပေါ်မှာ
ရေးတဲ့ မှတ်တမ်း
'။ ။


(ကောင်းကင်ယံမှ ကြွေဆင်းလာသော ကြယ်တပွင့်သည် ဖန်မီးအိမ်ကို ကိုင်စွဲရင်း လောကအား ပန်းတခြင်းဖြင့် အလင်းပွင့်များ ပေးအပ်ကာ မူရင်းဗိမာန် ကောင်းကင်ယံသို့ ပြန်လည် ထွက်ခွာသွားခဲ့လေသည်မှာ ကြာမြင့်ပြီတကား ...)

'...' အတွင်းမှ စာသားများမှာ ဆရာတင်မိုးရေးသားခဲ့သည့် ကဗျာစာအုပ်များ၏ အမည်များ ဖြစ်ပါသည်။

မြင့်မြတ်ရာဘုံဘဝတွင် အလင်းပွင့်များ ဆက်လက်ဝေငှနိုင်ပါစေ ...

ဆရာ့အား ဦးညွှတ်ကန်တော့လျက် ...

ဟယ်ရီလွင်

ဆရာတင်မိုး ရေးသားခဲ့သောကဗျာစာအုပ် စာရင်း

ကိုရင်ဂျမ်းရဲ့ ပန်းလက်ဆောင်
ဖန်မီးအိမ်
လှေတစ်စင်းနဲ့ သီချင်းသည်
အဖိုးကဝိ ကဗျာများ
အမေ့ကျောင်း
လူလေးကြီးရင် ဘာလုပ်မယ် (၁၉၆၆)၊
ပန်းဈေးခင်း (၁၉၆၇)၊
စိမ်းလန်းသောအိပ်မက်(၁၉၆၉)၊
ပိတောက်မှ သရဖီ (၁၉၆၉)
ထီးကလေးနဲ့မနီ (၁၉၇၀)၊
ဆီးသီးသည်မဗျိုင်း (၁၉၇၂)၊
ခုနစ်စင်ကြယ် (၁၉၇၂)၊
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း (၁၉၇၃)၊
ပျိုးခင်းတေးသံ (၁၉၇၃)၊
ပူစီ (၁၉၇၅)၊
ပုဂံကျောင်းကခေါင်းလောင်းသံ (၁၉၇၇)၊
ကိုရင်ဂျမ်းအစမ်းစာ၊
ကလေးကဗျာပန်းဥယျာဉ် (၁၉၇၇)၊
ကံ့ကော်ရိပ်မှ အိပ်မက်များ (၁၉၉၇)၊
ကန္တာရနှစ်များ (၁၉၉၈)
ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ (၂၀၀၀)၊
ခွပ်ဒေါင်းအလံခေါ်ရာသို့ (၂၀၀၂)၊
သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့ မှတ်တမ်း (၂၀၀၄)၊
ကဗျာပေါင်းချုပ်၁၉၉၉ (၂၀၀၄)၊
အညာလမ်းက တမာတန်း (၂၀၀၆)



Read More...

Sunday, 7 April 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၆)

အမျှဝေပါသည် မမေဓာဝီ
မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၆)


နောက်တနေ့ ဖေဖေါ်ဝါရီလ ၁၅-ရက်နေ့မှာတော့ မနက် ၅-နာရီလောက် မနက်စာ ကြာဇံကျော်စားပြီး တောင်ငါးလုံးခို ရာဇဂြိုဟ်ကို နှုတ်ဆက်လို့ ဘုရားရှင်လက်ထက်က ပါဋလိပုတ်ပြည်ကြီး ဖြစ်ခဲ့တဲ့ ပတ္တနား (Patna) ကို မနက် ၆-နာရီလောက်မှာ ခရီးစထွက်ပါတယ်။ ရာဇဂြိုဟ်နဲ့ ပတ္တနားကလည်း မိုင်-၆၀ လောက်ပဲ ဝေးတာပါ။ ဒါပေမဲ့ လမ်းသိပ်မကောင်းလို့ ပတ္တနားကို မနက် ၉-နာရီလောက်မှ ရောက်ပါတယ်။ မြို့ထဲမှာ တတိယသင်္ဂါယနာ တင်တဲ့ နေရာကို လက်ရှိ ပန်းခြံအနေနဲ့တွေ့ရပါတယ်။ ဒါပေမဲ့ ဘာအထိမ်းအမှတ်မှ မရှိပါဘူး။ ဒါကြောင့် ကားလည်းမရပ်တော့ဘဲ ကားပေါ်ကပဲ လှမ်းကြည့်ခဲ့ကြပြီးတော့ ပတ္တနား မြန်မာကျောင်းကို ဆက်ထွက်လာကြပါတယ်။ ပတ္တနားမှာက တခြား ဖူးမြော်စရာ ဘာမှမရှိပါဘူး။


တတိယ သင်္ဂါယနာတင်ရာ နေရာ


ပတ္တနား မြန်မာကျောင်း

ပတ္တနား မြန်မာကျောင်းက ဘူတာကြီးနားမှာ ရှိပါတယ်။ တည်းခိုစရာ အခန်းတွေလည်း တော်တော်ကောင်းပါတယ်။ ပတ္တနားမြန်မာကျောင်းမှာ နေ့လည်စာကို ကြက်သားဟင်းရယ် အစိမ်းကျော်ရယ်နဲ့ ခပ်စောစောပဲ မနက် ၁၀-နာရီခွဲ လောက်မှာတွင် စားကြပါတယ်။ ဟင်းကတော့ အတော်လေး ကောင်းပါတယ်။ ပြီးတော့ ခဏနားပြီး မိုင်-၄၀ လောက် ဝေးတဲ့ ဝေသာလီ (Vaishali) ကို မနက် ၁၁-နာရီခွဲလောက်မှ ဆက်ထွက်ခဲ့ကြပါတယ်။ ပတ္တနားက မထွက်ခင်လေးမှာပဲ ဟိမဝန္တာရဲ့ တောင်စဉ် ၂၂-လုံးထဲက ဂင်္ဂုတ္တရီတောင်က မြစ်ဖျားခံပြီး ဗာရာဏသီမြို့မှာ မြစ်အဖြစ် စထင်ရှားလာတဲ့ နာမည်ကျော် ဂင်္ဂါမြစ်ကြီး (The river Ganges) ကို မဟတ္တမဂန္ဒီ တံတားကြီး (Mahatma Gandhi Setu) ပေါ်ကနေ ဖြတ်ကြရပါတယ်။ ကျနော်တို့ သွားတဲ့အချိန်က ဆောင်းအကုန်မို့ အလယ်ခေါင်မှာ သောင်တွေ ထွန်းနေပါတယ်။ ဂင်္ဂါမြစ်ကြီးက အကျယ်ကြီးမို့ တံတားကြီးကလည်း အရှည်ကြီးပါပဲ။ ၅၅ရ၅-မီတာ (၁၈,၂၉၁-ပေ) ရှည်ပြီး အိန္ဒိယမှာ အရှည်ဆုံး မြစ်ကူးတံတားကြီးဖြစ်ပြီး ကမ္ဘာ့အရှည်ဆုံး မြစ်ကူးတံတားကြီးတွေထဲက တခုပါ။ ၁၉၈၂-ခုနှစ်၊ မေလမှာ အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ အရှင်အာနန္ဒာထေရ်ဟာ ရာဇဂြိုဟ်နဲ့ ဝေသာလီကြား၊ တနည်းအားဖြင့် ဝဇ္ဇီတိုင်းနဲ့ မဂဓတိုင်းရဲ့ နယ်ခြား ဒီ ဂင်္ဂါမြစ်ကောင်းကင်ယံတနေရာမှာ ပရိနိဗ္ဗာန်ပြုပြီး ရုပ်ကလာပ်တော်ကို ၂-ပိုင်းခွဲပြီး နှစ်ပြည်ထောင်သားတွေ အန္တိမဈာပန ပူဇော်ကြနိုင်ဖို့ အဓိဋ္ဌာန်နဲ့ စွန့်ခဲ့တယ်လို့ ဆိုပါတယ်။


ဂင်္ဂါမြစ်

ပတ္တနားနဲ့ဝေသာလီကလည်း သိပ်မဝေးပေမဲ့ လမ်းတွေ မကောင်းလို့ နှစ်နာရီလောက်မောင်းရပါတယ်။ ဝဇ္ဇီတိုင်း၊ လစ္ဆဝီမင်းသားတွေ ဦးဆောင်ပြီး ပြည်သူ့ကိုယ်စားလှယ်တွေ စုပေါင်းအုပ်ချုပ်တဲ့ ဝေသာလီဟာ “ဘိက္ခုနီအစ ဝေသာလီက” ဆိုတဲ့ စကားအတိုင်း မြတ်စွာဘုရားက မိထွေးတော်ဂေါတမီနဲ့တကွ အမျိုးသမီးတွေကို ရဟန်း (ဘိက္ခုနီ) ပြုဖို့ စတင်ခွင့်ပြုခဲ့တဲ့နေရာမို့ ဘိက္ခုနီသာသနာ စတင်ခဲ့ရာ နေရာလည်းဖြစ်သလို မြတ်စွာဘုရား နောက်ဆုံး ဝါဆိုတော်မူခဲ့ရာ ဒေသလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော် ပြည့်တန်ဆာမ “အမ္ဗပါလီ” ရဲ့ သရက်ဥယျာဉ် (အမ္ဗဝန) ရှိရာနေရာလည်း ဖြစ်ပါတယ်။ ပြည့်တန်ဆာ ဖြစ်ပေမဲ့ မျက်နှာ အရေတွန့်လာတာကို မှန်ထဲမှာ မြင်မိရာကနေ ဘိက္ခုနီပြုပြီး သားတော် ဝိမလကောဏ္ဍညထေရ် ဆီကနေ တရားနာယူပြီး အရဟတ္တဖိုလ်ကို ရရှိသွားတဲ့ ရဟန္တာအရှင်မကြီးပဲ ဖြစ်ပါတယ်။ ဝေသာလီမှာ ရှေးဟောင်း ရေကန်ကြီးတခု ရှိပါတယ်။ ရေကန်ကြီးက အကြီးကြီးပါ၊ ပေ-၁၄၂၀ ရှည်ပြီး ပေ-၆၆၀ ကျယ်တယ်လို့ သိရပါတယ်။ လစ္ဆဝီမင်းတွေ ရေချိုးကြတဲ့ ရေကန်ကြီးလို့ ယုံကြည်ကြပါတယ်။ ရေကန်မှာတော့ ကားမရပ်တော့ပါဘူး။ ကားပေါ်ကပဲ လှမ်းကြည့်ခဲ့ပါတယ်။


လစ္ဆဝီမင်းများ ရေချိုးရာကန်ကြီး

ဒါနဲ့ပဲ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ်ပေါင်းတရာ အကြာ (ဘီစီ-၃၈၃) ကာလာသောကမင်း (King Kalasoka) လက်ထက် ဒုတိယ သင်္ဂါယနာ တင်ရာ အထိမ်းအမှတ်စေတီရှိရာ ဥယျာဉ်ကြီးကို ရောက်တော့ နေ့လည် တနာရီခွဲလောက် ရှိနေပါပြီ။ အဲဒီမှာ ရှေးဟောင်း သုတသေနဌာနက တူးဖော်နေဆဲ အဆောက်အဦးတွေလည်း တွေ့ရပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူတဲ့အခါ ဝေသာလီပြည်က ဝေစုရခဲ့တဲ့ ဓာတ်တော်မွေတော်တွေကို ဌာပနာပြီး တည်ထားတဲ့ ထူပါရုံစေတီရာ (stupa) ကိုလည်း ဖူးရပါတယ်။ ထူပါရုံစေတီဆိုတာ မြေပေါ်မှာ မြေကြီးထက်မြင့်အောင် တည်ထားတဲ့ မြေပေါက်စေတီလို့ အဓိပ္ပာယ်ရပါသတဲ့။ ဒီစေတီက မူလက ၁၆-တောင်အချင်းရှိတဲ့ မြေစေတီလေးဖြစ်ပြီး ဘီစီ ငါးရာစုလောက်မှာ တည်ထားတယ်လို့ ခန့်မှန်းကြပါတယ်။ နောက်ပိုင်း မောရိယခေတ်မှာ အချင်း ၂၄-တောင်ရှိတဲ့ စေတီအဖြစ် အုတ်နဲ့ငုံပြီး ထပ်တည်ကြတယ်လို့ ခန့်မှန်းပါတယ်။ ၁၉၅၈-ခုနှစ်မှာ တူးဖော်တွေ့ရှိ တဲ့အခါ ပြာခဲတွေနဲ့ မြေကြီးတွေ တဝက်တပျက်ပြည့်နေတဲ့ ကျောက်သားဓာတ်တော်ကြုတ်ထဲမှာ ဓာတ်တော်တွေနဲ့အတူ ခရုသင်းငယ်တခု၊ ဖန်ပုတီးစေ့ နှစ်စေ့၊ ရွှေပြားအပိုင်းအစတခုနဲ့ အမှတ်အသားထွင်းထုထားတဲ့ ကြေးနီဒင်္ဂါးတပြား ရရှိကြောင်း ကျောက်စာရေးထိုးထားပါတယ်။


ဒုတိယသင်္ဂါယနာတင်ရာနေရာ ဥယျာဉ်အဝင်


ဥယျာဉ်အတွင်း


ဓာတ်တော်ဌာပနာရာ ထူပါရုံစေတီတော်ရာ

ဒါ့အပြင် မြတ်စွာဘုရား သီတင်းသုံးခဲ့ပြီး ဒုတိယ သင်္ဂါယနာတင်ခဲ့ရာ ကူဋာဂါရာသာလာဝိဟာရကျောင်းတော်ရာ (ပြဿာဒ် ပါသော ကျောင်းတော်) လည်းရှိပါတယ်။ ဘီလူးဘေးက ကင်းဝေးအောင် မြတ်စွာဘုရားနဲ့ ညီတော် အရှင်အာနန္ဒာတို့ “ရတနသုတ်တော်” ကို ရွတ်ဖတ်ဟောကြားခဲ့တဲ့အတွက် လစ္ဆဝီမင်းတွေက တောအုပ်ကြီး (မဟာဝီရ) ထဲမှာ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျောင်းတော်လို့ သိရပါတယ်။ ကျောင်းတော်ရာဘေးမှာ အရှင်အာနန္ဒာရဲ့ ဓာတ်တော်တွေကို ဌာပနာပြီး လစ္ဆဝီမင်းတွေတည်ထားတဲ့ အာနန္ဒာစေတီ ရှိပါတယ်။ စေတီကြီးက တဝက်တပျက် ပြိုကျနေပါပြီ။ သီရိဓမ္မာ အာသောကမင်းကြီးက ကုသိနာရုံကို မျက်နှာမူပြီး တည်ခဲ့တဲ့ ခြင်္သေ့ရုပ်ကြီးပါတဲ့ ကျောက်စာတိုင်ကြီးလည်း ရှိပါတယ်။ အာနန္ဒာစေတီရဲ့ ဘေးမှာ လစ္ဆဝီမင်းတွေ ရာဇဘိသေက (ဘိသိက်ခံရာ) ရေကန်တကန်ရှိပါတယ်။ အဲဒီကနေ မလှမ်းမကမ်းမှာ အမ္ဗပါလီရဲ့ သရက်တောကျောင်း (အမ္ဗပါလဝန ဝိဟာရ) ကို တူးဖော်တွေ့ရှိထားပါတယ်။ ဥယျာဉ်ကြီးကတော့ အကျယ်ကြီးပါပဲ။ ပန်းတွေဘာတွေနဲ့ တော်တော်လေးလှပါတယ်။


အာနန္ဒာစေတီ


ကူဋာဂါရာသာလာဝိဟာရကျောင်းတော်ရာ၊ အာနန္ဒာစေတီ၊ အာသောက ကျောက်စာတိုင်


ကူဋာဂါရာသာလာဝိဟာရကျောင်းတော်ရာ၊ အာနန္ဒာစေတီ၊ အာသောက ကျောက်စာတိုင်၊ လစ္ဆဝီမင်းများ ဘိသိက်ခံရာ ရေကန်


ဥယျာဉ်တွင်း နှင်းဆီပန်းများ


ဥယျာဉ်တွင်းမြင်ကွင်း

အဲဒီမှာ နှစ်နာရီလောက်ကြာအောင် လှည့်လည်ဖူးမြော်ကြပြီးတော့မှ ဝေသာလီမြန်မာကျောင်းကို ဆက်သွားကြပါတယ်။ မြန်မာကျောင်းက အဲဒီတုန်းကတော့ ပင်မကျောင်းဆောင်ကြီးက ဆောက်လုပ်ဆဲပါ။ အဲဒီမှာ ကော်ဖီသောက်၊ မုန့်စား၊ ခဏနားပြီး ညနေ လေးနာရီလောက်မှာ ဝေသာလီကနေ ၁၄၆-မိုင်ဝေးတဲ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံ (Kushinagar) ကို ဆက်သွားကြပါတယ်။ လမ်းမှာ မြတ်စွာဘုရား အာယုသင်္ခါရ လွှတ်တော်မူခဲ့တဲ့ စာပါလစေတီကို ဝင်ဖူးခဲ့ပါတယ်။


ဝေသာလီ မြန်မာကျောင်း


မြတ်စွာဘုရား အာယုသင်္ခါရ လွှတ်တော်မူခဲ့ရာ စာပါလစေတီ

ကုသိနာရုံ မြန်မာကျောင်းကို ရောက်တော့ ည ရှစ်နာရီခွဲလောက်ရှိပါပြီ။ မြန်မာကျောင်းက တော်တော်ကျယ်ပါတယ်။ အခန်းတွေလည်း အများကြီးနဲ့ တည်းလို့ခိုလို့ အဆင်ပြေပါတယ်။ ပစ္စည်းတွေ အခန်းမှာ နေရာချပြီး ငါးကြော်နဲ့ညစာစား၊ ကျောင်းကို ငွေလှူကြပြီး မိုးချုပ်နေပြီမို့ ဘယ်မှ မသွားနိုင်တော့ဘဲ ညအိပ်ကြရပါတယ်။

နောက်နေ့ ကုသိနာရုံပတ်ဝန်းကျင် ခရီးစဉ်အကြောင်း ဆက်ပါဦးမယ် ...

ဟယ်ရီလွင်

Read More...

Thursday, 4 April 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၅)

အမျှဝေပါသည် မမေဓာဝီ
မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၅)


မမေရေ ...
ကျနော် အလုပ်များနေလို့ ဆက်မရေးဖြစ်ဘဲ နောက်ကျသွားတာ တောင်းပန်ပါတယ်။ အခု ခရီးစဉ်အကြောင်း ဆက်ရမယ်ဆိုရင် ... တနေဝင်ပျောက် တမိုးသောက်လို့ နောက်တနေ့ ဖေဖေါ်ဝါရီလ ၁၄-ရက်နေ့ မှာတော့ မနက် ၅-နာရီခွဲလောက် မနက်စာ ကြာဇံကျော်စားပြီး ရာဇဂြိုဟ် မြန်မာကျောင်းကနေ ဝေဘာရတောင်ကို ခပ်စောစောပဲ မနက် ၆-နာရီလောက်မှာ ခရီးစထွက်ပါတယ်။ ဝေဘာရတောင်က သိပ်မဝေးလှပါဘူး။ ဆယ့်ငါးမိနစ်လောက်ပဲ မောင်းရုံနဲ့ တောင်ခြေကို ရောက်ပါတယ်။



ဝေဘာရတောင် နံနက်ခင်း

ရာဇဂြိုဟ်ကို ပတ်လည်ဝိုင်းရံထားတဲ့ တောင် ၅-လုံးထဲက တလုံးဖြစ်တဲ့ ဝေဘာရတောင်ဟာ မြင့်ပါတယ်။ လမ်းလျှောက်တက်ရင် တနာရီလောက်တက်ရတာမို့ သက်ကြီးရွယ်အိုတွေ အတွက် အထမ်းသမားနဲ့ တက်မှ အဆင်ပြေပါလိမ့်မယ်။ တောင်ခြေကို အရောက်မှာတော့ အထမ်းသမား မရပါဘူး။ အထမ်းသမားလိုရင် ကြိုပြောရမယ်လို့ အဲဒီတော့မှသိရပါတယ်။ နီလာခရီးသွားလုပ်ငန်းက ညကတည်းက ပြောထားတယ် ဆိုပေမဲ့ လူတိုင်းမသိလိုက်ရပါဘူး။ ဘယ်တုန်းက ဘယ်လိုပြောလိုက်သလဲ ဆိုတာလည်း မသိပါဘူး။ ဒါနဲ့ နီလာကို ပြဿနာရှာရပြန်တာပါပဲ။ မရရအောင် စီစဉ်ပေး ဆိုတော့မှ ဘာတွေလုပ်တယ်တော့ မသိဘူး၊ ကျနော်တို့ကတော့ ခိုက်ခိုက်တုန်အေးတဲ့ ရာဇဂြိုဟ်ရဲ့ မနက်စောစော လေတဟူးဟူးတိုက်နေတဲ့ ဝေဘာရတောင်ခြေမှာ လေးဆယ့်ငါးမိနစ်လောက် စောင့်ဆိုင်းပြီးမှ ကိုယ်ရွှေအထမ်းသမားတွေ ရောက်လာပါတယ်။ အထမ်းက စောင်ပုခက်နဲ့ လူနှစ်ယောက် ထမ်းတာပါ။ ကျိုက်ထီးရိုးတက်သလိုပါပဲ။ ရူပီး ငါးရာလောက် ပေးရပါတယ်။ ဗုဒ္ဓဂါယာ ဘုရားဖူးသွားတော့မယ်ဆိုရင် အဲဒီ ကုန်ကျစားရိတ်တွေလည်း ထည့်တွက်ပြီး ငွေအလုံအလောက် ဆောင်သွားဖို့ လိုအပ်ပါလိမ့်မယ်။ အကုန်စားရိတ်ငြိမ်းလို့ ပြောထားပေမဲ့ ဒီစားရိတ်တွေက ကိုယ့်ဟာကိုယ် ပေးရတာပါ။ နောက်ပြီး အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဆီမီး စတာတွေ ကပ်လှူပူဇော်ချင်တယ်၊ ရွှေချချင်တယ်ဆိုရင်လည်း အကုန်လုံး မြန်မာပြည်ကနေ အပြည့်အစုံ ယူလာဖို့ လိုပါလိမ့်မယ်။


ဝေဘာရတောင် အတက်

ဒါနဲ့ မနက် ၇-နာရီလောက် တောင်ပေါ်စတက်ကြပါတယ်။ တက်တက်ချင်းပဲ ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားပြီး ရေချိုးကြတဲ့ ရေပူစမ်းလေး တောင်ခြေအတက်နားမှာ တွေ့ရပါတယ်။ ဘုရားရှင်လက်ထက်က “တပေါဒါမြစ်” ဆိုတာ အဲ့ဒီ ရေပူစမ်းလေးပဲလို့ ဆိုပါတယ်။ ဗိမ္မိသာရမင်း ခေါင်းဆေးမင်္ဂလာပြုလေ့ရှိတဲ့ မြစ်လို့ အဆိုရှိပါတယ်။ တခါတော့ ဗိမ္မိသာရမင်း ခေါင်းဆေးမင်္ဂလာပြုဖို့အလာမှာ ရဟန်းတော်တွေ ရေချိုးနေကြတာ မပြီးနိုင်လို့ ခေါင်းဆေးမင်္ဂလာ မပြုရဘဲ လှည့်ပြန်သွားရတာကြောင့် ဒါကို မြတ်စွာဘုရားသိတော့ ရဟန်းတော်တွေ ဒီမှာ ရေတခါချိုးပြီးရင် ဆယ့်ငါးရက်အတွင်း ရေထပ်မချိုးရဘူး လို့ ပညတ်တော်မူခဲ့ရပါသတဲ့။ အခုတော့ ရောဂါပျောက်တယ်ဆိုပြီး ဟိန္ဒူဘာသာဝင်တွေ အတော် များများ ရေလာချိုးကြပါတယ်။ သူတို့တွေကက ဇာတ်နိမ့် ဇာတ်မြင့် ခွဲထားတော့ ဇာတ်မြင့်တွေက အထက်ပိုင်း သီးသန့်နေရာမှာ အခန်းနဲ့ဘာနဲ့ သားသားနားနား သန့်သန့်ရှင်းရှင်း ရေချိုးကြပြီး သူတို့ ရေချိုးထားတဲ့ ရေတွေက တောင်အောက်ပိုင်းကို ဆက်စီးလာပြီး အဲဒီမှာ ကန်တွေနဲ့ ခံပြီး ဇာတ်နိမ့်တွေက ချိုးရရှာတာပါ။ ဇာတ်နိမ့်တွေ ချိုးတဲ့နေရာရောက်တော့ ရေတွေက ညစ်ပတ်ပြီး ရွှံ့ဗွက်သာသာပဲ ရှိပါတော့တယ်။ အဲဒီ ရေ ညစ်ညစ်ပတ်ပတ်တွေကိုပဲ လူများစု ဖြစ်တဲ့ ဇာတ်နိမ့်တွေခမျာ ချိုးနေရသလို အဝတ်လေးတွေလည်း အဲဒီမှာပဲ လျှော်နေရတာ တွေ့တော့ ကျနော် အတော်စိတ်မကောင်းဖြစ်မိပါတယ်။ ဆိုးဝါးလွန်းတဲ့ ဇာတ်စံနစ်ဟာ အိန္ဒိယမှာ ဒီလို ၂၁-ရာစုအထိ ရှင်သန်နေဆဲပါ။


ရေပူစမ်း ဇာတ်မြင့်ရေချိုးဆိပ် (တပေါဒါမြစ်)

ဒါနဲ့ပဲ ဆက်တက်ခဲ့တော့ တောင်တဝက်သာသာလောက်မှာ ရှင်မဟာကဿပ သီတင်းသုံးရာဂူ လို့ဆိုတဲ့ ပိပ္ပလိဂူကို ဖူးတွေ့ရပါတယ်။ ရှင်မဟာကဿပရဲ့ လူဘဝအမည်ကို အစွဲပြုပြီး ခေါ်တာပါ။ တောင်အတက်အဆင်းက လှေကားထစ်တွေ တောက်လျှောက် လုပ်ထားပါတယ်။ အဲဒီကနေ ဆက်တက်သွားတဲ့ လမ်းမှာ ဂျိန်းဘာသာဝင်တွေရဲ့ ဘုရားကျောင်းကိုလည်း တွေ့ရပါတယ်။ အဲဒါပြီးတော့ ပထမသင်္ဂါယနာတင်ရာ သတ္တပဏ္ဏိ လိုဏ်ဂူတော်ကို ရောက်တော့ မနက် ၈-နာရီလောက် ရှိပါပြီ။ ရှင်မဟာကဿပ အမှူးပြုတဲ့ ရဟန္တာငါးရာက ပိဋကတ်သုံးပုံကို စုပေါင်းရွတ်ဆို နှုတ်မှာသိုပြီး ပထမဦးဆုံး သင်္ဂါယနာတင်ခဲ့တဲ့ ဝေဘာရတောင်က လိုဏ်ဂူတော်ပဲ ဖြစ်ပါတယ်။ စရည်းပင်ပေါက်ရာ လိုဏ်ဂူလို့ အဓိပ္ပာယ်ရပါတယ်။ ဒါနဲ့ လိုဏ်ဂူရှေ့ မြေပြင်မှာ မြန်မာကျောင်းဆရာတော်က သီလပေး၊ တရားနာ၊ ပရိတ်တော်တွေ စုပေါင်း ရွတ်ဆိုကြပြီး လိုဏ်ဂူထဲ ဝင်ကြည့်ကြပါတယ်။ လိုဏ်ဂူက အတော်လေး ကျဉ်းပြီး ရှည်လျားပါတယ်။ အမြင့်က လူတရပ် လွတ်ရုံလောက်ပါပဲ။ တချို့နေရာတွေမှာ ခေါင်းငုံ့သွားရပါတယ်။ အထဲမှာတော့ ဗုဒ္ဓရုပ်ပွားတော်တချို့ ရှိပါတယ်။ ဂူနံရံမှာ ရွှေချတဲ့လူတွေလည်း ချကြပါတယ်။ ရဟန္တာငါးရာလုံး ဝင်ပြီး သင်္ဂါယနာတင်ဖို့အတွက် လိုဏ်ဂူက ကျဉ်းလွန်းတယ်လို့ ယူဆတာကြောင့် ဆရာတော်ကို လျှောက်ကြည့်တော့ လိုဏ်ဂူရှေ့ မြေညီပြင်မှာ အဇာတသတ်မင်းက မဏ္ဍပ် ထိုးပြီး သင်္ဂါယနာ တင်တာလို့ ယူဆတယ် ဆိုတဲ့အကြောင်း မြန်မာကျောင်းဆရာတော်ကပြောပါတယ်။ မြေညီပြင်က အခုအခါကျတော့ တော်တော်လေး ကျဉ်းနေပါပြီ။ နေရာအတော်များများက မြေပြိုရာမှာ ပါသွားပြီလို့ ယူဆရပါတယ်။


ရှင်မဟာကဿပထေရ် သီတင်းသုံးတော်မူခဲ့ရာ ပိပ္ပလိဂူ


တောင်ငါးလုံးခို ရာဇဂြိုဟ်


ဝေဘာရတောင်အတက်လမ်း


ပထမသင်္ဂါယနာတင်ရာ သတ္တပဏ္ဏိ လိုဏ်ဂူတော်


လိုဏ်ဂူအဝင်ဝ


လိုဏ်ဂူတွင်း မီးပူဇော်ထားကြပုံ

ဒါနဲ့ တောင်ပေါ်က ပြန်ဆင်းလာကြတော့ ၉-နာရီလောက်မှာ တောင်အောက်ကို ပြန်ရောက်ကြပါတယ်။ ပြီးတော့ ကျောက်လှည်းဘီးရာကို သွားကြည့်ကြပါတယ်။ ဝေဘာရတောင်နားက ပဏ္ဍဝတောင်ခြေမှာပါ။ ရှေးခတ် ကုန်သည်တွေ လှည်းအစီးများစွာနဲ့ လှည့်လည်သွားလာ ရောင်းဝယ်ဖောက်ကားခဲ့ရာကနေ ကျောက်သားပြင်ထက်မှာ ဘီးရာ ထင်ထင်ရှားရှား ထင်ကျန်ရစ်ခဲ့တဲ့ ကျောက်ဖြစ်နေတဲ့လှည်းလမ်းကြောင်း ကျောက်လှည်းဘီးရာတွေပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်ဘဝ တောထွက်လာပြီး တရားကျင့်နေခိုက်မှာ ရာဇဂြိုဟ်မှာ ဆွမ်းခံပြီး ဒီ တောင်ခြေက ကျောက်ဖျာတွေပေါ်မှာ ဆွမ်းစားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဘယ်ကျောက်ဖျာလဲတော့ မသိနိုင်တော့ပါ။ ကျောက်ဖျာ တချပ်ပေါ်မှာ ဆွမ်းဘုဉ်းပေး နေတဲ့ အလောင်းတော်ရဲ့ ပုံရိပ်ကို စိတ်ထဲကနေပဲ ရည်မှန်းပြီး ကန်တော့ခဲ့ရပါတယ်။


ကျောက်လှည်းဘီးရာ

အဲဒီကနေတခါ သမားတော်ဇီဝကရဲ့ သရက်ဥယျာဉ် (ဇီဝကအမ္ဗဝန) ကျောင်းတော်ရာကို ဆက်သွားကြပါတယ်။ ဆရာဇီဝကဟာ ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာမှာ အသာဆုံးအမြတ်ဆုံး ဆိုတဲ့ ဧတဒဂ်ဘွဲ့တံဆိပ်တော်ရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာစတဲ့ ဂုဏ်ကျေးဇူး အထူးရှိတဲ့ရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ် တာကြောင့် 'ပုဂ္ဂလ ပသန္န' ဘွဲ့တံဆိပ်ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သာသနာမှာ ပထမဆုံး သင်္ကန်းအလှူ သမိုင်းထူ ခဲ့တဲ့၊ ဖခင်ကို သတ်မိပြီး စားမဝင်၊ အိပ်မရနဲ့ စိတ်ဆင်းရဲခြင်း ကြီးစွာဖြစ်ပြီး ရောဂါရနေတဲ့ အဇာတသတ်မင်းကို ဗုဒ္ဓထံမှောက် အမြန်ရောက်အောင် စောင့်ရှောက်ပို့ဆောင်ပေးခဲ့တဲ့သူလည်း ဖြစ်တဲ့ သမားတော်ကြီး ဆရာဇီဝကရဲ့ သရက်ဥယျာဉ် ကျောင်းတော်ရာပါ။ ဒီနေရာမှာပဲ မြတ်စွာဘုရားရှင်ဟာ အဇာတသတ်မင်းကို သာသနာ့ဝန်ထမ်း ရဟန်းများရဲ့ (လုပ်အားခလို့ ခေါ်ဆိုနိုင်တဲ့) ရဟန်းဖြစ်ရခြင်း အကျိုးရရှိပုံကို ရှင်းလင်းဟောပြတဲ့ “သာမညဖလသုတ္တန်” ကို တန်ဆောင်မုန်းလပြည့်နေ့မှာ ဟောကြားတော်မူခဲ့ပါတယ်။ ကျောင်းတော်ဝင်းက အတော်လေးကျယ်ပြီး ကားလမ်းက ကျောင်းတော်ဝင်းရဲ့ အလယ်လောက်က ဖြတ်သွားတာမို့ လက်ရှိအခြေအနေမှာတော့ ကားလမ်းရဲ့ ဟိုဘက်သည်ဘက် နှစ်ဘက်ခွပြီး တည်ရှိနေပါတယ်။ ကျောင်းတော်ရာက အောက်ခံ ဖောင်ဒေးရှင်းတွေ ကျန်ပါသေးတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် သီတင်းသုံးတော်မူခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။


ဇီဝက သရက်ဥယျာဉ် (ဇီဝကအမ္ဗဝန) ကျောင်းတော်ရာ (လမ်းတဖက်ခြမ်း)



ဇီဝက သရက်ဥယျာဉ် (ဇီဝကအမ္ဗဝန) ကျောင်းတော်ရာ

ပြီးတော့မှ ဗိမ္မိသာရမင်းကြီးကို ချုပ်နှောင်ထားရာ အကျဉ်းထောင်နေရာကို ဆက်သွားကြပါတယ်။ ဖခင်ရင်းချာ မညှာတာဘဲ အာဏာစွဲမက် လိုရမ္မက်ကြောင့် ရက်စက်သတ်ဖြတ်၊ အဇာတသတ်က ချမှတ်ခဲ့သည့် ဗိမ္မိသာရမင်း အကျဉ်းစံရာ အကျဉ်းထောင်လို့ ရာဇဂြိုဟ်မြန်မာကျောင်းမှာ ရေးထားပါတယ်။ အဲဒီမှာ ဗိမ္မိသာရမင်းကြီးကို ခတ်ခဲ့တဲ့ ခြေထိပ်တွေ့ရတယ်လို့ ဆိုပါတယ်။ တွေ့ရတဲ့ နေရာကို အမှတ်အသားလေး လုပ်ထားပါတယ်။ အကျဉ်းချခဲ့တဲ့ နေရာကတော့ ချိုင့်ကလေးလို ဖြစ်နေပါတယ်။ အဲဒီနေရာကနေ ဂိဇ္ဈကုဋ်တောင်ကို လှမ်းမျှော်ကြည့်လျှင် ဂိဇ္ဈကုဋ်တောင်မှာရှိတဲ့ မြတ်စွာဘုရားကျောင်းတော်ရာကို လှမ်းပြီး ဖူးမြင်ရပါတယ်။ သူ အင်မတန်ချစ်ရပါတဲ့ သားတော်လေးဟာ ဆရာအတင်မှားပြီး ရှင်ဒေဝဒတ်ရဲ့ မြှောက်ပေးမှုကြောင့် အာဏာငမ်းဖမ်းပြီး ဖခင်ကို ထောင်သွင်းအကျဉ်းချရုံမက ရက်စက်စွာနှိပ်စက်ခဲ့တာမို့ အကျဉ်းထောင်ထဲမှာ ခြေဖဝါးကို ဓားနဲ့ ခွဲ၊ ဆားသိပ်ခံရလို့ ဝေဒနာ အပြင်းအထန်ခံစားနေရရှာတဲ့ မင်းဧကရာဇ်တဖြစ်လဲ အကျဉ်းစံ ဗိမ္မိသာရမင်းကြီးကို စိတ်ထဲက မြင်ယောင်မိပါတယ်။ ဒီလိုအချိန်တွေမှာ ဗိမ္မိသာရမင်းကြီးဟာ မြတ်စွာဘုရားရှိရာ ဂန္ဓကုဋီတိုက်တော်ဆီကို မျှော်မှန်းပြီး ဘုရားရှင်ကို ရည်စူးဖူးမြော်ရင်း ခံစားနေတဲ့ ဝေဒနာသက်သာကြောင်းပဲ တောင်းဆုချွေမိလေမလား၊ အကျဉ်းစံဘဝကပဲ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တောင်းဆုချွေမိလေမလား၊ ဒါမှမဟုတ် အရိယာသောတာပန်ပုဂ္ဂိုလ်တဦးဖြစ်တာနဲ့ အညီ စိတ်အတွင်းကနေ တရားကိုသာ နှလုံးသွင်းပြီး တရားတော်နဲ့ သည်းခံ မွေ့လျော်နေမလား ဆိုတာကတော့ ဗိမ္မိသာရ မင်းကြီးသာလျှင် သိနိုင်ပါလိမ့်မယ် မမေရေ ... ရာဇဂြိုဟ်ပတ်ဝန်းကျင်ဟာ ကြည်နူးစရာ၊ ကြေကွဲစရာ အတိတ်ဇာတ်ကြောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။


ဗိမ္မိသာရမင်းကြီးအား အကျဉ်းချထားရာ အကျဉ်းထောင်နေရာ


ခြေထိပ်တွေ့ရာနေရာ


ဗိမ္မိသာရအကျဉ်းထောင်မှ လှမ်းမြင်ရသော ဂိဇ္ဈကုဋ်တောင်ရှိ ဂန္ဓကုဋီတိုက်

စိတ်မကောင်းဖြစ်ရင်းနဲ့ပဲ အကျဉ်းတိုက်နေရာဟောင်းကနေ ခွာခဲ့ပြီး ဗိမ္မိသာရမင်းကြီးရဲ့ ဘဏ္ဍာတော်တိုက်ရှိရာ နေရာဆီ ဆက်ခဲ့ကြပြန်ပါတယ်။ “ဆွန်ဘဏ္ဍာ” (ရွှေတိုက်) လို့ခေါ်ကြပါတယ်။ ဗိမ္မိသာရမင်းကြီးက ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား တွေကို တစုတည်း သိမ်းဆည်းထားခဲ့သည့် ဘဏ္ဍာတိုက်ဟောင်းနေရာဖြစ်ပါတယ်။ ကျောက်တောင်ကြီးကိုထွင်းပြီး အခန်းကျယ်ကြီးနှစ်ခန်းဖွဲ့ထားခဲ့တဲ့ ဘဏ္ဍာတိုက်ကြီးက ကြီးကျယ်ထည်ဝါလှပေမဲ့ အခုတော့လည်း သင်္ခါရသဘောအရ ယိုယွင်း ပျက်စီး နေပါပြီ။ ဒါပေမဲ့ အခန်းတွေကတော့ အကောင်းအတိုင်း ကျန်ပါသေးတယ်။ တံခါးကြီးတွေ တပ်ဆင်ခဲ့တဲ့ တိုင်ကြီးတွေ ထည့်ထားတာ ဖြစ်နိုင်တဲ့ တွင်းပေါက်ဝတွေ အပေါက်ဝမှာ ကျန်ပါသေးတယ်။ အရင်ကဆို လုံခြုံရေး အထူးတင်းကြပ်ပြီး အစောင့်အကြပ်တွေ ပြည့်နှက်နေတဲ့ နေရာ ဖြစ်မှာပါပဲ။


ဗိမ္မိသာရမင်းကြီး ဘဏ္ဍာတော်တိုက် (ဆွန်ဘဏ္ဍာ)


ဘဏ္ဍာတော်ထားရာ လက်ျာဘက်အခန်း


တံခါးတိုင် တပ်ဆင်ရာတွင်း


ဘဏ္ဍာတော်ထားရာ လက်ဝဲဘက်အခန်း


ဘဏ္ဍာတော်ထားရာ လက်ဝဲဘက်အခန်းအတွင်းပိုင်း

ဆွန်ဘဏ္ဍာကနေ အဇာတသတ်မင်းကြီးရဲ့ ဓာတ်တော်တိုက်ကို ဆက်သွားပါတယ်။ အဇာတသတ်မင်းကြီးဟာလည်း မင်းပျိုမင်းလွင် လူငယ်ဘဝမှာ ငယ်ရွယ်သူတို့ သဘာဝ အတိုင်း တန်ခိုးအပြကောင်းတဲ့ ရှင်ဒေဝဒတ်ကို ဆရာ အတင်မှား ခဲ့လို့ ဖခင်ကို သတ်မိတဲ့ ပိတုဃာတကကံကြီးထိုက်သွားလို့သာပါ ... နောက်ပိုင်းမှာ ဆရာဇီဝကရဲ့ ကောင်းမှုနဲ့ ဘုရားရှင်ကို ဖူးမြော်ရပြီး သာသနာတော်ကို အကြည်ညိုဆုံး အထောက်ပံ့ဆုံး မင်း၊ ပထမသင်္ဂါယနာရဲ့ ဒါယကာမင်း ဖြစ်ခဲ့ပြီး ပဉ္စာနန္တရိယကံကြီးသာ မထိုက်ခဲ့ရင် ဒီဘဝမှာတင် အရိယာဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်ပါပဲ။ ဆရာအတင်မှားရင် တသံသရာလုံး မှောက်တယ် ဆိုတာ အဇာတသတ်မင်းက ပြနေပါတယ်။ အဇာတသတ်မင်းက ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော် တွေကို တစုတစည်းထဲ စုပေါင်းပြီး သိမ်းဆည်းထားခဲ့တဲ့ ဓာတ်တော်တိုက်ဟောင်းပဲ ဖြစ်ပါတယ်။ “မဏိယာမတ်” လို့ အခု ခေါ်ကြပါတယ်။


အဇာတသတ်မင်းကြီး ဓာတ်တော်တိုက်


ဓာတ်တော်တိုက်မြင်ကွင်း


ဓာတ်တော်တွင်း

ဓာတ်တော်တိုက်ဟောင်းကို ကြည့်ရှုဖူးမြော်ဖူး ရာဇဂြိုဟ်မြန်မာကျောင်းကို ပြန်ထွက်ခဲ့ကြတော့ မနက် ၁၁-နာရီခွဲနေပါပြီ။ ကျောင်းကို နေ့လည် ၁၂-နာရီလောက် ပြန်ရောက်ပြီး ကျောင်းက စီစဉ်ပေးထားတဲ့ ငါးဟင်းရယ်၊ အစိမ်းကြော်ရယ်နဲ့ နေ့လည်စာ စားကြပါတယ်။ ငါးဟင်းကတော့ ကျနော် သိပ်မကြိုက်လှပါဘူး။

နေ့လည်စာစားပြီး ချက်ချင်းဆိုသလိုပဲ ဝေဠုဝန်ကျောင်းတော်ရာဟောင်းဖြစ်တဲ့ ဥယျာဉ်ဆီကို ထွက်ခွာခဲ့ကြတာ နေ့လည် ၁-နာရီလောက်မှာ ရောက်ပါတယ်။ ဝေဠုဝန်ကျောင်းတော်ဟာ ဗိမ္မိသာရမင်းက မြတ်စွာဘုရားအမှူးပြုတဲ့ ရဟန်း သံဃာတော်တွေကို သာသနာမှာ ပထမဦးဆုံး လှူဒါန်းခဲ့တဲ့ကျောင်းဖြစ်တဲ့အပြင် ပထမ မဟာသန္နိပါတ အစည်းအဝေး (သံဃာစုံညီအစည်းအဝေး)ကြီး ကျင်းပပြီး လက်ယာတော်ရံ နဲ့ လက်ဝဲတော်ရံ အဂ္ဂသာဝကနှစ်ပါးကို ခန့်အပ်ခဲ့တဲ့ ကျောင်းတော်လည်း ဖြစ်တဲ့အတွက် သာသနာသမိုင်းအတွက် အထူးအရေးပါတဲ့ နေရာပဲ ဖြစ်ပါတယ်။ ကျောင်းတော်ရာဟောင်းကို ခုထိ ရှာလို့ မတွေ့သေးပါဘူး။ ဒါပေမဲ့ ကျောင်းတော်ဝင်းအတွင်းမှာရှိတဲ့ ကာလန္ဒက (ရှဥ့်နက်)ရေကန်၊ အဂ္ဂသာဝကနှစ်ပါးကိုး ခန့်အပ် ချီးမြှင့်တဲ့နေရာ (ပထမ မဟာသန္နိပါတ အစည်းအဝေး ကျင်းပတဲ့နေရာ)တွေကို ဖူးမြော်ကြည်ညိုရပါတယ်။ သြဝါဒပါတိမောက်ကို ဟောကြားတော်မူခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ကာလန္ဒက ရှဥ့်နက်ရေကန်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဘုရင်ကြီးက ရေကန်နားမှာ အိပ်ပျော် နေတုန်း မြွေတကောင်က ပေါက်သတ်မလို့ အလာမှာ ရုက္ခစိုးက ရှဥ့်နက်ယောင်ဆောင်ပြီး ဘုရင်ကြီးကို အသံပေး အော်မြည်ပြီး နှိုးလို့ အချိန်မီနိုးလာပြီး ပေါက်သတ်မယ့်မြွေကို သတ်လိုက်နိုင်တာကြောင့် အသက်ချမ်းသာရာ ရသွားတယ် လို့ ဆိုပါတယ်။ ဒါနဲ့ အဲဒီရေကန်နဲ့ ရှဥ့်နက်တွေကို ဘေးမဲ့ပေးထားခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီလေးရှိပါတယ်။ အခုတော့ ရှဥ့်နက်တွေ မတွေ့တော့ပါဘူး။ ဝေဠုဝန်ကျောင်းတော်ဟာ မြတ်စွာဘုရား ဒုတိယ၊ တတိယ၊ စတုတ္ထ၊ သတ္တရသမ (၁၇-ကြိမ်မြောက်) နဲ့ ဝိသတိမ (အကြိမ်-၂၀ မြောက်) ဝါတွေ ဆိုခဲ့တဲ့ .. ငါးဝါတိုင်တိုင် သီတင်းသုံးတော်မူခဲ့တဲ့ ကျောင်းတော် ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလှမင် အလှပြင်တဲ့ အလှဘုရင်မ ခေမာမိဘုရားကို အကျွတ်တရားရအောင် တရားဟော ချေချွတ်တော်မူခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။


ဝေဠုဝန်ကျောင်းတော်ဝင်း


ပထမ မဟာသန္နိပါတ အစည်းအဝေးကြီး ကျင်းပရာနေရာ


ကာလန္ဒက (ရှဥ့်နက်)ရေကန်

နေ့လည် ၂-နာရီခွဲလောက်မှာ ဝေဠုဝန်ကျောင်းတော်ကနေ ထွက်ပြီး မဟာယနဝါဒကို ထူထောင်ခဲ့တဲ့ ဆရာတော် နာဂအဇ္ဇုန တည်ထောင်ခဲ့တဲ့ နာလန္ဒာတက္ကသိုလ်ဟောင်းနေရာကိုသွားကြပါတယ်။ အေဒီ ၂-ရာစုမှာ ကမ္ဘာ့ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီး ဖြစ်ခဲ့ပြီး ကျောင်းဆောင်ပေါင်း ၁၈၀-ရှိပါတယ်။ သဒ္ဒါကျမ်း၊ အလင်္ကာကျမ်း၊ တက္ကဗေဒ၊ ဆေးပညာနဲ့ ဗေဒင်၊ လက္ခဏာတွေကို သင်ကြားပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။ ထေရဝါဒ၊ မဟာယန၊ ဟိနာယန မခွဲခြားဘဲ ဘယ်ဗုဒ္ဓဘာသာဂိုဏ်းမဆို ပညာသင်ကြားလို့ရပါတယ်။ မင်းအဆက်ဆက် ထောက်ပံ့ခဲ့ တာကြောင့် နှစ်ပေါင်း တထောင်လောက် တည်တံ့ခဲ့ပြီး အေဒီ ၁၂-ရာစု အကုန်မှာတော့ အာဖဂန်နစ္စတန်တောင်ပိုင်းက မူဆလင်စစ်သူကြီး မိုဟာမက် ဘင်ဘက်ခ်တီးယား ခီလ်ဂျီ (Mohhamad bin Bakhtiyar Khilji) က မီးရှို့ဖျက်ဆီးသွားတာ ခံလိုက်ရလို့ ပျက်စီးခဲ့ရပါတယ်။ နာလန္ဒာမြို့ဟာ လက်ယာတော်ရံ အဂ္ဂသာဝကြီး ဓမ္မသေနာပတိ ဖြစ်တော်မူတဲ့ ရှင်သာရိပုတ္တရာရဲ့ ဇာတိလည်းဖြစ်ပြီး ဒီမှာရှိတဲ့ မယ်တော်ကြီးရဲ့ တိုက်ခန်းမှာပဲ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါတယ်။ ပရိနိဗ္ဗာန် ပြုတော်မူခါနီးအထိ မယ်တော်ကြီး သာရီပုဏ္ဏေးမကြီးဟာ ဗြဟ္မဏအယူဝါဒီ အဖြစ်နဲ့ပဲ ရှိသေးတာမို့ မယ်တော်ကြီးကို ဗုဒ္ဓဘာသာဝင်ဖြစ်လာအောင် တရားပြပြီး မွေးကျေးဇူးဆပ်ဖို့ ဇာတိကို ပြန်လာပြီး ပရိနိဗ္ဗာန် ပြုတော်မူခဲ့ရပါတယ်။ နောက်ဆုံးအချိန်မှာမှ မယ်တော်ကြီးကို ဗုဒ္ဓဘာသာဝင်ဖြစ်လာအောင် တရားပြနိုင်ခဲ့တာပါပဲ။ ပရိနိဗ္ဗာန်ပြုတော်ရာနေရာမှာ အသောကမင်းကြီး တည်တော်မူခဲ့တဲ့ အထိမ်းအမှတ်စေတီဟောင်းရှိပါတယ်။

နာလန္ဒာတက္ကသိုလ်ရှေ့မှာတော့ ဈေးတန်းလေးရှိပါတယ်။ အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေ စားစရာတွေ ဝယ်လို့ရပါတယ်။ ရဲရဲတင်းတင်း အားမနာတမ်း ဈေးဆစ်ဖို့တော့ မမေ့ပါနဲ့။

နာလန္ဒာတက္ကသိုလ်ဟောင်းကနေ ညနေ လေးနာရီလောက် ထွက်ခဲ့ပြီး မြန်မာကျောင်းပြန်ရောက်ကြတော့ ရေမိုးချိုး၊ ခဏ နားပြီး ညနေ ခြောက်နာရီလောက် ဘဲဥချဉ်ရည်ဟင်းနဲ့ ညစာစားကြပါတယ်။ ဟင်းတွေကတော့ ဆားအလွန်ပေါ့လို့ ကျနော့်အနေနဲ့ သိပ်အရသာ မတွေ့လှပါဘူး။

ပြီးတော့ နောက်နေ့ ခရီးဆက်ရမှာမို့ ပစ္စည်းတွေသိမ်းဆည်းထုပ်ပိုးရပါတယ်။ Luggage ပြန်လည်ဖြန့်ဝေမှုတွေကတော့ ညံ့ချက်က ကမ်းကုန်ပါပဲ။ အခန်းဝအရောက် ပစ္စည်းတွေ ပို့ပေးမယ်ဆိုပြီး ရန်ကုန်မှာတုန်းက ပြောထားပေမဲ့ ခရီးအစအဆုံး တခါမှ ပို့မပေးပါဘူး။ သူတို့ စုပုံချထားတဲ့နေရာကနေ အခန်းကိုရောက်အောင် ကိုယ့်ပစ္စည်းကိုယ် သယ်ကြရပါတယ်။ ကျနော် ပြသနာရှာနိုင်လွန်းလို့ ကျနော်တို့ ပစ္စည်းတွေကိုတော့ အခန်းဝအထိ လိုက်ပို့ပေးပါတယ်။ ကျန်တဲ့လူတွေ ကတော့ ဘာမှမပြောဘဲ သူတို့ဟာသူတို့ သယ်ကြပါတယ်။

ဆိုးတာက ခရီးစဉ်တလျှောက်လုံးမှာ professional guide လုံးဝ မပါတာပါပဲ။ အဲဒီ ပိုင်ရှင်ဆိုတဲ့ အမျိုးသမီးနဲ့ နောက်ထပ် အကူအမျိုးသမီးတယောက်ပဲ ပါလာပြီး ဘာမှ မရှင်းပြသလောက်ပါပဲ။ ရောက်ရာကျောင်းက သံဃာတော်တွေ ပင့်လာပြီး သံဃာတော်တွေ ရှင်းပြတာနဲ့ပဲ ရောချလိုက်တာပါ။ ရာဇဂြိုဟ် မြန်မာကျောင်း ရှေ့တည့်တည့်မှာတင် အဇာတသတ်မင်းရဲ့ ခံတပ်မြို့သစ်နေရာရှိပါတယ်၊ ကားလမ်းပဲခြားပါတယ်၊ အဲဒါကို ဒီလိုရှိပါတယ်ရယ်လို့ လုံးဝ တခွန်းမှ မပြောပါဘူး။ ကျနော် ကျောင်းက သံဃာတွေကို ကိုယ့်ဟာကိုယ် လျှောက်မေးလို့ သိရတာပါ။ မြို့သစ်နေရာထဲမှာ စေတီလေး တချို့ရှိပါတယ်။ ဒါပေမဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ၊ လူအညစ်အကြေးတွေနဲ့ ညစ်ပတ်နေလို့ သွားတော့ မဖူးခဲ့ တော့ပါဘူး။


ရာဇဂြိုဟ်ညနေဆည်းဆာ


အဇာတသတ်မင်းမြို့သစ်နေရာ


ရာဇဂြိုဟ်မြို့တွင်း

လက်ဝဲတော်ရံ အဂ္ဂသာဝကကြီးဖြစ်တဲ့ ရှင်မဟာမောဂ္ဂလန်ကို ခိုးသားငါးရာ ရိုက်နှက်လို့ ပရိနိဗ္ဗာန်ပြုခဲ့ရာ ကျောက်ဖျာနက်ကြီး (ကာဠသိလာ) လည်း ရာဇဂြိုဟ်မြို့ဟောင်း တောင်ဘက်အထွက် ကားလမ်းရဲ့ လက်ဝဲဘက် တောင်ခြေနားမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကိုတော့ မရောက်ခဲ့ပါဘူး။ ဘုရားရှင်လက်ထက်တော်က မဂဓတိုင်း၊ မင်းနေပြည်တော် ဖြစ်ခဲ့တဲ့ ရာဇဂြိုဟ်တဝိုက်မှာ အမှတ်တရအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တဲ့ နေရာတွေက အတော်များများ ရှိတာမို့ အကုန်လုံးကို ဒီလို နှစ်ပတ်ခရီးစဉ်အတွင်းမှာ ရောက်အောင် သွားဖို့တော့ မဖြစ်နိုင်ပါဘူး မမေရေ ... အေးအေးဆေးဆေး အချိန်ယူပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် တလတန်သည်၊ နှစ်လတန်သည် နေပြီး သွားမှပဲ နှံ့အောင် ရောက်ပါလိမ့်မယ်။

နောက်နေ့ခရီးစဉ်အကြောင်း ဆက်ပါဦးမယ် ...

ဟယ်ရီလွင်

Read More...

Sunday, 31 March 2013

သည်းခြေကြိုက် လဲသေလိုက်



စကြာတေးထပ်လေးပါ ... "ငွေ" ဆိုတဲ့ စကားလုံးကို မူတည်ပြီး စကြာလည်သလို လက်ဝဲရစ် ပတ်လည်လှည့် ရေးထားတာ ဖြစ်ပါတယ်။ ခိုင်စိုးလင်းလုပ်တဲ့ ရောင်စုံစက္ကူ (colour papers) ဆိုတဲ့ ebook အတွက် ရေးပေးထားတာ ဖြစ်ပါတယ် ... "ငွေမရွှင် ... " ဆိုတဲ့ အစိမ်းရောင်စာကြောင်းကနေစပြီး လက်ဝဲရစ် (counter clockwise) ဖတ်သွားရင် ဒီလိုတွေ့ရပါမယ် ...


ငွေမရွှင် သေရင်မလှ
ငွေမြင်မှ အဆင်ပြေ
ငွေဝင်က ဘုရင်ပေ
ငွေသာလေ ပဓာန
ငွေများက တရားနိုင်
ငွေသားပိုင် ယောက်ျားအာဂ
ငွေမရှိ သေမည့်သွင်
ငွေရှိလျှင် အနေလှ
ငွေမိခင် ငွေအဖပေမို့
ငွေမရ နေမပျော်
ငွေပင်လယ် ဗွေဆိုင်ဝဲ
ငွေအိုင်ထဲ ကူးခတ်ပျော်မော်
ငွေတိုးမှ ဆွေမျိုးတော်
ငွေမိုးနော် စွေရွာဖြိုးလေမှ
ငွေသပြာအိုး ငွေစငွေရွှင်
ငွေမှ ငွေပင်
ငွေရှိမှ လူရာဝင်
ငွေမမြင် လူမထင်ကြလေး။ ။


ဟယ်ရီလွင်

Read More...