Sunday, 17 April 2011

နှစ်ကူး

တနှစ်ကူးပြန်ပေါ့၊
ပုရစ်ဖူးတွေလည်း ဝေစီစီ။

လေပြည်သီ မနက်ခင်းနဲ့၊
နွေပန်းချီ အသက်သွင်းလို့၊
လက်လင်းနေခြည်။

အိပ်မက်က မှုန်ရီရီ၊
ယုံကြည်ရာ တံခါး။

တဝက်ကျိုးပြီလား၊
လက်ချိုးကာရေမလွယ်တော့၊
နွေအလယ် နှစ်အကူးမှာ၊
ယစ်မူးဝေဝါး။ ။


အားလုံးပဲ မင်္ဂလာနှစ်သစ်ပါခင်ဗျား ...

ဟယ်ရီ

Read More...

Monday, 14 March 2011

တပေါင်းတစ္ဆေ

နွေတည ...
မြေခတဲ့ ပွင့်ဖူးတွေ။

ကြွေမကျပါဘူး ...
နွေဓားပြ လာခူးတာမို့၊
ဗျာလူးမျက်ရည်။

တပေါင်းတစ္ဆေ
ကျောင်းမြေကိုနင်းအလျှောက်။

ဘီလူးနွေသွမ်း၊
ခူးချွေရမ်းပေမဲ့၊
အဖူးတွေ မနွမ်းပါဘူး၊
မကြွေပန်း ပွင့်စွယ်တော်တို့၊
အမြင့်ဝယ်မော် အခြေမလွဲ၊
ဝေဆဲနွေအောက်။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

Wednesday, 19 January 2011

ထာဝရကောင်းကင်

"ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၁ - မိခင်မေတ္တာဖွဲ့ ကဗျာစု" ကဗျာစာအုပ်အတွက် ရေးလိုက်တဲ့ ကဗျာလေးပါ ...
ဖိတ်ခေါ်စုစည်းပြီး စာအုပ်ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ ကိုရင်ညိန်း နဲ့ သရုပ်ဖော်ဆရာများ၊ အထူးအားဖြင့် ကျနော့်ကဗျာကို သရုပ်ဖော်ပေးသူ Thet Swe Lin (TSL) တို့ကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ ....

ထာဝရကောင်းကင်

လူ့သမိုင်းစဉ်မှာ၊
တုနှိုင်းယှဉ်စရာ အကြောင်းမမြင်
ကောင်းကင်လို အလျှံဖြာပေး
တံတျာတေး တဝေဝေ
ရေရှည်ပွဲပေါ့ ...
အသေအကြေဇွဲနဲ့
အမေတွေနွှဲခဲ့ကြ
လွှဲခဲ့သမျှ ပုခက်ကြိုးတွေ၊
ယက်မိုးလို့ ယှက်ဖြာ
ဆက်ကာသာလွှမ်းကြည့်စမ်း
စကြာဝဠာတဝှမ်း ...
တလှမ်းထဲနဲ့တင် ခြုံ ...
တခြမ်းထဲနဲ့ပင် လုံနိုင်ပါရဲ့ ...

တရားတဖက်
အမှားမစွက်ပေမဲ့
သားအတွက်ဆို
ဓားထက်ခဲ့ရ ...

မညည်းမပျက်
ခရီးဆက်ရင်းက
သမီးအတွက်ဆိုလည်းတမျိုး
ထီးတလက်လိုအမြဲမိုးပေးရ ....

အနန္တ ငါးဖြာ
တပါးအပါအဝင်ဖြစ်
အမှားတရာ ပင်ဖြစ်စေဦး
သားသာ ရင်နှစ်မို့
အစဉ်မပစ်တဲ့ အမေ ...

ပိဋကတ်ထဲက အမေ
နိပါတ်ထဲက အမေ
အတတ်သိတဲ့ အမေ
အမြတ်မကြည့်တဲ့ အမေ
ပုံပြင်ထဲမှာလည်း အမေ
ဂုဏ်အင်မွဲပါလည်း အမေ
သူဌေးသူကြွယ်လည်း အမေ
ဈေးသည်လည်း အမေ
နိမ့်ကျလည်း အမေ
အငြိမ့်သမလည်း အမေ
အမြင်မကြွယ်လည်း အမေ
သဘင်သည်လည်း အမေ
အရိယာလည်း အမေ
ပြည့်တန်ဆာလည်း အမေ ...

အပြစ်အနာမကြည့်တဲ့အမေ
မေတ္တာအပြည့်နဲ့အမေ

ရင်သွေးတွေအတွက်
အလျင်မနှေး အခြေမပျက်
အစဉ်ပေးဝေဆက်တဲ့ အမေ

သံသရာရဲ့ ခရီးပြင်းတချိုးတကွေ့
ကံကြမ္မာနဲ့ စီးချင်းထိုးတဲ့နေ့များမှာ ...
အမေ့တရားသည် သားအတွက် အားတဖက်
အမေ့စကားသည် သားအတွက် ဓားတလက် ...

လောကရဲ့ လမ်းတွေပေါ်မှာ
မောဟနဲ့ ရမ်းဝေရော်လို့
သောကဖွဲ့ လှမ်းနေမျှော်ရင်း
အဖော်ကင်းစွာနဲ့
ပျော်ခင်းမသာတဲ့နေ့တွေမှာ ...
အမေ့စေတနာသည် စမ်းကျရေအဟုန်
အမေ့ခြေရာသည် လမ်းပြမြေပုံ ...

အမေ့လက်ချောင်းကြာနွယ်မှာ
ကမ္ဘာတည်လို့ မှေးမှိတ်
တေးရိပ်တို့ တိုးညင်း
မိုးလင်းတဲ့ အထိ မှေးလျ
အေးမြမြ အမိကောင်းကင် ...
လျောင်းချင်မိပါရဲ့

အနန္တစကြာဝဠာနဲ့
ထက်အာကာ ကောင်းကင်ဟာ
ခေါင်းတင်လို့ မှေးစက်ခဲ့ရတဲ့
အမိရင်ခွင်ကမ္ဘာထက်မှာဆို
ကြာရွက်ပမာလိုသာဖြစ်လိမ့်မယ် ...

လောဘကင်းစွာ ...
ဒေါသ အလျဉ်းမပါတဲ့
လောက တလင်းပြာက
ထာဝရ အမေ့ကောင်းကင် ....



ကျနော်၏ လက်ဦးဆရာ ... အထူးအားဖြင့် ကဗျာမျိုးစေ့ချပေးသူ ... ကျေးဇူးရှင် မိခင်ကြီးအား ဤကဗျာဖြင့် ကန်တော့ပါ၏ ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Saturday, 1 January 2011

နှစ်ဦးအပ်ကြောင်း

ရာသီခွင်တပတ်ရွေ့၊
အမြတ်မတွေ့ပါ ပျောက်သုဉ်း၊
နောက်ဆုံးတော့လည်း ဒီအဖြေ။

အချိန်ရထားက၊
အိမ်မက်များကိုချွေ။

တနှစ်ကြွေ၊
အသစ်တွေ ဘယ်မလဲ။

အပြောင်းအလဲဟာ၊
အဟောင်းထဲမှာ ရှာမတွေ့နိုင်ဘူး၊
မြောင်းထဲမှာ ကြာမွေ့နေသမျှ၊
ကမ္ဘာရွေ့တောင် အလင်းဝေဦးမှာလား၊
ရှင်းလေဦး နှစ်ဦးရေ၊
တနှစ်ကူးလေတိုင်း၊
အသစ်အဖူးတွေ တဝေဝေနဲ့၊
ရေမြေမှာ လေပြည်သစ်ကိုတော့၊
မျှော်လင့်ရစ်ဆဲ။ ။


နှစ်ဟောင်းကို ဒီကဗျာလေးနဲ့ နှုတ်ဆက်လိုက်ပါတယ် ...
နှစ်ဦးမှာတော့ အသစ်အထူးတွေနဲ့ ပျော်နိုင်ကြပါစေလို့ အားလုံးကို ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျား ....
မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ ...

ဟယ်ရီ

Read More...

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၁၉)

တေးထပ်ပိုဒ်စုံ


ပိုဒ်စုံ ဆိုတာက သုံးပိုဒ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ စ ဆိုတဲ့ အက္ခရာကို နံသင့်သင်္ချာကောက်ယူရင် အင်္ဂါနံဖြစ်တဲ့အတွက် ၃ ဂဏန်းအဖြစ် မှတ်ယူရမှာဖြစ်လို့ ပိုဒ်စုံ ဆိုတာ ၃-ပိုဒ် လို့ ယူဆရပါမယ်။ ရတု တွေမှာ အပိုဒ်ရေ သတ်မှတ်သလိုပါပဲ။ စုံ-မ ခွဲခြားထားတာ မဟုတ်ပါဘူး။
ပိုဒ်စုံတေးထပ်ကတော့ ရိုးရိုးတေးထပ်လို (၁၈)ပိုဒ် ပါဝင်မဲ့အစား နောက်ထပ် (၁၈) ပိုဒ်စီပါတဲ့ အပိုဒ်ကြီး နှစ်ပိုဒ် ထပ်ကျော့ပြီး စုစုပေါင်း အပိုဒ်ကြီး သုံးပိုဒ် ရေးလိုက်တာပါ။ ဒီတော့ စုစုပေါင်း အပိုဒ်ငယ်ပေါင်း ၅၄-ပိုဒ် ပါဝင်ပါတယ်။
ကိုယ်တွင်းပြည့် တေးထပ်က ကိုယ်တွင်းပြည့် ရတုလိုပါပဲ (ကိုယ်တွင်းပြည့် ရတုကို ကြည့်ချင်ရင်တော့ ကျနော် ရေးကြည့်ဖူးတဲ့ လောကနာရီ နဲ့ ခရမ်းပြာမေ ဆိုတဲ့ကိုယ်တွင်းပြည့် ရတု နှစ်ပုဒ် ကို ပြန်ဖတ်ကြည့်နိုင်ပါတယ်။ မှတ်ချက် - ကြော်ငြာဝင်ခြင်းမဟုတ်ပါ) ... ပထမ အပိုဒ်ကြီးမှာ ရှိသမျှ စကားလုံးအားလုံးကို ဒုတိယနဲ့ တတိယ အပိုဒ်ကြီးမှာ နဘေ အပြည့် ထပ်ပြီး ရေးရတာမို့ အရမ်းကို ခက်ပါတယ်။ နမူနာအနေနဲ့ ကဗျာစွယ်စုံကျမ်းကြီးထဲက ခန်းတော်ဝင် မနောဟရီ အိပ်မက်ဖွဲ့ ဆိုတဲ့ ကိုယ်တွင်းပြည့်ပိုဒ်စုံ တေးထပ်ကို ဖော်ပြလိုက်ပါတယ်။


‎“ခန်းတော်ဝင် မနောဟရီ အိပ်မက်ဖွဲ့”
‎(၁)
ရွှေနံ့သာ ထုံကာသ၊ စုံစွာပ စီခြယ်၊
ဖုံဇာမြ ကတီလယ်မှာ၊ မဒီမယ် စက်မြန်း၊
မြင်မက်တဲ့ သုပိန္နံ၊ မှုကြိမ်ဖန် တွေ့ပေါ့တခန်း။
ချစ်သူနှင့် တွေ့ကာယှဉ်၊ မွေ့ရာတွင် ဖက်ယမ်း။
ငွေ့ဇာသင် တက်လှမ်းလို့၊ တသက်တန်း ကြံကာ၊
အုံးတော်ကို ယောင်ကာဖက်၊ တောင်ညာရှက် ရှက်ရလေတာ။
မေချစ်တဲ့ ကိုဒေဝါရယ်၊ ပျိုမေမှာ လာမကလိပါနှင့်၊
တချိချိ ပန်းလှပါသရှင်၊ ခန်းဝဇာသဉ်၊
ရှောင်ရှားဘို့ ပဏာဆင်မယ်၊ ကညာခင် ထိတ်လွန်းလို့လေး။ ။
‎
‎(၂)
မေကညာ ကြုံပါရ၊ တုန်ကာဖျ ကျီဆယ်၊
အုံနာလှ မဒီမယ်မှာ၊ မကြည်ဖွယ် ရှက်သန်း၊
ကြင်ဖက်နှင့် ညုချိန်မှန်သည်၊ သုပိန္နံ ပေးရော့ အဆန်း။
လျစ်လျူသင့် မေ့ညာခင်၊ ငွေ့ဇာသဉ် လက်လှမ်း၊
တွေ့ကာယှဉ် မပျက်တန်းဟာမို့၊ ဘဝဂ်မှန်း ပန်ထွာ။
ဘုန်းမော်ပျို ရှောင်ခွါထွက်လျှင်ဖြင့်၊ မောင်ညာခက် ခက်ကြလေမှာ။
သွေမပစ်နဲ့ ဆိုပေရှာတယ်၊ ငိုနေမှာ တကယ်အတိပါရှင့်၊
ကလိ,ကလိ စန်းလသာတွင်၊ မြန်းကြွလာရှင်၊
ထောင်လွှားဘို့ ကညာတင်မယ်၊ နှစ်ဖြာပင် စိတ်ယွန်းနှစ်စို့လေး။ ။
‎
‎(၃)
ဖေအသာ ငုံကာစ၊ လုံညာက ရည်မယ်၊
မှုန်ဇာသ အတည်ခြယ်တာ၊ ပလီဖွယ် ပျက်ခန်း၊
ရွှင်လျက်နှင့် ရှုကြိမ်ဖန်တယ်၊ လူ့ဇိမ်စံ ပေးပေါ့နှစ်ပန်း။
လှစ်ကြူရှင့် လေ့လာလျှင်၊ သွေ့ပါရင် ပက်ဖျန်း၊
ရှေ့ကြာလျှင် အသက်နွမ်းမှာမို့၊ မထွက်တန်း စံမှာ၊
နုန်းသော်ဆို ပြောင်ကာစွက်၊ ယောင်ကာဖက် ဖက်မိလေတာ။
ပွေရစ်ဖွဲ့ ထိုထွေဖြာတယ်၊ ဆိုလေတာ မေမချိတာမို့၊
တအိအိ နွမ်းသဖျ ဟာ,ဟင်၊ ပန်းလှပါသရှင်၊
မောင်ကစားလို့ နှစ်ဖြာရွှင်တယ်၊ စကဝါပင် ရိပ်ကွန်းမို့လေး။ ။

ပုလဲသွယ်တေးထပ်

နောက်မျိုးကွဲ တမျိုးကတော့ ပုလဲသွယ် တေးထပ်ပါ။
ပုလဲသွယ် တေးထပ်ဆိုတာကတော့ ပုလဲသွယ် ပုလဲကုံးလေးတွေလို၊ ပုလဲလေးတွေသီထားသလို ခေါင်းစဉ်အက္ခရာကို ‎သွယ်တန်းပြီး ရေးဖွဲ့အပ်တဲ့ တေးထပ်မို့ ပုလဲသွယ် တေးထပ်လို့ခေါ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ရှေ့ဆုံးစာလုံးတွေကို ဒေါင်လိုက်ဖတ်လိုက်ရင် စာတန်းတတန်း ရမယ့်၊ အဓိပ္ပာယ်တခုထွက်လာမယ့် တေးထပ်ဖြစ်ပါတယ်။
ပုလဲသွယ်တေးထပ်မှာ တထပ်ကျော့ ပုလဲသွယ်နဲ့ နှစ်ထပ်ကျော့ ပုလဲသွယ်ဆိုပြီး ရှိပါသေးတယ်။
စာပိုဒ်ရေ ၁၈ ပိုဒ်အနက် မ- ၉ ပိုဒ်ရဲ့ အစ စာလုံးတွေကိုသာ ယူထားရင် တထပ်ကျော့ ပုလဲသွယ်၊ ‎၁၈-ပိုဒ်လုံးရဲ့ အစ စာလုံးတွေကို ယူထားရင် နှစ်ထပ်ကျော့ ပုလဲသွယ်လို့ ခေါ်ပါတယ်။
တခုသတိပြုဖို့က နှစ်ထပ်ကျော့ ပုလဲသွယ်တေးထပ်မှာ အစစာလုံးတွေကို ဖတ်ရင် ၁-၃-၅-၇-၉-၁၁-၁၃-‎၁၅-၁၇ အပိုဒ်တွေရဲ့ အစ စာလုံးတွေကို အရင်ဖတ်ပါ။ ပြီးမှ ၂-၄-၆-၈-၁၀-၁၂-၁၄-၁၆-၁၈ အပိုဒ်တွေရဲ့ အစ စာလုံးတွေကို ဖတ်ရပါမယ်။ နမူနာကို ဖတ်ကြည့်လိုက်ရင်တော့ ‎ရှင်းသွားမှာပါ။
‎တထပ်ကျော့ ပုလဲသွယ်အတွက် ကျနော်ရေးထားတဲ့ အောက်ကတေးထပ်လေးကိုပဲ နမူနာအနေနဲ့ ပြလိုက်ပါတယ်။

‎“တထပ်ကျော့-ပုလဲသွယ်”
ခ ရမ်းပြာ လွမ်းရာလင့်၊ မှန်းကာဖြင့်စိတ်မှာ၊
ရမ်း ဖြာလွင့် လိပ်ပြာငယ်၊ ထိတ်ကာရယ် ပြန်နိုး၊
ပြာ လက်လက် ညခင်းဆီ၊ လှယမင်းသီ ဆင်တဲ့ ကကြိုး။
ကြယ် စင်မို့ ရင်ဝယ်ပန်၊ ခင်တွယ်ပြန် တိတ်တခိုး၊
စင် ကြယ်ယံ အရိပ်မိုးတော့၊ နိမိတ်ပျိုး လှိုင်းမာန်၊
လှိုင်း ဆင့်ဆင့် ဝိုင်းမြင့်တက်၊ မှိုင်းရင့်ခက် မိုးသက်လေထန်။
ခတ် လေတဲ့ ရင်လှိုင်းသံ၊ ယဉ်တိုင်းစံ ပြန်ရင်ပေါ့၊
သံ စဉ်နော့ နားမှာလွင့်လာ၊ ကြားရာလွင့်ဖြာ၊
များ ကမ္ဘာဆင့် အလှမ်းကွာတယ်၊ ခရမ်းပြာရယ်ဝေးပြီလေး။ ။

ဒီတေးထပ်မှာ အစစာလုံးတွေချည်းပဲ ဖတ်ကြည့်ရင် “ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများ” လို့ ‎တွေ့ရပါမယ်။ နှစ်ထပ်ကျော့ကို ဆက်ကြည့်ပါအုံး။

ဥပဒေသဆောင်ပုဒ် “နှစ်ထပ်ကျော့-ပုလဲသွယ်”
တ နည်းတုံ-ပြကုန်ကြ၊ စ ပုံက ဆန်းကြယ်၊
လုံး ဆင့်ဆင့်-တန်းသွယ်သည်၊ က ဗျာဝယ်-ဉာဏ်နု။
စီ ပုံနည်း-တွေးလေ့လာ၊ ရေး ၍သာ-စပ်တော့စီမှု။
ခေါင်း စဉ်၌-အမြင်သာ၊ လျှင် မကြာ-ယခု။
စဉ် အလာ-စံတုလို့၊ ပု လဲဥ-ပမာ။
ပြီး စီးရန်-ဇွဲဝယ်မွေ့၊ လဲ လှယ်၍-ထပ်ဘို့ကြံပါ။
အ လိုကျ-ရွယ်မှန်းရာကို၊ သွယ် တန်းကာ- ဝိုက်ပြလို့၊
ပိုဒ် အစ-ခေါင်းစဉ်ယူ၊ ဖြစ် ၏သာဟူ။
အ ထူးပ-မည်မတူတယ်၊ သည် နမူ-နှစ်ထပ်ကျော့လေး။ ။
‎
စုံပိုဒ်တွေရဲ့ အစ စာလုံးတွေကို အရင်ဒေါင်လိုက်ဖတ်၊ ပြီးရင် တဆက်တည်း မပိုဒ် တွေရဲ့ အစ စာလုံးတွေကို ဒေါင်လိုက်ဖတ်လိုက်ရင် ....
‎“တလုံးစီ ခေါင်းစဉ်ပြီး အပိုဒ် အစက ရေးလျှင် ပုလဲသွယ် ဖြစ်သည်” ဆိုပြီး တွေ့ရပါလိမ့်မယ်။

ပုံစံဆန်းဆန်းပြားပြားနဲ့ ရေးထားတဲ့ တေးထပ်တွေအကြောင်းကို ဆက်ပြီး တင်ပြပါဦးမယ်။ အခုတော့ ဒီမျှပဲ တင်ပြရင်း နှစ်ဟောင်းကို နှုတ်ဆက်လိုက်ပါတယ် ...

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျာ ...

ဟယ်ရီ

Read More...

Thursday, 11 November 2010

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၁၈)

တေးထပ်ဆန်း‎

တေးထပ်ဆန်းမှာ ကာရန်ယူပုံပေါ်မူတည်ပြီး ပင်မအမျိုးအစား သုံးမျိုးဖြစ်တဲ့ သာမည၊ အရိုးခံနဲ့ သုံးချက်ညီ တေးထပ်တွေ အဖြစ် ထပ်ပွားသွားနိုင်တာကြောင့် သာမည တေးထပ်ဆန်း၊ အရိုးခံတေးထပ်ဆန်း နဲ့ သုံးချက်ညီ တေးထပ်ဆန်း ဆိုပြီး ထပ်ပြီးတော့ ခွဲခြားနိုင်ပါတယ်။
တေးထပ်ဆန်းဆိုတာက ဘာမှ မခက်ပါဘူး။ ပင်မ တေးထပ်တပုဒ်ကို အပိုပိုဒ်တွေ ထည့်ပေးလိုက်ရုံပါပဲ။ ဒါကြောင့် အပိုဒ်ရေ ပိုများသွားပါတယ်။ တေးထပ်တပုဒ် ကို (သာမညဖြစ်ဖြစ်၊ အရိုးခံဖြစ်ဖြစ်၊ သုံးချက်ညီ ဖြစ်ဖြစ်) အပိုပိုဒ်တွေ ထည့်လိုက်ရင် တေးထပ်ဆန်းဖြစ်သွားပါတယ်။ ဘယ်နေရာမှာထည့်ရမယ်လို့ ကန့်သတ်ထားခြင်း မရှိပါဘူး။ ကြိုက်ရာအပိုဒ်ကို အဲဒီအပိုဒ်မတိုင်ခင် အပိုပိုဒ် တပိုဒ် ထည့်နိုင်ပါတယ်။ အပိုပိုဒ်ကို ထည့်ရင် ထည့်မယ့်အပိုဒ်နဲ့ နဘေအပြည့်ထပ်ပြီးမှ ထည့်လေ့ရှိပါတယ်။ ဒါကို တွန့်ပိုဒ်၊ ကွန့်ပိုဒ် လို့ ခေါ်ပါတယ်။ သတိပြုဖို့က တေးထပ်ဆန်းမှာ တွန့်ပိုဒ် ထည့်ရင် တပိုဒ်လုံး အပြည့် ထည့်ရပါမယ်။ တဝက် တွန့်လို့ မရပါဘူး။ အဲဒီလို တပိုဒ်လုံး အပြည့်တွန့်တာကို "ကွန့်" တယ်၊ အဲဒီ အပိုဒ်ကို "ကွန့်ပိုဒ်" လို့လည်း ခေါ်ပါတယ်။ အပြည့်တွန့်ထားတဲ့ "တွန့်ပိုဒ်" လို့လည်း ခေါ်ပါတယ်။ ကျနော်ကတော့ ကွန့်ပိုဒ်လို့ ခေါ်တာကို ပိုကြိုက် ပါတယ်။
နမူနာ ဥပဒေသဆောင်ပုဒ် တေးထပ်ဆန်းကို ကြည့်ပါ။


ဥပဒေသ ဆောင်ပုဒ် တေးထပ်ဆန်း
၁။ တေးထပ်စာ အဆန်းဖွင့်မယ်လို့၊
၂။ တခဏ်းဖြင့် ရောက်လာ၊
၃။ အရမ်းနှင့်ကောက်ထာ၊
၎။ ဘောက်ကဗျာ ဖယ်၍့၊
၅။ ဆန်းယဉ်နု ဖူးပွင့်ပုံလို၊
၆။ ထူးတင့်ပုံ ရေးမည့်ဓလေ့။

၇။ စိန်ခြူးမြင့် ဆောင်လယ်ဘုံမှာ၊
၈။ စောင်ထယ်ခြုံ ကတီမွေ့၊
၉။ မောင်မယ်စုံ ချီပွေ့လို့၊
၁၀။ ရီထေ့ထေ့ ပြုံးဟန်၊
၁၁။ သဒ္ဒါရုံဇောအငွေ့ဟာက၊
၁၂။ မနောခွေ့ ခွေ့တဲ့အသံ။

(ဝိုက်ကွန့်လို့ တွေးမှတ်ကြံတယ်)
၁၃။ ပိုဒ်တွန့်လို့ ရေးစပ်ပြန်သော်၊
၁၄။ တေးထပ်ဉာဏ် ဆန်းအစစ်ပါပဲ၊
၁၅။ ပန်းကသစ် ကုံကုမံ၊
၁၆။ သင်းပျံ့ ကျံကျံ၊
(စံမြန်းခွင့် ညီလာခံတယ်)
၁၇။ ဖလ်နန်းမြင့် သီဟာပျံမှာ၊
၁၈။ ဂီတာသံ ကျူးရင့်းဖျလေး။ ။

(မူရင်းသတ်ပုံအတိုင်း ရေးသားထားပါသည်။)

ဒီ နမူနာ ဥပဒေသ ဆောင်ပုဒ်တေးထပ်ကို ကြည့်မယ်ဆိုရင် တွန့်ပိုဒ် (ကွန့်ပိုဒ်) တွေ ထည့်ထားတာ တွေ့ရပါမယ်။ လက်သည်းကွင်းထဲက ပြထားတဲ့ အပိုဒ်တွေဟာ တွန့်ပိုဒ် (ကွန့်ပိုဒ်) တွေဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ တွန့်ပိုဒ်လို့ပဲ သုံးထားပါတယ်။ ဒါပေမဲ့ တကယ်တော့ ကွန့်ပိုဒ် အဖြစ် မှတ်ယူတာ ပိုသင့်ပါတယ်။ တွန့်ပိုဒ်၊ ကွန့်ပိုဒ် အကြောင်း တေးထပ်ကြီး အပြီးမှာ သီးခြား ရေးပြထားပါတယ်။ တေးထပ်ဟာ ၁၈ ပိုဒ် ရှိရမယ် ဆိုပေမဲ့ ဒီ အပိုပိုဒ်တွေထည့်လိုက်တဲ့အတွက် ဒီ တေးထပ်ဆန်းမှာ အပိုဒ်-၂၀ အထိရှိနေတာကို တွေ့နိုင်ပါတယ်။
အခု ဖော်ပြခဲ့တဲ့ နမူနာတေးထပ်ကတော့ အရိုးခံတေးထပ်ရဲ့ ကာရန်ယူပုံအတိုင်း ယူထားတာဖြစ်လို့ အရိုးခံတေးထပ်ဆန်း လို့ မှတ်ယူနိုင်ပါတယ်။


တေးထပ်ကြီး‎
တေးထပ်ကြီးမှာလည်း ကာရန်ယူပုံပေါ်မူတည်ပြီး ပင်မအမျိုးအစား သုံးမျိုးဖြစ်တဲ့ သာမည၊ အရိုးခံနဲ့ သုံးချက်ညီ တေးထပ်တွေ အဖြစ် ထပ်ပွားသွားနိုင်တာကြောင့် သာမည တေးထပ်ကြီး၊ အရိုးခံတေးထပ်ကြီး နဲ့ သုံးချက်ညီ တေးထပ်ကြီး ဆိုပြီး ထပ်ပြီးတော့ ခွဲခြားနိုင်ပါတယ်။
ဒီမှာလည်း တွန့်ပိုဒ်ပဲ ထည့်တာပါ။ ဒါပေမဲ့ တေးထပ်ဆန်းနဲ့ ကွာသွားတာက တေးထပ်ကြီးမှာဆိုရင် တွန့်ပိုဒ်တွေကို တပိုဒ်လုံးလည်း ထည့်သလို (ကွန့်ပိုဒ် ထည့်သလို)၊ တဝက်လည်း တွန့် ပါတယ်။ အပိုဒ်ရေပိုများပါတယ်။ စာလုံးရေလည်း ပိုထည့်လို့ ရပါတယ်။ တေးထပ်ဆန်းက တဝက်မတွန့်ပါဘူး။ အပြည့်ပဲ တွန့်ပါတယ် (တနည်းအားဖြင့် "ကွန့်" ပါတယ်)။ စာလုံးရေလည်း ပိုထည့်လေ့ မရှိပါဘူး။

နမူနာ ဥပဒေသဆောင်ပုဒ် တေးထပ်ကြီးကို ကြည့်ပါ။

ဥပဒေသ ဆောင်ပုဒ် တေးထပ်ကြီး
(ဘမရာပလ္လင် ခန်းအဝလိုပ၊) - (ကွန့်ပိုဒ်)
၁။ စာသဘင် နန်းအကြွဆီက၊
၂။ စွမ်းသမျှ ကြံကာ၊
(ဆန်းအလှ - ဝမ်းပထမ) - (တွန့်ပိုဒ်)
၃။ ကျမ်းကဗျာ့ နန္ဒာကို၊
၎။ အဟံ ငါ စီကုံး၊
၅။ အတ္တုက္ကန့် ပရဝမ်၊
၆။ သကျမွန် ကင်းတဲ့နှလုံး။

(ပြီးဆိုစို့ - နည်းထိုထို့) - (တွန့်ပိုဒ်)
၇။ မှီးသိုဖို့ ထုတ်အကုန်ကြံတယ်၊
၈။ သုတ်ပုံစံ ယှဉ်သုံး၊
၉။ နှုတ်ငုံရန် အယဉ်ဆုံးရယ်လို့၊
၁၀။ ခင်တဖုန်း ဓိဋ္ဌာန်၊
(ကောင်းမဟာ ပန်းတပွင့်လိုပ) - (ကွန့်ပိုဒ်)
၁၁။ ပေါင်းကဗျာ အပြွမ်းဖွင့်တာမို့၊
၁၂။ တကျမ်းနှင့် ပြီးလိမ့်အမှန်။

(မျိုးအရှိ သီချင်းသံငယ်) - (ကွန့်ပိုဒ်)
၁၃။ စိုးတစိ ကြွင်းမကျန်တယ်၊
၁၄။ ကျမ်းဂန်ဂန် ရှာမှီစုပါလို့၊
၁၅။ စာစီမှု နည်းဖုံဖုံ၊
၁၆။ စုံကြီး စုံ့ထက်စုံ၊
(မရှိ မာန၊ အတိ ဂါရဝ) - (တွန့်ပိုဒ်)
၁၇။ နိဝါတ ပွားခိုလှုံတယ်၊
၁၈။ များဗိုလ်ပုံ သာကြောင်းပလေး။ ။
(လုံးပို ပိုဒ်ကွန့် - သုံးဆိုလိုက်တွန့်) - (တွန့်ပိုဒ်)
ပြုံးချိုကြိုက်မွန့် ရေးမှီးကဗျာကို၊ - (ကွန့်ပိုဒ်)
တေးကြီးမဟာ ခေါ်ကြောင်းသာပလေး။ ။ - (ကွန့်ပိုဒ်)

(မူရင်းသတ်ပုံအတိုင်း ရေးသားထားပါသည်။)

ဒီ ဆောင်ပုဒ်နမူနာထေးထပ်ကို ကြည့်ရင် မူရင်းအပိုဒ် မစခင် (ဘမရာပလ္လင် ခန်းအဝလိုပ၊) ဆိုပြီး နဘေကိုက် အပိုဒ်ပြည့် တွန့်ပိုဒ် တပိုဒ် ထည့်ပါတယ်။ ပြီးမှ မူရင်းအပိုဒ် ကျမ်းကဗျာ့ နန္ဒာကို ဆိုတဲ့ အပိုဒ် မတိုင်ခင် (ဆန်းအလှ - ဝမ်းပထမ) ဆိုပြီး ကျမ်းကဗျာ့ နဲ့ နဘေကိုက် တွန့်ပါတယ်။ ဒါပေမဲ့ ကျမ်းကဗျာ့ နန္ဒာကို ဆိုတဲ့ အပိုဒ်တပိုဒ်လုံး အပြည့်အဝ နဘေမယူတော့ဘဲ ကျမ်းကဗျာ့ နဲ့ ဆန်းအလှ၊ ဝမ်းပထမ ဆိုပြီး တဝက်ပဲ နဘေယူပြီး တွန့်ထားတာပါ။ ကျန်တဲ့အပိုဒ်တွေမှာလည်း ဒီလိုပဲ တဝက် တွန့်တဲ့အခါတွန့်၊ အပြည့် တွန့်တဲ့အခါ တွန့်ပါတယ်။ နောက်ဆုံးအဆုံးသတ်မှာ ... များဗိုလ်ပုံ သာကြောင်းပလေး ဆိုပြီး အချပိုဒ် ရေးပြီးပေမဲ့ နောက်ထပ်ပြီး (လုံးပို ပိုဒ်ကွန့် - သုံးဆိုလိုက်တွန့်) ဆိုပြီး ပြုံးချိုကြိုက်မွန့် နဲ့ နဘေယူပြီး တဝက်တွန့်ယုံမက ပြုံးချိုကြိုက်မွန့် ရေးမှီးကဗျာကို၊ တေးကြီးမဟာ ခေါ်ကြောင်းသာပလေး ဆိုပြီး လုံးပိုအကွန့်ပိုဒ်အနေနဲ့ ထည်ြ့ပီး ရေးစပ် ထားတာ တွေ့ရပါလိမ့်မယ်။ ဒါမျိုးကို နှစ်ကြော့ချ၊ နှစ်ထပ်ချလို့ ခေါ်ပါတယ်။ လေးချိုးကြီးတွေမှာလည်း ဒီလိုအပိုဒ်မျိုး ထည့်စပ်လေ့ရှိပါတယ်။
ဒီလောက်ဆို တေးထပ်ကြီး အကြောင်း သိလောက်ပြီ ထင်ပါတယ်။

အတွန့်၊ အကွန့်
ဒီနေရာမှာ အတွန့်၊ အကွန့် အကြောင်းကို နည်းနည်း ကြားဖြတ်ပြီးပြောချင်ပါတယ်။ ရှစ်ဆယ်ပေါ်တေးထပ်မှာလည်း ဒီ အတွန့်၊ အကွန့်ပိုဒ်တွေ တွေ့ရမှာမို့ပါ။
အတွန့် - အကွန့် ဆိုတာကတော့ ...
အတွန့်ဆိုတာ “ကြောက်ရွံ့၍ နောက်တွန့် သွားသည်” ဆိုတဲ့ စကားလိုပဲ နောက်ဆုတ်သွားတာကို ‎တွန့်တယ်လို့ ဆိုလို တာပါ။ ကဗျာမှာ နောက်ကိုဆုတ်ပြီး တွန့်လို့ ကာရန်ယူရေးသားတာမျိုးကို အတွန့် ‎လို့ခေါ်ပါတယ်။
‎အကွန့်ဆိုတာကတော့ “ရွှေဉာဏ်တော် ကွန့်မြူးတယ်” ဆိုတဲ့ စကားအသုံးအနှုန်းလိုပဲ ဖြစ်မြဲဖြစ်စဉ်ထက် ပိုမိုလွန်ကဲပြီး ပြုလုပ်တာကို ‎ကွန့်တယ် လို့ ဆိုလိုတာဖြစ်ပါတယ်။ ကဗျာမှာလည်း ရေးသားမြဲ ထုံးစံအပိုဒ်တွေထက် ပိုမိုလွန်ကဲ ‎ရေးစပ်ခြင်းကို အကွန့်လို့ ခေါ်ပါတယ်။
တေးထပ်ဆန်းမှာပြထားတဲ့ လက်သည်းကွင်းထဲက အပိုဒ်တွေဟာ တကယ်တော့ အကွန့်ပိုဒ်တွေပါပဲ။ တွန့်ပိုဒ်လို့ ဒီနေရာမှာ သုံးထားပေမဲ့ တကယ်တော့ အကွန့်ပိုဒ်တွေဖြစ်ပါတယ်။ ကွန့်ပိုဒ် ဆိုတာက ရေးရိုးရေးစဉ် ၁၈-ပိုဒ်ကနေ ထပ်ဖြည့်ထားတဲ့ အပိုပိုဒ်တွေကို အကွန့်ပိုဒ်လို့ ‎ခေါ်တာ ဖြစ်ပါတယ်။ ၁၈-ပိုဒ်ထဲက မည်သည့်အပိုဒ်မဆို ကွန့်နိုင်တယ်လို့ ဆိုပါတယ်။
တေးထပ်ကြီးမှာတော့ လက်သည်းကွင်းထဲက ထပ်တွန့်ကာရန်ယူထားတဲ့ အပိုဒ်မျိုးကို (တွန့်ပိုဒ် ဆိုပြီး ဘေးက ထပ်ရေးပြထားပါတယ်) တွန့်ပိုဒ် လို့ ခေါ်ပါတယ်။ တွန့်ပုံကတော့ တွန့်လိုတဲ့အပိုဒ်ရဲ့ ‎ရှေ့ထက်ဝက် (အက္ခရာ ၃-လုံး၊ ၄-လုံး) ကို ‎ကာရန်တူ လုံးရေတူ ပြုပြီး တဆဖြစ်စေ နှစ်ဆဖြစ်စေ ‎နောက်သို့ဆုတ်ကာ တွန့်နိုင်ပါသတဲ့။ အခုပြထားတဲ့တေးထပ်ကြီးမှာတော့ နှစ်ဆ ‎တွန့်ထားတယ်လို့ ဆိုနိုင်ပါတယ်။
ဘယ်နေရာမှာ တွန့်ပိုဒ်ထည့်ရမလဲဆိုတော့ ၁၊ ၃၊ ၅၊ ၇၊ ၉ ... စတဲ့ "မ" အပိုဒ်တွေကို တွန့်နိုင်ပါတယ်။ ဆိုလိုတာက အဲဒီ မ-အပိုဒ်တွေမတိုင်ခင် တွန့်ပိုဒ် တပိုဒ်ထည့်နိုင်ပါတယ်။

ပိုဒ်စုံ တေးထပ်ကို ဆက်လက်ဖော်ပြပါမယ် ....

ဖတ်ရှုခံစားအားပေးတဲ့ မြန်မာကဗျာချစ်သူအားလုံးကို ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Saturday, 30 October 2010

ရာဇဓာတုကလျာ ဖွဲ့သီခဲ့သော “ကလျာရွှေညီ” ချီ - ရတုပိုဒ်စုံ

သက္ကရာဇ် ၉၆၅-ခုနှစ်၊ တန်ဆောင်မုန်းလရဲ့ နေ့တနေ့ ... ရတုဘုရင်ရဲ့ အသည်းနှလုံးတွေ ကြွေပြုန်းရတဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးနဲ့ ရာဇဒေဝီဘွဲ့ခံ တပယင်းစတုဂါမဏိ သမီးရှင်ထွေးလှ တို့ရဲ့ ဒုတိယမြောက် သမီးတော်၊ ကေတုမတီ တောင်ငူ မဟာဥပရာဇာ ဖြစ်တဲ့ ရတုဘုရင်လို့လည်း တင်စားခေါ်ဆိုကြတဲ့ နတ်သျှင်နောင် ရဲ့ သည်းဦးသခင် ကြင်ယာတော် မိဘုရား၊ အလှဘုရင်မ ရာဇဓာတုကလျာစုဘုရားဟာ သက်တော် ၄၃-နှစ် အရွယ်မှာ နတ်ရွာစံခဲ့ပါတယ်။

ရာဇဓာတုကလျာထိပ်ထားကို မြန်မာသက္ကရာဇ် ၉၂၁-ခုနှစ်၊ နတ်တော်လဆန်း ၁၄-ရက်၊ တနင်္ဂနွေနေ့မှာ ဖွားမြင်ခဲ့ပါတယ်။ နောင်တော်ကြီး ဇင်းမယ်ဘုရင် နော်ရထာစော နဲ့ မောင်တော်ငယ် သိင်္ဃဒတ္တတို့ ရှိပါတယ်။ ဒါကြောင့် ဇင်းမယ်ဘုရင့်နှမတော် လို့လည်း ခေါ်ကြပါတယ်။

ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးဟာ ဟံသာဝတီမြို့တော်ကြီးတွင် မဟာစေတီတော်ကြီးကို တည်တော်မူနေတဲ့အခိုက် ဓာတ်တော်မွေတော်တွေကို ဘုရားမှာဌာပနာတဲ့နေ့မှာပဲ ရာဇဓာတုကလျာမင်းသမီးကို ဖွားမြင်တော်မူတဲ့အတွက် ဒါကို အစွဲပြုပြီး ရာဇဓာတုကလျာ လို့တွင်ခဲ့စေပါတယ် (မင်းများနှင့်သာ ထိုက်တန် သော လက္ခဏာရုပ်ရည်နှင့် ပြည့်စုံသည့် သ္မီးတော်ဖြစ်၍ ရာဇဓာတုကလျာ ခေါ်သည် လို့လည်း တချို့ ပညာရှိများက ဆိုကြပါတယ်)။

ဓာတုကလျာထိပ်ထားကိုယ်တော်တိုင် တည်ထားခဲ့တဲ့ “မျှော်တော်ရောက်” ဘုရားဟာလည်း အခုထိတိုင် ပဲခူးမြို့ရဲ့ အနောက်တောလို့ ခေါ်ကြတဲ့ အရပ်၊ မဟာစေတီတော်ကြီးနဲ့ ရွှေကူလေးစေတီတော်တို့ အကြားမှာ တည်ရှိနေသေး သလို ရာဇဓာတုကလျာ သုံးစွဲခဲ့တဲ့ ကျောက်ပျဉ်လို့ သတ်မှတ်ထားတဲ့ ကျောက်ပျဉ်ကိုလည်း ရွှေမော်ဓောစေတီတော်ရဲ့ ပြတိုက်မှာ တွေ့နိုင်ပါတယ်။

သခင်မ ဓာတုကလျာ နတ်ရွာစံလွန်ခဲ့ပြီးတဲ့နောက်မှာတော့ မှီတော်မူခဲ့တဲ့ အုံးဝန်းအောက်ကနေ ပုရပိုက်တဆူ ထွက်လာ ပါတယ်။ အဲဒီ ပုရပိုက်ထဲမှာတော့ ရာဇဓာတုကလျာထိပ်ထားကိုယ်တော်တိုင် တင်သ, ခဲ့ရှာတဲ့ “ကလျာရွှေညီ” ချီ ပိုဒ်စုံ ရတု တပိုဒ်ကို တွေ့ရှိကြရပါတယ်။

ရာဇဓာတုကလျာ ဖွဲ့သီခဲ့သော “ကလျာရွှေညီ” ချီ - ရတုပိုဒ်စုံ

(၁) ကလျာရွှေညီ။ ။ နန်းကေသီသို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ်လေးညင်းတွဲ့၊ နန်းဟန်ဖွဲ့၍၊ ‎ကနွဲ့ကယ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမထင်၊ ပူကြွေးတင်၍၊ ‎မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်။ ။ ခုဖြင့်ဖြေခက်သည်တကား။‎

(၂) မြလွှာဝေစီ။ ။ နွေခဋီဝယ်၊ ရွှေဖီသင်းပျံ့၊ နှင်းရနံ့နှင့်၊ ခင်းညံ့မြေဇာ၊ လေညင်းလာက၊ ရွှေမာလာငုံ၊ ပန်းဝတ်မှုံတို့၊ ‎ကြွေတုံသက်ဆင်း၊ ကိုက်ငုံကင်းနှင့်၊ အင်ကြင်းဖြူနီ၊ ရိုးတံချီလျက်၊ သံညီဥသြ၊ နှုတ်ချိုနှော၍၊ တောင်တောသာခွင့်၊ ‎ရာသီဖွင့်သည်။ ။ နုရင့်နွေစက်လည်တကား။‎

(၃) မဟာစေတီ။ ။ မွေသရီ၏၊ မြေညီခင်းပြန့်၊ တလင်းသန့်ဝယ်၊ နှင်းပန်းတပဲ၊ ဝတ်ဖြူလဲနှင့်၊ နန်းထဲနန်းလေ့၊ သီမဝှေ့ဘဲ၊ ‎ချမ်းမြေ့စိတ်ကြည်၊ ပီတိရည်ဖြင့်၊ ခိုင်တည်နှလုံး၊ တဖြောင့်သုံး၍၊ နှောင်ထုံးကေမင်၊ လျော့ဖြေချင်လည်း၊ ‎နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ငဲ့၊ မဖြောင့်ပျံ့လွင့်၊ နှောင်ကြိုးဝင့်သည်။ ။ လုလင့်ငွေမျက်ရည်တကား။‎

တချို့ကတော့ ဒီရတုဟာ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးတာလို့ ပြောကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းမွန်လှတဲ့ ရတု တပုဒ်မို့ မျှဝေလိုက်ပါတယ်။


ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 19 October 2010

လင်းပြာရိပ်ဆမ်း

“လင်းပြာလရိပ်ဆမ်း ...” တဲ့ ... လှလိုက်တဲ့စကားလုံးလေး ... အေးမွေ့ (အေးသိမ်မွေ့) ရေးထားတဲ့ ကဗျာလေးတပုဒ်ရဲ့ အဆုံးသတ်လေးပါ ... အဲဒါလေးကို ဖတ်မိတော့ ဒီစကားလုံးလေး ကျနော့်ရင်ထဲမှာ ခိုဝင်နေပါတော့တယ် ... ဒါကပဲ လင်းပြာရိပ်ဆမ်းကို ဖွဲ့မိစေတဲ့ အကြောင်းတရားပါ ...

လင်းပြာရိပ်ဆမ်း

လင်းပြာရိပ်ဆမ်း၊
ကြာနှုတ်ခမ်းမှာ၊
အနမ်းပွင့်ကြွေ ကောက်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
အိပ်မက်လမ်းမှာ၊
မြစမ်းရေသစ် သောက်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
တိမ်ယက္ကန်းထက်၊
ကြယ်ပန်းနုနု သီဖူးသည်။

လင်းပြာရိပ်ဆမ်း၊
ပိုးမျှင်တန်းမှာ၊
ငွေငန်းကြိုးယှက် ချည်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
အတိတ်လွမ်းဝယ်၊
ဆိပ်ကမ်းမဲ့လှေ ရွက်လွှင့်ပြီ။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...

Wednesday, 13 October 2010

လမ်းပျောက်သွားတဲ့ဒဏ္ဍာရီ

ကျနော် အိပ်မက်ဒဏ္ဍာရီထဲမှာ လမ်းပျောက်နေတုန်း ဖတ်မိခဲ့ပြီး ရင်ကို အခုတိုင် စူးရှထိခိုက်နေဆဲ ကဗျာလေးတပုဒ်ကို ပြန်လည်မျှဝေပါရစေ ... ကောင်းစံ (ခင်ကောင်းစံ) ရေးထားတဲ့ ဒီကဗျာလေးက ကျနော့်ရင်ထဲ အခုထိ စွဲနေတုန်းပါပဲ ... အထူးသဖြင့်တော့ နောက်ဆုံး အချပိုဒ်လေး သုံးပိုဒ်ရဲ့ စကားလုံးလေးတွေပါ ... သူကတော့ ကဗျာမဟုတ်ပါဘူးလို့ ဘယ်လိုပဲပြောပေမဲ့ ကျနော့်အနေနဲ့ကတော့ ခံစားချက်အပြည့်နဲ့ ကဗျာလေးတပုဒ်လို့ပဲ မှတ်ယူထားပါတယ်။
"နှင်းဆီအိပ်မက်" မက်ခဲ့မိသူတဦး ... ဘာနဲ့မှ မရောယှက်တဲ့ "ဆည်းဆာအလွမ်း" စစ်စစ်တွေကို ရင်မှာထွေးပွေ့ရင်းနဲ့ပဲ လက်ခုပ်သံတွေကင်းမဲ့စွာ "ကမ္ဘာဦးလမ်းခွဲ" ဆီ တရွေ့ရွေ့လှမ်းခဲ့ရပုံရဲ့ မူရင်းကိုတော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ....

အဲဒီ မော်ဒန်ကဗျာလေးကိုဖတ်တိုင်း ရင်ခုန်သံချင်း ထပ်တူကျလွန်းတယ်ဆိုရမလားမသိဘူး ... ရင်ထဲမှာ စူးရှနစ်ဝင် သွားလွန်းလို့ လေးလုံးစပ်လင်္ကာသွားနဲ့ ပြန်လည်ခံစားရေးဖွဲ့ကြည့်မိပါတယ် ... ဖတ်ရှုခံစား ကြည့်ကြပါဦး ... မူရင်းရသ နဲ့ ခံစားချက် မပျက်အောင် အတတ်နိုင်ဆုံး ကျိုးပမ်းအားထုတ်ထားပါတယ် ...


လမ်းပျောက်သွားတဲ့ဒဏ္ဍာရီ

တကယ်ဆိုလေ၊ ဖြေသိမ့်တတ်စွာ၊
ကျန်သူပါရှင်၊ ရင်ခုန်သံနှောင်း၊
မိုင်ပေါင်းများစွာ၊ ကွာဝေးခြားဖြတ်၊
အမှတ်တရ၊ စောဒကမဲ့၊
ဘဝအိပ်မက်၊ ပတ်သက်ဖူးရာ၊
“ချို”လွန်းပါသည်၊ ဒီနာကြည်းချက်၊
ဟန်ဆောင်ခက်သား၊ မမုန်းငြားလည်း၊
မချစ်ရဲပါ၊ နွေမှာတဝက်၊
မိုးတဝက်နှင့်၊ မက်ခဲ့ရပြီ၊
အိပ်မက်ရှည်သည်၊
နှင်းဆီအိပ်မက်တွင်ပါစေ။

ပျော်မြူးခြင်းပြတ်၊ မတတ်တော့ပြီ၊
ငါသည်တမင်၊ မညာချင်ပါ၊
ဒါပေမဲ့ကွယ်၊ ဖြေမလွယ်လို့၊
ကိုယ့်ကိုယ်ကိုညာ၊ ပျော်အောင်သာပင်၊
နေပါခဲ့သူ၊ အဖြူမကျ၊
ပန်းမကသည့်၊ လရက်တွက်စစ်၊
သက္ကရာဇ်တွေ၊ မေလေခုထိ၊
တွေးနေမိရင်း၊ ငိုချင်းသံစဉ်၊
ရင်ခုန်သံနု၊ ပြိုလုနီးပါး၊
ဖြစ်သွားဖြစ်ဆဲ၊ ရင်ကိုခွဲငင်၊
သံယောဇဉ်ညှို့၊ ချို့တဝက်ကို၊
ပန်းလိုသီရင်း၊ လွမ်းချင်းညည်းမယ်၊
“လွမ်းတယ်” လို့ဆို၊ အို ... တိုးတိုးလေး၊
ရင်ကတေးနွမ်း၊ အလွမ်းစစ်စစ်၊
ဖြစ်တည်လွင့်မျော၊ ရောယှက်မသန်း၊
ကိုယ့်အလွမ်းဟာ၊
ဆည်းဆာအလွမ်း မည်ပါစေ။

ဖရိုဖရဲ၊ မမြဲနှောင်ကြိုး၊
ယိုးမိအမှန်၊ ထင်မိပြန်ပြောင်း၊
ကောင်းကင်နဲ့ယှဉ်၊ ရင်ခွင်တံခါး၊
ဖွင့်ဟသွားမိသောအခါ ...
အုပ်မိုးစရာ၊ မာနမှုန်ဝါး၊
ပျောက်ပျက်သွားလေ၊ ဖွေရှာမတွေ့၊
ဇာတ်လမ်းကွေ့မှာ၊ တရွေ့ရွေ့ကျ၊
ကားလိပ်ချမှ၊ ပွဲစဖို့ရန်၊
ကြံစည်ကြိုးပမ်း၊ အို ... ကြည့်စမ်းပါ၊
ရူးနှမ်းလိုက်သူ၊ ဘယ်သူထင်လဲ၊
ရင်မှာကွဲအက်၊ ပွဲလည်းပျက်ပြီ၊
လက်ခုပ်သံမဲ့၊ ဇာတ်သိမ်းခဲ့ရာ၊
ကမ္ဘာဦးလမ်းခွဲခေါ်ပါစေ။


ဒီကဗျာလေးဟာ ဖတ်ရှုသူတွေကို တစုံတခုသော အတိုင်းအတာအထိ ခံစားမှုတစုံတရာ ပေးနိုင်တယ် ဆိုရင် မူရင်း ဖန်တီးရှင် ကောင်းစံ ကို ချီးကျူး အသိအမှတ်ပြုပြီး ပျက်ယွင်းသွားတယ်ဆိုရင်တော့ လက်ဆော့မိတဲ့ ကျနော့်ကိုသာ အပြစ်တင်ကြစေလိုပါတယ် ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...

Sunday, 26 September 2010

ပန်း၏ရုပ်ကြွင်း

အလွမ်းနေရင့်၊
ပန်းကြွေလွင့်လည်း၊
လေနှင့်စေကာ၊
ဝေဖြာပျံ့ညင်း၊
ရနံ့သင်းကို၊
ဖြန့်ခင်းနေမည် သခင့်ဆီ။ ။


ဒီတခါတော့ အတိုလေးပဲ ရေးလိုက်မိပါတယ်။
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီ

Read More...