Tuesday, 19 October 2010

လင်းပြာရိပ်ဆမ်း

“လင်းပြာလရိပ်ဆမ်း ...” တဲ့ ... လှလိုက်တဲ့စကားလုံးလေး ... အေးမွေ့ (အေးသိမ်မွေ့) ရေးထားတဲ့ ကဗျာလေးတပုဒ်ရဲ့ အဆုံးသတ်လေးပါ ... အဲဒါလေးကို ဖတ်မိတော့ ဒီစကားလုံးလေး ကျနော့်ရင်ထဲမှာ ခိုဝင်နေပါတော့တယ် ... ဒါကပဲ လင်းပြာရိပ်ဆမ်းကို ဖွဲ့မိစေတဲ့ အကြောင်းတရားပါ ...

လင်းပြာရိပ်ဆမ်း

လင်းပြာရိပ်ဆမ်း၊
ကြာနှုတ်ခမ်းမှာ၊
အနမ်းပွင့်ကြွေ ကောက်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
အိပ်မက်လမ်းမှာ၊
မြစမ်းရေသစ် သောက်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
တိမ်ယက္ကန်းထက်၊
ကြယ်ပန်းနုနု သီဖူးသည်။

လင်းပြာရိပ်ဆမ်း၊
ပိုးမျှင်တန်းမှာ၊
ငွေငန်းကြိုးယှက် ချည်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
အတိတ်လွမ်းဝယ်၊
ဆိပ်ကမ်းမဲ့လှေ ရွက်လွှင့်ပြီ။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...

Wednesday, 13 October 2010

လမ်းပျောက်သွားတဲ့ဒဏ္ဍာရီ

ကျနော် အိပ်မက်ဒဏ္ဍာရီထဲမှာ လမ်းပျောက်နေတုန်း ဖတ်မိခဲ့ပြီး ရင်ကို အခုတိုင် စူးရှထိခိုက်နေဆဲ ကဗျာလေးတပုဒ်ကို ပြန်လည်မျှဝေပါရစေ ... ကောင်းစံ (ခင်ကောင်းစံ) ရေးထားတဲ့ ဒီကဗျာလေးက ကျနော့်ရင်ထဲ အခုထိ စွဲနေတုန်းပါပဲ ... အထူးသဖြင့်တော့ နောက်ဆုံး အချပိုဒ်လေး သုံးပိုဒ်ရဲ့ စကားလုံးလေးတွေပါ ... သူကတော့ ကဗျာမဟုတ်ပါဘူးလို့ ဘယ်လိုပဲပြောပေမဲ့ ကျနော့်အနေနဲ့ကတော့ ခံစားချက်အပြည့်နဲ့ ကဗျာလေးတပုဒ်လို့ပဲ မှတ်ယူထားပါတယ်။
"နှင်းဆီအိပ်မက်" မက်ခဲ့မိသူတဦး ... ဘာနဲ့မှ မရောယှက်တဲ့ "ဆည်းဆာအလွမ်း" စစ်စစ်တွေကို ရင်မှာထွေးပွေ့ရင်းနဲ့ပဲ လက်ခုပ်သံတွေကင်းမဲ့စွာ "ကမ္ဘာဦးလမ်းခွဲ" ဆီ တရွေ့ရွေ့လှမ်းခဲ့ရပုံရဲ့ မူရင်းကိုတော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ....

အဲဒီ မော်ဒန်ကဗျာလေးကိုဖတ်တိုင်း ရင်ခုန်သံချင်း ထပ်တူကျလွန်းတယ်ဆိုရမလားမသိဘူး ... ရင်ထဲမှာ စူးရှနစ်ဝင် သွားလွန်းလို့ လေးလုံးစပ်လင်္ကာသွားနဲ့ ပြန်လည်ခံစားရေးဖွဲ့ကြည့်မိပါတယ် ... ဖတ်ရှုခံစား ကြည့်ကြပါဦး ... မူရင်းရသ နဲ့ ခံစားချက် မပျက်အောင် အတတ်နိုင်ဆုံး ကျိုးပမ်းအားထုတ်ထားပါတယ် ...


လမ်းပျောက်သွားတဲ့ဒဏ္ဍာရီ

တကယ်ဆိုလေ၊ ဖြေသိမ့်တတ်စွာ၊
ကျန်သူပါရှင်၊ ရင်ခုန်သံနှောင်း၊
မိုင်ပေါင်းများစွာ၊ ကွာဝေးခြားဖြတ်၊
အမှတ်တရ၊ စောဒကမဲ့၊
ဘဝအိပ်မက်၊ ပတ်သက်ဖူးရာ၊
“ချို”လွန်းပါသည်၊ ဒီနာကြည်းချက်၊
ဟန်ဆောင်ခက်သား၊ မမုန်းငြားလည်း၊
မချစ်ရဲပါ၊ နွေမှာတဝက်၊
မိုးတဝက်နှင့်၊ မက်ခဲ့ရပြီ၊
အိပ်မက်ရှည်သည်၊
နှင်းဆီအိပ်မက်တွင်ပါစေ။

ပျော်မြူးခြင်းပြတ်၊ မတတ်တော့ပြီ၊
ငါသည်တမင်၊ မညာချင်ပါ၊
ဒါပေမဲ့ကွယ်၊ ဖြေမလွယ်လို့၊
ကိုယ့်ကိုယ်ကိုညာ၊ ပျော်အောင်သာပင်၊
နေပါခဲ့သူ၊ အဖြူမကျ၊
ပန်းမကသည့်၊ လရက်တွက်စစ်၊
သက္ကရာဇ်တွေ၊ မေလေခုထိ၊
တွေးနေမိရင်း၊ ငိုချင်းသံစဉ်၊
ရင်ခုန်သံနု၊ ပြိုလုနီးပါး၊
ဖြစ်သွားဖြစ်ဆဲ၊ ရင်ကိုခွဲငင်၊
သံယောဇဉ်ညှို့၊ ချို့တဝက်ကို၊
ပန်းလိုသီရင်း၊ လွမ်းချင်းညည်းမယ်၊
“လွမ်းတယ်” လို့ဆို၊ အို ... တိုးတိုးလေး၊
ရင်ကတေးနွမ်း၊ အလွမ်းစစ်စစ်၊
ဖြစ်တည်လွင့်မျော၊ ရောယှက်မသန်း၊
ကိုယ့်အလွမ်းဟာ၊
ဆည်းဆာအလွမ်း မည်ပါစေ။

ဖရိုဖရဲ၊ မမြဲနှောင်ကြိုး၊
ယိုးမိအမှန်၊ ထင်မိပြန်ပြောင်း၊
ကောင်းကင်နဲ့ယှဉ်၊ ရင်ခွင်တံခါး၊
ဖွင့်ဟသွားမိသောအခါ ...
အုပ်မိုးစရာ၊ မာနမှုန်ဝါး၊
ပျောက်ပျက်သွားလေ၊ ဖွေရှာမတွေ့၊
ဇာတ်လမ်းကွေ့မှာ၊ တရွေ့ရွေ့ကျ၊
ကားလိပ်ချမှ၊ ပွဲစဖို့ရန်၊
ကြံစည်ကြိုးပမ်း၊ အို ... ကြည့်စမ်းပါ၊
ရူးနှမ်းလိုက်သူ၊ ဘယ်သူထင်လဲ၊
ရင်မှာကွဲအက်၊ ပွဲလည်းပျက်ပြီ၊
လက်ခုပ်သံမဲ့၊ ဇာတ်သိမ်းခဲ့ရာ၊
ကမ္ဘာဦးလမ်းခွဲခေါ်ပါစေ။


ဒီကဗျာလေးဟာ ဖတ်ရှုသူတွေကို တစုံတခုသော အတိုင်းအတာအထိ ခံစားမှုတစုံတရာ ပေးနိုင်တယ် ဆိုရင် မူရင်း ဖန်တီးရှင် ကောင်းစံ ကို ချီးကျူး အသိအမှတ်ပြုပြီး ပျက်ယွင်းသွားတယ်ဆိုရင်တော့ လက်ဆော့မိတဲ့ ကျနော့်ကိုသာ အပြစ်တင်ကြစေလိုပါတယ် ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...

Sunday, 26 September 2010

ပန်း၏ရုပ်ကြွင်း

အလွမ်းနေရင့်၊
ပန်းကြွေလွင့်လည်း၊
လေနှင့်စေကာ၊
ဝေဖြာပျံ့ညင်း၊
ရနံ့သင်းကို၊
ဖြန့်ခင်းနေမည် သခင့်ဆီ။ ။


ဒီတခါတော့ အတိုလေးပဲ ရေးလိုက်မိပါတယ်။
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီ

Read More...

Tuesday, 21 September 2010

အရိပ်လွမ်း

အရိပ်လွမ်းနဲ့၊ စိတ်နွမ်းခဲ့သော၊
ကမ်းမဲ့အချစ်၊ လွမ်းခဲ့ ဖြစ်စဉ်၊
မြစ်ပြင်တလျှောက်၊ နစ်ဝင်ပျောက်ကာ၊
ရင်အောက်မှာကွယ့် အတိတ်နွမ်း။

အတိတ်နွမ်းနဲ့၊ ကြိတ်လွမ်းခဲ့သော၊
လမ်းရဲ့အဖြစ်၊ နွမ်းယဲ့နစ်ဝင်၊
ဖြစ်အင်တခေါက်၊ သစ်ပင်ခြောက်သာ၊
ပင်အောက်မှာကွယ့် အဆိပ်ပန်း။

အဆိပ်ပန်းရဲ့၊ ရိပ်လွှမ်းခဲ့သော၊
လွမ်းဖွယ့်သနစ်၊ ကျွမ်းခဲ့ရစ်စဉ်၊
ချစ်လျှင်တယောက်၊ ဖြစ်စဉ်နောက်မှာ၊
ဝင်ရောက်လာတဲ့ အရိပ်လွမ်း။ ။

စကြာလည် ကိုယ်တွင်းပြည့် ပိုဒ်စုံရတု ရေးတဲ့ပုံစံနဲ့ ရေးထားတာပါ။ ဒါပေမဲ့ ရတုလို့တော့ မသတ်မှတ်ချင်ပါဘူး။ နဘေကိုက်အောင်ရေးထားတဲ့ လေးလုံးစပ်ကဗျာလို့ပဲ ယူဆပေးပါ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

Read More...

Saturday, 18 September 2010

ဖြေရာမဲ့

သမုဒယဝေဒနာ၊
အခုမှလေ အသေအချာသိ။ ။

မဖြေသာ စိတ်အတွေးမှာတော့၊
နွေအခါ အရိပ်ဝေးသလိုပဲ၊
တမှိတ်လေးတောင် မှေးပျော်ခက်ပါရဲ့၊
ဆွေးမျှော်ဆက် ရတက်ဝေဖြာရင်း၊
ရက်ရှည်လာ အနေဝေးသူအဖို့၊
ဖြေဆေးရယ်မရှိ။ ။

------------------------------

ကျနော် အလုပ်နည်းနည်းရှုပ်နေတာရယ်၊ ခရီးထွက်နေတာရယ်ကြောင့် ဘာမှ မရေးဖြစ်ဘဲ ပစ်ထားရတာ ကြာပါပြီ။ သံယောဇဉ်နဲ့ လာရောက် ဖတ်ရှုအားပေးကြတဲ့ ညီအကိုမောင်နှမများအားလုံးကို ကျေးဇူးတင်စွာ ... ထိုမျှသာမက အထူးမျက်နှာပူ၊ အားနာစွာ တောင်းပန်ရင်း ဒီကဗျာလေး တင်လိုက်ပါတယ် ... ဆက်လက်အားပေးကြပါဦး ခင်ဗျာ ...
ကျေးဇူးတင်၊ အားနာလှစွာဖြင့်

ဟယ်ရီ

Read More...

Sunday, 27 June 2010

ကသစ်ပန်း နှင့် အာလမ္ဗရာ

ကိုဟန်ရေ …


အိမ်အပြန် ဆိုတဲ့ ကဗျာလေးမှာ “အာလမ္ဗရ၊ ထစ်သံပြကြိုး၊ မိုးစစ်ဘုရင်၊ မိုးကြိုးဆင်လည်း …” ဆိုပြီး ကျနော် ရေးခဲ့တာနဲ့ ပတ်သက်လို့ “အာလမ္ဗရ” ဆိုတာ ဘာလဲ ဆိုတာ အခု အသေးစိတ် ပြောပါ့မယ်ဗျာ။
အာလမ္ဗရ ဆိုတာနဲ့ ပတ်သက်လို့ … ‎‘အာလမ္ဗရမေဃော ဝိယ ထနတိ’ - အာလမ္ဗရမိုးကြိုးကဲ့သို့ ထစ်ကြိုး၏ - ဟု ရည်ရွယ်၍ ဆိုကြကုန်၏ .. လို့ အနက်ရပါသတဲ့။



“နတ်စည်ငယ်လေ … ပုစွန်လက်ရိုး … အာလမ္ဗရာ” … ဆိုတဲ့ ဆရာမြို့မငြိမ်း ရေးဖွဲ့ခဲ့တဲ့ ကသစ်ပန်း သီချင်းလေးကို ကြားဖူးမယ် ထင်ပါတယ်။ ဝဿန်ကာလ မိုးကျလာပြီ ဆိုတာနဲ့အမျှ “အုံ့ကာလေ … တဖွဲဖွဲ … ရွာလေ တသဲသဲ” ဆိုတဲ့ အချပိုဒ်လေးနဲ့အတူ အုံ့မှိုင်းလာတဲ့ အာကာပြင် … ဖွဲဖွဲလေး စွေရွာလာရာကနေ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးခြိမ်းသံ၊ ထစ်ချုန်းသံတွေနဲ့ အတူ မိုးသီးမိုးပေါက်တွေ သွန်ပြီးရွာချနေတဲ့ မိုးကောင်းကင်ကို မှန်းဆ မြင်ယောင်လာရင်း “ဝေဆာ …. သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်ခါ … အသူရာ … ဒေါသထွက်လို့ .. မြင့်မိုရ်ထက်ကို … တက်လို့ စစ်ဖက်တဲ့အခါ …” ဆိုတဲ့ စာသားလေးနဲ့အတူ သိကြားမင်းနဲ့ အသူရာနတ်မင်းတို့ စစ်ခင်းကြပုံတွေ စိတ်ထဲမှာ မြင်ယောင်လာမိတယ်ဗျ။
တကယ်တော့လည်း သိကြား နဲ့ အသူရာ ဆိုတာက တစိမ်းတွေမှ မဟုတ်တာ၊ သိကြားမင်းရဲ့ မိဖုရား သုဇိတာ နတ်သမီး (သုဇာ = သူဇာ လို့လည်း ခေါ်ပါတယ် ဆိုပဲ) ဟာ ဝေပစိတ္တိအသူရာ နတ်မင်းကြီးရဲ့ ချစ်မငြီးတဲ့ ရင်နှစ်သည်းခြာ သမီးတော် ဆိုတော့ကာ အသူရာကြီးက သိကြားမင်းရဲ့ ယောက္ခမ အရင်းခေါက်ခေါက်ကြီးကိုး။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်က နဂိုတည်းက မတည့် ကြတော့ စစ်ခင်းပြီးမှ ယူထားရတဲ့ မိန်းမလေ၊ ခိုးပြေးရတာတဲ့ … အဲဒီကတည်းက မိဘ သဘောမတူရင် ခိုးပြေးတာ စပြီး ခေတ်စားလာတယ် ထင်ပါရဲ့ဗျာ …။ အသူရာတွေကလည်း ယမကာလုလင်ကြီးတွေဆိုတော့ မူးပြီး မှောက်နေကြတုန်း သိကြားမင်းတပ်တွေက မြင့်မိုရ်တောင်အောက်ကို တိတ်တိတ်ကလေး ပစ်ချထားတာ ခံလိုက် ရတာပါ။ အလစ်အငိုက် ပေါ့။
အသူရာတွေဘက်က ကြည့်မယ်ဆိုရင်လည်း မခံနိုင်စရာပါပဲ။ စစ်ကလည်း ရှုံးသေး၊ ကိုယ်နေတဲ့ နေရာကလည်း ဖယ်ရှားခံရသေး၊ သမီးလည်း ပါသွားသေး ဆိုတော့ သူတို့ကိုလည်း အပြစ်မဆိုသာဘူးပေါ့။ ဒါတောင် ကိုယ့် ဆရာတွေက ချက်ခြင်းသိသေးတာမဟုတ်ဘူးဗျ။ မူးပြီး ကောင်းနေတုန်းရှိသေးတာ။ အမူးပြေလို့ ဝေဇယန္တာ နန်းဘုံမြင့်ဆီက ပင်လယ်ကသစ်ပင်ကြီး ပန်းပွင့်တဲ့အချိန်မှာ သဘင်ပွဲ ဆင်နွှဲမယ်ဆိုပြီး ကြည့်လိုက်တော့မှ ကသစ်ပင်ကြီးမဟုတ်ဘဲ သခွပ်ပင်ကြီးက အဖြူရောင် သခွပ်ပွင့် တွေကို မြင်တော့မှပဲ “ဟင် … တာဝတိံသာလည်း မဟုတ်ပါလား” ရယ်လို့ သိပြီး ဒေါသအမျက် ခြောင်းခြောင်းထွက်လို့ မြင့်မိုရ်တောင်ပေါ်တက်၊ ဒေါသတကြီးနဲ့ ခပ်ကြမ်းကြမ်း တိုက်စစ်ဆင်လိုက်တဲ့အခါ အာလိန်ငါးဆင့် က စတုမဟာရာဇ် နတ်မင်းကြီး လေးပါး ဦးဆောင်တဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ရက္ခိုသ် တွေ မခံနိုင်တော့ပါဘူး။ ဒီအခါမှာ သိကြားမင်း ကိုယ်တိုင် ဝရဇိန်လက်နက်ကို ကိုင်စွဲလို့ နတ်မြင်းတစ်ထောင် က, တဲ့ ဝေဇယန္တာ နတ်ရထား ကိုစီးပြီး နတ်ဆင်တော်တွေ။ ရဲတံခွန်တွေနဲ့အတူ နေနတ်သား၊ လနတ်သား၊ ဝရုဏ နတ်မင်း၊ ဣသာန နတ်မင်း (မဟာပိန္နဲနတ် ဆိုတာ သူပါပဲတဲ့ …)၊ ပဇာပတိ နတ်မင်း တို့အပါအဝင် သုံးကျိပ် သုံးပါး သော စစ်သူကြီးများနဲ့ စစ်အင်္ဂါလေးပါး အပြည့်အစုံခင်းကျင်းပြီး ထွက်တိုက်တော့မှ အသူရာတို့ စစ်ရှုံးပြီး ပြန်ပြေးကြရပါတော့တယ်။
ကျနော်လည်း နိဒါန်းပျိုးပြီး လေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး ဖြစ်နေပြီ။ အဲဒီမှာမှ အာလမ္ဗရ စည်တော်က လာတာကိုးဗျ။ ဒီ စည်တော်ကြီးက ပုစွန်လက်မကြီးနဲ့ လုပ်ထားတာ။ အသူရာတွေရဲ့ စည်ဗျ။ အဲဒီပွဲ မှာ စစ်ရှုံးလို့ ပြန်ပြေးတော့ အဲဒီ အာလမ္ဗရ စည်တော်ကြီးပါ ပစ်ထားခဲ့ပြီး သေပြေးရှင်ပြေး ပြေးကြရတယ် ဆိုပဲ။ အဲဒါကိုတွေ့တော့ သိကြားမင်းက ဆွဲစေ့ ထားလိုက်တာပေါ့ဗျာ။ သိကြားကတော့ တန်သွားတာပေါ့။ သမီးလည်းရ၊ စစ်လည်းနိုင်တဲ့အပြင် စည်ကြီးပါ အပိုဆု ပေါက်လိုက်သေးတာကိုး။ မိုးခြိမ်းသံတွေဟာ ဒီစည်ကြီးကို တီးလိုက်တဲ့အခါ မြည်တဲ့အသံလို့ ဆိုရမှာပေါ့။
ဒီ စည်ကြီးရဲ့ နောက်ခံသမိုင်းကလည်း ဇာတ်လမ်းလေးနဲ့ပါပဲ။ ဇာတကအဋ္ဌကထာ၊ ဒုတိယတွဲ၊ တိကနိပါတ၊ ပဒုမဝဂ္ဂ မှာ ပါတဲ့ ကက္ကဋဇာတ် (ဇာတ်နံပါတ်-၂၆၇)‎ ပါ။
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်က လူဆိုးတွေကို နူးညံ့ချိုသာစွာ ပြောဆိုပြီး သူတို့ဖမ်းထားတဲ့ ‎လင်ယောက်ျားကို အသက်ဘေးကနေ ကယ်တင်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကို အကြောင်းပြုပြီး ဒီအတိတ်ဇာတ်ကို ဟောတော်မူပါသတဲ့။ အရှင်ဝရသာမိက ကျနော့်ကို အနက်ချပေးထား ပါတယ်။

“လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ဆင်မျိုး၌ ‎ဖြစ်လေသည်။ ထိုအခါ ဟိမဝန္တာမှ `ကုဠီရ´ ရေကန်ကြီးတွင် ကောက်နယ်တလင်းဝန်းခန့် ကြီးသော ‎ရွှေပုစွန်လုံးကြီး တကောင်ရှိသဖြင့် ထိုရေကန်ထဲသို့ ဆင်များ မဆင်းဝံ့ကြချေ။
ဘုရားလောင်းဆင်မင်းသည် ဇနီး၊ သားနှင့် မိခင်ဆင်မကြီးတို့ကိုပါခေါ်၍ ထိုပုစွန်လုံးကို ဖမ်းရန်ထွက်လာရာ ‎ရေကန်သို့ရောက်သောအခါ ရေကန်ပတ်ဝန်းကျင်မှ ဆင်များကိုပါ စည်းရုံးလေ၏။
ထိုနောက် ပုစွန်လုံးအကြောင်းလေ့လာရာ ပုစွန်လုံးသည် ဆင်များရေကန်မှ ပြန်တက်ချိန်တွင်သာ ‎ညှပ်ဖမ်းလေ့ရှိကြောင်း သိရလေသည်။
‎ပုစွန်လုံးကိုဖမ်းယူမည့်နေ့တွင် ဆင်အားလုံးတို့ ရေကန်ထဲဆင်းပြီးနောက် ပြန်တက်ကြသောအခါ ဆင်မင်းက ‎နောက်ဆုံးမှ ချန်တက်သည်။ ပုစွန်လုံးသည် ဆင်မင်းကို လက်မဖြင့် ညှပ်၍ ဖမ်းထားသဖြင့် ဆင်မင်းသည် ‎လွတ်အောင်မရုန်းနိုင်ဘဲ နောက်ဆုံးတွင် ကြောက်ကြောက်လန့်လန့်နှင့် သည်းစွာအော်မြည်လိုက်ရာ ‎အခြားဆင်များ ထွက်ပြေးသွားကြလေ၏။
‎ထိုအခါ ဇနီးဖြစ်သော ဆင်မက ‘သမုဒ္ဒရာ၊ ဂင်္ဂါနှင့် ယမုံနာ တို့တွင် ရှိကြသော ပုစွန်များထက် မြင့်မြတ်သော ‎ပုစွန်လုံးမင်း၊ ကျွန်ုပ်၏ လင်အား ချမ်းသာခွင့်ပေးပါလော့’ ဟု တောင်းပန်စကားဆိုလေ၏။
ပုစွန်သည် ဆင်မ၏ အသံကို တပ်မက်သဖြင့် ဆင်မထံ အာရုံရောက်သွားရာ ညှပ်ထားသော လက်မ၏ အားများ ‎လျော့ကျသွားလေသည်။
ထိုအခါ ဆင်မင်းသည် ခြေထောက်ကို မြှောက်၍ ပုစွန်လုံး၏ ကျောက်ကုန်းကို တက်နင်းလိုက်ရာ ပုစွန်လုံးသည် ‎ကျောက်ကုန်းကွဲ၍ ထိုနေရာ၌ပင် သေပွဲဝင်လေ၏။ ခပ်သိမ်းကုန်သော ဆင်တို့သည် စည်းဝေးကုန်၍ ပုစွန်ကို ‎ရေကန်၏ အပြင်သို့ ထုတ်၍ ကျောက်ကုန်းကို နင်းရာ မှုန့်မှုန့်ညက်ညက် ကျေစေကုန်၏။
ထိုပုစွန်၏ နှစ်ခုသော လက်မတို့ကို ကိုယ်မှခွဲ၍ လျောက်ပတ်သော အရပ်၌ ထားကုန်၏။
‎ထို ‘ကုဠီရ’ ရေကန်သည် ဂင်္ဂါမြစ် နှင့် တဆက်တည်း ဖြစ်၏။ ဂင်္ဂါမြစ်၏ ရေတက်သော ကာလ၌ ‎ဂင်္ဂါရေဖြင့် ပြည့်၏။
ဂင်္ဂါရေ နည်းသည်ရှိသော် ရေကန်မှ ရေသည် ဂင်္ဂါသို့ ဝင်၏။ ထိုအခါ ထိုနှစ်ခုသော လက်မတို့သည် ရေ၌ ‎ပေါလောပေါ်၍ ဂင်္ဂါမြစ်၌ မျောကုန်၏။
ထိုနှစ်ခုတို့တွင် တခုသောလက်မသည် သမုဒ္ဒရာ သို့ ဝင်၏။
တခုသော လက်မကား ဒသဘာတိက မင်းတို့သည် ရေကန်၌ ကစားကုန်သော် ထိုလက်မကို ရကုန်၍ ‘အာဠိင်္ဂ’ မည်သော မုရိုးစည်ကို ပြုလုပ်ကုန်၏။
သမုဒ္ဒရာသို့ ဝင်သော လက်မကား အသုရာ တို့သည် ယူကုန်၍ အာလမ္ဗရ - မည်သော စည်ကို ပြုလုပ်ကုန်၏။
ထိုအသုရာတို့သည် နောင်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံး၍ အာလမ္ဗရ စည်ကို ပစ်၍ ‎ပြေးကုန်၏။
ထိုအခါ သိကြားမင်းသည် အာလမ္ဗရ စည်ကို မိမိရဲ့ အကျိုးငှာ ယူဆောင်စေခဲ့၏။”

အသူရာ ဆိုတဲ့ စာလုံးပေါင်းနဲ့ ပတ်သက်လို့ကတော့ ပါဠိမူရင်းက အသုရာ ပါတဲ့ … ပိတ္တာအသုရာ၊ နတ်အသုရာ ဆိုပြီး အသုရာ နှစ်ပါးရှိပါသတဲ့။ အခု ဇာတ်လမ်းက အသုရာတွေကတော့ နတ်အသုရာတွေပါ။ သုရာ ဆိုတာ နတ်၊ ၄င်းတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ အသုရာ မည်သည် လို့ ပါရာဇိကဏ်အဋ္ဌကထာဂဏ္ဌိ၊ ပ-တွဲ ကို ကိုးကားပြီး ပါဠိသက် ဝေါဟာရအဘိဓာန်က ဆိုပါတယ်။ ဒါပေမဲ့ အသုရာ လို့ ခေါ်ရတာ ထက် အသူရာ လို့ဆိုရတာက အသံပိုပြေလို့၊ နှုတ်သက်သာလို့ ဥ-သရ ကိုဦ-သရ ပြောင်းပြီး အသူရာ ဖြစ်လာတာ လို့ ဆိုပါတယ်။
ချမ်းမြေ့ပါစေ ဗျာ …


ဟယ်ရီ

Read More...

Sunday, 20 June 2010

ခရမ်းပြာဝိုင် (၁၂)

အလင်းတစ၊ ပျို့အက်ကျစဉ်၊
ညအသင်္ချေ၊ သခင်နေရက်၊
အိပ်မက်တံလျှပ်၊ ဖြတ်ဖြတ်လွန့်လူး၊
မူးယစ်သီဝေ့၊ နဂါးငွေ့တို့၊
လွေ့လွေ့စင်စင်၊ သခင်မြင်ပါ ...

မျက်ရည်လိမ်းကြူ၊ အဆိပ်မြူနှင့်၊
ကြယ်ဖြူခိုးမျှင်၊ ခြုံလွှာဆင်သ၊
သခင်မထံ၊ ပန်းကာရန်ဆက်၊
မျက်ရည်ဝိုင်ချို၊ ပြိုလေသည့်မိုး၊
တိတ်တခိုးရှိုက်၊ လောင်မြိုက်ရင်းပင်၊
ခရီးနှင်ခဲ့၊ ကြယ်ဝေလဲ့ဖြာ၊
ခရမ်းပြာရဲ့၊ လွမ်းဇာချဲ့တိမ်၊
နှင်းမိုးအိမ်မှ၊ ကျိန်စာအစ၊
ကြယ်ကြွေညတွေ ...

လရောင်မြင်မှား၊ တိမ်ဖျား၌ခို၊
အတ္တချိုတို့၊ ဝေ့စိုဝင်းစက်၊
ပြာလင်းလက်ရီ၊ မျက်ရည်ဝိုးဝါး၊
ပန်းစကား၏၊ လွမ်းဖျားမြစ်ရင်း၊
ချစ်ခြင်းဋီကာ၊ ကမ္ဘာတည်သရွေ့ ...

ရင်နှင့်အမျှ၊ ချစ်ရပါသူ၊
လွမ်းရိပ်မြူသွဲ့၊ လင်းပြာလဲ့မူး၊
ပွင့်ဦးစံပယ်၊ ရနံ့တွယ်ငင်၊
ကြယ်စင်ပန်သ၊ လွလွဖြူဖွေး၊
ညီမလေးရေ ....

သြော် ... ဒီလိုနှင့်၊
ရင်နင့်သည်းထန်၊ လျှပ်စီးမာန်တင်း၊
မိုးယံဝင်းဝိုး၊ လျှပ်လက်ပျိုးချိန်၊
တိမ်ကြိုးပန်းခက်၊ အလွမ်းစက်တို့၊
နွမ်းပျက်တေးကို၊ စောင်းအိုကြိုးထက်၊
အက်ကွဲနင့်ဆို၊ ငိုခဲ့ကြသည်၊
ဝေးခဲ့ပြီလေ ...

ခရမ်းပြာဝိုင်၊ လွမ်းဗျာဆိုင်ဝဲ၊
ကြေကွဲဆို့နင့်၊ ဆိုင်းညို့ရင့်သီ၊
ရင်နှင့်ဆွဲသည့် လွမ်းပန်းချီ။ ။

ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Monday, 14 June 2010

အိမ်အပြန်

ဆောင်းခိုငှက်တို့၊ တေးယှက်ရင့်ကျူး၊
မိုးဦးအမီ၊ မိုင်ထောင်ချီစေ၊
သည်လေတသုတ်၊ မိုးမချုပ်မီ၊
ကျုပ်တို့ အိမ်ကိုပြန်ကြမည်။

မိုးယံဖျားက၊ ဝေရ မ္ဘလေ၊
လာစေလာစမ်း၊ ကြမ်းကြမ်းခိုက်ခိုက်၊
မိုက်မိုက်မဲမဲ၊ အံကိုခဲကာ၊
စိတ်ဇွဲမာန်တင်း၊ တောင်ဟုန်ခွင်းလို့၊
ကျုပ်တို့အိမ်ကို ပြန်ကြမည်။

အာလမ္ဗရ၊ ထစ်သံပြကြိုး၊
မိုးစစ်ဘုရင်၊ မိုးကြိုးဆင်လည်း၊
ဘဝင်မတွန့်၊ မရွံ့မပြေး၊
ရွေးမျှမဖြုံ၊ မာန်ဟုန်မဖြုတ်၊
ကျုပ်တို့အိမ်ကို ပြန်ကြမည်။

ရိုးမကိုကျော်၊ ပင်လယ်ပေါ်ဖြတ်၊
တောင်ပံခတ်ရင်း၊ အားမာန်တင်းထား၊
မိုးဖျားမိုးယံ၊ လေကိုဆန်လို့၊
ညဥ့်ယံစုပ်စုပ်၊ မိုးမချုပ်မီ၊
ကျုပ်တို့ အိမ်ကိုပြန်ကြမည်။


အိမ်ပြန်ချင်သော ညီမငယ် မိုးအိမ်သို့ ...

ဟယ်ရီ

Read More...

Sunday, 13 June 2010

ခရမ်းပြာဝိုင် (၁၁)

နိဒါန်းမဲ့ နိဂုံး ...
မစခင်က ဆုံးပြီးသားပါ
ညီမလေး ခရမ်းပြာ ...

နိဂုံးရဲ့ နောက်ဆက်တွဲဖြစ်ရင်
အပြစ်တင်ထိုက်သူဟာ
ရူးမိုက်မိတဲ့ ကိုယ်ပဲ ဖြစ်ပါလိမ့်မယ်။

ဘယ်သောအခါမှ
ပန်မယ်မဟုတ်မှန်း
သိခဲ့ပါလျက်နဲ့
အလွမ်းဝိုင်ပွင့်တွေ
ဝေနေအောင်စိုက်ခဲ့မိတယ်လေ

လတစင်းတော့ မဖြစ်ခဲ့ပါဘူးကွယ် ...
ဒါပေမဲ့လည်း
ရေးရေးထင် မြင်သာရုံလေးဖြစ်ဖြစ်
ညနက်နက်မှာ
လက်ကနဲ ဝေ့ခဲ့တဲ့
လင်းပျပျ ကြယ်စင်ငွေ့လေး အဖြစ်နဲ့တော့
အလင်းတချို့ ဝေနိုင်ခဲ့လေမလား ...

နက္ခတ်တို့ အိမ်အပြန်၊
တိမ်ယံက အရိပ်နှောင်းနဲ့၊
နိမိတ်ဟောင်းတွေ မချိုခဲ့ပါဘူး၊
အငိုတလှည့် အပြုံးတခါ၊
မုန်းစရာမှ မဟုတ်တာကွယ် ...

အိပ်မက်ဖူးတွေကို ...
မင်းမခူးခဲ့ပေမဲ့ ...
ဝိုင်တပွင့်ရဲ့ ဝတ်ဆံတွေကို ...
မင်းမပန်ခဲ့ပေမဲ့ ...
မင်းကို လွမ်းတိုင်းတော့
ဂန္ထဝင်ပန်းရိုင်းတွေ
ကိုယ့်လက်ဖျားမှာ ပွင့်ကြပါလိမ့်မယ်
ညီမလေး ခရမ်းပြာရယ် ...


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 11 May 2010

မှော်နွယ်ညများ

မြင်လွှာရုံအောက်၊ ‎
ကိုယ်ယောင်ဖျောက်ခဲ့သူရေ၊
ပင်လယ်ဖြူရဲ့ လေပြည်၊
ကဝေလက်သည်းနဲ့၊
အသည်းတံခါးကို လှစ်၊
မာယာလှိုင်းငွေ့ရစ်ခြုံသိုင်း၊
ချစ်သူရဲ့ သမိုင်းက၊
အရိုင်းတစ္ဆေတကောင် ...‎

ဧဒင်ရေ ...‎
မှော်နွယ်တွေရစ်ဝိုင်းလို့၊
သစ်လှိုင်းယောင်အောက်က
တယောက်သူရင်ကို ‎
ပင်သစ်ညိုပွင့်ချပ်သုဉ်းတဲ့အထိ
ဖုံးကာထားလေရော့သလား ...‎

လရိပ်ယှက်မိုး၊
ကြယ်စင်ရေ ညှိုးမသွားပါနဲ့၊
မိုးဖျားအောက်က တယောက်သူ၊
နောက်လူဟာ ရှေ့အရောက်၊
နေ့ညတွေပျောက်ဆုံးလျက်၊
တာထွက်စောတဲ့ ပင်လယ်ပြင်မှာ၊
ပန်းဝင်မဦးခဲ့တဲ့ ရွက်လှေတစင်းရဲ့
လေလွင့်အလင်းနှစ်များသမိုင်း
ရာဇဝင်တွေ အပြိုင်းပြိုင်းကျ၊
ခိုင်းနှိုင်းလည်း မပြချင်တော့ပါဘူး .... ။‎

လျော့လုလု နေခြည်အောက်မှာ ...‎
ပျောက်ဆုံးခဲ့ရတဲ့ ဆည်းဆာအိပ်မက်ကို
တသက်လုံး ရေးဆွဲ ...‎
လက်တွေ သုဉ်းလို့
ပျက်ကြွေပြုန်းတဲ့အထိပေါ့
သြော် ... မမုန်းမှန်းတော့ သိခဲ့ပါတယ် ...
မမုန်းမှန်းတော့ သိခဲ့ပါတယ်လေ ...‎


ကျနော် အခုတလော အလုပ်အရမ်းများနေတာနဲ့ ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါတယ် ... ရေးလက်စ တပိုင်းတစနဲ့ ကဗျာတွေလည်း ရှိနေပါတယ် ... အသစ်မတင်ဖြစ်တဲ့အချိန်အတွင်းမှာကို သံယောဇဉ်နဲ့ မပျက်မကွက် အမြဲလာပြီး ဖတ်ရှုခံစားအားပေးကြတဲ့ ညီအကို မောင်နှမများ ကို ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

Read More...