Sunday, 16 October 2011

မိုးဖွဲလေးတွေ စွေလာလိမ့်မည်

ဒီကဗျာလေးက ကျနော် ဘာသာပြန်ထားတဲ့ ကဗျာဖြစ်ပါတယ် ... မူရင်းကဗျာက There Will Come Soft Rains ... ရေးဖွဲ့သူက Sara Teasdale ပါ။ 1920 က ထုတ်ဝေတဲ့ သူ့ရဲ့ Flame and Shadow ကဗျာစာအုပ်ထဲကလို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ကျနော် အင်္ဂလိပ်ကဗျာတွေ သိပ်ဖတ်လေ့မရှိပါဘူး ... ကဗျာဆိုတာက စကားလုံးအဓိကမို့ မူရင်းဘာသာစကားက ကိုယ့်မိခင် ဘာသာစကားမဟုတ်တဲ့အတွက် အပြည့်အဝ ခံစားလို့ မရနိုင်တာကြောင့်ပါ ...

ဒီကဗျာကိုတော့ Facebook Group တခုဖြစ်တဲ့ Meet the Poetry Group က ကျနော့်မိတ်ဆွေကြီး ကိုခွန်းချို
(Khun Cho) က ပို့စ်တခုမှာ မိတ်ဆက်ရေးထားတာလေး တွေ့တာနဲ့ ဖတ်ကြည့်မိရင်း သဘောကျသွားပါတယ် ... 'There Will Come Soft Rains' ဆိုတဲ့ဝတ္ထုတိုလေးထဲမှာ မျက်နှာကျက်စက်ရုပ်က အဲဒီကဗျာလေးကို အလိုအလျောက် ရွတ်ပြတဲ့ အရေးအသားတစ်ခု ကို သဘောကျသွားမိလို့ ဒီကဗျာလေးကို တင်ပေးတာလို့ ဆိုပါတယ် ... ဒါနဲ့ ဘာသာပြန်ချင်စိတ် ပေါက်လာလို့ ဘာသာပြန်ကြည့်ပါတယ် ...
ဒီလို ဘာသာပြန်ကြည့်တော့ ကျနော်တွေ့ကြုံခဲ့တာလေးတွေကို အရင်းအတိုင်း ဖောက်သည်ချချင်စိတ် ပေါ်လာတာနဲ့ နောက်ဆုံး အချောသပ် ကဗျာသက်သက်ကိုတင်မဟုတ်ဘဲ စရေးမိတဲ့ ပုံစံကနေ စပြီး အားလုံးကို ဝေငှတင်ပြလိုက်ပါတယ် ....
အရင်ဆုံးတော့ မော်ဒန်ပုံစံမျိုးဆန်ဆန် ဘာသာပြန်ရင်း ချရေးလိုက်မိတာက ဒီလိုပါ ...

မိုးဖွဲလေးတွေကျလာလိမ့်မယ်

မိုးဖွဲလေးတွေကျလာလိမ့်မယ်၊ မြေသင်းနံ့လေးတွေရောပေါ့
့ပျံလွှားငှက်တွေ ကျည်ကျည်ကျာကျာမြည်ရင်း လှည့်လည်ဝဲပျံကြ၊
ရေအိုင်ထဲက ဖားငယ်တွေလည်း ညအခါ တေးသီကြလိမ့်မယ်
မက်မန်းပင်ရိုင်းတွေက ဖြူဖျော့ဖျော့အလင်းအောက်
ရော်ဘင်တေးဆိုငှက်လေးတွေက မီးလျှံအမွှေးအတောင်တွေဝတ်ရုံရင်း
သံဆူးကြိုးစည်းရိုးနိမ့်နိမ့်တွေမှာ တေးချင်းတွေ ညည်းနေကြလိမ့်မယ်
သူတို့တွေ ဘယ်သူမှ စစ်ပွဲကို သိမှာမဟုတ်ကြပါဘူး
နောက်ဆုံးတော့ စစ်ပွဲကြီး ပြီးသွားပြီမှန်း ဘယ်သူမှလည်း ဂရုစိုက်ကြမှာမဟုတ်ပါဘူး
ငှက်တွေဖြစ်ဖြစ် သစ်ပင်တွေဖြစ်ဖြစ်
လူသားမျိုးနွယ်တခုလုံး အပြီးသတ်ချေမှုန်းခံလိုက်ရပြီမှန်းလည်း
ဘယ်သူမှ သတိထားမိကြမှာမဟုတ်ပါဘူး
နွေဦးပျိုမဟာ အရုဏ်ဦးမှာ နိုးထလာတဲ့အခါမှာလည်း
တို့တွေ မရှိတော့ပြီမှန်း သိနိုင်ခဲသားပါလားလေ .... ။ ။

ခေါင်းစဉ်ကိုတော့ ရိုးရိုးပဲ "မိုးဖွဲလေးတွေကျလာလိမ့်မယ်" ဆိုပြီး ပေးလိုက်ပါတယ် ... ဒါပေမဲ့ ဒီလိုရေးရတာ ကျနော့်စိတ်ထဲ ပေါ့နေသလို ဖြစ်နေပါတယ်။ ဒါနဲ့ ကာရန်ပါအောင် ရေးမယ်ဆိုပြီး စီနေရင်းနဲ့ အောက်က ကဗျာပုံစံမျိုး ဖြစ်သွားပါတယ် ...

မိုးဖွဲလေးတွေ စွေလာစဉ်

မိုးဖွဲလေးတွေ၊ စွေလာစဉ်၊ မြေသင်းနံ့တွေယဉ်၊
ပျံလွှားခင်တို့၊ ကျည်ကျာတေး၊ ပျံဝဲလှည့်လည်ကျွေး။
ရေအိုင်ထဲက ဖားငယ်တွေ၊ ညဥ့်ယံတေးသံချွေ၊
ဖြူဝေဖျော့လျ ကောင်းကင်အောက်၊ မက်မန်းရိုင်းတွေ ပေါက်။
မြေလူးငှက်တို့ မီးလျှံသွင်၊ မွှေးတောင်ဝတ်ရုံဆင်၊
ဆူးပြင်စည်းရိုး နိမ့်နိမ့်ထက်၊ တေးချင်းညည်းကာဆက်။
သူတို့အားလုံး မသိပေ၊ စစ်ပွဲဆိုတာလေ။
နောက်ဆုံးတော့လေ သည်စစ်ပွဲ၊ ပြီးလည်း မှုမဲ့ပဲ။
ငှက်နဲ့သစ်ပင် သိမမြင်၊ လူသားမျိုးနွယ်စဉ်၊
ကြမ္မာငင်လို့ ပျောက်ပျက်သွား၊ သူတို့ အလေးမထား။
နွေဦးပျိုမ နိုးထစဉ်၊ အရုဏ်ဦးနီလွင်။
တို့မျိုးစဉ်ဆက် ကွယ်ပျောက်ဝေး၊ သိမြင်ဖို့ခက်သေး။

ဒီတခါတော့ "မိုးဖွဲလေးတွေ စွေလာစဉ်" ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပါတယ်။ တခါ ပြန်ဖတ်ကြည့်ပါတယ်။ ဒီတခါလည်း ကလေးကဗျာလို ဖြစ်နေတာနဲ့ သိပ်သဘောမတွေ့ပါဘူး ... ဘာဖြစ်လို့လဲ ဆိုတော့ မူရင်းကဗျာရဲ့ အနှစ်သာရ (main theme) က အလွန်လေးနက်နေလို့ပါ ... ဒါနဲ့ သူ့မူရင်းကဗျာဖွဲ့ပုံကို ပြန်ကြည့်မိပါတယ်။ ဒီတော့ တပိုဒ်မှာ နှစ်ပါဒစီကို အချအညီ (rhyming couplet) ရေးထားတဲ့ ၁၂-ကြောင်းကဗျာ (12-line poem with six stanzas) ဖြစ်နေတာကို တွေ့တာနဲ့ ဒွေးဆစ်ပုံစံ အချိုးတွဲ ပြောင်းရေးကြည့်တော့ ဒီလို ထွက်လာပါတယ် ...

မိုးဖွဲစွေ၊ မြေသင်းနံ့ကျဲ။
ပျံလွှားတွေကျည်ကျာမြည်ရင်း၊ လှည့်လည်ပျံဝဲ။
ရေအိုင်ဝယ်၊ ဖားငယ်တို့ ညဥ့်ယံတေး။
မက်မန်းရိုင်းပင်ပျိုတို့၊ ဖြူဖျော့စိုကောင်းကင်အောက်၊ ပေါက်ကြလိမ့်သေး။
မြေလူးငှက် မီးလျံသွင်၊ မွှေးတောင်ဆင် ဝတ်ရုံသွေး။
ဆူးကြိုးပြင်စည်းရိုးနိမ့်မှာ၊ တေးငြိမ့်သီကြွေး။
စစ်ပွဲတွေ၊ သူတို့လေ သိနိုင်ခဲ။
နောက်ဆုံးမှာ၊ ပျောက်ဆုံးကာ စစ်ရပ်စဲ၊ လေးမူမိဘဲ။
လူ့မျိုးနွယ်၊ တခုလုံးရယ် အပြီးသတ်၊ ပျက်သုဉ်းရပ်စဲ။
ငှက်နဲ့အပင်၊ တွေးစိတ်ဝင် ယှဉ်မမိ၊ သိမည်ဟုတ်ဘဲ။
နွေဦးပျို၊ နိုးထကြို အရုဏ်သွေး။
တို့မရှိပြီ၊ ပျို့အသိဆီ ဉာဏ်ထင်လျက်၊ မြင်ရန်ခက်သေး။

ဒါလည်း သိပ်စိတ်တိုင်းမကျသေးဘူး ဖြစ်နေပါတယ် ... ဒါနဲ့ ခေါင်းစဉ် မစဉ်းစားတော့ပါဘူး။ ဒီမှာတော့ အဓိကအားဖြင့် စိတ်တိုင်းမကျ ဖြစ်နေတာက Rhythm ပါ ... Rhythm ကို မကြိုက်ဘူး ဖြစ်နေပါတယ် ... ဒါနဲ့ ပုံစံကို ဂရုမစိုက် တော့ဘဲ လင်္ကာသွားနဲ့ ပြောင်းရေးကြည့်လိုက်ပါတယ် ...

မိုးဖွဲလေးတွေ စွေလာလိမ့်မည်

မိုးဖွဲလေးတွေ၊ စွေလာလိမ့်မည်၊
မြေဆီသင်းနံ့၊ ပျံ့လိမ့်မည်ပင်၊
ငှက်လျင်ပျံလွှား၊ ဝဲပျံသွားရင်း၊
တေးသွားကျည်ကျာ၊ မြည်ပါလိမ့်သေး၊
ဖားငယ်တေးသီ၊ ရေအိုင်ဆီမှ၊
ညလည်ယံနော့၊ တေးကျော့သီငင်၊
မက်မန်းပင်ရိုင်း၊ ဖြူဖျော့ဆိုင်းလွင်၊
ကောင်းကင်နောက်ခံ၊ ပေါက်လိမ့်မှန်သည်၊
မီးလျှံဆင်သွေး၊ မွှေးတောင်လှထူး၊
ငှက်မြေလူးတို့၊ သံဆူးစည်းရိုး၊
နိမ့်မျိုးထက်ဝယ်၊ တေးသံသွယ်လျ၊
ဆိုပါကြသေး၊ သူတို့တွေးဝယ်၊
စစ်ပွဲဘေးရန်၊ မသိပြန်တည့်၊
ဖန်ဖန်ဆင်နွှဲ၊ သည်စစ်ပွဲလည်း၊
မလွဲသွေပျောက်၊ နောက်ဆုံးရောက်သော်၊
ပြီးပျောက်ပြေငင်၊ သိမမြင်တည့်၊
သစ်ပင် ငှက်များ၊ မှုမထားသည်၊
လူသားသိကြွယ်၊ လူ့မျိုးနွယ်ဇာတ်၊
ပြီးပြတ်ချေမှုန်း၊ ပျက်သုဉ်းပျောက်ကွယ်၊
စိတ်ဝယ်မှန်းဆ၊ မသိကြပေ၊
နွေဦးပျိုမ၊ အရုဏ်ပျ၌၊
နိုးထခဲ့စဉ်၊ တို့မျိုးစဉ်ဆက်၊
ပျက်ငင်ပြိုကွဲ၊ သုဉ်းပြတ်စဲကြောင်း၊
သူလည်းသိခဲပေလိမ့်မည်။ ။

အခုနောက်ဆုံး လင်္ကာသွားနဲ့ ရေးလိုက်တာကို ကျနော့်စိတ်ထဲ ဘဝင်အကျဆုံးမို့ ဒီကဗျာကိုပဲ နောက်ဆုံးအတည်အဖြစ်ယူပြီး တင်ဆက်လိုက်ပါတယ် ... မူရင်းကဗျာကိုပါ ဖတ်ရှုခံစားနိုင်အောင် တဆက်တည်း တင်ပေးလိုက်ပါတယ် .... ဖတ်တဲ့သူတွေအနေနဲ့တော့ ဘယ်ဟာကို အကြိုက်ဆုံးလဲ မသိဘူးပေါ့နော် ... ဘယ်ဟာမှ မကြိုက်တာလည်း ဖြစ်နိုင်ပါရဲ့ ... :D

There Will Come Soft Rains (By Sara Teasdale)

There will come soft rains and the smell of the ground,
And swallows circling with their shimmering sound;
And frogs in the pools singing at night,
And wild plum trees in tremulous white;
Robins will wear their feathery fire,
Whistling their whims on a low fence-wire;
And not one will know of the war, not one
Will care at last when it is done.
Not one would mind, neither bird nor tree,
if mankind perished utterly;
And Spring herself, when she woke at dawn
Would scarcely know that we were gone.

ကျနော်လေရှည်မိသမျှ သည်းခံဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ...

ဟယ်ရီ

Read More...

Saturday, 8 October 2011

ဗေဒါလမ်းကဗျာများ၏ ပုံစံ

ဗေဒါလမ်းကဗျာများ၏ ပုံစံ

ဗေဒါလမ်းကဗျာတွေကို ဖွဲ့တဲ့ပုံစံက "အချိုးတွဲ" ကဗျာ အမျိုးအစား လို့ သတ်မှတ်ထားကြပါတယ် ...

အချိုးကဗျာဆိုတာ ဂန္ထဝင်ကဗျာပုံစံဖြစ်တဲ့ "ဒွေးချိုး" "တြိချိုး" "လေးချိုး" တို့ကို ခေါ်ပါတယ်။ တကယ်တော့ ဒီပုံစံတွေက သူ့ဟာသူ သီးသန့်ကို ကဗျာတပုဒ်အဖြစ်တည်ရှိနေပါတယ်။ ဒွေးချိုးတပုဒ်ကို ဥပမာ ပြရမယ်ဆိုရင် ...

ပစ်မခွါ၊
နှစ်တရာရှည်မြင့်အောင်ပ၊
တည်ခွင့်ပါဗျ။ ။

မေတ္တာငယ်လှိုင်၊
သစ္စာတိုင် ယိုင်မကျိုးပါနဲ့၊
ရိုးမြေပြာကျ။ ။

အချုပ်တန်းဆရာဖေရဲ့ အထက်ပါ ဒွေးချိုးဟာ သူ့ချည်းပဲကို ကဗျာတပုဒ် အဖြစ် သီးသန့်တည်ရှိနေပါတယ်။ ဒီလိုပါပဲ .. လေးချိုးတွေ ကိုကြည့်မယ်ဆိုရင်လည်း ...

ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်။

ပျိုတို့လူ ယာမလုပ်တယ်၊
ဝါးခုတ်တဲ့တောင်။

နွားညီနောင်၊
စည်အောင်ပ ဖေကျောင်း။

မောင်နှင့်မယ် တူယှဉ်တွဲကာမှ၊‎
‎ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊‎
လှည်းယာဉ်နဲ့မောင်း။ ။‎

ဒီ "လှည်းယာဉ်" ဆိုတဲ့ လေးဆစ်ကလေးကို အားလုံးကြားဖူးကြမယ်လို့ ထင်ပါတယ် .. သူ့ဟာသူကို ကဗျာတပုဒ်အဖြစ် သီးသန့်ရပ်တည်နေပါတယ် ... (လေးဆစ် ဆိုတာ လေးချိုးအတိုလေးကို ပြောတာပါ၊ လေးချိုးငယ် လို့လည်း ခေါ်ပါတယ်)

ဒါပေမဲ့ ဒီလိုပုံစံတွေကို တွဲစပ်ပြီး ကဗျာရှည်တပုဒ်အဖြစ် ခေတ်စမ်းကဗျာတွေမှာ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ် စတဲ့ ကဗျာကဝိများက ရေးသားခဲ့ကြပါတယ် ... "ဗေဒါလမ်း" တွေဟာ ဒီအမျိုးအစားထဲကပါ။ တခုသတိပြုဖို့ကတော့ အချိုးတွဲကဗျာတွေမှာ အချိုး ၂-မျိုး၊ ၃-မျိုးကို တွဲစပ်ရေးသားပေမဲ့ အကြောင်းအရာအားဖြင့်ကတော့ တခုတည်းပဲ ဖြစ်ပါတယ်။

ဒါကတော့ ဗေဒါလမ်းရဲ့ ဖွဲ့စည်းပုံကို တင်ပြခြင်း ဖြစ်ပါတယ် ... ဥပမာ အနေနဲ့ ဗေဒါလမ်း (၁၃) ဆိုင်ခင်းလျက်ပဲ ကို ပြပါမယ် .. ဒွေးချိုး ၄-ပုဒ် နဲ့ လေးဆစ် (လေးချိုး) ၁-ပုဒ်ကို တွဲစပ်ပြီး ကဗျာတပုဒ်အဖြစ် ရေးဖွဲ့ထားခြင်း ဖြစ်ပါတယ် ... အချိုးကဗျာတိုင်းရဲ့ ပဓာနကာရန်တွေကို လက်သည်းကွင်း ( )၊ ထောင့်ကွင်း [ ] တွေနဲ့ ပြထားပါတယ်။ ဒွေးချိုးတွေရဲ့ အချ (အဆုံးသတ်ကာရန်) ကို တွန့်ကွင်း { } နဲ့ပြထားပါတယ်။ လေးချိုး ရဲ့ ကာရန်ပြန် ကိုလည်း တွန့်ကွင်း { } နဲ့ပဲ ပြထားပါတယ်။ ဒါကြောင့် နောက်ဆုံးအုပ်ပိုဒ်ရဲ့ အချကို ထောင့်ကွင်း [ ] နဲ့ ပြန်ပြလိုက်ပါတယ်။ လေးချိုးမှာ ကာရန်ပြန် ဟာ သိပ်အရေးကြီးပါတယ်။ အများစု သတိမမူမိဘဲ အဲဒီနေရာမှာ ကာရန်လွတ်သွားလေ့ရှိပါတယ်။ အဲဒါဆိုရင် အချိုး ပျက်တော့တာပါပဲ။

ဒွေးချိုး (၁)
အညာ(လှေ)။
အညာ(မြေ)ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ထန်းလျက်(ခဲ)ရယ်နဲ့
(ပဲ)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၂)
တံငါ(လှေ)။
တံငါ(မြေ)ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ပုစွန်(ကျား)ရယ်နဲ့
(ငါး)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၃)
ကမ်းစပ်မှာ (မြှောင်)။
အိုး(ဖောင်) ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ရာဝင်(အိုး)ရယ်နဲ့
(အိုး)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၄)
ကမ်းစပ်မှာ(မြှောင်)။
ဝါး(ဖောင်) ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ခယင်(ဝါး)ရယ်နဲ့
(ဝါး)မျိုးစုံ ကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

လေးချိုး (လေးဆစ်) (၅)

ဒီလမ်းက ပန်းဗေ{ဒါ}။

ဆန်ရေစုန်(ရေ)နဲ့
ထုံပေ(ပေ)သူမ[နား]၊ [သွား]ရခါ{ခါ}။

ပါပါစ ရောင်းစ{ရာ}၊ {ပါ}ရှာဘု သူတို့[နဲ]။

အပြာမှာ အဝါ(ကွက်)ကယ်နဲ့
အ(တက်)မှာသူရွှင်[ပြ]ပေမဲ့၊
[ကျ]လည်းလေ သူမ(ငြင်း)ရှာဘု
ဒီချောင်းရေ ကောက်က(စင်း)မှာ
ဆိုင်(ခင်း)လျက်[ပဲ]။ ။


ဒါလောက်ဆိုရင် ဗေဒါလမ်းရဲ့ ဖွဲ့စည်းပုံကို မြင်သာလောက်ပြီ လို့ ထင်ပါတယ် ... ကျန်တဲ့ ဗေဒါလမ်း ကဗျာအားလုံးဟာ လည်း ဒီလိုပဲ အချိုးတွဲပုံစံနဲ့ ရေးသားဖွဲ့ဆိုထားတာဖြစ်ပါတယ် ...

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...

ဟယ်ရီ

Read More...

ဗေဒါလမ်း Ebook

ဗေဒါလမ်း ချစ်သူများအတွက် ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာများကို ကျနော် ebook လုပ်ပြီး တင်ပေးလိုက်ပါတယ် ... မြန်မာပြည်က လူတွေပါ download လုပ်လို့ရအောင် filefactory နဲ့ တင်လိုက်ပါတယ် ...

http://www.filefactory.com/file/ceb5def/n/Baydarlann__Zawgyi_ebook.pdf
စာအုပ်ကို ဖွင့်ဖို့အတွက်တော့ password လိုပါတယ် ...


password ကတော့ harrylwin ဖြစ်ပါတယ် ... :D

Download လုပ်ဖို့အတွက် လင့်ခ်အတိုင်းသွားလိုက်ပါ ... အဲဒါဆို Filefactory ရဲ့ Download page ကိုရောက်သွားပါလိမ့်မယ် ... အဲဒါဆို အောက်ဘက်ကို သွားပါ ... Slow Download ဆိုပြီး ဒိုင်ခွက်လေးအောက်မှာပေါ်နေတဲ့ အနီရောင်နဲ့စာတမ်း ကို click လုပ်လိုက်ပါ ... ပြီးရင် ထပ်ပေါ်လာတဲ့ အကွက်လေးထဲမှာ သူပြထားတဲ့ verification code ကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ... "pleas wait 30 seconds .. " ဆိုတဲ့ စာတမ်းလေး ပေါ်လာပါမယ် ... စက္ကန့် ၃၀ စောင့်ပြီးရင် "Your download link is ready at the bottom of this page" ဆိုတဲ့ အစိမ်းရောင်စာတမ်းလေး ပေါ်လာပါလိမ့်မယ် ... အဲဒါဆိုရင် အဲဒီ page ရဲ့ အောက်ဆုံးကို သွားပြီး စောစောက Slow Download ဆိုတဲ့ ဒိုင်ခွက်လေးအောက်မှာပေါ်နေတဲ့ "Download" ဆိုတဲ့ အနီရောင်နဲ့စာတမ်းလေးကို Click လုပ်လိုက်ရင် ရပါပြီ ...


ဒီ ebook ထဲမှာ မာတိကာ ကနေ ကိုယ်ဖတ်ချင်တဲ့ ကဗျာကို click လုပ်ပြီး တိုက်ရိုက်သွားလို့ ရပါတယ် ...
မာတိကာ ကို ပြန်သွားချင်ရင် စာမျက်နှာတိုင်းရဲ့ အပေါ်ဆုံးမှာ ရှိတဲ့ အပြာရောင်မျဉ်းလေးပေါ်က" ဗေဒါလမ်း ...... ဇော်ဂျီ "ဆိုတဲ့ ဧရိယာ ဘယ်နေရာကို နှိပ်နှိပ် မာတိကာ စာမျက်နှာကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ် ...
PDF Bookmark pane ကို ဖွင့်လိုက်ရင်လည်း မာတိကာ ပေါ်နေမှာ ဖြစ်ပြီး အဲဒီကနေလည်း ကြိုက်တဲ့ ကဗျာ ကို တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ...

Read More...

Sunday, 2 October 2011

လမင်းပိုင်တဲ့ပန်း (Flor De Luna)

အို ကြာပွင့် ကုမုဒြာ
လရိပ်ဆမ်းဖြာ ပန်းပွင့်လာ
မဟူရာည တင့်တယ်ရာ၊
အပူဖြာသမျှ လွင့်ပြယ်သွား။
ဇာခြည်တန်းလွှမ်းခြုံ၊
နွမ်းအာရုံ ဝေးလွင့်သွေ၊
ပန်းကြာငုံထွေးပွင့်စေသား။

ပြာရီဝေသီ
ညှို့ချက်တွေဆန်း ကမ်းစပ်နားဆီ
မြူမှုန်တွေ ဝေ့ဝဲလည်
နီလာကြာနန်း
လရိပ်ဇာ အမျှင်တန်း
မှန်းကာသန်း ... လွမ်းခဲ့သည်
ညိုမှောင်လျ လင်းပြာရီ။ ။

Carlos Santana ရဲ့ Flor De Luna (Moon Flower) ကို ခံစားပြီးရေးလိုက်ပါတယ် ... တချိန်က ဂစ်တာသမားတွေ အားလုံးလိုလို အကြိုက်တွေ့ခဲ့တဲ့ ကမ္ဘာကျော်တေးသွားဖြစ်ပါတယ် ... ကျနော်ကိုယ်တိုင်လည်း အလွန်စွဲလမ်းခဲ့ဖူးတဲ့ တေးသွားပါ ... ဂစ်တာတီးသက်လေး နည်းနည်းလည်းရလာရော အရူးအမူးလေ့ကျင့်တီးခတ်ခဲ့ဖူးတဲ့ တေးသွားပါ ... ကျနော်တို့ အရွယ် ဂစ်တာသမားများ ပြန်လည်ရင်ခုန်ကြရအောင် ... နားမထောင်ဖူးသေးတဲ့သူများလည်း နားဆင်ခံစားရအောင် Carlos Santana ရဲ့ မူရင်းလက်သံကိုပါ ထည့်ပေးလိုက်ပါတယ် ...



ကျေးဇူးအထူးပါ ခင်ဗျ

ဟယ်ရီ

Read More...

Friday, 30 September 2011

မဟူရာကဝေမလေး

ဘာဆိုဘာမှ မသိအောင်မှိုင်းဆင်
ငါ့ရင်ကိုခွင်း ...
မိစ္ဆာတကောင်ထုတ်ယူဖန်ဆင်းနေသလား ...
မဟူရာကဝေမလေးရေ။

ကျောခိုင်းမသွားပါနဲ့
ပဉ္စလက်မြားတွေနဲ့ ရီဝေမူးမော်
ငါ့မှော်နှင်တံကို ချိုးဖျက်ခဲ့လေသလား
မဟူရာကဝေမလေးရေ။

မန္တာန်တွေစုပ်
မန်းမှုတ် ဖမ်းစားလိုက်စမ်းပါ
ငါ့နှလုံးသားကို ကျောက်သားအဖြစ်ပြောင်းလဲ
အစွဲအမြဲတောင့်တပိုမိမှတော့
နင့်တကိုယ်တည်း မထားခဲ့နိုင်ပါ ...
မဟူရာကဝေမလေးရေ။

(Black Magic Woman - Carlos Santana)

အခုတလော Latin mood ဝင်ပြီး Santana သီချင်းတွေချည်းနားထောင်လိုက် တီးလိုက် လုပ်နေရာကနေ ခပ်ပျင်းပျင်းရှိတာနဲ့ Carlos Santana ရဲ့ Black Magic Woman ကို အရမ်း ဘာသာပြန်ပြီး ကဗျာလုပ်ရေးလိုက်ပါတယ် ...

  Download this mp3 from Beemp3.com

အချိန်ကုန်ခံပြီး ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

Read More...

Monday, 26 September 2011

ချစ်သော မဟာနဒီသို့


သယံဇာတတွေ ကုန်ဆုံးသွားမလား
ရေချိုမြစ်ကြီး ပျောက်ကွယ်သွားမလား ...
စိုးထိတ်ရင်မော ...
ငါတို့တွေ ထိုင်ရာကနေတော့ မထနိုင်ခဲ့ကြ
ဖေးကူမယ့်လက်တွေ လိုတယ် ...
အသိပညာ
ဗဟုသုတ
စည်းလုံးမှုတွေ လိုတယ်..
နောင်အနာဂတ်မှာ ... မြန်မာပြည်မြေပုံ ကို အပြည့်အဝ ဆွဲချင်သေးတယ်
နောင်အနာဂတ်မှာ ... မြည်မာပြည်ကို လက်ညှိုးထိုးလို့ ပြချင်သေးတယ်
နောင်အနာဂတ်မှာ ... မြန်မာနိုင်ငံသားလို့ လက်မထောင်ပြီး
ကြွားချင်သေးတယ် ...
ဖြစ်နိုင်ပါ့မလား ... (စုလေး)

ငါထပ်တွေးတယ်
ရာဇဝင်ရဲ့ သတို့သမီးဆီမှာ
မရဏဖွားလက္ခဏာအပြည့်နဲ့
ဆည်တံတိုင်း တာတမံ
သူမအပေါ်တင်ကြ
သူမရင်ဝကိုပိတ်ဆို့ကြ
ငါကိုယ်ချင်းစာမိပါရဲ့ (kaung htet nay win)

သူမ အတွက် ...
ငါ့ ကမ္ဘာမှာ သက်ပြင်းချသံတွေ ဆူညံလို့နေခဲ့ပြီ ....
မနိုင်ဝန်ထမ်းရရှာတဲ့ သူမ ...
ဘယ်တော့များအရုပ်ကြိုးပြတ်ဖြစ်မလဲ
တထင့်ထင့်တွေးရင်း
အိပ်မက်တွေယောင်ခြောက်ဆယ်နဲ့
ဆုတောင်းသံတွေ ကမ္ဘာကို ညံခဲ့ပြီ .... (စုလေး)

သူ့အတွက် ရေကန်အသင့်၊ ကြာအသင့် မဖြစ်ခဲ့တာကြာပါပြီ
အခါလွန်မိုးတွေက သူ့အပေါ်အညှိုးကြီးစွာရွာချ
အညစ်အကြေးတွေ သူ့ကျောပေါ် လှုပ်ခါချမရ
အမှိုက်တွေက အသိုက်ဖွဲ့ပြီး နေထိုင်တတ်ကြလို့
တစ်ကယ်တမ်း ဖောက်ပြန်ရမှာက ရာသီဥတုရယ်ပါ
"... တစ်တောလုံးပြောင်၊ တစ်တောင်လုံးလင်း" ဆိုစကား
လူတွေလုပ်မိလို့ မှားတဲ့အမှားတွေနဲ့
လူတွေမလုပ်မိလို့ မှားတဲ့အမှားတွေ ...။ (Kyaw Myint Oo)

ကျောရိုးကိုဖြုတ်လိုက်သလို
ချိနဲ့သွားမယ့်အဖြစ်ကိုတွေးတိုင်း ရင်နာတယ်
ကန်းသွားပြီးခါမှ မီးထွန်းပေးမယ်ဆို
ငါမလင်းချင်တော့ဘူး
ကျိုးသွားပြီးမှ လမ်းခင်းပေးမယ်ဆို
ငါ မလျှောက်ချင်တော့ဘူး
သရဲသဘက်နဲ့မှ ပေးစားမယ်တဲ့
ဖြစ်ရလေခြင်းသတို့သမီးငယ်။ (သက္ကမိုးညို)

သူတို့နဲ့ငါတို့
ခေတ်ချင်းမတူခဲ့ကြ
စနစ်ချင်းမတူခဲ့ကြ
မျက်မှန်ပါဝါချင်းမတူကြ
ဖိနပ်ဆိုက်ချင်းမတူကြ
မိုးရေချိန်ချင်းမတူကြ
စိုးရိမ်ရေမှတ်ချင်းမတူကြ
ဒါပေမယ့်
နှလုံးသားရဲ့ ၀.၀၀၀၀၁%တူရုံမျှနဲ့
သူမကိုချစ်ကြတယ် ...။ (မှူးနေဝန်း)

ငါမမြင်ရဲဘူး...
အသွေးအသားကိုတောင် ရောင်းစားမယ့်အဖြစ်တွေ
ငါမယုံရဲဘူး...
ငါတို့ကို ရစ်ခွေထားတဲ့သူမ
ငါတို့ကို ထွေးပိုက်ထားတဲ့သူမ
ငါတို့ကချစ်တဲ့ သူမ
နောက်ပြီးတော့ နောက်ပြီးတော့...
ကမ္ဘာမကြေ ... (Paing Nyan Hein Aung )

ငါ့ရင်ခွင်မှာ ...
အားလုံးကိုထွေးပိုက်ရ...
အားလုံးကို ကြင်နာရ...
ကျွေးရမွေးရ...
လူလားမြောက်စေရနဲ့....
အခုအဖြစ်က....
အရွယ်ရောက်သားသမီးတစ်ချို့က
ငါ့ရင်ကဖြစ်တဲ့ နို့ရည်ကို
ခွက်နဲ့ခံပြီး ရောင်းစားသလိုမျိုး...
နောက်မွေးဖွားလာကြတဲ့..
လူမမယ် ဖတဆိုးလေးတွေရှင်သန်မှုအတွက်
လိုအပ်နေတဲ့အသွေးအသက်ကို
မစာမနာနဲ့ ဝင်နှုတ်သိမ်းတော့မယ့်ပုံမျိုး ...။ (သွေးခန့်)

မှတ်တမ်းမှတ်ရာဟောင်းကို ထိုးခွဲပြီး
မှန်နန်းကန့်လန်ကာနောက်ထိ လက်ညှိုးငေါက်ငေါက်ထိုးတဲ့
မျက်နှာလွှဲခဲပစ် အဖြစ်မျိုးပဲ ။
ဆေးရှိပေမဲ့ ကုသခွင့်မရတဲ့အနာတစ်မျိုးပဲ
သူမ လူမဆန်စွာ ကျူးလွန်မှုကို ခံစားထားရတယ်
ရက်စက်နိုင်လိုက်တာ လို့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိရေရွတ်ပြီး
တာဝန်မဲ့တဲ့ လင်ယောက်ျားအပေါ်စိတ်နာပုံမျိုးနဲ့
စိုးရိမ်ရေမှတ်ရောက်တဲ့အထိ
နာနာကျည်းကျည်းငိုတယ် (အောင်ကိုကို)

ညတိုင်း ငါ့နားထဲမှာညံနေတဲ့
ဧရာဝတီရဲ့ ငိုကြွေးသံတွေ
ကန့်ကွက်ကြ ဆန့်ကျင်ကြ
သူမကိုဖျက်ဆီးသူမှန်သမျှ။
သူမရဲ့ နှလုံးသွေးနဲ့
ငါတို့ဘယ်လောက်တောင်များလုပ်ကျွေးခဲ့ပြီးပြီလဲ။
ထမင်းရှင်တင်မက သွေးရှင်သားရှင်
တိုင်းရင်းသားညီမောင်တို့ရင်မှာ
အစဉ်တည်တံ့စေ မြစ်ဧရာရေ ....။
သင့်အတွက် ဆုတောင်း သင့်အတွက် ကန့်ကွက်
သင့်အတွက် သင့်ဘက်က
ထာဝရရပ်တည်မယ်။ (မိုးသစ်လေပြည်)

ရာဇဝင်ထဲက သတို့သမီး
အခုတော့ ငိုညည်း နေရှာပြီလား
ငါ့သွေး ငါ့သား ငါ့ဧရာဝတီဆိုပြီး
ရင်ခွင်ထက်မှာ ကမ္ပည်း တင်ထားတယ်
ကျန်တာတွေ ဘာမှမပြောချင်ဘူး
ဘယ်သူပြောတာမှလည်း နားမထောင်ချင်ဘူး
ငါက သတို့သမီးရဲ့
ရယ်သံလေးတွေကိုပဲ မက်မက်မောမော နမ်းချင်နေသူပါ [ချီရွန် (ပုလဲ)]

သမိုင်း နဲ့  ရာဇဝင်နဲ့ 
ရာဇဝင်များရဲ့ သတို့ သမီး
ခေတ် အဆက်ဆက်
ပြည်သူတွေ ကို ရင်ဝယ်ပိုက် ပြီး
မမောနိုင် မပန်းနိုင်
တစ်နိုင်ငံလုံးကို စီးဆင်းနေတဲ့ 
ဘိုးဘေးဘီဘင် လက်ထက်ကအမွေ
ကျွန်တော်တို့ ခေတ်ရောက်မှ .......
ပျက်စီးရတော့ မယ် ဆို ရင် ........
ကျွန်တော်တို့ သမိုင်းမှာ ...... အမည်းစက် ကျန်ခဲ့လိမ့်မယ် (လုလင်ငယ်သွေး)

ရာဇဝင်ရဲ့သတို့သမီး..အပေါ်
မှောင်အောင်နေဝင်တော့မယ်တဲ့လား ...
တယ်လေ ..... ရိုင်းလိုက်လေခြင်း
ရင်နာတယ် ... ဧရာဝတီရယ်
အမြစ်တွယ်နေတဲ့ရင်ခွင်ထဲမှာ
အရင်အတိုင်းပဲ
...........
...........
လှပစီးဆင်းဆော့နေပါဦး ..........။ ။ (နေဝင့်မော်)

စီးစမ်း ....... စီး .....
ရဲရဲသာ .... စီး ..... ဧရာဝတီ ....
မင်းစီးစရာ နေရာမရှိရင်လေ ....
ငါတို့ ရဲ့ နှလုံးသွေးကြောတွေထဲက ဖြတ်ပြီး ... စီး ......
ငါတို့ ရဲ့ အသက်ဓာတ်ကို ဖြတ်ပြီး ... စီး .......
ပြီးတော့ .... အမှန်တရားကိုဖြတ်ပြီး ... စီး ...။
လူမဆန်ခြင်းတွေကို ကျော်ပြီး ... စီးကွာ ...
နောင် တစ်ခေတ်မှာ ........
ရှေးလူတွေကို ... မှတ်တမ်းပြုစုတဲ့ အချိန်...
မြို့ဟောင်းတွေကို ပြန်လည်တူးဖော်တဲ့ အချိန် ....
ရင်ဘတ်မှာ .... ဧရာဝတီ ဆိုတဲ့ နာမည်အထပ်ထပ်နဲ့
ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ ..... ငါတို့ပဲဖြစ်လိမ့်မယ် ... ဧရာဝတီ ....။ (ဟိန်း)

သတို့သမီးရဲ့ ဆည်းဆာချိန်ပေါ့ ...
နေဝင်လား ...
နေထွက်လား ...
ငါမဝေခွဲတတ်ပါ မဟာနဒီ ...
နေရယ် ...
မညိုပါနဲ့ဦး
မဝင်ပါနဲ့ဦး
သုံးပါးသော ဒုက္ခသစ္စာ တရားတွေ
ဝေးဝေးနေကြပါဦး ...
အရှေ့ဆီမှ ရောင်နီတို့ဆမ်းသော
နံနက်ဆည်းဆာသာ ဖြစ်ပါလေ
အို ... ချစ်သော မဟာနဒီ ...။ (ဟယ်ရီလွင်)


ကဗျာချစ်သူ (http://www.facebook.com/groups/206785939348399/) မှ ဧရာဝတီကို ချစ်သော ညီအကိုမောင်နှမများ စုပေါင်းရေးဖွဲ့ပါသည်။ ....

သရုပ်ဖော်ပုံအား ရေးဆွဲပေးသော ညီလေး Kyaw Myint Oo အား အထူးကျေးဇူးတင်ရှိပါသည်။

တတ်စွမ်းသမျှ ဆက်လက်ဖြန့်ဝေပေးကြပါရန် မေတ္တာရပ်ခံပါသည် ....

ဟယ်ရီ

Read More...

Friday, 23 September 2011

ဘဝဆိပ်ကမ်း

အိပ်မက်တခု၊ အရင်းပြုရင်း၊
ထုဆစ်ခဲ့ကြ၊ တို့ဘဝတွေ၊
ညရိပ်ဝေရီ၊ နွေပီပီမှ၊
ရေကြည်မိုးပြောင်း၊ နှင်းဆောင်းငွေ့လျှံ၊
အမေ့ထံပါး၊ ဝေ့ပျံသွားခဲ့၊
စကားမဲ့ဒြပ်၊ တံလျှပ်ပန်းချီ၊
ချိုရီမြမြ၊ တသသနှင့်၊
ဘဝဆိပ်ကမ်း၊ နိမိတ်လွှမ်းချိန်၊
အိပ်တန်းပြန်ဖို့ အားဖြည့်နေ။ ။

ညီမလေး ဂျွန်မိုးအိမ်အတွက် မွေးနေ့လက်ဆောင် ရေးပေးခဲ့တဲ့ ကဗျာလေး အခုမှပဲ တင်ဖြစ်ပါတော့တယ် ....

ဟယ်ရီ

Read More...

Saturday, 17 September 2011

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၂)

တေးရိုး
တေးထပ် အကြောင်းပြီးတဲ့နောက်မှာ တေးထပ်နဲ့ ဆင်တူတဲ့ တေးရိုး နဲ့ တေးတွဲ့ အကြောင်း အနည်းငယ် ဖော်ပြချင်ပါတယ်။ ဒီခေတ်မှာ တေးရိုး၊ တေးတွဲ့ကို လုံးဝမတွေ့ရသလောက်ဖြစ်နေပါပြီ။ ဗဟုသုတ အဖြစ်နဲ့ပဲ ဖော်ပြလိုက်ပါတယ်။

တေးရိုးမှာ တေးရိုးငယ်နဲ့ တေးရိုးကြီး ဆိုပြီး နှစ်မျိုးရှိပါတယ်။
‎တေးထပ်ထက် ပိုပြီးရှေးကျတာကြောင့် တေးရိုးလို့ ခေါ်ဟန်တူတယ်လို့ ဆိုပါတယ်။ တေးရိုးကြီးနဲ့ တေးရိုးငယ်ဟာ ‎နည်းနည်းပဲ ကွာတာမို့ ကဗျာ့စွယ်စုံကျမ်းထဲမှာ တပေါင်းတည်း ပြထားပါတယ်။
လေးချိုးကို တပိုဒ်ဖြုတ်ပြီး အနည်းငယ် ပြင်ဆင်လိုက်ရင် တြိချိုးဖြစ်လာသလိုမျိုးပဲ တေးထပ်ကို ‎တချို့အပိုဒ်တွေ ဖြုတ်ပြီး နည်းနည်း ပြင်ဆင်လိုက်ရင် တေးရိုးငယ်-တေးရိုးကြီး ဖြစ်လာတယ် လို့ ဆိုထားပါတယ်။
‎အောက်က နမူနာ တေးရိုးငယ်ပုံစံ နဲ့ တေးရိုးကြီး ပုံစံကို ကြည့်လိုက်ကြရအောင်။

‎“တေးရိုးငယ် ပုံစံ”
မနှုန်းတန် စိန္တေယျမို့၊ အနန္တဘုန်းတော်ဂုဏ်၊
မြှောက်ဝှဲချီး အံ့မကုန်သည်၊ မြေဝသုန် တုနှိုင်း၊
သဗ္ဗညု ထွတ်ဘုန်းသည်ကို၊ ငါဇာနည် ဦးညွတ်လို့ကိုင်း။
စောမြတ်စွာ ထွဋ်ရှိုင်းသည့်၊ မနှိုင်းတန့် တရားတော်၊
ဂိုဏ်းရှစ်ဘို့ သံဃာတော်ကို၊ ရှိပူဇော် ဦးတင်၏လေး။
‎
‎“ရှေးရေး တန်ခူးလဖွဲ့ တေးရိုးကြီးပုံစံ”
တန်ခူးဂိမှမှာ၊ ဓာတ်တေဇ ယှဉ်မှီ၊
ခါမိဿ အချိန်ညီ၊ သဝဏီနက္ခတ်၊
စိတြ မည်မကွာသည်၊ တာရမှာ ကေဝဋ္ဋမှတ်၊
ပန်းကံ့ကော် ရင်ခတ်တို့၊ ပွင့်ချပ်ကဲ့စုံလင်၊
သင်းရနံ့ ပျံ့ရွှင်၊ ရေသဘင်ပွဲလမ်း၊
ထိန့်ရိုက်ဆင့် ကျူးကျော်တယ်၊ သင်္ကြန်တော် ကြူးရင့်သည့်တမ်း။ ... ။
‎
‎(တေးရိုးငယ်မှာ ‘လေး’ ဆိုပြီး တေးထပ်ချသလိုမျိုး ချပေမဲ့ တေးရိုးကြီးကတော့ အထက်အပိုဒ်ရဲ့ အချ‎ကာရန်အတိုင်း သံပြင်း လဟုသံနဲ့ ချတာကို သတိပြုပါ။)
ဒီခေတ်မှာ စပ်ဆိုမှု လုံးဝမရှိသလောက်ဖြစ်နေပြီမို့ ဒီလောက်နဲ့ပဲ တေးရိုးအကြောင်းကို ရပ်နားလိုက်ပါတယ်။

Read More...

Friday, 16 September 2011

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၁)

ရှစ်ဆယ်ပေါ်တေးထပ်

ရှစ်ဆယ်ပေါ်တေးထပ် ဆိုတာက တေးထပ်အကြီးစား တမျိုး ဖြစ်ပါတယ်။ တေးထပ်ကိုပဲ အဆန်းကွန့်၊ အညွန့်တပ်ပြီး ရေးတဲ့နည်းပါ။ ဘိုးတော်ဘုရားလက်ထက် ‎‎(၁၁၈၀)ပြည့်နှစ်က စပြီးပေါ်ပေါက် လာတဲ့တေးထပ်ဖြစ်လို့ ရှစ်ဆယ်ပေါ်လို့ ခေါ်တယ်လို့ ‎သိရပါတယ်။ ‎‎(၁၀၈၀)ပြည့်နှစ်က စတင်ပေါ်ပေါက်တယ် လို့လည်း တချို့စာအုပ်တွေမှာ တွေ့ရပါတယ်။ အမျိုးအစားအနေနဲ့ကတော့ အရင် ဖော်ပြခဲ့ပြီး ဖြစ်တဲ့ အရိုးခံ၊ သာမည၊ သုံးချက်ညီဆိုတဲ့ တေးထပ် အမျိုးအစားတွေအပြင် ထပ်တွန့် ရှစ်ဆယ်ပေါ်၊ ထပ်ကွန့် ‎ရှစ်ဆယ်ပေါ် ဆိုပြီး ထပ်မံ ကွဲပြားတယ်လို့လည်း ဆိုထားပါတယ်။ အင်မတန်မှ အသံပြေပြစ်ပြီး ဆိုလို့ကောင်းတဲ့ တေးထပ် အမျိုးအစားပါ။ အသံပြေသလို ဂီတရစ်သမ်လည်း မိပါတယ်။ ဟစ်ပ်ဟော့ပ် (Hip hop) လုပ်ဆိုလို့ရတဲ့ တေးထပ်မျိုးဖြစ်ပါတယ် ....

အပိုဒ်ရေ၊ အခံအအုပ်၊ အပြစ်ဒေါသတွေ အနေနဲ့ကတော့ အရင်ပြခဲ့ပြီးတဲ့ တေးထပ် ‎စပ်နည်းတွေနဲ့ အတူတူပါပဲ။
အက္ခရာ လုံးရေအနေနဲ့တော့ အပိုဒ် (၁၈)ပိုဒ်ရဲ့ အပိုဒ်တိုင်းမှာ အရင်တေးထပ် အက္ခရာတွေထက် ၂ ‎လုံးစီ၊ ၂ လုံးစီ ပိုပြီး ရေးသားရပါမယ်။ အပိုဒ်-၁၆ မှာတော့ စာလုံးရေ ၅-လုံး အတိအကျ အမြဲတမ်းထားရပါမယ်။ မပို၊ မလျော့ရပါ။
အစပ်ကာရန် နဲ့ လေပြင်းလေလျော့ (ဂရု၊ လဟု) ယူရာမှာတော့ အရင်တေးထပ်တွေထက် ၂ ‎လုံးစီပိုထားတဲ့အတွက်ကြောင့် တလုံးစီ နောက်ဆုတ်ပြီး စပ်မိ ဟပ်မိ ထပ်မိ စေရပါမယ်။
သဘောကတော့ သာမည၊ အရိုးခံနဲ့ သုံးချက်ညီတေးထပ်တွေမှာ ၁-အပိုဒ်ရဲ့ အဆုံးလုံးနဲ့ ၂-အပိုဒ်ရဲ့ တတိယလုံးကို စပ်ရပေမဲ့ ‎ဒီ ရှစ်ဆယ်ပေါ်တေးထပ်မှာတော့ ၁-အပိုဒ်ရဲ့ အဆုံးလုံးနဲ့ ၂-အပိုဒ်ရဲ့ စတုတ္ထလုံးကို စပ်ရမယ်လို့ ဆိုလိုတာပါ။ ကျန်တာက အတူတူပါပဲ။
ကဗျာစွယ်စုံကျမ်းကြီးထဲက ဥပဒေသ ဆောင်ပုဒ် ရှစ်ဆယ်ပေါ် တေးထပ်ကို အရင်ကြည့်ပါ ...




နမူနာ ရှစ်ဆယ်ပေါ်တေးထပ်လေးတွေကို ဖော်ပြလိုက်ပါတယ်။
‎
အရိုးခံ ရှစ်ဆယ်ပေါ်တေးထပ် (မြှောက်ပင့်မယ်ဖွဲ့)

ရှေ့ဟောင်းကုသိုလ် ဆုဆိုသမျှကြောင့်၊ ခုလိုဘဝ တုမမြင်၊
နုပျိုအလှ သူ့အသွင်မှာ၊ မပြုမပြင် ယဉ်ပါပေ့၊
ကေသာဆံညွန့် သုံးတောင်ကျော်တယ်၊ ပိတုန်းရောင်နော် ညိုမှိုင်းပြာရီစွေ့။

သုံးရက်ပေါ်စ လရေးသွင်လို၊ မကဆေးမင် မျက်တောင်ကွေ့၊
သောက်ရှုးကြယ်ထင် လုံးမျက်စေ့နှင့်၊ ပြုံးလျက်ကလေ့ ပြုမူရာ၊
သွယ်ညွတ်နှာတံ မို့တမို့၊ မခို့တရို့ ကြော့ရှင်းရုပ်ရွှေဝါ။

နှုတ်ခမ်းဝါဖန့် နီမြန်းစွာငယ်၊ စီတန်းဒန္တာ ပုလဲအဖွဲ့သို့၊
မရဲတရဲ့ ပြုံးတော့မလိုလို၊ နှုံးကြော့ ကပိုကရို၊
ခါးတံသေးလို့ ရင်ချီပိုတယ်၊ သွင်မဒီအပျို နတ်နန်းရွှေကိုယ့်လေး။ ။

ရှုလေယဉ်လေ (သိကြားမှိုင်) သာမည ရှစ်ဆယ်ပေါ် တေးထပ် – (အမြှောက်ဖွဲ့၊ စလေဦးပုည-ရေး)

နန်းရံတရာ ပဏ္ဏာခ၊
မန်းမန္တလ ဗွေရိပ်စံ၊
စန်းစန္ဒရ ငွေဗိမာန်လို၊
ပင်ရွှေထိပ်ပန် ယဉ်မျာ့းပန်း၊
ဂုဏ်ထူးကေလျော့ တကြော့မှန်ငယ်၊
မဟော့်သက်နှံ တော်လေးအမရာ့ငြမ်း။

ကပိုကရို့ သူ့အမူငယ်၊
ဇမ္ဗု့မတူ ပြိုင်သူလျှမ်း၊
အမူ့အယူ လှိုင်ကြူပန်းသို့၊ (အမှု့အတူ လှိုင်ကြူပန်းဘို့)
ဆန်းဆိုသမျှ ခေါင်ထက်ခေါင်၊
ရှုလေယဉ်လေ မြင်သူငေး၊
ခင်လေးခင်ခင့် ယဉ်လေးယဉ်ယဥ့်၊
ယဉ်တတ်ပါတဲ့နောင်။

ပန်းချီရှုံးတဲ့ တော့်ဘုန်းခေါင်ငယ်၊
တကျော့ထုံးနှောင် ကေသီလျော့နှင့်၊
သုံးထောင်ထွာကြော့ လျော့ရွှေကေခိုင်၊ (သုံးထောင်ထွာကြော့ တော့ရော့ရွှေကေခိုင်)
ပိတုန်းမင်ညွန့်ဆိုင်၊
စံပုံရှားတဲ့ သိကြားမှိုင်ငယ်၊
သနားပိုင်ပိုင် ခံစမ်းချင်လှလေး (သနားပိုင်ပိုင် စံစားချင်လှလေး)။ ။
(ကွင်းအတွင်းက စာသားတွေက မူကွဲဖြစ်ပါတယ်၊ ကွန့်ပိုဒ် မဟုတ်ပါဘူး)

သုံးချက်ညီ ရှစ်ဆယ်ပေါ်တေးထပ် (တောဖွဲ့-မယ်ဆို)

တချုံ နှစ်ခြုံ အရုံဆင့်၊ ရဂုံအမြင့် ကမ်းသာယာ၊
ဖုံဖုံအပွင့် ပန်းမာလာကို၊ မှန်းကာတမ်းကာ လှမ်းကာခူး၊
လှိုင်ပေ့ကြိုင်ပေ့ မြိုင်ကွေ့ဝနာမှာ၊ ထိုင်၍ကညာ သီကုံးကာပ မြူး။
စမ်းရေအေးစက် ပြေးထွက်ချုံမှာ၊ ထွေးယှက်အရုံ ငုံအဖူး၊
ကျေးငှက်ဖုံဖုံ စုံစုံကူးလို့၊ ကြုံကြုံပါဘူး ထူးသည့်ဟန်၊
ချောက်ဝယ် မျောက်ငယ် ပျောက်ကွယ်ကြ၊ ကြောက်ဖွယ်ရာပ ခေါ်ကြ အော်ကြသံ။
ယုန်လားကြောင်လား ခုန်သွားပြန်တယ်၊ ချုံနားကမ္ဘယံ ငူအကွေ့၌၊
ပြူစေ့ပြူစေ့ လူငွေ့ရှာ၊ ကျားကြီးထင်လှပါ၊
မောင်တော်ရိုက်လှဲ့ ကိုက်မဲ့လာတယ်၊ မိုက်တဲ့သတ္တဝါ-သေသွားအောင်ပလေး။ ။
‎
သုံးချက်ညီ ရှစ်ဆယ်ပေါ်တေးထပ် (ရွှေတိဂုဏ်စေတီဖွဲ့- ပါဠိဆရာကြီး ဦးဝေ-ရေး)

ဂီဝါ နီလာ ရီကာတန်း၊ ညီညာယှက်သန်း ကွက်ဆန်းခြယ်၊
ဋီကာလက်သန်း ထွက်ကျမ်းသွယ်လျှင်၊ ပန်းဘွယ် မှန်းရွယ် ဆန်းကြယ်တောင်း၊
မြိုင်ရပ် ဆိုင်ပတ် ခိုင်ချပ်ရုံတယ်၊ လှိုင်ထပ်အငုံ ကိုက်ဖူးတန်ကလှောင်း။ ။

ဂေါ်ပွင့် ဖေါ်ရင့် မြှော်လင့်ဝေတယ်၊ မော်မြင့်နဘေ မဝေဆောင်း၊
လှော်ပွင့်အရွှေ သရေညောင်းလို့၊ သပြေတောင်စောင်း မြလက်ျာ၊
ကိုးဂုဏ် ဖြိုးစုံ စိုးခြုံလျှမ်း၊ မိုးဘုံကြငှန်း စံမြန်းကွန့်ချက်ညှာ။ ။

ထိန်လျှပ် ရှိန်မြတ် တိမ်ချပ်လွှာမှာ၊ သိရ်မြတ်ရတနာ ကြူကြူသင်းလို့၊
ထူ,ထူပါမင်း သန့်ခင်းငြိမ့်ဖော်စည်၊ ဗျာရင်းမိန့်တော်တည်၊
ဆောင်ကွန့် ရောင်ဝှန့် တောင်ညွန့်လည်မှာ၊ နောင်အဓွန့်ရှည် ရွှေတိဂုဏ်ပလေး။ ။

သာမည ရှစ်ဆယ်ပေါ်တေးထပ် (မယ်ဖွဲ့ - ရဝေထွန်း - ရေး)

နွဲ့တဲ့နွဲ့တီ ပလီညှိလို့၊ မပီတပီ့ ပီ့တပီ၊
ကသီကရီ့ တီ့တတီငယ်၊ မချီ့တချီ ချီပုံနှင့်၊
နှုတ်စုံတွဲ့တွဲ့ နွဲ့နွဲ့ဖန်တယ်၊ ရွဲ့တဲ့အဟန် မူမျိုးစုံလျက်ဖွင့်။

မျက်လုံးညီညီ့ ချီချီ့တင်ကာ၊ ရီမည့်အသွင် မူမှန်ဆင့်၊
ကြည်လိကြည်လင် ကြူဟန်တင့်သည့်၊ တူဟန်သနှင့် သောက်ရှုးရောင်၊
မျက်နက်အကြည် ဒေါင့်မှာချိတ်လို့၊ ကြောင့်ရာနိမိတ် မုန်းတဲ့ ဟန်ပန်ဆောင်။

မပွင့်တပွင့် တမင့်ကြောင်ကာ၊ “အဟင့်-ဟင့်-မောင်” ကိုယ်ကိုလွန့်လို့၊
ပျိုပျိုအညွန့် ရွံ့ရွံ့ရို့ရရို၊ တွန့်တွန့် တို့တတို၊
ကပိုကရို့ အို-အို့ ဆိုကာ၊ ငိုမသို့လို ပျိုလေးဖန်တော့လေး။
ကတီခင်းစက် သင်းညက်ထုံမှာ၊ နှင်းဆက်ခြုံရုံ မြှူချော့ပြန်ရလေး။ ။

ထပ်တွန့် ရှစ်ဆယ်ပေါ် တေးထပ်

“သိကြားဆွေ” ထပ်တွန့် သုံးချက်ညီ ရှစ်ဆယ်ပေါ် တေးထပ် (ဘုန်းတော်ဖွဲ့၊ အချုပ်တန်းဆရာဖေ - ရေး)

နန်းပုံ ဆန်းစုံ ပန်းခုံမြင့်၊ စန်းယုန်နေပွင့် မခြားသွင်၊ (စန်းယုန်ငွေသွင့် မခြားသွင် - မူကွဲ)
မြန်းလှုံဝေတင့် ပတ္တမြားပလ္လင်ဝယ်၊ နှစ်ပါးအရှင် စံပြိုင်ထွန်း၊
(ဝေရောစန ရဝေသောမ)
ပရမေစောလှ နတ်နှစ်ဆူမှာ၊ မြတ်ပါရဂူ ဆုကြီးရည်လို့ညွှန်း။

(မဟီမြေတပြန့် ဝသီနေရဗန့်)
မဒီဝေသန့် ခုငြမ်းဆင်သည်၊ ဥဒါန်းရာဇဝင် နောင်မော်ကွန်း၊
ဋ္ဌာနီ ရာသီ ပါရမီမွှန်း၊ သဒ္ဓါစည်ရွှန်း အောင်မောင်းသံ၊
နတ်ဒေဝရာ ဗြဟ္မာအံ့၊ ကုသိုလ်တော်ဖြန့် ကောင်းချီးသာဓုခံ။

(ကြငှန်းဆင့်ဆင့် အလျှမ်းစွင့်စွင့်)
အဆန်းတင့်တင့် နန်းမြင့်ယံမှာ၊ စန်းပွင့်ရှင်ထံ ခိုလှုံခ,လို့၊
ဗိုလ်ပုံသကလ စွေကြိုး ဝေဖြိုးကာ၊ ရွှေမိုးငွေမိုးရွာ။
(လောကိအာသဘ စောဝိနာယက)
ဗောဓိလျာဖျာ့ အလှူ့သဒ္ဓါသည်၊ ဇမ္ဗူ့ပထဗျာ မြေလုံးတုန်ရလေး။ ။
(ရွှေနန်းဘောင်မြင့် ငွေစန်းရောင်ပွင့်)
မြေနန်းပြောင်မြင့် သကြာ့းဆွေမှာ၊ ဗြဟ္မာ့ကြက်သရေ ထက်ဖြိုးဝေလို့လေး။ ။

ဒီ ရှစ်ဆယ်ပေါ်တေးထပ်ဟာ အချုပ်တန်းဆရာဖေရဲ့ လက်စွမ်းပြလက်ရာလို့ သိရပါတယ်။ သူ့ရဲ့ တပည့်ဖြစ်သူ စင်တော်ကြီး မင်းသမီးကိုင် ဦးသာဇံ (ရုပ်သေးမင်းသမီး ဖြစ်ပါတယ်) အတွက် ရေးဖွဲ့ပေးခြင်း ဖြစ်ပါတယ်။


ထပ်တွန့် ရှစ်ဆယ်ပေါ် တေးထပ် (မိုးဖွဲ့-မောင်ဆို)
‎
ဗိန္ဒုံ ဗိန္ဒုံ ငွေအမ္ဗု၊ ရေသံအစု ထစ်မြည်ကာ၊
ဝေလျှံအထု စစ်ချီလာတယ်၊ မလစ်ပြည်ရွာ-ညီညာဝိုင်း၊
‎(ကြိမ်ပန်းယှက်သို့ တိမ်မကန်းကွက်တို့)
ထိန်သန်းလက်လို့ မြူးကွန့်စွာငယ်၊ လူးလွန့်ဘယ်ညာ ညိုမဲပြာလို့မှိုင်း။
‎(နာကိတ်လျှမ်းပြု အပြာချိပ်မရမ်းနု)
ဇာမိတ်ပန်းအတု လိမ်တွန့်ကာငယ်၊ တိမ်ညွန့်မာလာ ရစ်ဆင်သိုင်း၊
ရှိန်ဝှန့်ဖြာဖြာ ရှစ်ခွင်တိုင်းသို့၊ သစ်လွင်မဆိုင်း လျှပ်စစ်ရုံ၊
ဖြိုးလျှံ ကျိုးသံ မိုးနဘံကွဲသို့၊ ငြိုးရန်အခဲ သဲတော့ မဲတော့ပုံ။
‎(မာန်တင်းစွာပ-ထန်ပြင်းပါလှ)
ရန်ခွင်းမှာလ မိုးပဇ္ဖုန်ရယ်၊ ကြိုးထစ်အကုန် တကယ်သဲချတော့၊
အလယ်လဲဗျ အေးလို့စက်ခိုက်တွင်၊ လွေးဖို့-ဖက်လိုက်ချင်။
‎(ဧကစာချမ်းဖို့ လေပါဖျန်းသမို့)
ခွေကာလွမ်းလို့ တပါးမရွှင်တယ်၊ သိကြားဘုရင် ရှော့ဘူးထင်ငဲ့လေး။ ။
‎
ကွင်းစကွင်းပိတ်နဲ့ ရေးထားတဲ့ စာလုံးတွေက ထပ်တွန့်ကာရန် ခေါ်ပါတယ်။ ဒီလို ကာရန်မျိုးကို (၁၊ ၃၊ ၅၊ ၇ ... အစရှိတဲ့) မ ပိုဒ် ၉-ပိုဒ်ရဲ့ ကြိုက်တဲ့ အပိုဒ်မှာ ထည့်နိုင်ပြီး ‎ကျန်အပိုဒ် တွေမှာတော့ တွန့်ရိုးထုံးစံ မရှိဘူးလို့ ဆိုပါတယ်။ တွန့်ပုံကတော့ ထပ်တွန့်ကာရန် ထည့်ချင်တဲ့အပိုဒ်ရဲ့ ‎ရှေ့ထက်ဝက် အက္ခရာ ၄-လုံးကို ကာရန်တူ လုံးရေတူ ယူပြီး တကြိမ်ဖြစ်စေ နှစ်ကြိမ်ဖြစ်စေ ‎အပိုထည့်လိုက်ခြင်းပါပဲ။ ဒီတော့ မူရင်းအပိုဒ်က နောက်ကို ဆုတ်သွားလို့ ကြောက်ရွံ့ နောက်တွန့် သွားတဲ့ သဘော ဖြစ်တဲ့အတွက် “တွန့်” တယ် ခေါ်တာပါ။ အထက်ပါ ရှစ်ဆယ်ပေါ်တေးထပ်တွေရဲ့ အတွန့်ကတော့ နှစ်ဆ ‎တွန့်ထား တာပါ။ တဆပဲ တွန့်ချင်ရင်လည်း ရပါတယ်။ ဝေဿန္တရာအလှူဖွဲ့တေးထပ်မှာတော့ နှစ်ထပ်ကျော့ ချထားတာကို တွေ့နိုင်ပါတယ်။
‎
ထပ်ကွန့် ရှစ်ဆယ်ပေါ် တေးထပ်
အတွန့်ပြီးတော့ အကွန့်ဖြစ်ပါတယ်။ အဆန်းထွင် ကွန့်ညွန့်ခြင်းသဘောနဲ့ မူလရှစ်ဆယ်ပေါ်တေးထပ်ကနေ အပိုပိုဒ်တွေ ထပ်ဖြည့်ပြီး စပ်ဆိုခြင်းပဲဖြစ်ပါတယ်။ နမူနာတေးထပ်တွေကို အရင်ကြည့်ပါ ...

ထပ်ကွန့် ရှစ်ဆယ်ပေါ် တေးထပ် (ပန်းဖွဲ့-မယ်ဆို)

အစီအရီ ပြိုင်အပြိုင့်၊ အခိုင်အခိုင့် ဆန်းတကြယ်၊
တလှိုင်တလှိုင့် ပန်းစပယ်ကို၊ နန်းမယ်ပန်မယ် ကြံရွယ်တုံး၊
ဇီဇဝါ ဒေါန ပန်းစူကာကို၊ လှမ်းချူအသာ စီလို့သီလို့ကုံး။
‎(ဇော်မွှား,သော်က,မြတ်လေးငုံရယ်၊ မပြတ်မွှေးထုံ ကြယ်နှင့် ဇွန်ကြက်ရုံး)။

တိုက်ပန်း, ဒန့်ဒလိပ် နွယ်ဘိန်းဖြာတယ်၊ ချယ်သိန်းမာလာ မညိုလုံး၊
စကားစိမ်း စကားဝါ အပျိုသုံးဘို့တဲ့၊ (အလိုဘာတဲ့ ...) အဖိုဂမုန်း ဆန်းလှသနော်၊
နှင်းဆီမိုးဆွေ ဆောင်တော်ကူး၊ ယောင်သော်အထူး ပန်းခက် နမ်းလျှက်မျှော်။
‎(ခေါင်ရမ်းခွာညို ဒဟတ်ခရားနှင့်၊ ဇလပ် စကား ဆတ်သွားမြတ်စွယ်တော်)။

ပုန်းညက်, အင်ကြင်း ရင်ခတ်ပေါ်တယ်၊ သဇင်, ဂန့်ဂေါ် ပေါက်နီ, လဲနှင့်၊
ပိတောက်, သရဖီ, ခဝဲ ကရမက် သင်းပျံ့ထုံ၊ ပန်းရင့်ပန်းဥစုံ၊
ပင်တိုင်နန်းမြင့် ခန်းသဥ့်ဘုံမှာ၊ ပန်းပွင့်ဖုံဖုံ ကိုယ်လုံးဝေလို့လေး။ ။
‎(သို့ကလောက်ပန်းနှင့် ဆန္ဒမကုန်တယ်၊ ပန်ရ ဘယ်ပုံ ဘယ်ပန်းလေသိလေး။)
‎(ပျိုတိုင်းချစ်တဲ့ ပန်းခက်တခိုင်ကို၊ နမ်းလျက်အပြိုင် ပန်စမ်းချင်ငဲ့လေး။)
‎
ကွင်းထဲက အပိုဒ်တွေကို အကွန့်ပိုဒ်တွေလို့ ခေါ်ပါတယ်။ “ရွှေဉာဏ်တော် ကွန့်မြူးတယ်” ဆိုတဲ့ စကားအသုံးလိုပဲ ဖြစ်မြဲထက် ပိုမိုလွန်ကဲတာကို ‎ကွန့်တယ် လို့ ပြောကြသလိုပဲ ပုံမှန်ရေးရိုးရေးစဉ်ဖြစ်တဲ့ ၁၈-ပိုဒ်မှာ အပိုပိုဒ်တွေထပ်ထည့်ပြီး “ကွန့်” လိုက်တာမို့ ဒါမျိုးကို အကွန့်ပိုဒ်လို့ ‎ခေါ်တာဖြစ်ပါတယ်။ များသောအားဖြင့် ၁၈-ပိုဒ်ရဲ့ အဆုံးမှာသာ ကွန့်လေ့ ကွန့်ထ ရှိတယ်လို့ ‎သိရပါတယ်။ ဒါပေမဲ့ ၆-ပိုဒ် နဲ့ ၁၂-ပိုဒ် အဆုံးတွေမှာလည်း အကွန့်ထည့်လို့ရပါတယ်။ ၁၈-ပိုဒ်ရဲ့ အဆုံး၊ တနည်းအားဖြင့် တေးထပ်တပုဒ်လုံးရဲ့ အဆုံးမှာတော့ တပိုဒ်မက ၂-ပိုဒ် ကွန့်လည်း ရပါတယ်။
‎
အတွန့်က မ-ပိုဒ်တွေရဲ့ ရှေ့ထက်ဝက်မှာပဲ တွန့်ပါတယ်။ အဆုံးမှာ မတွန့်ပါဘူး။
အကွန့်ကတော့ ဘယ်အပိုဒ်မဆို ကွန့်လို့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဆုံးမှာပဲ ကွန့်ရမှာဖြစ်ပြီး တပိုဒ်လုံး ကွန့်ရပါမယ်။ တဝက် ကွန့်လို့ မရပါဘူး။‎
တေးထပ်ကြီး အခန်းမှာလည်း အတွန့်၊ အကွန့် အကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
နမူနာ ရှစ်ဆယ်ပေါ် တေးထပ်များကို ဆက်လက် လေ့လာကြည့်ကြပါ ...

သုံးချက်ညီ ထပ်တွန့် နှစ်ထပ်ချ ရှစ်ဆယ်ပေါ်တေးထပ် (နိဗ္ဗိန္ဒဖွဲ့ - နာခံတော် ဝေါမှူးကြီး ဦးချို-ရေး)

ပိသုံ ပိသုံ ငြိဆုံရ၊ တိဘုမ္မက သင်္ခါရေ၊
ရှိကြုံသမျှ မြင်ရာတွေကို၊ မခင်သာချေ မည်သန့်ရှင်း၊
(ချုပ်လျှောရှည် မစောင့်၊ ပုပ်ပေါမည်တမှောင့်)
ရုပ်ချောကြည်အဖြောင့် သနားစရာကိုမြော်သည်၊ ဇယားမရဏာတွင် ကွက်ပြီးမှန်ပြသွင်း။
(အများဓမ္မတာပင် ပျက်စီးပြန်ရခြင်း)။

(လောက်ပိုးအတိပ၊ ဖောက်ထိုးကလိကြ)
ကြောက်စိုး မချိစရာ့ နွံညစ်ညှီတွင်၊ ကျွံနစ်ကသီ ရောင်ဇွတ်ဆင်း၊
ညွံပျစ်မသတီ နှောင်ညွှတ်ကွင်းမှ၊ မှောင်ဝဋ်အတွင်း ပျော်မွေ့ပုံ၊
ပျူငှာ မူရာ အူမှာဆွလို့၊ ရူပါရမ္မဏ တကွငါးအာရုံ။
(သူငါအစ ဘဝများစွာထုံ)။

(မိုက်ဆိုးဓလေ့၊ လိုက်ဘိုးမမေ့)
စိုက်ပျိုးသရွေ့ မျိုးစေ့စုံပြီ၊ ခိုးငွေ့မကုန် ပါဝင်ကြသမို့၊
မဟာသင်္ခတ ကျွတ်တန်းမြင့်အညာ၊ လွတ်လမ်းခွင့်မသာ၊
(စစ်ကျုံးတွက်မဖဲ့၊ ရစ်ဆုံးဆက်အသွဲ့)
ချစ်လုံးမက်စဖွဲ့ မြှူချော့လာသလို၊ ထူတော့မာယာ ငင်ဆွဲဟန်သို့လေး။ ။
(ငါးခန္ဓာ ပဉ္စက ခြားမကွာခင်ခဏ)
ပွားတဏှာယှဉ်သမျှ အပေါင်းစိတ်ကိုလွှာလျှင်၊ မကောင်းအနိဋ္ဌာ ဆင်လွဲကန်လို့လေး။ ။
(ခက်ခဲသတိပဋ္ဌာန နက်နဲအဘိဓမ္မာနယ)
လက်လွှဲတြိဘဝါသဝ ပြတ်ထွက်ပါအောင်၊ မြတ်စက်ရတနာ တွင်မြဲရန်ဘို့လေး။ ။

လူးတားညှပ် ရှစ်ဆယ်ပေါ်တေးထပ်

လူးတားညှပ် ရှစ်ဆယ်ပေါ်တေးထပ် ဆိုတာကတော့ သူ့နာမည်အတိုင်းပဲ ရှစ်ဆယ်ပေါ်တေးထပ်ထဲမှာ “လူးတား” ဆိုတဲ့ ကဗျာအမျိုးအစားတပုဒ်လောက်ညှပ်ပြီးရေးထားခြင်း ဖြစ်ပါတယ်။ ဘယ်နေရာမှာ ညှပ်ရသလဲဆိုရင် ပထမအပိုဒ်ကြီး (ပထမ ခြောက်ပိုဒ်အဆုံး) နဲ့ ဒုတိယ အပိုဒ်ကြီး ကြားမှာ ညှပ်ရေးရပါတယ်။
နမူနာတေးထပ်တွေကို ကြည့်လိုက်ရင် ရှင်းပါတယ်။ လူးတားညှပ်ရေးချင်ရင် လူးတားရေးနည်းကိုတော့ သိထားဖို့ လိုပါလိမ့် မယ်။ လူးတားဟာ ရတုတို့၊ ပျို့တို့လိုပဲ လေးလုံးစပ်လင်္ကာဖြစ်ပါတယ်။ အချမှာ နှစ်ကျော့ချပါတယ်။ ပထမအချပိုဒ်ကို “ ... တည့်လေ” နဲ့ဆုံးပြီး ဒုတိယအချပိုဒ်ကိုတော့ နှစ်သက်ရာချလို့ရပါတယ်။ လူးတား ကို အခုခေတ်မှာ ရေးတာ မရှိသလောက် ရှားသွားပါပြီ။ လူးတားရေးနည်းကို အလျဉ်းသင့်ရင် သီးသန့်တင်ပြပါမယ် ...

လူးတားညှပ် ရှစ်ဆယ်ပေါ်တေးထပ် (ဘုန်းတော်ဖွဲ့၊ အကြီးချုပ်ဝန်ဟောင်း မင်းကြီးမင်းလှ ဥစနာ-ရေး)

ဖလ်ဥဏ္ဏမူ ဟန်မြူပ,သလို၊ ရန်ဟူသမျှ ဘာသာငြိမ်၊
စံတူမရ အာဏာနှိမ်သည်၊ သမ္ဘာတော်ရှိန် ထိန်ထိန်လင်း၊
ဓညပုည ဖြိုးလက်စီသည်၊ မျိုးဆက်သန့်ရည် နိမိတ်မူသည့်မင်း။
(သတိုးသက်ရှည် ဗျာဒိတ်ကျူသည့်မင်း)။

လူးတားညှပ်။ ။ ယုဂန္ဓိုရ်နောင်၊ တောင်ဥသျှောင်ကို၊ မိုက်မှောင်စတေ၊ လေဖြင့်ချွေလည်း၊ လွင့်ကြွေမရှိ၊ ပကတိသို့၊ ဓိတိမဏ္ဍိုင်၊ ကြံ့ကြံ့ခိုင်လျက်၊ မယိုင်နဂိုရ်၊ ကြီးကုသိုလ်ကြောင့်၊ လူဗိုလ်ဝှဲ့ချီး၊ အံ့မငြီးသည် ... မင်းကြီးမင်းခေါင် ရာဇာတည့်လေ။ ။ ပုညာဘိ စက်တန်ခိုး - တင့်တင့်တိုး။ ။

တေးပြန်ကောက်။ ။ ရှင့်ကျိုးတော်ရှိ စေတိုင်းတွင်သည်၊ မဟေကျိုင်းတင် အစဉ်စိုး၊
နေနွယ်ဂိုဏ်းဝင် ဘုရင်မျိုးမို့၊ သနင်္ကူမိုး ဗွေထက်စွန်၊
လက်ညှိုးတော်ညွှန် ယူစေချီးလျှင်၊ ဓူဝံကြယ်ကြီး ချွေဆက်နိုင်မည့်ကျွန်။

လူလွန်တထီး တမူချွန်သည်၊ ဇမ္ဗူအဝှန် တံခွန်စိုက်မို့၊
တွန်ရိုက်တုန်လွှင့် ဂုဏ်မြင့်မြေခံ၊ နတ်ကျွန်းဘူမိမှန်၊
သုံးနှစ်ပြီးလို့ သုံးသီးခံတယ်၊ ကောင်းချီးတိတ်သံ နိမိတ်တော်ရလေး။ ။
(ရွှေလွှတ်နှင်းမည့် တြင်းငြာသည်၊ မယွင်းမင်္ဂလာ အောင်ဟိတ်တော်ရလေး)။ ။

အချုပ်တန်းဆရာဖေနဲ့ ခေတ်ပြိုင်စာဆိုကြီး စလေဦးပုညမှာလည်း ဆရာဖေလိုပဲ ဇာတ်သဘင်ဘက်က တပည့်ရှိပါတယ်။ သူက ရုပ်သေးစင်တော် ဦးသာဗျော ပါ။ ဆရာဖေက ဦးသာဇံအတွက် မင်းတုန်းမင်းဘုန်းတော်ဖွဲ့ကို လက်စွမ်းပြ သီကုံးပေးလိုက်လို့ ဦးပုညကလည်း သူ့တပည့်အတွက် အားကျမခံ လူးတားညှပ် ဘုန်းတော်ဖွဲ့ ရှစ်ဆယ်ပေါ် တေးထပ်တပုဒ်ကို ရေးပေးလိုက်ပါတယ်။

လူးတားညှပ် ရှစ်ဆယ်ပေါ်တေးထပ် (ဘုန်းတော်ဖွဲ့၊ စလေဦးပုည-ရေး)

သုံးသိန်းသုံးသောင်း လေးထောင်ထိပ်၊ နှစ်ကျိပ်ရှစ်ဆက် မဟာဝင်၊
အတိတ်ဖြစ်ပျက် ကမ္ဘာတွင်အောင်၊ ဘယ်ရာဇာလျှင် မစံမြန်း။
လေးဆယ်ရှစ်ရပ် ပြာသာဒ်ရံသည်၊ နတ်ဝိသုကံ သစ်လောင်းဖန်သည့်နန်း။

လူးတားညှပ်။ ။ ရှစ်သောင်းလေးထောင်၊ နှစ်ပြန်ဆောင်သား၊ ရန်အောင်ဗဟို၊ မြမြင့်မိုဝယ်၊ ရေညိုခွေချပ်၊ ဂဟေထပ်လျက်၊ မြေစပ်ခန်းဝါ၊ ကဲ့ပမာသို့၊ မန္ဓာဘူတပတ်၊ မြေဥက္ကဋ္ဌ်လည်း၊ လူနတ်ချီးပင့်၊ ပလ္လင့်သဏ္ဌာန်၊ ဘုံဗိမာန်ဝယ်၊ ဝေယန်ကြငှန်း၊ သိကြားနန်းသို့၊ တသန်းခြည်ရောင်၊ သုံးတိုက်လှောင်သည် ... အခေါင်သေဋ္ဌမန့်တည့်လေ၊ ဝိသုဒ္ဓိပန်း တည့်သည့်နန်း။

တေးပြန်ကောက်။ ။ ရေယဉ်နဝရတ်နှုန်းတန္တီလို၊ ရွှေကျုံးဂမ္ဘီကာရံသန်း။
ပြည်ကြီးမွန်ဘောင် လောင်ထမန်း၊ ရွှေဆောင်ရွှေနန်း အထွေထွေ။
ရွှေလောင်း ရွှေလှေ ပွေပွေရှက်၊ တေဇာတွေဖက် ရေလက်ယာရစ်ခွေ။

ရတနာဘုမ္မိ တိုင်းဌာနေမှာ၊ သမိုင်းစာခွေ ထိန့်ထိန့်သစ်လို့၊
နေဣန္ဒရာဇ် နတ်ရှင်ခေတ်ပေ၊ သာမျိုးစုံစွထွေ။
ရွှေနန်းစုံဆက် ဂဂ္ဃဒေလို၊ ပုံကောင်းခက်ရွှေ ဆက်ပွဲခံလို့လေး။"

အခုဆိုရင် တေးထပ်နဲ့ ပတ်သက်သမျှ အားလုံးပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ တေးထပ်များ ရေးစပ်ပြီး ရွှင်လန်းကြပါစေ ....

တေးထပ်အကြောင်း ပြီးပြီဖြစ်တဲ့အတွက် တေးရိုးနဲ့ တေးတွဲ့အကြောင်း ဆက်ပါဦးမယ် ....

ဟယ်ရီလွင်

Read More...

Sunday, 4 September 2011

လာဗားနာ ရဲ့ ပုံပြင်


ငါသည် ...
အမှောင်နတ်မိမယ်
အစ၏အစ ...
အနှေး နှင့် အမှောင်သာ
ကမ္ဘာကိုထုဆစ်ကြချိန် ...
ရှင်သန်ခြင်းများသည်
မြှုပ်နှံခံထားရ၏ ...
ရတနာတို့မူ
တူးဖော်ယူငင်မှုဝေး၏ ...
ကြွယ်ဝမှုအလုံးစုံသည်
ဖုံးကွယ်ခံထားရ၏ ...
ဆွဲလုယူငင်သွားတတ်သည့်
လက်အစုံပိုင်ရှင်
ငါလျှင်ဖြစ်သတည်း ...

ခိုးဝှက်ယူငင်ခြင်းခံရသော ငွေအိတ်
ပျောက်ဆုံးသွားသော ဒင်္ဂါး ...
အမှောင်ရိပ်တွင်းမှ မိန်းမသား
ငါတပါးလျှင်တည်း ...
သင်တို့အား စောင့်ကြည့်နေပါ၏ ...
ငါ အမြဲတည်ရှိရင်း
ထာဝစဉ် ...
စောင့်ကြည့်နေပါ၏ ....
အလင်းတို့ဖြင့် အတိလွှမ်းသော
လမ်းများပေါ်တွင်ပင်
ငါ ရှင်သန်တည်ရှိနေ၏ ...
သို့ဆိုစေလျှင်မူ ...
အလင်းသည်ကား ...
အမှောင်အား ပိုမိုနက်ရှိုင်းစေခြင်းသာတကား။
လွှင့်ပစ်ခံ ရတနာများ
ဝေမျှခံစားခြင်း မဲ့ကင်းလေသော စည်းစိမ်များ
ဘေးဖယ်ထားကြလေသော ...
သိမ်းထားကြလေသော ...
နောက်ဆုံး မေ့လျော့သွားကြလေသော ...
အဖိုးအနဂ္ဃထိုက်သည့် အရာများ
ငါ မြင်လေသည်သာတကား ...

ခန္ဓာဝန်၏ နောက်ဆုံးထွက်သက်အား
ကြိုးဖြည်လွှတ်လေသော ...
အရွတ်နှောင်ထုံးများအား
ဖြေလျော့ရှင်းလင်းပစ်လေသော ...
ထို့ထက်ပို၍ ...
အမတအရိုးများကိုပင်
တစစီ ဆွဲဖြဲချိုးဖဲ့ပစ်လေသော ...
ကာလတရား၏
အသနားမဲ့ ခိုးဝှက်မှုကံအစဉ်မှာ ...
ငါသာလျှင်တည်း ...
ငရဲအသွားလမ်းတွင်
ခလုတ်ကန်သင်း ရှင်းစေရေး
"ခယ်ရန်" (Charon) အား ပေးရမည့် ကူးတို့ခ
သင့်အိတ်တွင်းမှ
နောက်ဆုံးလက်ကျန် ခြူးပြားတစ ကို
လက်ရကုန်စင်
ခိုးဝှက်ယူငင်သွားသောနတ်သမီးသည်
ငါလျှင်ဖြစ်သတည်း ...
အမှန်အားဖြင့်
သင့်အတွက်
လိုအပ်သည်မဟုတ်ချေတကား ...

ငါ့အား ...
ကြောက်ရွံ့ရိုသေခြင်းသည်
သင်၌ ရှိသည်ဖြစ်စေ ...
မရှိသည်ဖြစ်စေ ...
အကြံတခုတော့
ပေးရပေလိမ့်မည် ....
ခိုးဝှက်ခံရခြင်း ကင်းဝေးရန်
ရှင်သန်နေထိုင်တတ်ပါလေ
တောက်ပသော ...
လှပသော ...
အဖိုးအနဂ္ဃထိုက်သော ...
ရတနာအသွယ်သွယ်
စီခြယ်သည့် ဘဝတခု
နေမှုဖြစ်စေ ...
သို့မူကား ...
သေရာညောင်စောင်းတွင်
အသင် လဲလျောင်းရချိန်
ဖြားယောင်းလုယက်
သင့်ထံမှ ခိုးဝှက်၍မရသော
ဧကဘူတ တည်း ...
မုချဧကန် အမှန်ဖြစ်လာမည့်
သင့်အသက်ကို
လှည့်ဖျားလုယက်ခံရချိန်
စံစားရမည်မှာ
ဤအရာတခုသာတည်း ...

ဂူသင်္ချိုင်းအားလုံးသည်
အမှတ်အသားမဲ့ကင်းလေ၏
သုဿန်အားလုံး ပြည့်နှက်နေသလောက်
လူသူမဲ့ကင်းနေလေ၏။
စားပွဲတော်ညတွင် ...
ဝိဉာဉ်အကကို
လှလှပပ ကပြနေသော အရိုးစုမှာ
ငါသာလျှင်တည်း ...

"ငါ့အား သတိရလေ
မရဏတရားအား သတိရလေ
သို့မှတစေ အသင် မည်သို့ရှင်သန်နေရမည်ကို
နားလည်ပေမည်တည်း ..."
အောင်ပွဲခံနေလျက်နေဆဲ
စစ်သူကြီး၏နားထဲမှ
တီးတိုးသံတစ သည်ပင်
ငါလျှင်ဖြစ်ပေတကား ...

(The Tale of Laverna ကို ဆီလျော်အောင် ခံစားပြန်ဆိုရေးဖွဲ့ခြင်းဖြစ်ပါသည် ...)

ခိုင်စိုးလင်း စီစဉ်တဲ့ The Dark Side စာအုပ်အတွက် ရေးပေးထားတဲ့ ကဗျာပါ ... သူခိုးအကြောင်းရေးပါဆိုလို့ ဒီကဗျာကို ရေးဖြစ်ပါတယ် ...
သရုပ်ဖော်ပုံ ဆွဲပေးတဲ့ မလေးမေ ကိုလည်း ကျေးဇူးအထူးတင်ပါတယ် ...


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီ

Read More...