Friday, 12 August 2011

မဟာနဒီ၏ ဈာပန နိဒါန်း

အကြေအညာဆက်ပေး၊
ပြေ(ပြည်)မြန်မာအသက်သွေးမို့၊
ရတက်မအေးပါ မဟာနဒီ။

မြစ်နှစ်စင်းဟာ၊
မြစ်မင်းမဟာဖြစ်၊
ကြာရစ်လေပြီ။

ခင်ဝမ်းရဲ့ ဧရာဝတီ၊
ရွှေဝါပြည်ရဲ့ ဇာတိသမိုင်း။

မပြစ်မှားလေနဲ့၊
မြစ်ဖျားမှာ ဆည်တွေပိတ်ရင်ဖြင့်၊
အပြစ်များစွာ ကြွယ်နေလိမ့်ပေမပေါ့၊
ရေဆိပ်တွေ မသွေခမ်းပါလို့၊
ရေလမ်းတွေ တွင်တွင်ကျဉ်းပါလိမ့်၊
ရေဆင်းဟာ အလျဉ်နှေးကာပ၊
ရင်သွေးတွေ ရေမဝနိုင်ဘူး၊
ဂေဟတွေ ဖြစ်စဉ်ပျက်ရုံမက၊
မြစ်ပြင်နက် တိမ်ကောကာ၊
ကျိန်ပြောပါမှ “မြစ်” ဆိုရပါလျှင်၊
ခေတ်ကိုပြတဲ့ ကြေးမုံအင်မှာ၊
တေးပုံပြင် စာတင်နှိုင်းလာသမျှဟာ
ကွယ် ... ရာဇဝင်ရိုင်း။ ။

မြစ်မင်းကို ကယ်တင်ကြပါစို့ ... တတ်နိုင်သမျှ လက်ဆင့်ကမ်းပေးကြပါရန် အထူးပန်ကြားအပ်ပါသည် ...

ဟယ်ရီလွင်

Read More...

Wednesday, 3 August 2011

ဥဒါန်းကို အစာမကြေသူများသို့

"ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ"

ဒီစကားကို အားလုံးလိုလို ကြားဖူးနေကျ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ညီလေး Ye Thurein Min က Facebook မှာ မေးမြန်းလာပါတယ်။ ဒီစကားနဲ့ပတ်သက်ပြီး သူငယ်ငယ်က ကြုံတွေ့ခဲ့ရတာကို အစာမကြေလို့ပါတဲ့ ... ဖြစ်ပုံက ဒီလိုပါ ...

သူခပ်ငယ်ငယ်တုန်းက သမိုင်းထဲမှာ သိပ္ပံပညာရှင်ကြီး တယောက်အကြောင်း (သောမတ်စ် အက်ဒီဆင်ထင်ပါတယ်) သင်ရတဲ့ စာထဲမှာ သူရဲ့ငယ်စဉ်ဘဝ၊ ကြီးပြင်းလာတော့ တီထွင်မှုတွေ အကြောင်း လေးစားလောက်အောင် ရေးထားပါတယ်။ အဲဒီမှာ သူနဲ့ စတွေ့တဲ့ ပြဿနာက စာအဆုံးမှာ အက်ဒီဆင်သည် ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေသော ပုဂ္ဂိုလ်ကြီးဖြစ်လေသည် လို့ အဆုံးသတ်ထားပါသတဲ့။ ဒါကို သူ့အနေနဲ့ တော်တော်ကို ခံစားခဲ့ရပါတယ် လို့ ဆိုပါတယ်။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ဆိုတဲ့ စကားလုံးဟာ ဘာကိုဆိုလိုမှန်းမသိခဲ့လို့ပါ။ ဒါနဲ့ ဆရာမကိုမေးမိတဲ့အခါ ဆရာမက "ဟဲ့ ... နင်တော်တော်လျှာရှည်တာပဲ၊ အဲ့လိုပဲ မှတ်ထားပေါ့" လို့ ပြန်ဆူတာကို ခံလိုက်ရပါတယ်တဲ့။ ဆရာ၊ ဆရာမတွေရဲ့ ဒီလို အမူအကျင့်တွေဟာ ကလေးအရွယ် ပညာသင်နေဆဲအရွယ် လူငယ်တွေရဲ့ သိလိုစိတ်၊ တတ်လိုစိတ် ကို လျော့ပါးစေပါတယ်။ ဒါတွင်မက မေးသင့်မေးထိုက်တာကို ရဲရဲဝံ့ဝံ့ မေးမြန်းလိုစိတ်ကိုလည်း ပျောက်ကွယ်သွားစေပါတယ်။ အဲဒီကနေ ဆက်ပြီး ပြောသင့်ပြောထိုက်တာကို ရဲရဲရင့်ရင့် ပြောဆိုရဲတဲ့ စိတ်ကို ထပ်ပြီး လျော့ပါးစေပါတယ်။ ဒါမျိုးတွေများလာတဲ့အခါ ကျနော်တို့ generation တခုလုံးမှာ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ရဲကိုင်ရဲတဲ့ စိတ်တွေ ပျောက်ပြီး ကြောက်စိတ်တွေကြီးစိုးကာ လူပျော့လူညံ့တွေ များသထက်များလာတဲ့အထိ မျိုးဆက်တခုလုံး ထိခိုက်စေပါတယ်။
ကဲ ဒါတွေ ထားပါတော့လေ ... စကားစပ်မိလို့ အတွေးမျှင်ဆက်ရင်းကနေ လမ်းကြောင်းလွဲကုန်လို့ မူရင်း အကြောင်းအရာကို ပြန်ဆက်ပါ့မယ် ... သူ ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားပေမဲ့ အဲဒီလို အသုံးအနှုံးကို တွေ့တိုင်း သိလိုစိတ်က ပေါ်လာပြန်ပါသတဲ့ ... သူ့အနေနဲ့ နားလည်မိတာက
ကမ္ဘာကြီးသာ ကြေပျက်သွားချင် ကြေပျက်သွားမယ်၊ ထိုသူ့ရဲ့ အကြောင်း ဥဒါန်းကျူးရင့်မှုကတော့ ကျေပျက် ပျောက်ပျက် သွားမှာ မဟုတ်ဘူးလို့ပဲ နားလည်ထားပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုရှင်းပြထားတဲ့ စာရယ်လို့လည်း ဘယ်မှာမှ ရှာမတွေ့ခဲ့ဖူးသလို ဘယ်သူ့ထံကမှလည်း ရှင်းပြတာကိုလည်း နားမထောင်ခဲ့ဖူးတဲ့အပြင် ထပ်မံ ရှုပ်ထွေးစေတာက ဗုဒ္ဓစာပေတွေကို ဖတ်မိတော့
"သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓအဖြစ် ရောက်တော်မူ၏၊ ထိုစဉ် နှစ်သက်ဝမ်းမြောက်တော်မူသော ရွှေစိတ်တော် လှုံ့ဆော်သဖြင့် ရှေးရှေးသော နောင်တော်ဘုရားရှင်များနည်းတူ ဥဒါန်းကျူးရင့်တော် မူလေသည်။" ... လို့ ထပ်တွေ့တဲ့အခါကျတော့ သိချင်စိတ်တွေ ပိုများလာပေမဲ့ ထပ်မရှာဖြစ်တော့ပါဘူးတဲ့။
ဥဒါန်းမကြေမဟုတ်ဘဲ ဥဒါန်းကျူးရင့်ဆိုတဲ့ အသုံးကသာ ပိုအသုံးများတာ သတိထားမိလာပြန်တာကြောင့် ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ဆိုတဲ့ စကားလုံးကို ရှင်းပြထားတာလေး ဖတ်ဖူးသူများရှိရင် ပြောပြပေးကြဖို့ Facebook က “စာပေစကားဝိုင်း” Group မှာတောင်းဆိုထားပါတယ် ...

ဒီစကားစုဟာ မကြာခဏ တွေ့ဖူးနေကျ ဖြစ်တဲ့အပြင် ဒီစကားစုရဲ့ အဓိပ္ပာယ်အပေါ် အစာမကြေ ဖြစ်နေကြသူ အများလည်း ရှိနိုင်တာကြောင့် ဒီ စကားရဲ့ အဓိပ္ပာယ်ကို ရှင်းလင်းဆွေးနွေးသွားပါရစေ ... ပညာရှင်များ၊ သိရှိနားလည်ပြီးသားသူများအတွက် ရည်ရွယ်တာမဟုတ်ဘဲ မသိသေးတဲ့ သူများ သိရှိနားလည်သွားစေဖို့သာ ရည်ရွယ်ပါတယ်။

ဒီနေရာမှာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ဆိုတဲ့ စကားစုတခုလုံးရဲ့ အဓိပ္ပာယ်ကို ပညာရှင်များ တသီးတသန့် ရှင်းပြထားတဲ့ အထောက်အထား အကိုးအကားကိုတော့ ကျနော် မတွေ့ဖူးပါဘူး။ စကားစုတခုရဲ့ အဓိပ္ပာယ်ကို သိချင်ရင် တခုလုံးကို တိုက်ရိုက်ရှင်းပြထားတာမျိုး အကိုးအကားရှာဖွေဖို့ ဆိုတာကလည်း တကယ်တော့ အင်မတန်ခက်ခဲပါတယ် ... ပုံမှန်အားဖြင့်တော့ အဲဒီ စကားစုထဲက ဝေါဟာရ တခုခြင်းရဲ့ မူလအဓိပ္ပာယ်ကို ရှာဖွေပြီး တခုလုံးကို ပေါင်းစပ် ယူမှရပါတယ် ... ဒီတော့ ဒီစကားစုရဲ့ အဓိပ္ပာယ် ကို ကြည့်မယ်ဆိုရင် ...
"ဥဒါန်း" ဆိုတာ ပါဠိသက် စကားပါ ... ပါဠိသက်ဝေါဟာရ အဘိဓါန်ထဲမှာ ဥဒါန်းရဲ့ အဓိပ္ပာယ် နှစ်မျိုး ဖော်ပြထားပါတယ် ...

ပထမအဓိပ္ပာယ်က 'ဝမ်းမြောက်ခြင်းကြောင့် မြွက်ဆိုကျူးရင့်သောစကား၊ ပီတိအဟုန်ကြောင့် ထွက်လာသောစကား' လို့ အဓိပ္ပာယ်ရပါတယ် .... "ဥဒါန်းကျူးတယ်" ဆိုတာ ဒီအဓိပ္ပာယ် ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်တို့ သဗ္ဗညုတဉာဏ်တော်ကို ရရှိလို့ ဘုရားအဖြစ်ရောက်ပြီဆိုရင် "အနေကဇာတိ သံသာရံ ... " အစချီတဲ့ ဥဒါန်းဂါထာတော်ကို ကျူးရင့်ကြမြဲဖြစ်ပါတယ် ... ကြုံလို့ပြောရရင် ဥဒါန်းကျူးရင့်ခြင်း ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲတဲ့အခါ (အသံမထွက်ဘဲ) စိတ်ထဲမှာပဲ ကျူးရင့်တဲ့ "မနသာဥဒါန်း" နဲ့ (အသံထွက်ပြီး) နှုတ်ကထုတ်ဖော်ကျူးရင့်တဲ့ "ဝစသာဥဒါန်း" ဆိုပြီးရှိပါတယ်။ ဒီ "အနေကဇာတိ သံသာရံ ... " အစချီတဲ့ ဥဒါန်းဂါထာတော်ကတော့ စိတ်ထဲကသာ ကျူးရင့်တဲ့ မနသာဥဒါန်း ဖြစ်ကြောင်း မှတ်သားဖူးပါတယ်။

ဒုတိယအဓိပ္ပာယ်က 'အစဉ်အလာပြောစမှတ်ပြုရမည့်စကား' လို့ အဓိပ္ပာယ်ရပါတယ် .... "ဥဒါန်းမကျေ" ဆိုတာ ဒီအဓိပ္ပာယ် ဖြစ်ပါတယ်။ "ရှည်လျားသက်သေ၊ ကမ္ဘာကြေလည်း၊ မကျေတို့ဘဲ၊ ဥဒါန်းစွဲလျက် ... " (သခင်ကြီးဧချင်း)၊ "ကမ္ဘာကျွန်းလည်း၊ ဥဒါန်းမကျေ၊ ထွန်းရစ်စေလိမ့် ... " (ဥမ္မာဒန္တီပျို့)

ဒါဆို "ဥဒါန်း" ဆိုတဲ့ စကားဟာ တစုံတခုကို ဝမ်းမြောက်ကျူးရင့်ခြင်း ဆိုတဲ့ သဘောရတဲ့ အဓိပ္ပာယ်ရော၊ အစဉ်အလာမှတ်သားရမည့်စကား ဆိုတဲ့ အဓိပ္ပာယ်ရော နှစ်မျိုးလုံး သုံးလို့ရကြောင်း သိသာမြင်သာ လောက်ပါပြီ။ ဒီစကားစုမှာတော့ ဒုတိယအဓိပ္ပာယ်ဖြစ်တဲ့ 'အစဉ်အလာပြောစမှတ်ပြုရမည့်စကား' ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲထားကြောင်း သခင်ကြီးဧချင်းနဲ့ ဥမ္မာဒန္တီပျို့ တို့မှာ ရေးထားတဲ့ အထောက်အထားတွေ အရ သိရှိနိုင်ပါတယ်။
ဥဒါန်း ဆိုတဲ့စကားပြီးတော့ "ကျေ" နဲ့ "ကြေ" ကို ဆက်ကြည့်ပါမယ်။ ကျေ နဲ့ ကြေ အသုံးကို သိချင်ရင် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းနဲ့ မြန်မာအဘိဓာန် မှာ တွေ့နိုင်ပါတယ်။ ဒီနေရာမှာ ...
"ကျေ" ဆိုတာ ကျေပျက်ပျောက်ကွယ် သွားခြင်းကို ဆိုလိုပါတယ် ...
"ကြေ" ကတော့ မှုန့်မှုန့်ညက်ညက် ကြေမွပျက်စီး သွားခြင်းကို ဆိုလိုပါတယ် ...

ဒီတော့ ဒီစကားစု တခုလုံးရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို ခြုံငုံပြီး သုံးသပ်ဖွင့်ဆိုရမယ်ဆိုရင် ...
ကမ္ဘာကြေသော်လည်း = ကမ္ဘာကြီး တခုလုံး ကြေမွပျက်စီးသွားရင်တောင်မှ
ဥဒါန်းမကျေ = အစဉ်အလာပြောစမှတ်ပြုရမည့်စကား (ဥဒါန်း) ဟာ ကျေပျက်ပျောက်ကွယ် မသွားနိုင်ဘူး လို့ ဆိုလိုရင်းဖြစ်ပါတယ်။ (ဥဒါန်းကျူးရင့်မှု ပျောက်ပျက်မသွားဘူးလို့ မယူဆနိုင်ပါဘူး။)

ဒါကြောင့် ဒီစကားစု တခုလုံးဟာ "ကမ္ဘာကြီး တခုလုံး ကြေမွပျက်စီးသွားရင်တောင်မှ အစဉ်အလာပြောစမှတ်ပြုရမည့်စကား (ဥဒါန်း) ဟာ ကျေပျက်ပျောက်ကွယ် မသွားနိုင်ဘူး" လို့ ဆိုလိုကြောင်း တင်ပြလိုက်ပါတယ် ...

မေတ္တာဖြင့် ...
ဟယ်ရီ

Read More...

Tuesday, 2 August 2011

မြစ်ကော

မြစ်မကောအောင်လို့၊
သစ်တောတို့ စိမ်းရပေမည်။

ရေဝေတောတွေ ဆိုင်းစို့စို့၊
မှိုင်းညို့ညို့မှုန်ရီ။

ချင်းတွင်းနှင့်ဧရာဝတီ၊
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။

တတောလုံးပြောင်၊
တတောင်လုံးလင်း၊
မြစ်ကျဉ်းကာသောင်တွေပေါ်တော့၊
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့၊
ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေကြ၊
စိုးကြောက်ဖွယ် အပြစ်သဘောနဲ့၊
မြစ်ကောမယ့်နေ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Read More...

Friday, 29 July 2011

ကြယ်ကြွေမိုး

စပယ်တွေ၊
တကယ်ကြွေကြပြီပေါ့၊
ကြယ်ချွေညဆိုး။

ရင်ခွင်မှာ၊
မြင်မြင်ရာ မိုးတွေက၊
တွင်တွင်ရွာ ဖြိုးနေမြဲပါပဲ၊
ညှိုးကြွေဆဲ စိတ်အစဉ်မှာ၊
အရိပ်ထင်လာ အိပ်မက်ဆိုးသာပေါ့၊
သြော် ... တိမ်ထက်မိုးမှာ ပျော်ပါမေရယ်၊
မျှော်ကာဖွေ တထောင့်ကွယ်က၊
စောင့်မယ်လေ စပယ်တွေပျိုးပါလို့၊
မောင့်ကြယ်ကြွေမိုး။ ။


ညီလေး John (John Yoharmar) အတွက် ....
မိုးတွေစဲပါစေတော့ ညီလေးရေ ...

မေတ္တာဖြင့် ....
အကိုဟယ်ရီ

Read More...

Friday, 1 July 2011

အာဇာနည် စာဆိုအကျော် ဆီးဘန်နီ (ဆီးပန်းနီ) ဆရာတော် ၏ ပါတော်မူတမ်းချင်း

သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊
ကုန်းဘောင်နေမီး၊ မထိန်ညီးက၊
တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင် (တည့်)၊
ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊
သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ် (သုညရလစ်)၊
သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊
ဒို့တတွေသည် ...
သေသော်မှတည့် သြော် ကောင်း၏ ... ။

ဒီ လင်္ကာပိုဒ်လေးကို အားလုံး သိကြမယ်လို့ ထင်ပါတယ်။ ဆီးဘန်နီ (ဆီးပန်းနီ) ဆရာတော်ရဲ့ အလွန်ကျော်ကြားတဲ့ ကဗျာလင်္ကာ စာသားတွေဖြစ်ပါတယ်။ တကယ်တော့ ဒီစာသားတွေဟာ ဆရာတော်ကြီးရေးခဲ့တဲ့ “ပါတော်မူတမ်းချင်း” ရဲ့ အချပါဒ တွေပဲဖြစ်ပါတယ်။

ဒီ အချပိုဒ်တွေကိုပဲ လူသိများပြီး မူရင်း “ပါတော်မူတမ်းချင်း” အပြည့်အစုံကို လူသိနည်းပါးတဲ့အပြင် ရှာဖွေရခက်တာမို့ အားလုံးသိရအောင် မျှဝေလိုက်ပါတယ်။ အလျဉ်းသင့်တဲ့အတွက် ဆီးဘန်နီဆရာတော်ကြီးအကြောင်းကိုပါ တပါတည်း အနည်းငယ် တင်ပြပါရစေ ...

ဆီးဘန်နီ နှင့် ဆီးပန်းနီ
ဆီးဘန်နီဆရာတော်ကို ဆီးပန်းနီ ဆရာတော် လို့လည်း ရေးကြပါတယ်။ ကဗျာသင်္ဂဟ မေဒနီကျမ်းထဲမှာတော့ ဆီးဘန်နီ ဆရာတော် လို့ ဖော်ပြပါရှိပြီး မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၄၊ အပိုင်း(က) မှာတော့ ဆီးပန်းနီဆရာတော်လို့ ဖော်ပြပါတယ်။ ကျနော်တို့ ငယ်ငယ်က သင်ရတဲ့ မြန်မာကဗျာလက်ရွေးစင်ထဲမှာတော့ ဆီးဘန်နီဆရာတော်လို့ ပါရှိပါတယ်။


ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း
ဆီးဘန်နီဆရာတော်ကို အနောက်မင်းကွန်းဆက်၊ မြန်မာသက္ကရာဇ် ၁၁၇၃-ခုနှစ် ပြာသိုလပြည့်ကျော် ၁-ရက်၊ စနေနေ့ မှာ ဖွားမြင်ပါတယ်။ ခမည်းတော်က အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရားကြီးလက်ထက် အတိုင်ပင်ခံ အမတ်ကြီး မဟာရာဇသင်္ကြံ ဖြစ်ပါတယ်။ မယ်တော်ရဲ့ အမည်ကိုတော့မသိရပါ။ ငယ်နာမည် မောင်မှော် လို့ ခေါ်တွင်ပါတယ်။ ရတနာပူရ စတုတ္ထမြို့တည်နန်းတည် ဘကြီးတော်ဘုရား (စစ်ကိုင်းမင်း) လက်ထက်မှာ စလင်း မင်းသားကြီး ဆရာတော်နဲ့ မြသိန်းတန်ဆရာတော် တို့ထံမှာ ကျောင်းသားဘဝကနေ ရှင်သာမဏေဘဝအထိ နည်းခံသင်ကြားခဲ့ပါတယ်။ သာမဏေဘွဲ့ကတော့ ရှင်နရိန္ဒ ဖြစ်ပါတယ်။
ဆရာတော်ဟာ ပိဋကတ်စာပေပညာမှာ အလွန်ပဲ ထူးချွန်ထက်မြက်လှတဲ့အတွက် ကျောင်းသားအဖြစ်နဲ့ တကြိမ်၊ သာမဏေအဖြစ်နဲ့ နှစ်ကြိမ်၊ ပေါင်းသုံးကြိမ်တိတိ ပထမစာတော်ပြန်ပွဲမှာ ငယ်စဉ်ကတည်းက ဝင်နွှဲပြန်ဆို အောင်မြင်တော် မူပါတယ်။
ရဟန်းအဖြစ်ကိုရောက်ပြီးတဲ့နောက် ရွှေဘိုမင်းနှင့် ပုဂံမင်းတို့ လက်ထက်၊ အမရပူရမြို့ မိုးထိတိုက်မှာ နေထိုင်ပြီး ပြည်ဆရာတော်ဘုရားကြီးနဲ့ မိုးထိဆရာတော် ဘုရားကြီးတို့ထံမှောက်မှာ ဆက်လက် ပညာဆည်းပူးတော်မူပါတယ်။
ဒီလိုနဲ့ ဆရာတော်ဟာ ပိဋကတ်စာပေပညာမှာ ပါရဂူရောက် ထူးချွန်တတ်မြောက်တဲ့အတွက် ပဉ္စမသင်္ဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီး လက်ထက်မှာ ‘နရိန္ဒာဘိသီရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ ပထတံဆိပ်တော်၊ ‘နရိန္ဒာဘိသီရိသဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ ဒုတိယတံဆိပ်တော်တို့ကို ခံယူရရှိသည်။ (မှတ်ချက် - မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ မှာ ဒီဘွဲ့ ၂-ခုကို ဖော်ပြရာမှာ ‘နရိန္ဒာဘိသီရိသဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုပြီး တခုတည်းဖြစ်နေပါတယ်။ ‘... သတိချွတ်ဟန်တူ၏ ...’ လို့ ဆရာကြီး နန်းညွန့်ဆွေ ရေးသားတဲ့ ဆောင်းပါးမှာ ပါရှိပါတယ်။) ပဉ္စမ သင်္ဂါယနာ တင်တဲ့အခါမှာလည်း ပိဋကတ်သုံးပုံကို သုတ်သင်ကြီးကြပ်တည်းဖြတ်တော်မူခဲ့ပါတယ်။ သားတော် သီပေါမင်းလက်ထက်ရောက်တော့လည်း ‘နရိန္ဒာဘိဓဇ အတုလိဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ တတိယ ဘွဲ့တံဆိပ်တော်ကို ခံယူတော်မူရပြန်ပါတယ်။
ဆရာတော်ဟာ ကဗျာလင်္ကာဖွဲ့ဆိုမှုမှာလည်း လေ့လာကျွမ်းကျင်တော်မူပါတယ်။ ‘ကဝိမဏ္ဍနမေဒနီကျမ်း’ ကို ရဟန်းဝါတော် တစ်ဆယ်ကျော်လောက်ကစပြီး တဖြည်းဖြည်း တစတစ ရေးသားပြုစုတော်မူခဲ့ရာမှ ဆရာတော် ရေးသား ခဲ့တဲ့ စာပေတွေကို ဆရာတော်ဘုရား၏ မြေးတော် ဦးကလျာဏက စနစ်တကျ စီစဉ်ပြီး မန္တလေးမြို့ ဆိုင်းတန်းရပ် ရတနာသိဒ္ဓိ ပုံနှိပ်တိုက်ကနေ ၁၂၆၉-ခု ကဆုန်လက ပုံနှိပ် ထုတ်ဝေခဲ့ဖူးတယ်လို့ သိရပါတယ်။
မင်းတုန်းမင်းတရားကြီး မန္တလေးရွှေမြို့တော်ကြီးကို မြို့သစ်တည်ထောင်တဲ့အခါမှာလည်း ရပ်ကွက်အမည်တွေကို ရွေးချယ်ပေးခဲ့ပါတယ်။ ပြည်ကြီးကျက်သရေ၊ ပြည်ကြီးပျော်ဘွယ်၊ ကျွန်းလုံးဥသျှောင်၊ ချမ်းမြသာစည်၊ ပတ်ကုံးဝန်းကျင်၊ မဟာနွယ်စဉ်၊ ပုလဲငွေရောင် စတဲ့ ၄၉-ရပ်ကွက်တို့ရဲ့ အမည်တွေဟာ ဆရာတော်ပေးခဲ့တာဖြစ်ပါတယ်။
ဆရာတော်ဟာ သက်တော် ၇၇-နှစ်၊ ဝါတော် ၅၇-ဝါ၊ သက္ကရာဇ်-၁၂၅ဝပြည့်၊ ကဆုန်လပြည့်ကျော် ၁-ရက် ဗုဒ္ဓဟူးနေ့မှာ ဘဝနတ်ထံ ပျံလွန်တော်မူပါတယ်။


ပါတော်မူတမ်းခြင်း
သီပေါမင်းတရား ပါတော်မူသွားတဲ့အခါ ဆရာတော်ဟာ လွန်စွာမှပဲ စိတ်လက် မရွှင်မလန်း၊ မချမ်းမမြေ့ ခံစားခဲ့ရပါတယ်။ တရားတော်နဲ့ ဖြေလည်း မပြေ၊ လျစ်လျူရှုပြီးလည်း မနေတတ်၊ မျက်မှောက်တွင် တွေ့ကြုံရှုမြင်နေရတဲ့ အဖြစ်အပျက်တွေ ကလည်း အမျိုးသားစိတ်ဓါတ်ကို ရိုက်ခတ်လာတာနဲ့အမျှ အဗျာကတာဓမ္မာနှင့်ဝေးပြီး ဒေါသရိပ်ကလေးများ ပြေးလာပါတယ်။ ဒါကြောင့်ပဲ မြန်မာဦးစွန်း ညှိုးနွမ်းတိမ်မြုပ်ခြင်းအကြောင်းကို သံဝေဂရတု ဧကပိုဒ် အဖြစ် ဖွဲ့ဆိုလိုက်ပါတယ်။ ကဗျာသင်္ဂဟမေဒနီ ကျမ်းနဲ့ အခြားစာတွေမှာတော့ တမ်းချင်းအဖြစ် ဖော်ပြကြပါတယ်။ ဒီတမ်းချင်းကတော့ ...
မြန်မာဦးစွန်း ညှိုးနွမ်းတိမ်မြုပ်ခြင်းအကြောင်းကို ဆီးဘန်နီ ဆရာတော်ဘုရား ဆို ဧကပိုဒ် တမ်းချင်း။

မှတ်ပါရစ်စေ၊ မှာခဲ့ပေအံ့၊ သံဝေဓမ္မ၊ ယူကုန်ကြလော့၊ သုဒဿန၊ မြို့မသခင်၊ သူရာစင်လျက်၊ လုလင်မာဃ၊ ဦးစောက်ချ၍့၊ အမရဝတီ၊ ပူရီပြဉ်လုံး၊ လက်ရကျုံးသို့၊ ထုံးနှင့်တူလစ်၊ ဂေါဇာခေတ်မူ၊ ဧက်ဒွေးဇောသတ်၊ လမြတ်ထွန်းပြောင်၊ တန်ဆောင်မါသ၊ သရဒ၏၊ ကဏှပက္ခ၊ ဆဋ္ဌပူးရက်၊ နေဝန်းထွက်အောင်၊ ရှစ်မျက်လောကဓာတ်၊ ကောင်းကင်ရပ်မှ၊ ပြာသာဒ်ကုဋေ၊ ကြယ်ကျွတ်ကြွေရှင့်၊ နေတဘန်ထွက်၊ သတ္တရက်ဝယ်၊ လက်နက်လျှံထိန်၊ စွဲကိုင်ချိန်သား၊ ဣန္ဒြိယတိုင်းသား၊ ရဲ့ယောက်ျားတို့၊ ပတ္တမြားခယံ၊ ရွှေနန်းရံသို့၊ ချွံချွံဝင်ရောက်၊ ရှစ်ရက်မြောက်က၊ အနောက်ဂေါရာ၊ နေဝါလျှောသက်၊ ဂဠုန်ရက်တွင်၊ သုံးချက်ကျော်ပြီ၊ ဒွါဒသီဝယ်၊ မှီသည်ဗြိစ္ဆာ၊ ဂရုဠှာမှတ်၊ အစွန်မြတ်မှ၊ ပူးနတ်ဓနု၊ ရာဟုစန္ဒာ၊ သိဟ်သီဟာဝယ်၊ ဗြိစ္ဆာကံနေ၊ နဂါးမြွေလည်း၊ မေဓုန်ပျော်လျက်၊ ပြိဿလဂ်တွင်၊ နက္ခတ်စဉ်ရုံး၊ ဆယ်လုံးတပါဒ်၊ လေးမှတ်ဗီဇနာ၊ ဖွားလာရက်ချိန်၊ ရွေ့ရွေ့ထိန်သား၊ သုဒ္ဓိန်နှစ်ရာ၊ နောဝီသာ၌၊ မြန်မာဘုရင်၊ ဇာတာပြင်လည်း၊ မစင်သန့်ကြိုက်၊ နိစ်ပြဆိုက်လျက် (နိစ်ပြဆိုက်က)၊ မှားမိုက်လှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည်၊ မတ်ကြီးဉာဏ်ဝယ် (မှူးကြီးမတ်ငယ်)၊ မာလောနွယ်တို့၊ (ဝှက်)ရှက်ကွယ်လှည့်ဝိုက်၊ သူ့ဘက်လိုက်၍့၊ စရိုက်စောင်းငဲ့၊ သစ္စာမဲ့ကြောင့်၊ နှစ်ဆဲ့ခုနစ်၊ နန်းစံရှစ်တွင်၊ ကသစ်ဘုံနေ၊ သိကြားကြွေသို့၊ ချက်ရွှေသိုရာ၊ မန်းပြည်သာမှ၊ မဟာဣန္ဒြိယ၊ မိုက်မဲလှသည်၊ (မိစ္ဆာမောဟ၊ ပြွမ်းပြွမ်းထသည့်) ကုလာ့နိုင်ငံ၊ လွှဲပြောင်းစံရှင့်၊ လောကဓံအရ၊ သဘာဝကြောင့်၊ ဂေါတမဘုန်းခေါင်၊ သာနာရောင်လည်း၊ မပြောင်မထွန်း၊ အမှောင်စွန်းခဲ့၊ ကျွန်းသပြေဒီ၊ ဓရဏီထက်၊ ခိုမှီနေရိုး၊ မြန်လူမျိုးတို့၊ လန့်နှိုးထိပ်လှ၊ သံဝေဂဖြင့်၊ ဖြစ်ကပျက်မြဲ၊ မလွဲစသာ၊ ကြုံကြလာသား၊ သံသရာသဘော၊ တွေ့ရာသောဟု၊ စိတ်ဇောသိမ်မွေ့၊ တတေ့တေ့ဖြင့်၊ စေ့စေ့မှန်သား၊ ထပ်ထပ်ပွား၍့။ ။ တရားသံဝေယူကြလေ။ ။
(ကွင်းအတွင်းစာသားများမှာ ဆရာကြီး နန်းညွန့်ဆွေ ၏ ၁၉၆၁-ခုနှစ် နိုဝင်ဘာလ ထုတ် ရှုမဝမဂ္ဂဇင်းပါ ဆီးပန်းနီဆရာတော် ဆောင်းပါးမှ ကောက်နှုတ်ထားသော မူကွဲများဖြစ်ပါသည်။)

ဒီအထဲက ‘မိုက်မှားလှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည်၊ မတ်ကြီးဉာဏ်ဝယ် (မှူးကြီးမတ်ငယ်)၊ မာလောနွယ်တို့’ ဆိုတဲ့အပိုဒ်ဟာ လူကြိုက်များလာပါတယ်။ မှူးကြီးမတ်ရာတွေက ကိုယ့်အမှီသဟဲ ရှင်ဘုရင်ကို ကိုယ့်ဟာကိုယ် ပြန်ဖျက်ဆီးတယ် ဆိုတဲ့ သဘောရပါတယ်။ အဲဒီအချိန်က “ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်” ဆိုပြီး ကင်းဝန်မင်းကြီး ဦးကောင်း လိမ်ဉာဏ်ဆင်ပြီး မြန်မာဘုရင်ကို နန်းချတယ်လို့ လူအများက ပြောဆိုပြစ်တင်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ ဆရာတော်ကလည်း မြန်မာဝန်ကြီး မှူးကြီးမတ်ရာတွေ ဂိုဏ်းဂဏအသီးသီးကွဲပြီး ထင်ရာစိုင်းနေကြပုံ၊ အာဏာရှိသူကိုပဲ မျက်နှာလိုမျက်နှာရ ကပ်ပါးရပ်ပါးပြုမူနေကြပုံ စတဲ့ အချင်းအရာတွေကိုမြင်ပြီး စိတ်ပျက်ပျက်နဲ့ ရေးလိုက်ပုံရပါတယ်။ ဒီစာဟာ ကင်းဝန်မင်းကြီးကို အတော်ကလေး ထိခိုက်သွားပုံရပါတယ်။ ဒါကြောင့် ကင်းဝန်မင်းကြီးက “မန်းမကိုဋ်မှာမှ ...” အစချီတဲ့ လေးချိုးကြီးနဲ့ ပြန်လည်ချေပပါတယ်။ ကဗျာသင်္ဂဟမေဒနီ ကျမ်းထဲမှာတော့ မဟာဒါဏ်ဝန်မင်း ဦးရွှေဝ က ပြန်လည်ချေပရေးသားတဲ့ လေးချိုးကြီးလို့ ဖော်ပြထားတာကြောင့် ဒီကျမ်းကိုပဲ မူတည်ပြီး မဟာဒါဏ်ဝန်မင်း ဦးရွှေဝဆို လေးချိုးကြီး အဖြစ် ဖော်ပြလိုက်ပါတယ်။ (ဒီလေးချိုးကြီး ရေးစပ်ပုံကို ရှေးရိုးလေးချိုးကြီး၊ ဒါမှ မဟုတ် လင်္ကာသွားပုံစံနဲ့ ရေးစပ်တဲ့အတွက် လင်္ကာလေးချိုးကြီး လို့လည်း ခေါ်ပါတယ်။ မြန်မာကဗျာ ရေးထုံးတွေကို စိတ်ဝင်စားသူများအတွက် ကျနော် ရေးထားတဲ့ “မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၅)” (http://harrylwin.blogspot.com/2009/05/blog-post_08.html) မှာ အသေးစိတ် ဖော်ပြထားပါတယ်။ ဒီအထဲက ကာရန်ယူထားပုံတွေကို ခြင်္သေ့လည်ပြန် နဘေစပ်နည်း လို့ ခေါ်ပါတယ် - စကားချပ်)

ဆီးဘန်နီ ဆရာတော်ဘုရား ဆို မှတ်ပါရစ်စေ-ချီ ဧကပိုဒ် တမ်းချင်းကို ချေဆိုရာဖြစ်သော မဟာဒါဏ်ဝန်မင်း ဦးရွှေဝဆို လေးချိုးကြီး။

မန်းမကိုဋ်မှာမှ၊ နန်းသိုက်ရ ရွှေဘုံကို၊
မြေဝသုန်ကပ်ဆုံးအောင်ပ၊ မှတ်ထုံးနောင်ပေါ်ထွန်းဘို့၊
မော်ကွန်းတင်ဆက်တဲ့ မင်ရွက်စာ။

သမ္မတနှုန်းဆောင်၊ ရွှေဘုန်းငယ်ပြောင်သည့် ကုန်းဘောင်ပဝရ၊
နေသမ္ဘိန်ငယ် အာဟိန္ဒမှ၊ ဝံသလှစ်စေ၊ ဆယ်ဆက်နေလျှင်၊
မြေဇမ္ဗူစိုး၊ မြို့နန်းငယ်ထူသည် ရိပ်ဖြူမိုးက၊
ရှေးရိုးစဉ်ဆက်၊ ထုံးမပျက်၍့၊ နှုန်းဘက်ကယ်စံမကွာ၊ ဘုန်းအာဏာဖြင့်၊
ရေစာမရှား၊ မိစ္ဆာရာန်ငယ် မာန်မထား၍့၊ ဖြစ်ပွားသာသနာ၊ ပွင့်လင်းသာဖြာတော့ပ၊
ရေကြာတွေ့ ပုံတူလို၊ များဗိုလ်လူရှင်ရဟန်းငယ်တို့၊ နိဗ္ဗူ စိတ်ယူမှန်းရှာကြ၊
ချမ်းမြကြည်စွာ။

ဆဲ့တဖြာငယ်၊ နေအာဒိစစ် ဘ-ရာစိုးသည့်၊ ဖြူစင်လှစ်က၊
အနှစ်ပညာ၊ အရှင်းကွာ၍့၊ စဉ်လာမင်းသုံး၊ ရှေးကျင့်ထုံးကို၊ လုံးလုံးပစ်လွှဲ၊
ငွေနှင့်မြှူလျှင် လူပေပဲဟု၊ စိတ်စွဲမှတ်ကျုံး၊ တိုင်းအလုံးကို၊ ဈေးနှုန်းနှင့်ထပ်၊ အမွေအပ်သော်၊
မကပ်တရား၊ ရှေ့ဆောင်နွားကြောင့်၊ နောက်နွားတဝိုက်၊ လမ်းကောက်လိုက်သို့၊
အမိုက်ဖြင့်ပြွမ်း၊ လူရဟန်းတို့၊ မချမ်းမသာ၊ ရေစာမွတ်ရှား၊ ခိုးသားမုဒိမ်း၊ တရားမမှန် ကျင့်ဖောက်ပြန်သဉ်၊
ရာန်မငြိမ်း၍့၊ ကိန်းနှင့်တမျှ။ ကောသလ၏့၊ သောဠသ-စာ၊ ဤရာဇာကို၊
မြတ်စွာရှင်စောက၊ ဟောမြွက်ဘိ။

စိန္တေငယ်ထွဋ်ဖျား၊ မိန့်တော်ထားသည်၊ ထင်ရှားရှိလျက်၊ မည်သူတွက်ဟု၊ ငဲ့ကွက်ပစ္ဆာ၊ မတင်သာတည့်၊ ဂေါဇာနှစ်တုံ၊ ဂဠုန်နှင့်ကျား၊ ဆင်နဂါးတို့၊ ပျော်ပါးစဉ်ပ၊ ကြာငါးစုံဝယ် ကြိုင်ထုံခသည့်၊ လ-ကျတ္ထိကာ၊ ပုဏ္ဏာကျော်တက်၊ ဆဋ္ဌရက်တွင်၊ ထက်အာကာကြီး၊ လေခရီးမှာ၊ မီးလျှံသဘွယ်၊ ဥဂ္ဂါကြယ်တို့၊ သွယ်လှယ်ကူးလတ်၊ တိထီသတ်ဘွင့်၊ဖြတ်ရွှေနန်းတွင်း၊ ရာန်စစ်ချဉ်း၍့၊ မင်းကိုကိုင်မြောက်၊ ရှစ်ရက်ရောက်မှ၊ အနောက်ဂေါရာ၊ နေဝါလျှံလန်း၊ မှောင်ချိန်ယွန်းဝယ်၊ မြန်းဇမ္ဗူလုံး၊ ကံမထူသည် ရာန်သူမှုန်း၍၊ ကိုင်းလုံးပြစ်ခွာ၊ သူဆောင်ရာသို့၊ ပါရှာတော့ပ၊ သင်္ခါရဖြစ်ပုံကို၊ စိတ်အာရုံ- ထင်နောငယ်နှင့်၊ စောတော့ဉာဏ်ရှိ။ ။

(‘ဆီးဘန်နီဆရာတော်၏ မြေး ဦးကလျာဏ ကိုယ်တိုင်က ကင်းဝန်မင်းကြီးရေးသည်ဟု မှတ်သားထားသည်’ လို့ဆရာကြီး နန်းညွန့်ဆွေရဲ့ ၁၉၆၁-ခုနှစ် နိုဝင်ဘာလ ထုတ် ရှုမဝမဂ္ဂဇင်းပါ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။)

ဒီလေးချိုးကြီးမှာ ကောသာလ၏ သောဠာသ-စာ လို့ပါတဲ့အတိုင်း မှူးမတ်တွေရဲ့ အပြစ်မဟုတ်ဘဲ ကောသလအိမ်မက် ၁၆-ချက်အရ ခေတ်ကြီးဟာ ဖောက်ပြန်တဲ့ခေတ်ဖြစ်ကြောင်း၊ ရှေးထုံးကို ပယ်ပြီး ရှေ့ဆောင်နွားလား အကောက် သွားလို့ နောက်နွားစဉ်ဆိုက် လမ်းကောက်လိုက်ကြပုံ၊ ပျက်ချိန်ကျပြီမို့ ကောင်းကင်နက္ခတ်တာရာတွေ ဖောက်ပြန်နေကြပုံ တွေကို တွေးဆကြည့်ရင် ပျက်ချိန်တန်၍ ပျက်ရကြောင်း စသည်ဖြင့် ချေပ ရေးသား ထားတာကို တွေ့ရပါမယ်။
ဒါကြောင့် ဆရာတော်က တဖန် ထပ်ပြီး ဒီလေးချိုးကြီးကို ချေပဖြေဆိုတဲ့ တမ်းချင်းဧကပိုဒ်လင်္ကာကို ထပ်ရေးသား လိုက်ပါတယ်။

ဆီးဘန်နီ ဆရာတော်ဘုရား ထပ်မံ၍ ဆိုတော်မူပြန်သော ဧကပိုဒ် တမ်းချင်း။

တဖန်မှတ်စေ၊ ထပ်၍ဖြေပိမ့်၊ သံဝေရမှု၊ ရှေးကပြုသည်၊ ရတုဖိုးထိုက်၊ ဧကပိုဒ်ကို၊ လိုက်၍ဖြေပေ၊ ဉာဏ်ကဝေတို့၊ ဖြစ်လေရှေးက၊ ကောသလ၏၊ သောဠသဇာတ် (သုဝိန္နဇာတ်)၊ အတ္ထုပ္ပတ်နှင့်၊ သတ္တဝါ့ကြမ္မာ၊ သင်္ခါ(ရ)တရား၊ နွားလားရှေ့ဆောင်၊ ပမာမြှောင်လျက်(၍့)၊ မင်းခေါင်ကိုသာ၊ ပြစ်ရှာဖန်ဖန်၊ ဆိုပြန်ဘိဘိ၊ ထိထိပါးပါး၊ စကားဖောက်လှဲ၊ ကိုယ်ကိုလွှဲလည်း၊ မလွှဲစသာ၊ ဤအရာဝယ် (မှာ)၊ ပမာထင်ထင်၊ ကဗျာတင်က(မူ)၊ ပေါက်ပင်ကိုင်းငြိတ်၊ ဗျိုင်းနိမိတ်ကို၊ ဖိုလ်ဟိတ်ခတ်(စပ်)ကာ၊ စပ်(ဟတ်)၍ရှာမူ၊ သတ္တဝါဘူဇဂ၊ ချင်းမူလဟု (ချင့်မူလကို)၊ သိရသောနှယ်၊ မလွတ်ဘွယ်တည့်၊ နွယ်မာလောညွန့်၊ ဆင်ခြေကွန့်လည်း၊ မလွန့်မသာ (မလွန့်စသာ)၊ အကြောင်းမှာကား၊ (ရွယ်)ငယ်စွာနုမြစ်၊ ကြလိုမျှစ်သို့၊ မြေးမြစ်အလား၊ မင်းနှစ်ပါးတို့၊ တိုင်းကားနှင်းထပ်၊ ကိုယ်ကိုအပ်၍၊ ပညာတ်စေကြောင်း၊ မှူးမတ်ပေါင်းအား၊ ဆိုးကောင်းအရေး၊ လွှဲဝေပေးလျက် (လွှဲအပ်ပေးလျက်)၊ တရွေးတရတီ၊ တဗီဇဝါ (တဗီဇနာ)၊ တမြူလွှာမျှ၊ ရသာအထူး၊ ဂုဏ်ကျေးဇူးကို (သည်)၊ မှူးမတ်ထံမှ၊ မခံရရှင့်၊ သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင် (တည့်)၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ် (သုညရလစ်) [သုဉ်းနှင့်ရလစ်]၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏ ... ။

မှတ်ချက်။ ။ လက်သည်းကွင်း (..) အတွင်းစာသားများမှာ ကဗျာသင်္ဂဟမေဒနီ ကျမ်းပါ စာသားများဖြစ်ပါသည်။ ထောင့်ကွင်း [..] အတွင်းရှိ စာသားမှာ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၄ တွင်ဖော်ပြထားသော မူကွဲ ဖြစ်ပါသည်။ သုဝိန္နဇာတ်ဟု ကဗျာသင်္ဂဟမေဒနီ ကျမ်းတွင် ဖော်ပြပါရှိသော်လည်း မူရင်းပထမ မှတ်ပါရစ်စေ-ချီ ဧကပိုဒ် တမ်းချင်းကို မဟာဒါဏ်ဝန်မင်း ဦးရွှေဝ (ကင်းဝန်မင်းကြီး - မူကွဲ) ချေပရေးသားသည့်လေးချိုးကြီးတွင် "သောဠသ-စာ၊ ဤရာဇာကို ..." ဟု ပါရှိသောကြောင့် သောဠသဇာတ် မှာ ပို၍ သင့်လျော်သော စာသားဖြစ်မည်ဟု ယူဆပါသည်။

မင်းတုန်းမင်းတရားကြီး လက်ထက်ကစလို့ မင်းဆရာဖြစ်ခဲ့တဲ့ ဆရာတော်ဟာ အတွင်းသိ၊ အပြင်သိ၊ ဓာတ်သိရပ်သိ ဆိုသလို ဖြစ်နေတာမို့ ဆရာတော်ကို ဆင်ခြေကန်လို့ မလွယ်လှပါဘူး။ နီးစပ်ရာကိုကပ်ပြီး တွယ်တက်တတ်တဲ့ သစ်တက်နွယ်လို မှူးကြီးမတ်ကြီး ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ဆရာတော်ဟာ အတော်ပဲ မကျေမနပ် ဖြစ်နေဟန်တူပါတယ်။ မာလောနွယ်တွေ (သို့မဟုတ်) ကပ်ပါးရပ်ပါး ဖော်လံဖား ဝန်ကြီးတွေက ကောသလမင်းအိပ်မက်တွေ၊ သင်္ခါရတရားတွေ၊ ရှေ့ဆောင်နွားလားတွေ ဘာတွေနဲ့ ဘယ်လိုပဲ ဆင်ခြေဆင်လက်တွေ ပေးပြီး ဘုရင်ကို အပြစ်ပုံချလို့ ကိုယ့်ကိုယ်ကိုယ် ရှောင်လွှဲနေပေမဲ့ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ် ... ဆိုတဲ့စကားအတိုင်း မှူးမတ်ဝန်ကြီးတွေ အပေါ်မှာပဲ တာဝန်ရှိတယ်။ မလိမ္မာသေးတဲ့ အကလေးအရွယ် မြေးသဖွယ်ဖြစ်သော မင်းနှစ်ပါးကို တာဝန်ပုံပြီး လွှဲမချပါနဲ့။ မင်းနှစ်ပါးတို့က အစစ အရာရာ တိုင်းရေးပြည်ရေးဟူသမျှကို မင်းကြီးတို့ထံ အပ်နှံထားပါလျှက်နှင့် မင်းနှစ်ပါးခမျာမှာ မှူးကြီးမတ်ကြီး ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေဆီက ကျေးဇူးကို တပြားသား တရွေးသားမျှ မခံစားရဘဲ ဒုက္ခခံစရာရှိတော့သာ ၄င်းတို့ခံသွားရရှာတယ်၊ နောက်ဆုံးတော့ ထီးနန်းလည်း ဆိတ်သုဉ်း၊ မင်းလည်း ဆိတ်သုဉ်း၊ တိုင်းပြည်လည်း ဆိတ်သုဉ်း ရတဲ့ “သုဉ်းသုံးဝ” နဲ့ တွေ့ကြုံနေရတဲ့ “သုညခေတ်” ကြီးမှာ လူဖြစ်နေရတာနဲ့စာရင် သေရတာကမှ ပိုပြီး ကောင်းပါသေးရဲ့ ဆိုပြီး ဆရာတော်က မကျေနိုင် မချမ်းနိုင်သည့် စိတ်ရင်းကို ရှင်းထုတ် ရေးသားပြီး သံဝေဂ ပွားများထားတာကို တွေ့နိုင်ပါတယ်။

(ဆရာကြီးနန်းညွန့်ဆွေရဲ့ ဆောင်းပါးကို ဖော်ပြပေးတဲ့ ကို စောသက်လင်းကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ)

ဟယ်ရီ


အကိုးအကားများ
၁) မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၄ (စောင်း-တူ)၊ အပိုင်း (က)၊ စာမျက်နှာ-၁၅၃။ ဆီးပန်းနီဆရာတော်။
၂) ဖတ်မိဖတ်ရာ....ဆရာကြီးနန်းညွန့်ဆွေ၊ ဆီးပန်းနီ ဆရာတော်။ (http://sawthetlin.blogspot.com/2011/06/blog-post_14.html)

Read More...

Tuesday, 28 June 2011

လင်္ကာတလင်း၊ စစ်ခင်းရာဝယ်

မြန်မာစာပေလောကမှာ စာတွေ၊ ကဗျာတွေ၊ လင်္ကာတွေနဲ့ အပြန်အလှန် တိုက်ပွဲဆင်ကြတဲ့ ဖြစ်ရပ်လေးတွေ ရှိပါတယ်။ ဗန်းမော်ဆရာတော်နဲ့ သီလရှင် မယ်ကင်း၊ မာန်လည်ဆရာတော်နဲ့ ဦးပဒုမ၊ အစရှိသဖြင့်ပါ ... ဒီအထဲကမှ ကုန်းဘောင်ခေတ်နှောင်း စာဆိုအကျော်နှစ်ဦးဖြစ်တဲ့ အချုပ်တန်းဆရာဖေနဲ့ ဦးပုညတို့ရဲ့ စိတ်ဝင်စားဖွယ် ကဗျာလင်္ကာတိုက်ပွဲအကြောင်းကို တင်ဆက်လိုက်ပါတယ်။ ရတနာပုံနေပြည်တော်ရဲ့ ဇာတ်သဘင်လောကအတွက် စာတွေဖွဲ့သီကြရင်းက ပြိုင်ဆိုင်မှုလေးတွေ၊ ဂုဏ်ရည်ပြမှုလေးတွေ ရှိလာကြပါတယ်။
တနေ့မှာ နန်းတွင်းဇာတ်ခေါင်းဆောင် မင်းသမီးကြီး ယင်းတော်မလေး ကြင်ဖော်ကွဲခန်းမှာ သီဆိုဖို့ ငိုချင်းကို ဆရာဖေက အောက်ပါ အတိုင်း ရေးပေးခဲ့ပါတယ် ...

သည်ဘဝ၊
သည်မျှနှင့် တန်ရချေ။

နောင်ဘဝခါမှ၊
မောင်လှကိုပိုလို့ချစ်မယ်၊
မျိုးစစ်တဲ့ဆွေ။

ဗုဒ္ဓဟေ၊
ညောင်ရွှေကွဲ့ သဖန်း။

ပွင့်ဝတ်ညှာတံကြွေမှ၊
လွှဲသွေကြတမ်း။ ။

အဲဒါကို ဦးပုညကတွေ့တဲ့အခါကျတော့ ...

သည်တည၊
ညီမနှင့်တန်ရလေ။

နောင်တညခါမှ၊
အမကိုပိုလို့ချစ်မယ်၊
စိုးရစ်နဲ့ဆွေ။

ရှုတ်ပလေ၊
မင်းအမေ တခန်း။

ရင်ဝတ်ဟာ အတန်ကျေမှ၊
ဖွားအေကိုဖမ်း။ ။ ...
ဆိုပြီး အချိုးမပျက် ဖျက်ရေးလိုက်ပါတယ် ...
သက္ကရာဇ် ၁၂၂၆-ခုနှစ်အရောက်မှာတော့ ဆရာဖေဟာ မက္ခရာမင်းသားကြီးရဲ့ အိမ်တော်မှာ အဆောင်ကိုင်ဖြစ်လာပါပြီ။ ဦးပုည နဲ့လည်း အပြိုင်အဆိုင် စာတွေ ချိုးနေကြပါပြီ။ ဒါပေမဲ့ ဦးပုညရဲ့ အရှိန်အဝါက ကြီးလွန်းတော့ မန္တလေးသူ မန္တလေးသားတွေက စာကောင်းပြီဆို ဦးပုညရေးတာလို့ပဲ ထင်ကြ၊ ပြောကြပါတော့တယ်။ တခြားစာဆိုတွေရဲ့ စာတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဦးပုညရေးတယ်ပဲ ဖြစ်ကုန်ကြပါတယ်။ ဥပမာပြရရင် ပန်းစပယ်၊ နန်းအလယ် မပေါ်ခိုက်ဟာမို့ ... ဆိုတဲ့ ဦးစံသူ မှာတမ်းထဲက ဒွေးဆစ်ကလေးကိုတောင် ဦးပုညရေးတာလို့ အမှတ်မှားနေကြတာ အခုထိပါပဲ။ ဒါကြောင့်လည်း ဝန်စာရေး ဦးသာက လွမ်းချင်းတပုဒ်ထဲမှာ ...

စာမကုံးချင်ဘု၊
လုံးလုံးကြီးစိတ်နာ။

ခုအခါ၊
တို့သူငါ သေအောင်ကောင်းစေတော့၊
ရှေးကြောင်းရင်းကုသိုလ်ဖန်၊
နိုင်ငံမှာ ကိုပုညတဲ့၊
သူမှသာ စာပြောင်၊
ပြည်ဘောင်အံ့တဲ့ မင်းပေလေး။

စီပြန်ပါလည်း၊
ဤစာဘယ်က ကိုပုညလို့၊
ဖြစ်ရတော့သာ၊
လွန်ကျော်စောတဲ့ သာပြောဟာ၊
ဆိုရှာသမျှ ကိုပုညတဲ့၊
ခုမှနောက်ပေါ်
ယင်းတော်ခြူးအုံ၊
က, မျိုးစုံတဲ့၊
ပုံတပဲသာ၊
အမူတုံးတို့ သုံးပြန်ရှာ။

ဆရာစလေ၊
သူ့နှုတ်ထွက် သူ့ချက်ပေဟု၊
တည်နေဝန့်ရှင်၊
ခြီးမွမ်းပုံတင်ကြ၊
ဟိုရင်ကစာတွေကို၊
ကိုစလေ သူသီကုံးရော့ထင့်၊
ရွှေမန်းသူ အမူတုံးတို့ရယ်၊
ငြင်းကြအုံးကွယ်လေး ....
ရယ်လို့ စိတ်နာနာနဲ့ ခပ်ငေါ့ငေါ့လေး ရေးဖွဲ့ခဲ့ဖူးပါတယ်။
ဆရာဖေကတော့ နဂိုကတည်းကို သတ္တိကောင်းပြီး မဟုတ်မခံ ခပ်ဘွင်းဘွင်း၊ ခပ်ရှင်းရှင်းပြောတတ်တဲ့သူမို့ စာလေး ကဗျာလေး ကောင်းပြီဆိုရင် ဦးပုည ရေးတာလို့ စွတ်ပြောတတ်တဲ့သူတွေကို ကဗျာ့အာဘော်နဲ့ ဒီလို ကလော်ဆဲ လိုက်ပါတယ်။

စလေဉာဏ် တောပါးစပ်က၊
ပြောစမှတ် နန်းမူ၊
လောကဓာတ်ဘလန်းဆူပြီ၊
မန်းပြည်သူအများ၊
နဘေက ခြေမပါတယ်၊
စလေစာ ကြိုက်ကြလေငြား။

ဆန်းအနုယဉ်ရာတွင်၊
ပညာရှင်အများ၊
လင်္ကာယဉ်စာသွားမတော့၊
မညှာအား နှိပ်နယ်၊
စာကောင်းရင် မအေပေးတွေက၊
စလေရေး ဆိုကြပြန်တယ်။

တို့များဖြင့် မှန်တကယ်၊
ဉာဏ်မငယ်ကံစောင်းလို့၊
ပြန်ပြောင်းလို့ မပြောချင်၊
ဟော ခုခေတ်တွင်၊
တောပါးစပ် ရိုင်းမယဉ်ကို၊
မနှိုင်းချင်ပြီဘူးကွဲ့လေး။ ။

ဆရာဖေက ဒီတေးထပ်ကို ရေးရတာဟာ တပယ်မင်းသားက ခိုင်းလို့ရေးတာ လို့ ဆိုကြပါတယ်။ တခါက တပယ်မင်းသား ဟာ ဦးပုညကို ကဗျာတပုဒ်ရေးခိုင်းချင်လို့ အခေါ်လွှတ်ပါတယ်။ အဲဒီအခါ ဦးပုညက “မင်းသားအစစ်တွေခိုင်းတာကို ရေးနေရသေးတယ် ...၊ ယမနေမင်းသား ရေးခိုင်းတာ မရေးအားသေးဘူး ...” လို့ လာခေါ်တဲ့သူကို ပြန်ပြော လွှတ်လိုက်ပါတယ်။ ဒါကြောင့် တပယ်မင်းသားက စိတ်ဆိုးပြီး ဆရာဖေ့ကို ဒီလိုမျိုး တေးထပ်ရေးခိုင်းတာလို့ အဆိုရှိပါတယ်။
ဒီတေးထပ်ဟာ တစ တစ ပျံ့နှံ့သွားရာက ဦးပုည ဆတ်ဆတ်ခါ နာပါတော့တယ်။ အချုပ်တန်းဆရာဖေဟာ အင်းဝမြို့မှာ မွေးဖွားတယ်လို့ ဆိုပါတယ်။ ဦးပုညကတော့ စလေမြို့မှာ မွေးဖွားတာပါ။ အဲဒီအချိန်ကတော့ စလေဟာ မြို့ငယ်လေး မျှ သာဖြစ်ပြီး အင်းဝကတော့ မြို့တော်ဖြစ်တဲ့အတွက် (ရတနာပုံ နေပြည်တော် မတည်ရသေးချိန်) ဆရာဖေက ဦးပုညကို တောပါးစပ် လို့ ခပ်နှိမ်နှိမ် ဆိုလိုက်တာပါ။ ဒါနဲ့ ဦးပုညကလည်း စိတ်ပေါက်ပေါက်နဲ့ ဆရာဖေရဲ့ ရုပ်ရည်ကို ဖော်ပြီး ပြန်တွယ်လိုက်ပါတယ်။

ခါးတောင်းကျိုက် ပိတုန်းပိတ်ကယ်နှင့်၊
ကျုံးထိပ်က ငဖေ၊
ကုန်းပြိတ္တ တစ္ဆေလို၊
အသရေ ဟိတ်နွမ်း၊
အသွင်နှင့်အမြင်မှန်တယ်၊
ဘဝင်္ဂံ (ဘဝင်ခံ) မဲတဲ့စိတ်နှမ်း။

မနှိုင်းအပ် မယှဉ်သာ၊
နင်ဘာပြု သော့သွမ်း (ဟော့ရမ်း)၊
ဝင်္ကာခု ဟော့ရမ်း (သော့သွမ်း)လို့၊
ကြော့ကြမ်းလိုက်လေတယ်၊‎
ကြောင်းမတန် စောင်းမာန်ခက် (တက်)၊
ပြောင်းပြန်ရှက် ရှက်ရချေမယ် (ရှက်ဖို့ဆိုမယ်)။‎

ဆီးစေ့နှင့်မြင်းမိုရ်ရွယ်သလို၊‎
ခင်းဆိုဘွယ် ကြောင်ကျားနှင့်၊‎
ဖားခြင်္သေ့ ရွှေဟင်္သာ၊‎
ကျီးနက် (ကျီးမိုက်) ပြိုင်လာ၊‎
နဂါးနှင့် တီလောက်ကွာတယ်၊‎ (နဂါးနဲ့ တီပမာနှယ်)၊
ရီစရာ သောက်ရူးမို့လေး (ခြေထောက်တာ လွန်လွန်းလို့လေး)။ ။‎

အချုပ်တန်းဆရာဖေက အသားမည်းမည်း၊ အရပ်ပုပျပ်ပျပ်နဲ့ လက်ပြင်နည်းနည်းကုန်းတာမို့ ဦးပုညက ကုန်းပြိတ္တ တစ္ဆေလို၊ အသရေ ဟိတ်နွမ်း ... ဆိုပြီး ဆော်လိုက်တာ ဖြစ်ပါတယ်။ ဒါကို ဆရာဖေ ကြားတော့ သူကလည်း ဦးပုညရဲ့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ဖြစ်တဲ့ ကုတ်ခွင် သေးသိမ်နေတဲ့ လက်ကလေးကို ဖော်ပြီး မခံချင်အောင် ပြန်စပ်ပါတယ် ...

ကဗျာစီ မောင်ပုည၊
ဆောင်ဂုဏ်ပြ ထုတ်လျှင်၊
တောင်ခြုံက ပုတ်သင်လို၊
ကုတ်ခွင်သိမ် လက်သေး။
မင်းမြှောက်လို့ သင်းလောက်ကျော်တယ်၊
ထွင်းဖောက်ကော် ဉာဏ်မျိုးနှင့်ဝေး။ ။

ဒီကဗျာလေးဟာ ဒွေးချိုးလို့ ဆိုနိုင်သလို တေးထပ်ရဲ့ ပထမအပိုဒ်ကြီး စပ်နည်းအတိုင်း (တက်ပိုဒ်၊ ခံပိုဒ်၊ အုပ်ပိုဒ် နဲ့စပ်ထားတာဖြစ်ပါတယ်။
ဒါတွင်မကသေးပါဘူး၊ ဆရာဖေက နောက်ထပ် တေးထပ် တပုဒ်နဲ့ ထပ်နှက်လိုက်ပြန်ပါတယ်။

ဇဇ္ဇန္ဒာ ဧဠ၊ (အမိဝမ်းတွင်းပါ ကိုယ်အင်္ဂါချို့တဲ့သူ)
စလေက ပုညံ၊
အခြေက ဂုဏ်ခံသော်၊
ပုံသဏ္ဌာန်ဆိုပြ၊
ကုသလ ဥပေက္ခာ၊
လူဖြစ်လာ သန္တီရဏ။

သန္ဓေချင်း မတူပါ၊
အယူမှာ ကွာလှ၊
နမူနာစာအရကိုတော့၊
ကမ္ဘာက အသိပါ၊
ဝိပါက်မှာ မဟာတပ်ပါလို့၊
လာကပ်တဲ့ မန်းမြို့ဆရာ။

သန္ဓေချင်း တာလောက်ကွာတယ်၊
ဝါမောက်ကာ ဆိုင်မတုချင်နဲ့၊
ပြိုင်ပြုက မနုဿဌာနီ၊
မုချကွာမည်၊
ဥက္ကဋ္ဌ အာဇာနည်ကို၊
စာပလီ ရေးလာနှင့်လေး။ ။

ဒါနဲ့ ဦးပုညက သူ လက်ခွင်နေရတာဟာ မွေးရာပါ မဟုတ်ကြောင်း ဒီလို ပြန်ချေပပြီး ရေးလိုက်ပါတယ် ...
ကရုဏေ ရွယ်ကာလ၊ (နုပျိုသူ)
ငယ်ခါက ကျောင်းနေ၊
ဘယ်ညာချ စောင်းအနေမှာ၊
လောင်းကဝေ ငါ့အား၊
အိပ်ပျော်ခိုက် (ဘ)အလာမှာ၊
မ, ကာသာ တွန်းချလေငြား။

သို့အတွက် ပညာသိမ်သည်၊
ငါကဝိန် သူ့အား၊
တာလနိန် လူ့ငနွားက၊
အရှုမှားလေတယ်၊
ငဖေရယ် စလေတုပေမဲ့၊
မေရုနဲ့ မြင့်မိုရ်ကွာမယ်။

သူရာနှင့်သိကြားနှယ်၊
ဘုရားဝယ် မာရ်နတ်သို့၊
စာတတ်နှင့် အ,သူပမာ၊
အဲတာလောက်ကွာ၊
ကေဝဋ်နှင့် မဟော်သဓာလို၊
အတော်ကွာ ခြားလှပါလေး။ ။

(ဒီနေရာမှာ ဒီတေးထပ်နှစ်ပုဒ်ဟာ ဦးပုည နဲ့ ဆရာဖေ ရေးတာမဟုတ်ဘဲ တခြား မလိုသူတွေက တမင်ရေးတာလို့လည်း ဆိုပါတယ်။ ဦးပုည လက်သိမ်တာဟာ မွေးရာပါသာဖြစ်ကြောင်း ဟံသာဝတီ ဦးဘရင်နဲ့ နော်ရထာသီရိတို့ရဲ့ မှတ်တမ်းတွေအရ သိနိုင်ပါတယ်။ အဲဒီမှာ ရေးထားတာက ဦးပုညရဲ့ ညာဘက်လက် ငါးချောင်းမှာ လက်မ တခုသာ အကောင်းဖြစ်ပြီး ကျန်တဲ့လက်ချောင်းလေး ၄-ချောင်းစလုံး အလယ်အဆစ်ကနေ ပြတ်ပြီး ဝမ်းတွင်းပါ မွေးလာတယ် လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ဆက်ဖော်ပြမယ့် တေးထပ်မှာလည်း “မူဆန်းလို့ ဂူနန်းချောင်မှာ၊ ဆူကျွမ်းလောင် တေဇကြောင့်၊ လေ,ခ လို့ ဘယာချွေ၊ ဘွားခဲ့ မေမေ ...” လို့ ဦးပုညကိုယ်တိုင် ရေးဖွဲ့ထားတယ် လို့ ဆိုပါတယ်။)

အဲဒီအခါ ဆရာဖေက ဒွေးချိုးလေးနဲ့ ဒီလို ထပ်ပြီး နှိပ်ကွပ်လိုက်ပါတယ်။

လောကေ ဟတ္ထေချို့လျှင်ဖြင့်၊
လူဘို့မကောင်း။

မန်းကနက်မှာလ၊
စန်းလက် ဇာတာပြောင်လို့၊
ကဗျာလှောင် နဘေတေးကိုလ၊
ဆရာယောင် စလေရေးတယ်၊
တွေးဆသင့်ကြောင်း။ ။

ကိုယ်လက်အင်္ဂါချို့တဲ့နေရင်တော့ (ဝမ်းတွင်းပါဖြစ်စေ၊ မွေးဖွားပြီးမှ အကြောင်းတခုခုကြောင့်ဖြစ်စေ) လူအဖို့ မကောင်းတာ အမှန်ပဲ လို့ နှိပ်လိုက်တာပါ။ အဲဒီအခါ ဦးပုညဟာ အလွန်ဒေါသထွက်သွားတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ဂမ္မဒေါသသင့်တဲ့ အရေးအသားတွေနဲ့ ခပ်ကြမ်းကြမ်း နှိပ်ကွပ်ရာမှာ ပြောင်မြောက်လှတဲ့ ဗန်းမော်ဆရာတော်ကြီးရဲ့ တပည့်ရင်းပီပီ ဂမ္မဒေါသနဲ့ မဖွယ်မရာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးပြီး ပြန်လည်ချေပ ရေးသားလိုက်တဲ့ ဟောဒီ နာမည်ကျော် တေးထပ် ထွက်ပေါ်လာပါတော့တယ်။

ဂျပ်ကောင်နှယ် ပန်းကြားက၊‎
သန်းစကားသု (ခု) ဝါ၊‎
ရမ်းကားလို့ တုလာလျှင်၊‎
ဥပမာဆိုစို့၊‎
ချေးပုံနှင့်မြင်းမိုရ်တောင်၊‎
ခင်းဆိုရောင် နှိုင်းကြပါစို့။‎

သေးကွက်နှင့်ပင်လယ်၊‎
နင်တကယ်ထင်လို့၊‎
သဘင်ဝယ် ယှဉ်မတို့လေနဲ့၊‎
သခင်တို့ ဦးချီ၊‎
အုန်းမှုတ်လိုအနေစားတွေက၊‎
ရွှေဖလား မနှိုင်းသင့်ပြီ။‎

ဥတုနှင့်ပုစွန်ဆီ၊‎
‎ဒွန်ပီပီ ယှဉ်တွဲလို့၊‎
စပ်ဖဲ အတွင်းခံ၊‎
‎ရိုင်းမိုက်တဲ့ဉာဏ်၊‎
မိုးကြိုးနှင့် အီးသံလို၊‎
ခရီးမှန်ကွာလွန်းလှလေး။ ။‎ ...

ဒီလို ကြမ်းရမ်းလိုက်ရုံနဲ့ အားမရသေးတဲ့အတွက် အချုပ်တန်းဆရာဖေဟာ မုသားပြောတဲ့နေရာမှာတော့ စေတီယမင်းနဲ့ ဖွားဖက်တော်ဖြစ်တဲ့အကြောင်း၊ မမှန်တဲ့နေရာမှာတော့ ကုန်းဘောင်ခေတ်တုန်းက သင်္ဘောနဲ့လာတဲ့ “မှန်” တွေကို ရောင်းတဲ့အခါမှာတောင် “မှန်” လို့ မခေါ်ဘဲ “မှား” ခေါ်ဆိုပြီးရောင်းမယ့်သူဖြစ်ကြောင်း၊ ယောင်ပြီးများ “မှန်” လို့ ခေါ်မိရင် အာခေါင်ကို ဖဲ့လိုက်ပါလို့တောင် မောင်းလှည့်ကြေညာကာ ရောင်းမယ့် လူစားမျိုးဖြစ်ကြောင်း တေးထပ်လေးနဲ့ ထပ်ပြီး ဆော်လိုက်ပါတယ် ...

စေတီယလက်ထက်က၊‎
ဖွားဖက်တော်ရဲဗိုလ်၊‎
မဟုတ်မှသူဆိုတယ်၊‎
တကိုယ်လုံးမုသား၊‎
အလွဲမျာ့းဘုရင့်ငယ်၊‎
အလိမ်တွင် မင်းတရာ့ဖျား။‎

အမှားမျာ့း ဥသျှောင်ငယ်၊‎
အကောက်တောင် ပိုင်စား (သား)၊‎
သင်္ဘောပါ မှန်ကုန်များကို၊‎
မှားခေါ်လို့ရောင်းစေ၊‎
မှန်ဆိုလျှင် အာကိုဖဲ့စေဟု၊‎
မောင်းလှည့်မယ့် လူစားပါပေ။‎

တမိုးအောက်လူ့ပြည်မှာ၊‎
သည်မောင်ဖေ (သည်တဖေ) တပါးသာဖြင့်၊‎
မုသားစောင်ဖြူ(ကို) ခြုံ၊‎
ပိန်းပိတ်လို့မှုန်၊‎
မျက်လှည့်ကြီး ဉာဏ်(မျိုး) စုံတယ်၊‎
လှည့်စားပုံဆန်းပေငဲ့လေး။ ။‎

ပြီးတော့မှ ပွဲသိမ်းတိုက်ကွက် အနေနဲ့ သူ့ကိုယ်သူ ကိုယ်ရည်သွေး ဂုဏ်ပြ တေးထပ်တပုဒ် ထပ်ပြီးရေးလိုက်ပါတော့တယ်။

သပြေမှာ ကဝေမြောက်၊
စလေရောက်သူပါ၊
မင်းလှဘွဲ့သင်္ခယာ၊
ရွာစည်ရွာ ပိုင်စား၊
မောင်ပုည ခေါ်ဆိုသည်၊
ညာရွှေကို လက်ကမအား။

တွက်စစ်တော့ ဆစ်တတောင်ဟာ၊
သူမအောင် သွေရှား၊
ဖန်ရဝေ သန္ဓေဘွားစဉ်က၊
ကံခေညား လူ့ဘောင်၊
သဏ္ဌာန်အမှန်ယုတ်သော်လဲ့၊
ဉာဏ်အဂ္ဂ ထွန်းတဲ့အရောင်။

မူဆန်းလို့ ဂူနန်းချောင်မှာ၊
ဆူကျွမ်းလောင် တေဇကြောင့်၊
လေ,ခ လို့ ဘယာချွေ၊
ဘွားခဲ့ မေမေ၊
သောင်းဒီပ ဇမ္ဗူမြေမှာ၊
တူသူလေ ရှားပါလိမ့်လေး။ ။

အဲဒီနောက်ပိုင်း ဆရာဖေက ပြန်လည်ချေပတဲ့ စာတွေ မတွေ့ရတော့တာကြောင့် ဒီမှာပဲ ဦးပုညက ပွဲသိမ်းလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဦးပုညရဲ့ စာတွေဟာ ပိုပြီးသာတယ်လို့တော့ ပညာရှင်အများက မှတ်ချက်ချကြပါတယ်။ ကျနော်ကတော့ သူတို့ နှစ်ယောက်လုံးရဲ့ စာတွေကို ကြိုက်တာပါပဲ။ စကားလုံးပြောင်မြောက်မှုနဲ့ နဘေအရေးအသားမှာတော့ ဦးပုညက ပိုသာတယ်လို့ ကျနော်လည်းထင်ပါတယ်။ ဒါပေမဲ့ ဦးပုညရဲ့စာတွေဟာ ဘုန်းတော်ဘွဲ့တွေသာ များနေသလိုဖြစ်နေပြီး ဆရာဖေရဲ့ စာတွေကတော့ သာမန်ပြည်သူတွေနဲ့ ပိုနီးစပ်ပြီး ဇာတိသွေး၊ ဇာတိမာန်လည်း တက်ကြွစေတဲ့ စာတွေ ပိုရေး ခဲ့တယ်လို့ ကျနော်ယူဆမိပါတယ်။ ဦးပုညဟာ လွတ်လပ်ရေးမဆုံးရှုံးခင်မှာ ကွပ်မျက်ခံလိုက်ရတာကြောင့် ဇာတိမာန် စာပေတွေ ရေးခွင့်မရခဲ့တာလည်း ဖြစ်နိုင်တယ်လို့ပဲ အတွေးနယ်ချဲ့နေမိပါတယ် ...
ဘယ်လိုပဲဖြစ်ဖြစ် ကုန်းဘောင်ခေတ်နှောင်း စာဆိုအကျော် နှစ်ဦးရဲ့ ကဗျာလင်္ကာတိုက်ပွဲကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ...

ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 21 June 2011

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၁) - စောင်းညှို့သံချီ လင်္ကာစီ၍

ခင်ခင်ရေ ...
ခင်ခင်နဲ့စကားမပြောဖြစ်တာလည်းကြာပြီ ... ဒါကြောင့်မို့ အခု ခင်ခင်ကိုပြောပြချင်တဲ့ ပုံပြင်တွေကို ဒီမှာပဲ ပြောပြတော့ မယ်နော် ...
ညချမ်းအခါတွေမှာ ချစ်သူရဲ့ အိမ်ရှေ့ ... ပြတင်းပေါက် အောက်နားကနေ ဂစ်တာလေးနဲ့ သီချင်းသံလေးတွေ သီကျူး ပြတတ်ကြတာကို ခင်ခင် ကြုံဖူးလိမ့်မယ် ထင်ပါရဲ့။ ခင်ခင်တို့ အိမ်နားမှာလည်း ဒီလိုပဲ လာပြီး တေးသီခဲ့ကြလိမ့်မယ် ထင်တယ်နော်။ အဲဒါကို သိုးဆောင်းဘာသာစကားနဲ့တော့ Serenade လို့ ခေါ်တာပေါ့။ အဲဒီလို ချစ်ခြင်းဖွဲ့ သံစဉ်တေးတွေ သီခဲ့ကြတာ လူ့ပြည်မှာတင်မဟုတ်ဘူး ခင်ခင်ရဲ့။ ဟိုး ထက်မိုးယံက တာဝတိံသာ နတ်ပြည်မှာလည်း ဒီလိုပဲတဲ့။ Serenade ဟာ လက်စသတ်တော့ တာဝတိံသာနတ်ပြည်က စခဲ့တာကိုး ...။
ကဲ ... ပုံပြင်ဆိုတော့လည်း ဟိုး ... ရှေးရှေးတုန်းက လို့ပဲ စရမှာပေါ့။

ဟိုး ... ရှေးရှေးတုန်းက တာဝတိံသာ နတ်ပြည်ကြီးမှာ နတ်သားလေး တပါး ရှိသတဲ့။ အဲဒီနတ်သားလေးရဲ့နာမည်က “ပဉ္စသီခ” တဲ့။ သူက အရမ်းလှတဲ့ နတ်သမီးလေးတပါးကို ချစ်မိပါရောတဲ့။ ဒါပေမဲ့ သူ့ရဲ့ဆရာသမား သိကြားမင်းကြီးက ချစ်သူကို စစ်ခင်းပြီး အရယူနိုင်သလို သူကတော့ စစ်ခင်းနိုင်စွမ်းမရှိရှာဘူးလေ။ အဲဒီတုန်းက သူက သာမန်နတ်သားလေးပဲကိုး။ သူချစ်မိတဲ့ နတ်သမီးလေး က “သူရိယဝစ္ဆသာ” တဲ့။ ရွှေမန်းတင်မောင်ကြီး ဟဲသွားတဲ့ “အို ဒေဝစ္ဆရာ .... ရွှေနတ်ကညာ အလှတကာတို့ ... ပေါင်းကာ စုဝေး ... လှဟန်ပေး လှရေးခြယ်ကာ ...” ဘာညာ ဆိုတဲ့ သီချင်းထဲက ဒေဝစ္ဆရာ ဆိုတာ အဲဒီ နတ်သမီးပဲပေါ့ ခင်ခင်ရယ်။ သူက တိမ္ဗရု နတ်စစ်သူကြီးရဲ့သမီးတော်လေးပေါ့။ ဒီတော့ကာ ဂုဏ်ရည်ချင်းကမတူလေတော့ နတ်သားလေးခမျာ နတ်သမီးလေး နားကို မကပ်နိုင်ဘူးပေါ့လေ။ ယောက္ခမလောင်း နတ်မင်းကြီးကလည်း သာမန်နတ်သားလေးဆိုတော့ သဘောမတူဘူး ထင်ပါရဲ့။ ဒါပေမဲ့ နတ်သားလေးက စောင်းတီး အလွန်တော်သတဲ့။ ဒီဇိုင်းကလည်း လန်းတယ်နဲ့တူတယ်။ သူက ဥသျှောင်ငါးခုနဲ့လေ။ လန်ထွက်နေမှာပဲနော်။ ပဉ္စ ဆိုတာက ငါးခု၊ သီခ ဆိုတာက ဦးစွန်းလို့ အနက် ရတယ်တဲ့။ သူ့မှာ နတ်စောင်းတလက်လည်း ရှိတယ် ခင်ခင်ရဲ့။ အဲဒီစောင်းကတော့ တခါတီးလိုက်ရင် လေးလကျော်မှ အသံစဲတယ် ဆိုတဲ့ ဗေလုဝ နတ်စောင်း ပါပဲ။ Sustain သိပ်ကောင်းတော့ ဒီခေတ် instrument တွေလို electronic effect တွေ ဘာတွေ မလိုဘူးပေါ့။ စောင်းရဲ့ နာမည် အပြည့်အစုံက “ဗေလုဝပဏ္ဍု” တဲ့။ ပါဠိတော်တွေမှာတော့ “ဗေလုဝပဏ္ဍုဝီဏ” လို့ ပြထားတယ်။ ဒီစောင်းကြီးက အသံရှိန် သိပ်ရှည်သလို စောင်းကလည်း အကြီးကြီးပဲကိုး၊ စောင်းလက်ရုံးကတင် သုံးဂါဝုတ်ရှိတယ်ဆိုပဲ။ စောင်းက ဥသျှစ်သီးမှည့် အရောင်ရှိတယ်ဆိုတော့ အဝါဖျော့ဖျော့ပေါ့နော်။ ပါဠိလို ဗေလုဝ ဆိုတာ ဥသျှစ်သီးလို့အဓိပ္ပာယ် ရသတဲ့။ စောင်းအိုးကရွှေနဲ့လုပ်ထားပြီး စောင်းလက်ရုံးက ဣန္ဒနီလာ ကျောက်၊ စောင်းကြိုး(ညှို့) တွေက ငွေကြိုးတွေ၊ စောင်းကြိုးရစ်တဲ့ ခင်တံလို့ခေါ်တဲ့ မှင်ရိုးက သန္တာနဲ့ လုပ်ထားတာတဲ့၊ ရွှေစောင်းအိုးမှာ ငွေညှို့တပ်ပြီး ဣန္ဒနီလာကျောက်တွေ၊ သန္တာကျောက်တွေနဲ့ ဆင်ယင်ထားတဲ့ စောင်းကြီးဟာ အရမ်းလှ မှာပဲနော်။
ဒီစောင်းကလည်း ရာဇဝင်နဲ့နော်။ မြတ်စွာဘုရားကို အမြဲတမ်းလိုက်ပြီး အနှောက်အယှက်ပေးနေတဲ့ မာရ်နတ်မင်းကြီးကို သိတယ်မဟုတ်လား။ အဲဒီ ပရနိမ္မိတ ဝဿဝတ္တီနတ်ပြည်က မာရ်နတ်မင်းကြီးဟာ မြတ်စွာဘုရားကို ခုနစ်နှစ် လုံးလုံး မျက်ခြေမပြတ် တကောက်ကောက်လိုက်ပြီး အမြဲတမ်းစောင့်ကြည့်အပြစ်ရှာတာတောင် ဘာအပြစ်မှ ဆိုစရာ မတွေ့လို့ စိတ်လေပြီး မြတ်စွာဘုရားအနားကနေ ထွက်ခွာသွားတော့သတဲ့။ ဘယ်လောက်တောင် စိတ်ပျက်သွားသလဲ ဆိုတော့ မာရ်နတ်မင်းကြီးဟာ သူ့ချိုင်းကြားမှာ ညှပ်ထားတဲ့ ဗေလုဝနတ်စောင်းကြီး လျှောကျကျန်ရစ်ခဲ့တာတောင်မှ သတိမထားမိ တော့ဘူးလို့ ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ်ပါဠိတော်၊ မဟာဝဂ်၊ ဂါထာ ၄၅၂ မှာ ပါတယ်လေ။ အဲဒီ စောင်းကြီးကို သိကြား မင်းကြီးက အသာလေးသွားကောက်ပြီး စောင်းတီးကောင်းတဲ့ သူ့တပည့် ပဉ္စသီခ နတ်သားလေးကို ပေးလိုက်တာတဲ့ ခင်ခင်ရဲ့။ သိကြားမင်းကြီးကလည်း စတုမဟာရာဇ်နဲ့ တာဝတိံသာနတ်ပြည်ကြီး နှစ်ခုလုံးကို အစိုးရတဲ့ နတ်ဘုရင်ကြီး ဖြစ်နေတာတောင် ကိုယ်ပိုင်စောင်းကလေး မှ မရှိရှာဘူးနော် ... သူများကျကျန်ရစ်တဲ့ စောင်းကို သွားကောက်ရသတဲ့ ...
ဒါနဲ့ပဲ နတ်သားလေးက ဂုဏ်ရည်မတူတဲ့ ချစ်သူကို စောင်းသီချင်း ၁၅-ဂါထာ နဲ့ သူတို့ဗိမာန်ရှေ့မှာ ဆိုတီးလေးတီးပြီး သွားကြွေပြခဲ့တာပေါ့။ သူ့ စောင်းချင်းဂါထာ ၁၅-ပုဒ်ထဲမှာ ယောက္ခမလောင်းကြီးကို ဖားထားတဲ့ စာသားတွေလည်း ပါသေးတယ် ခင်ခင်ရဲ့။ သီလက္ခန္ဓ ဝဂ္ဂပါဠိတော်မှာ ပါတဲ့ ဂါထာတွေကို ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အနက်ပြန်ပြီး ရှင်းပြထားတဲ့အတိုင်း ပြောပြမယ်နော် ...

(၁) စောင်းညှိသီချင်း

ဗုဒ္ဓူ ပသံဟိတာ
ဓမ္မူ ပသံဟိတာ
သံဃူ ပသံဟိတာ
အရဟန္တူ ပသံဟိတာ
ကာမူ ပသံဟိတာ။

အကြင်စောင်းသံတျာ၊ ဂါထာ သီချင်းတို့သည်၊ ဘုရားဂုဏ်အထူးကို ချီးကျူးစွဲမှီ၍ ဖြစ်ကုန်၏။ တရားကျေးဇူးဂုဏ်အထူးကို ချီးကျူးစွဲမှီ၍ ဖြစ်ကုန်၏။ သံဃကျေးဇူး ဂုဏ်အထူးကို ချီးကျူးစွဲမှီ၍ ဖြစ်ကုန်၏။ ရဟန္တာကျေးဇူးဂုဏ်အထူးကို ချီးကျူးစွဲမှီ၍ ဖြစ်ကုန်၏။ ကာမဂုဏ်ကျေးဇူးဂုဏ်အထူးကို ချီးကျူးစွဲမှီ၍ ဖြစ်ကုန်၏။ အရှင်ဘုရား၊ အရှင်ဘုရားအား၊ ထိုစောင်းသံတျာ၊ ဂါထာသီချင်းတို့ဖြင့်၊ တပည့်တော် ပဉ္စသီခသည်၊ ရွှေနားတော်သွင်းပါအံ့။

(၂) စောင်းသံ
ဝန္ဒတေ ပိတရံ ဘဒ္ဒေ။
တိမ္ဗရုံ သူရိယဝစ္ဆသေ၊
ယေန ဇာတာသိကလျာဏီ၊
အာနန္ဒ ဇနနီမမ။

နှမ သူရိယဝစ္ဆ။ အကြင် အကြောင်းကြောင့်။ ကောင်းခြင်းငါးဖြာ၊ လက္ခဏာရှိထသော။ ကျွန်ုပ်၏ချစ်ကြိုက်မှုကြီးကို ဖြစ်စေတတ်ထသော။ သင် သူရိယဝစ္ဆာ နတ်ကညာသည်။ အကြင် တိမ္ဗရုနတ်မင်း၊ ခမည်းတော်မင်းကို။ မှီ၍၊ ဖွားမြင်သည့်။ ဖြစ်၏။ သင် သူရိယဝစ္ဆာ နတ်ကညာ၏။ တိမ္ဗရု မည်သော။ ထိုခမည်းတော် နတ်မင်းကို၊ အကျွန်ုပ်သည်၊ ရှိခိုးပါ၏။ ။
(ဤကား တိမ္ဗရုနတ်မင်းကြီး၏ သမီးတော် သူရိယဝစ္ဆာ နတ်သမီးကို အလိုရှိသဖြင့် ပဉ္စသီခနတ်သားသည် ဒုတိယ အကြိမ်မြောက် စောင်းချင်းဂါထာဖြင့် သာယာချေငံစွာ ပဏာမိတဗ္ဗ၊ ပဏာမ အားလျော်စွာ၊ ဝန္ဒနာ ပြုလုပ်ချက် ပေတည်း။)

(၃) စောင်းသံ
ဝါတောဝ သေဒတံ ကန္တော၊
ပါနိယံဝ ပိပါသတော။
အင်္ဂီရသိံ္မ ပိယာမေသိ၊
ဓမ္မော အရဟတံ ဣဝ။

နှမ။ အပူဖိစီး၍ ချွေးဒီးဒီးကျကုန်သောသူတို့သည်၊ လေညင်းကို၊ နှစ်သက်အပ် သကဲ့သို့လည်းကောင်း၊ ရေငတ်မွတ်သောသူသည်၊ သောက်ရေကို၊ နှစ်သက်အပ် သကဲ့သို့လည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်သည်၊ တရားကို၊ နှစ်သက်အပ် သကဲ့သို့ လည်းကောင်း၊ အလျှံပြိုးပြက် ထွက်သော ကိုယ်ရောင်ဖြင့် တောက်ပသော၊ သင်ချစ်ဆွေနှမကို၊ အကျွန်ုပ်အား၊ ချစ်အပ်ကြိုက်အပ်သည်၊ ဖြစ်ပြီ။ ။
(ဤကား သူရိယဝစ္ဆာနတ်သမီး၏ ကိုယ်ရောင်ကိုယ်ဝါ ကြောင့် ချစ်ကြိုက်ရပုံတည်း။)

(၄) စောင်းသံ
အာတုရေဿဝ ဘေသဇ္ဇံ၊
ဘောဇနံဝ ဇိဂစ္ဆတော။
ပရိနိဗ္ဗာယိ မံ ဘဒ္ဒေ၊
ဇလန္တမိဝ ဝါရိနာ။

ရောဂါစွန်းငြိ၊ အနာရှိသောသူအား၊ ဆေးကို၊ ပေး၍၊ ရောဂါပျောက်တိမ်း ငြိမ်းစေသကဲ့သို့လည်းကောင်း၊ ဆာလောင်သော သူအား၊ အစာကို၊ ပေး၍၊ ဆာလောင်မရှိ ငြိမ်းစေဘိသကဲ့သို့လည်းကောင်း။ ရေသည်၊ ထိန်ထိန်ညီးညီး တောက်လောင် သော မီးကို၊ ငြိမ်းစေသကဲ့သို့လည်းကောင်း၊ ချစ်ဆွေနှမ နတ်မယ်လျ၊ ချစ်ရပေရှာ၊ မယ့်မောင်ငါ၏၊ ကျုပ်နှမကြောင့်၊ ဒုက္ခဆူသီး၊ အပူကြီးကို၊ သင်ချစ်ဆွေနှမသည်၊ မြန်မြန်အသော့ငြိမ်းစေလော့။ ။
(ဤကား သင်နတ်သမီးကို အကြိုက်ကြီး ကြိုက်ရသော ဒုက္ခမီးကို ဖြေဖျောက်ပါ ဆိုလိုသည်)။

(၅) စောင်းသံ
သီတောဒကံ ပေါက္ခရဏိံ၊
ယုတ္တံ ကိဉ္ဇက္ခရေဏုနာ၊
နာဂေါ ဃမ္မာဘိတတ္တောဝ၊
သြဂဟေ တေ ထနုဒ္ဓရံ။

အပူလွန်မင်း နှိပ်စက်ခြင်းရှိသော၊ ဆင်ပြောင်သည်။ ရွှေကြာပဒုံ ပန်းဝတ်မှုံနှင့်၊ ပြည့်စုံသော။ ဧးမြချမ်းကြည်သော ရေလည်းရှိထသော။ ရေကန်သို့။ ဆင်းသက်၍။ ဧးကြည်လှစွာ ချမ်းသာခြင်းကို။ ရလေသကဲ့သို့။ ထိုနှင့်တမူ ထပ်တူထပ်မျှ။ မယ့်မောင်ငါသည်။ သင်ချစ်ဆွေနှမ၏။ သားမြတ်နှစ်ခုအကြား ရွှေရင်သားကို။ ဝါ၊ ရင်ဦးရတနာ ပန်းနှစ်မြွှာတို့၏ အကြားကို။ သက်ဝင်အာရုံ၊ ရင်ငွေ့ကိုလှုံရမှ။ စိတ်ရောကိုယ်ပါ၊ ချမ်းသာခြင်းကို၊ ရပါအံ့တကား။
(ဤကား ချစ်ဆွေနှမ၏ သားမြတ်နှစ်ခုတို့အကြားမှာ ကစားပျော်မွေ့ရမှ သုခချမ်းသာ ဖြစ်နိုင် ပါတော့မည် ဆိုလိုသည်။)

(၆) စောင်းသံ
အစ္စင်္ကုသောဝနာဂေါဝ၊
ဇိတံမေ တုတ္တတောမရံ၊
ကာရဏံ န ပဇာနာမိ၊
သမေတ္တာ လက္ခဏူရုယာ။

ချစ်ဆွေနှမ။ ချိတ်ငင်ဆွဲကြောင်း သံချွန်းတောင်းဖြင့်၊ ကောင်းစွာငင်နှိပ်၊ မချိတ်နိုင်သော။ ဆင်ပြောင်သည်။ ငါသည်။ နားရင်းထိုးစူး၊ ဒူးခြေလက်ထွင်း၊ ထိုခက်ရင်းကို။ အောင်အပ်ပြီ။ ဤသို့။ အဟုတ်ထစ်ထစ်၊ အမုန်ယစ်၍။ တစုံတခုသော အကြောင်းကို။ မသိသကဲ့သို့။ ပမာသို့မူ၊ ထို့အတူ။ မယ့်မောင်ငါသည်။ သင်ချစ်ဆွေနှမ၏။ ရွှေစိုင် တမွတ်၊ ပွတ်မှချွတ်သို့၊ ချောမွတ်လှဟန်၊ ရွှေပေါင်တန်စုံ၊ လက္ခဏာဂုဏ်ရှိသောကြောင့်။ ရာဂအမုန်၊ သုန်သုန် ယစ်မူး၊ အရူးကြီးကဲ့သို့ဖြစ်၍။ တစုံတရာသောအကြောင်းကို။ ဉာဏ်ရောင်ကင်းကွာ၊ မသိနိုင်တော့ပါ။
(ဤကား သူရိယဝစ္ဆသ နတ်သမီး၏ လက္ခဏာကြန် ပေါင်တန်နေပုံကောင်းသောကြောင့် ချစ်ရူးကြိုက်ရူး၊ အရူးကြီး ရူးရ သော ကျွန်ုပ် ပဉ္စသီခသည် ဘာကိုမျှ မသိနိုင်ပါဘူးဟု ဆိုလိုသည်။)

(၇) စောင်းသံ
တယိ ဂဓိတ စိတ္တောသ္မိ၊
စိတ္တံ ဝိပရိနာမိတံ၊
ပဋိဂန္တု န သက္ကောမိ၊
ဝင်္ကဃသ္တော အမ္ဗုဇော။

နတ်မေနှမ။ မယ့်မောင်ငါသည်။ သင်ချစ်ဆွေနှမ၌။ အမြဲသက်သက် စွဲမက်သော စိတ်ရှိသည်၊ ဖြစ်ပြီ။ အဖျားကော့ညိတ်၊ သံမျှားချိတ်ကို၊ စိတ်ရှိတိုင်း မျိုမှားသော။ ရေ၌ဖြစ်ပွားသော ငါးသည်။ တဖန်အသစ်၊ ပြန်နစ်ခြင်းငှာ။ ရုန်းအံ့ကြိုးပမ်း၊ မစွမ်းနိုင်ရှာသကဲ့သို့။ ပမာသို့မူ၊ ထို့အတူ။ မယ့်မောင်ငါ၏၊ စိတ်သည်။ ဘောက်ပြန်၏။ ဆုတ်နစ် တဖန်၊ ပြကတေ့ ဖြစ်ပြန်ခြင်းငှာ။ လုံ့လကြံ့ခိုင်၊ မစွမ်းနိုင်။ ။
(ဤကား သံမျှားချိတ်ကို မျိုမိမှားသော ငါးကဲ့သို့၊ ချစ်ရကြိုက်ရသော လောဘ ဘဝင်စိတ်တို့သည်၊ ငင်ချိတ်ဆွဲငင်အပ် သဖြင့် ရှေးကသဘောမျိုး မဖြစ်နိုင်တော့ပြီ ဟု ဆိုလိုသည်။)

(၈) စောင်းသံ
ဝါမူရု သဇမံ ဘဒ္ဒေ၊
သဇမံ မန္ဒလောစနေ။
ပလိသဇမံ ကလျာဏီ၊
ဧတံမေ အဘိ ပတ္တိတံ။

ပွတ်မှာတင်ချွတ်၊ တမွတ်ရွှေစိုင်၊ ရောင်ပြိုင်လှမော၊ ရွှေငှက်ပျောတုံးဟန်ပန်၊ ရွှေပေါင်တံရှိသော။ ချစ်ဆွေနှမ။ မယ့်မောင်ငါ့ကို။ ရွှေမုရိုးစည်ပုံမယွင်း၊ ရွှေလည်ပင်းကို ချက်ခြင်းသိမ်းယှက်၊ ဖက်လှည့်ပါလော။ မထေ့တထေ့နှင့်၊ သိမ်မွေ့စွာ ကြည့်ရှုလေ့ရှိသော။ ချစ်ဆွေနှမ။ မယ့်မောင်ငါ့ကို။ ရွှေမုရိုးစည်ပုံမယွင်း၊ ရွှေလည်ပင်းကို ချက်ခြင်းသိမ်းယှက်၊ ဖက်လှည့်ပါလော။ ကောင်းခြင်းငါးဖြာ၊ လက္ခဏာများနှင့် ပြည့်စုံသော။ ချစ်ဆွေနှမ။ မယ့်မောင်ငါ့ကို။ ပေါင်ပေါ်ထက်ဖျား၊ ကိုယ်လုံးထား၍၊ ပိုက်ဖြားမကြွင်း၊ မောင့်လည်ပင်းကို၊ ညှင်းညှင်းသာသာ၊ ဖက်လှည့်ပါလော့။ ဤသို့ ဖက်ခြင်းကို။ မယ့်မောင်ငါသည်။ အလွန်အလိုရှိအပ်ပြီ။ ။
(ဤကား ပေါင်တန်လှသော ချစ်ဆွေနှမသည် ကျွန်ုပ်လည်ပင်းကို ဖက်လှည့်ပါလော့။ ။ ကောင်းပုံငါးမျိုးနှင့် ပြည့်စုံသော ချစ်ဆွေနှမ၏ ပေါင်ပေါ်၌ ကျွန်ုပ်ကိုယ်လုံးကိုထား၍ လည်ပင်းကို ဖြည်းညင်းသာယာစွာ ပွေ့ပါ ဖက်ပါဟု ဆိုလိုသည်။)

(၉) စောင်းသံ
အပ္ပကော ဝတ မေသန္တော၊
ကာမော ဝလ္လိတ ကေသိရာ။
အနေကဘာဝေါ သမပါဒိ၊
အရဟန္တောဝ ဒက္ခိဏာ။

ညွန့်ဖျားကော့ကော့၊ ကြော့ရှင်းကောင်းစွာ၊ ဆံကေသာရှိသော။ လှပုံတင့်တယ်၊ မောင့်သက်လယ်။ သင်နှမ၌။ မယ့်မောင်ငါ၏။ ချစ်ရကြိုက်ရသော ကာမဆန္ဒသည်။ များစွာအပုံ၊ ရှိပါတုံလျက်။ ချစ်ဆွေနှမက။ ငါ၌။ ချစ်ကြိုက်မေတ္တာ၊ နည်းလှပါတကား။ ရဟန္တာပုဂ္ဂိုလ်၌။ သဒ္ဓါကြည်ဖြူ၊ ပေးလှူအပ်သောအလှူသည်။ အပုံကြီးများသော အကျိုးရှိသည်။ ဖြစ်သည်သာလျှင်တည်း။ ။
(ဤကား ဆံပင်ကောင်းသော ချစ်ဆွေနှမ၊ နှမအပေါ်မှာ မေတ္တာသက်ရောက်ပါသော မောင်၏ ချစ်ခြင်းတရားများများကြီး ရှိပါလျက်၊ နှမ၏ ချစ်ပုံနည်းလှချေတကား။ ရဟန္တာကို လှူရသောအကျိုးသည် အပုံကြီးများသည်ဟု ဆိုလိုသည်။)

(၁၀) စောင်းသံ
ယံမေအတ္ထိ ကတံပုညံ၊
အရဟန္တေသု တာဒိသု။
တံမေ သဗ္ဗကလျာဏီ၊
တယာ သဒ္ဓိံ ဝိပစ္စတံ။

တကိုယ်လုံးချောသော။ နတ်မေနှမ။ သည်းခံနိုင်သော ဂုဏ်ထူးရှိကုန်သော။ ရဟန္တာပုဂ္ဂိုလ်တို့၌။ မယ့်မောင်ငါ၏။ ပြုအပ်သော။ အကြင်ကောင်းမှုသည်။ ရှိ၏။ ထိုကောင်းမှုသည်။ သင်ချစ်ဆွေနှမနှင့်။ အတူတကွ။ ရွှေလည်ဘက်နွှဲ၊ လက်တော်ဆွဲ၍၊ ခပဲရောယု၊ အကျိုးစုကို ယခုခံစားရပါစေ။ ။
(ဤကား တကိုယ်လုံးချောသော၊ လှသော ချစ်ဆွေနှမ။ ရဟန္တာပုဂ္ဂိုလ်တို့၌ ကျွန်ုပ်ပြုရသောကောင်းမှုကြောင့်၊ ချစ်ဆွေနှမ နတ်မယ်လျနှင့်၊ တကွရွှင်ကြည်၊ ရွှေလည်ဘက်နွှဲ၊ လက်ကိုဆွဲ၍၊ အမြဲပေါင်းဘော်ရပါစေသောဟု ဆိုလိုသည်။)

(၁၁) စောင်းသံ
ယံမေအတ္ထိ ကတံပုညံ၊
အသ္မိံ ပထဝီ မဏ္ဍလေ။
တံမေ သဗ္ဗကလျာဏီ၊
တယာ သဒ္ဓိံ ဝိပစ္စတံ။

တကိုယ်လုံးလှသော။ ချစ်ဆွေနှမ။ ဤမြေအပြင်၌။ မယ့်မောင်ငါ၏။ ပြုအပ်သော။ အကြင်ကောင်းမှုသည်။ ရှိ၏။ ထိုကောင်းမှုသည်။ သင်ချစ်ဆွေနှမနှင့်။ အတူတကွ။ အတူအမျှ ခံစားရပါစေ။ ။
(ဤကား မြေအပြင်၌ ကျွန်ုပ်ပြုအပ်သော ကောင်းမှုအကျိုးအားဖြင့် တကိုယ်လုံးလှသော ချစ်ဆွေနှမနှင့် ထပ်တူထပ်မျှ ခံစားရပါစေဟု ဆိုလိုသည်။)

(၁၂) စောင်းသံ
သကျပုတ္တောစ ဈာနေန၊
ဧကောဒိ နိပကောသတော။
အမတံ မုနိ ဇိဝိသာနော၊
တမဟံ သူရိယဝစ္ဆသေ။

သူရိယဝစ္ဆ အမည်ရသော။ ချစ်ဆွေနှမ။ သာကီဝင်မင်းသားလည်း ဖြစ်ထသော။ ဈာန်ဖြင့်။ မြတ်သောအဖြစ်သို့ ရောက်ထသော။ ရင့်သောပညာလည်း ရှိထသော။ သတိနှင့်လည်း ပြည့်စုံထသော။ မြတ်စွာဘုရားသည်။ များစွာမြင့်ကြာ၊ သံသရာပတ်လုံး။ နိဗ္ဗာန်ကို။ ရှာမှီးလျက်။ ကျင်လည်တော်မူ၏သို့။ ထို့အတူ။ မယ့်မောင်ငါသည်လည်း။ ထိုအလှဆန်းကြယ်၊ နတ်မိမယ်ကို။ ရင်ငွေ့ပန်းမှုံ၊ လှုံရပါကြောင်း။ အောက်မေ့ရှာကြံလျက်။ ကျင်လည်သွားလာ၊ မြင့်ကြာလှလေပြီ။ ။
(ဤကား သံသရာ ဘဝဘဝက၊ ဘုရားလောင်းသည် နိဗ္ဗာန်ကို ရှာသကဲ့သို့၊ ချစ်ဆွေနှမနှင့် ပေါင်းဘော်ရအောင် ရှာကြံ ရသည် ဟု ဆိုလိုသည်။)

(၁၃) စောင်းသံ
ယထာပိ မုနိနေႏၵယ်၊
ပတြာ သေမၺာဓိ မုတၱမံ။
ဧဝံ နေႏၵယ်ံ ကလ်ာဏီ၊
မိႆဘာဝံ ဂေတာ ယထာ။

ကိုယ်အင်္ဂါငါးပါး၊ လက္ခဏာများနှင့် ပြည့်စုံသော။ နှမ။ မြတ်စွာဘုရားသည်။ မြတ်သော၊ သဗ္ဗညုတဉာဏ်တော်သို့။ ရောက်၍။ နှစ်သက်တော်မူ၏သို့။ ထို့အတူ။ မယ့်မောင်ငါသည်။ သင်နတ်မယ်နှင့်။ ရောနှောရွှင်ပျော်၊ ပေါင်းဘော်ရခြင်းသို့။ ရောက်သည်ရှိသော်။ နှစ်သက်ရွှင်ဖိန်း၊ ရှိန်းရအံ့တကား။ ။
(ဤကား မုနိငါးပါးတို့ကို အစိုးရတော်မူသော မြတ်စွာဘုရားသည်၊ ထူးကဲလွန်မြတ်လှစွာသော သဗ္ဗညုတဉာဏ်တော်ကို ရ၍၊ ဝမ်းမြောက်နှစ်သက်တော်မူလှသဖြင့် အနေကဇာတိ သံသာရံ စသော ဂါထာဥဒါန်းကို ကျူးရင့်သည်နှင့်အတူ၊ ငါတမူ လည်း၊ ချစ်ဆွေနှမ၊ နတ်မယ်လျနှင့်၊ တကွရွှင်ပျော်၊ ပေါင်းဘော်ယှဉ်တွဲ ရသည်ရှိသော်၊ အလွန်အကြူး၊ အထူးနှစ်သက် ရလိမ့်မည် ဟု ဆိုလိုသည်။)

(၁၄) စောင်းသံ
သက္ကော စေမေ ဝရံဒဇ္ဇာ၊
တာဝတိံသာ နမိဿရော။
တာဟံဘဒ္ဒေ ဝါရေယျာဟေ၊
ဧဝံ ကာမော ဒဠော မမ။

အို သူရိယ ဝစ္ဆ၊ နာမဆန်းကြယ်၊ နတ်မိမယ်။ တာဝတိံသာနတ်တို့ကို။ အစိုးရသော။ သိကြားမင်းသည်။ မယ့်မောင်ငါ့အား။ နတ်ပြည်နှစ်ထပ်၊ နတ်စည်းစိမ်ဆုမြတ်ကို။ အကယ်မသွေ၊ ပေးခဲ့ချေအံ့။ ဤသို့ပေးစေကာမူ၊ ထိုစည်းစိမ်ဆုမြတ်ကို။ မယ့်မောင်ငါသည်။ မလိုတားမြစ်၊ ပယ်ရှားပစ်လိမ့်။ သင်ချစ်ဆွေနှမ၌သာလျှင်၊ မယ့်မောင်ငါ၏။ ရမ္မက်ယစ်ပိုး၊ ချစ်နှောင် ကြိုးသည်။ ဖြေချွတ်နိုင်ဘဲ၊ မြဲလေစွတကား။ ။
(ဤကား၊ အိုသူရိယဝစ္ဆ၊ နာမဆန်းကြယ်၊ မောင့်သယ်လှယ်။ သိကြားမင်းသည်၊ တာဝတိံသာနတ်ပြည်ကြီး၏ စည်းစိမ်ကို၊ အကယ်၍ ပေးစေကာမူ မလိုချင်၊ သင်နတ်မယ်ကိုသာလျှင် လိုချင်သည် ဟု ဆိုလိုသည်။)

(၁၅) စောင်းသံ
သာလံ ဝ နစိရံ ဖုလ္လံ၊
ပိတရံ သ သုမေဓသေ။
ဝန္ဒမာနော နမဿာမိ၊
ကဿတေ တာဒိသီပဇာတိ။

လောကွတ်ပျူငှာ၊ အရာရာ၌၊ လိမ္မာသော ဉာဏ်အမြင်ရှိသော၊ ချစ်ဆွေနှမ။ သင်နတ်မယ်သည်။ အကြင်အဘ၏။ ဤသို့ပြင်လျာ၊ လက္ခဏာများနှင့်ပြည့်စုံသော။ ချစ်သမီးသည်။ ဖြစ်ချေ၏။ မပြတ်။ ပွင့်သော။ နတ်မိမယ်တို့၊ စံပျော်ပျို့သည်၊ မြို့၏အနီး၊ အင်ကြင်းပင်ကြီးနှင့် တူသော။ သင်နတ်မယ်၏။ ခမည်းတော် တိမ္ဗရုနတ်မင်းကို။ ပဉ္စသီခ၊ မည်ရသညာ၊ မယ့်မောင်ငါသည်။ ချီးမွမ်းရွှင်မောလျက်။ တုံ့ဝပ်ရိုကျိုး၊ ရှိခိုးပါ၏။ ။
(ဤကား လောကွတ်ပျူငှာကောင်းသော ချစ်ဆွေနှမ၏ အဘကို ရှိခိုးပါ၏ဟု ဆိုလိုသည်။)

ကိုင်း ... စာသားတွေကတော့ လန်ထွက်နေတာပဲ မဟုတ်လား ခင်ခင် ...
အဲဒီ စောင်းချင်းဂါထာ ၁၅-ပုဒ်နဲ့လည်း ကြွေပြပြီးရော ပဉ္စသီခနတ်သားကို သူရိယဝစ္ဆ နတ်သမီးလေးက မေတ္တာတုံ့ပြန် လိုက် သတဲ့။ တိမ္ဗရုနတ်စစ်သူကြီးကလည်း သမီးတော်နဲ့သဘောတူကြည်ဖြူသွားတယ် ဆိုတော့ အဲဒီအချိန်ကနေစပြီး အခုထက်ထိ ပျော်ရွှင်စွာ ပေါင်းဖော် ကြလေသတည်းပေါ့ ခင်ခင်ရယ် ...
ပုံပြင်လေးကတော့ ဒါပါပဲကွယ် ...


ဟယ်ရီ

Read More...

Wednesday, 8 June 2011

နာကြင်နေဆဲပါ - Still Got the Blues

Rock and Blues Legend ဖြစ်တဲ့ အိုင်ယာလန်လူမျိုး ဂစ်တာသမား၊ အဆိုတော် Gary Moore ဟာ အခုနှစ်၊ ဖေဖော်ဝါရီလ၊ ၆-ရက်နေ့ မနက်အစောပိုင်းမှာ စပိန်နိုင်ငံ၊ Estepona မြို့က Kempinski ဟိုတယ်ရဲ့ အခန်း တခုထဲမှာ အပန်းဖြေခရီးထွက်ရင်း နှလုံးရောဂါလို့ ယူဆရတဲ့ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ ...


Gary Moore ကို မြောက်အိုင်ယာလန်၊ ဘဲလ်ဖတ်စ်မြို့မှာ ၁၉၅၂-ခုနှစ်၊ ဧပြီလ ၄-ရက်နေ့မှာ မွေးဖွားခဲ့တာမို့ ကွယ်လွန်ချိန်မှာ အသက် ၅၉-နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။ နာမည်အပြည့်အစုံက Robert William Gary Moore ဖြစ်ပေမဲ့ Gary Moore လို့ပဲ လူသိများကြပါတယ်။
တမျိုးထူးခြားတဲ့ သူ့ရဲ့ လိဒ်ဂစ်တာ တီးလုံးတွေကြောင့် ကျော်ကြားလာခဲ့သူဖြစ်ပြီး နာမည်ကျော် ဂီတပညာရှင်အများ အပြားနဲ့လည်း တွဲဖက်တီးခတ် ဖျော်ဖြေမှုတွေ ပြုလုပ်တင်ဆက်ခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ ဂီတဘဝ အစဦးပိုင်းမှာ ရော့ခ်ဂီတသမားတဦးအဖြစ် ကျင်လည်ခဲ့ပြီး Gibson ဂစ်တာကို အသုံးများပါတယ်။ ၁၉၉၀-ဝန်းကျင်မှာ ဘလူးစ်ဂီတသမားအဖြစ် ကူးပြောင်းခဲ့ပါတယ်။ Still got the blues အယ်လ်ဘမ်ဟာ သူ့ရဲ့ အောင်မြင် ကျော်ကြားတဲ့ အယ်လ်ဘမ်ဖြစ်ပြီး Billboard Hot 100 မှာ နံပါတ် ၉၇-အဖြစ် စာရင်းဝင်ခဲ့ပါတယ်။ ဒီ အယ်လ်ဘမ်ရဲ့ Title song ဖြစ်တဲ့ Gary ကိုယ်တိုင် ရေးသားတီးခတ် သီဆိုထားတဲ့ Still got the blues သီချင်းဟာ ကျနော့်နှလုံးသားထဲမှာ စွဲနေပါတယ်။

ပင်ကိုယ်က အသံချိုမြတဲ့ Gibson ဂစ်တာပေါ်မှာ Blues ဂီတရဲ့ Style အတိုင်း အလူးအလှိမ့်၊ အဆွဲအငင်တွေ ထည့်ပြီး လေးလေးပင်ပင်နဲ့ စတင်ထားတဲ့ Intro အပိုဒ်ကိုပဲ main theme အဖြစ် တပုဒ်လုံးယူထားပြီး solo မှာ အလှည့်အပြောင်း အမွမ်းအမံလေးတွေနဲ့ဖြည့်ထားပါတယ်။ တကယ်တမ်းကောင်းတာက Stage show မှာပါ။ သီချင်းအဆုံး outro solo (ending လို့လည်း ခေါ်ကြပါတယ်) မှာ improvisation တွေထည့်ပြီး mood အပြည့်နဲ့ လက်စွမ်းပြ တီးခတ်သွားတဲ့ Gary ရဲ့ performance ဟာ တကယ့်ကို စွဲမက်လောက်ပါတယ်။ လှိုင်းထနေတဲ့ ဂစ်တာသံ၊ အသံမြင့် (high pitch) တွေကြားမှာ လက်ကွက်စိပ်စိပ်နဲ့ အမြန်တီးသွားတဲ့ တေးသွားတွေကနေ ဂစ်တာသံဟာ နိမ့်လိုက်မြင့်လိုက်နဲ့ လှိုင်းစီးနေရသလို၊ ပိရိသေသပ်တဲ့အကူးအပြောင်း၊ အလှည့်တွေနဲ့အတူ Climax ကိုရောက်လိုက်၊ sequence တွေလှည့်လိုက် လုပ်ရင်းကနေမှ မူရင်းတေးသွားပိုဒ်ကို ပြန်ခေါ်ပြီး အသံချိုချိုလေးနဲ့ ဖြည်းဖြည်းချင်း ချသွားပုံလေးက အရမ်းကို လှလွန်းပါတယ်။ အလွန်အကျွံ “တီး” လွန်းတယ် လို့ ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ အရမ်းကြိုက်ပါတယ်။

တီးခတ်မှုပိုင်းကောင်းသလို စာသားကိုလည်း ခံစားကြည့်ပါ ... တစုံတယောက်သောသူအတွက် ယနေ့တိုင် စွဲစွဲလန်းလန်းနဲ့ ဆွေးမြေ့နာကြင်ခံစားနေရဆဲ သူတွေရဲ့ နှလုံးသားကို တိုက်ရိုက်ထိခိုက်စေတဲ့ စာသားတွေပဲဖြစ်ပါတယ်။ အချစ်ဆိုတာဟာ တချို့သူတွေအတွက် လွယ်ကူပေမဲ့ တချို့သူတွေအတွက်တော့ ခက်ခက်ခဲခဲနဲ့ တန်ဖိုးကြီးကြီး ပေးဆပ် ခဲ့ရတဲ့ အရာတခုပါပဲ ... တချို့အတွက်တော့ အချစ်ဟာ မိတ်ဆွေမဟုတ်ခဲ့ပါဘူး ... ဒါပေမဲ့ ဒီလိုသိရဖို့အတွက် အချိန်အများကြီး ရင်းခဲ့ရပါတယ် ... ကစားပွဲတခုလိုပဲပေါ့ ... နိုင်ဖို့ ကစားကြပေမဲ့ အရှုံးနဲ့လည်း ရင်ဆိုင်ရတာပဲ မဟုတ်ပါလား ... တချို့တွေက တယောက်မကောင်း တယောက်ပြောင်းပြီး လွယ်လွယ်လေး ချစ်နိုင်ကြပေမဲ့ တချို့ကတော့ တသက်မှာ တချစ်ဆိုသလိုပဲ တစုံတယောက်ကိုသာ စွဲစွဲလမ်းလမ်းနဲ့ ခိုင်ခိုင်မြဲမြဲ လေးလေးနက်နက် ချစ်ခဲ့ကြရသူတွေ အဖို့တော့ အချစ်ဆိုတာ နာကျင်မှုတွေဆီ ဦးတည်နေတဲ့ လမ်းတခုသာ ဖြစ်ပါတယ် ...
ဒါပေမဲ့ ... အချိန်တွေ များစွာ ကြာခဲ့ပြီ ဆိုပေမဲ့ ... မေ့မရတဲ့ အဖြစ်တွေနဲ့အတူ နှောင်းတမြေ့မြေ့ နာကျင်ခံစားနေကြရဆဲ အချစ်ကြီးသူများအတွက် ...

Still got the blues
နာကြင်နေဆဲပါ


Verse 1
Used to be so easy to give my heart away
But I found out the hard way
There's a price you have to pay
I found out that love, was no friend of mine
I should have known time after time

နှလုံးသားကို အပ်နှင်းဖို့
သိပ်လွယ်ခဲ့ဖူးတယ် ဆိုပဲ
ကိုယ့်အတွက်တော့ ခဲယဉ်းခဲ့ပါတယ်
ဒါဟာ ပေးဆပ်ခဲ့ရတဲ့တန်ဖိုးတခုပဲပေါ့

ဒီအချစ်ဆိုတာဟာ ...
ကိုယ့်အတွက် မိတ်ဆွေမဟုတ်မှန်း
သိခဲ့ရပြီလေ
အချိန်တွေကြာလာတာနဲ့အမျှ
ဒါကို သိခဲ့သင့်တာပေါ့

So long, it was so long ago
But I've still got the blues for you

ကြာခဲ့ပါပြီ ...
သိပ်ကို ကြာခဲ့ပြီ ဆိုပေမဲ့
မင်းအတွက် ကိုယ်နာကြင်နေရဆဲပါ

Verse 2
Used to be so easy to fall in love again
But I found out the hard way
It's a road that leads to pain
I found that love, was more than just a game
You're playin' to win, but you lose just the same

ထပ်ချစ်ဖို့ဆိုတာ
သိပ်လွယ်ခဲ့ဖူးတယ်ဆိုပဲ ...
ကိုယ့်အတွက်တော့ ခဲယဉ်းခဲ့ပါတယ်
ဒါဟာ နာကျင်မှုတွေဆီ ဦးတည်နေတဲ့ လမ်းပါပဲ
အချစ်ဆိုတာ ...
ကစားပွဲတခုထက်ပိုမှန်း သိခဲ့ရပြီ
နိုင်ဖို့ကစားပေမဲ့ ရှုံးခဲ့ရတာလည်း အတူတူပါပဲ

So long, it was so long ago
But I've still got the blues for you

ကြာခဲ့ပါပြီ ...
သိပ်ကို ကြာခဲ့ပြီ ဆိုပေမဲ့
မင်းအတွက် ကိုယ်နာကြင်နေရဆဲပါ

Cho:
So many years, since I've seen your face
But here in my heart, there's an empty space
Where you used to be

နှစ်တွေအများကြီး ကြာခဲ့ပြီနော် ...
မင်းမျက်နှာလေးကို နောက်ဆုံးမြင်ခဲ့ရတာလေ ...
ကိုယ့်နှလုံးသားထဲမှာတော့ နေရာလပ်တနေရာ ရှိနေဆဲပါ
တချိန်က အဲဒီမှာ မင်းရှိခဲ့ဖူးလေရဲ့

Refrain:
Though the days come and go
There is one thing I know
I've still got the blues for you

နေ့ရက်တွေ ဝင်လိုက်ထွက်လိုက် ရှိနေလည်း
ကိုယ်သိတာ တခုတည်း ...
မင်းအတွက် ကိုယ်နာကြင်နေရဆဲပါ



Well, I’ve still got the blues for you, Gary. မြင့်မြတ်ရာ ဘုံဘဝမှာ စံစားနိုင်ပါစေ ...

ဟယ်ရီ

Read More...

Friday, 3 June 2011

တိမ်လှိုင်းတို့၏ဝှက်ဖဲ .... (၂)

ပြီးခဲ့တဲ့ ပို့စ်မှာ တင်ခဲ့တဲ့ "တိမ်လှိုင်းတို့၏ ဝှက်ဖဲ" ဆိုတဲ့ ကဗျာလေးရဲ့ comment ထဲမှာ မခင်ခင်က ကဗျာလေးတပုဒ်နဲ့ comment ပေးသွားခဲ့ပါတယ် ...
မြန်မာကဗျာတွေမှာ ဒီလိုပဲ အပြန်အလှန် ရေးလေ့ရှိကြပါတယ် ... ကျနော်လည်း မမေဓာဝီရဲ့ ကဗျာလေးတချို့ကို အပြန်အလှန် ရေးပေးခဲ့ဖူးပါတယ် ...
အခု မခင်ခင် ပြန်ရေးပေးတဲ့ ကဗျာလေးဟာ နူးညံ့လှပတဲ့ အပြန်အလှန်ကဗျာလေးတပုဒ်မို့ အမှတ်တရလည်းဖြစ်စေဖို့ comment ထဲမှာပဲ ချန်မထားခဲ့ဘဲ လာရောက်လည်ပတ်ကြသူများလည်း ခံစားနိုင်ကြစေဖို့ ပို့စ်တခု အဖြစ် ပြန်လည် မျှဝေလိုက်ပါတယ် ... နှစ်သက်ကြမယ် လို့လည်း မျှော်လင့်မိပါတယ် ... မခင်ခင်ကိုလည်း ကျေးဇူးအထူးတင်ကြောင်းပါ ခင်ဗျာ ...

ဒီအချိန်ဆို
တိမ်ညိုညိုတွေ ပြိုနေပြီပဲလေ ... ။

အမြင့်ပျံငှက်တအုပ်
ခပ်သုတ်သုတ် အိမ်အပြန်
တိမ်ယံထက်က နေမင်း
နှုတ်ဆက်ရင်း အလင်းချွေ
တောင်စွယ်မှာ နေကွယ်လုပြီလေ ... ။

အိပ်မက်တွေကို ကျောခိုင်း
လေရိုင်းတွေကို စီးနင်း
ခရီးပြင်းကိုဆက်နှင်
ပြန်လာခဲ့ချင်လျက်
အတွေ့ခက်ခက်
နေ့ရက်တွေထဲမှာ
ခွဲခွါခြင်းတံတိုင်းတွေ ကာထား
ကမ္ဘာတွေလဲ ခြား … လို့ … ။

ဒီရေလှိုင်းအကျမှာ
အိမ်ပြန်ရလေမလား …
ဒီသောင်ယံအိုမှာ
ခိုလှုံရမှာလား …
စဉ်းစားရင်း မောလျ
သောကညရဲ့အလယ်မှာ
ကြယ်တွေကို ရေတွက်ရင်း
လမင်းအကြွေကို ကောက်
အိမ်အရောက်ပြန်ခဲ့ပါရစေ … ။

ဆုံတွေ့ကြတဲ့အခါ …
အမှားတွေထဲမှာ ပျော်မွေ့
အမှန်တွေကို မေ့ပစ်ရင်း
လွတ်လပ်ခြင်း တေးကိုသီ
ကာရန်ညီ ကဗျာတွေဖွဲ့ကြမယ်လေ … ။


ချက်ခြင်း ပြန်တင်ပေးချင်ပေမဲ့ အခုတလော အင်တာနက်က ပြတ်တောင်း ပြတ်တောင်း ဖြစ်နေလို့ အခု connection ကောင်းနေချိန်လေးမှာ ကမန်းကတန်းရေးပြီး တင်ပေးလိုက်ရခြင်းကို နားလည်ခွင့်လွှတ်ပေးကြဖို့လည်း တောင်းပန်ပါတယ် ခင်ဗျား ...

ဟယ်ရီ

Read More...

Saturday, 28 May 2011

တိမ်လှိုင်းတို့၏ဝှက်ဖဲ

ဒီအချိန်ဆို ...
တိမ်ညိုညိုတွေ ဝေနေပြီလား ခင်ခင် ...

ကုန်သည်လေတအုပ်
ခပ်သုတ်သုတ် အိမ်အပြန်
တိမ်ယံလှိုင်းတို့ဝှက်ထားတဲ့
ကွင်းဖဲတချပ်ရာဇဝင်မှာ
စာအတင်မခံရလည်း ရှိစေလေ ...

အိပ်မက်မြို့တော်ဆီမှ
အရှေ့တောင်လေသွဲ့သွဲ့ကိုစီး၍
ပြန်လာခဲ့ပါ ခင်ခင်
ယက္ခလှိုင်းဦးတို့
ခြေကျူးခဲ့ကြသည့်ရပ်ဝန်းမှ
လွန်မြောက်ခဲ့သည်ရှိသော်
ညင်းညံ့ညံ့လေပြည်တွင်စီးမျောလွင့်ပါလာမည့်
စကားသံတို့ကို နားဝယ်ပန်ဆင်ချင်ပါသေးသည်

လှိုင်းတို့၏ခြေရာရိပ်မှ၊
ညဆိတ်ဆိတ်တွင် ကြွေခဲ့သော လရောင်အို၊
သောင်ယံပျို ယစ်ခဲ့သည့် အဆိပ်၊
အတိတ်ကျောက်ဆောင်တို့၏ ဝင်္ကပါ၊
ထင်ရာမြင်ရာ အလင်္ကာတံခါးချပ်ကို
ဟဟလေး လှပ်ဝင်ခဲ့ပါ ခင်ခင် ...

အမှားနက္ခတ်တို့ စန်းယှဉ်ချိန်၊
ကာရန်တိမ်တိမ်တွင် ကူးခတ်ရင်း၊
နတ်ဆိုးတို့နှင့်အတူ ပျော်ကြရအောင်လေ ...


အင်တာနက် ပြတ်နေလို့ အခုမှပဲ တင်လိုက်ရပါတယ် ...
ဖတ်ရှုခံစားအားပေးတဲ့သူအားလုံးကို ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီ

Read More...