Thursday, 11 November 2010

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၁၈)

တေးထပ်ဆန်း‎

တေးထပ်ဆန်းမှာ ကာရန်ယူပုံပေါ်မူတည်ပြီး ပင်မအမျိုးအစား သုံးမျိုးဖြစ်တဲ့ သာမည၊ အရိုးခံနဲ့ သုံးချက်ညီ တေးထပ်တွေ အဖြစ် ထပ်ပွားသွားနိုင်တာကြောင့် သာမည တေးထပ်ဆန်း၊ အရိုးခံတေးထပ်ဆန်း နဲ့ သုံးချက်ညီ တေးထပ်ဆန်း ဆိုပြီး ထပ်ပြီးတော့ ခွဲခြားနိုင်ပါတယ်။
တေးထပ်ဆန်းဆိုတာက ဘာမှ မခက်ပါဘူး။ ပင်မ တေးထပ်တပုဒ်ကို အပိုပိုဒ်တွေ ထည့်ပေးလိုက်ရုံပါပဲ။ ဒါကြောင့် အပိုဒ်ရေ ပိုများသွားပါတယ်။ တေးထပ်တပုဒ် ကို (သာမညဖြစ်ဖြစ်၊ အရိုးခံဖြစ်ဖြစ်၊ သုံးချက်ညီ ဖြစ်ဖြစ်) အပိုပိုဒ်တွေ ထည့်လိုက်ရင် တေးထပ်ဆန်းဖြစ်သွားပါတယ်။ ဘယ်နေရာမှာထည့်ရမယ်လို့ ကန့်သတ်ထားခြင်း မရှိပါဘူး။ ကြိုက်ရာအပိုဒ်ကို အဲဒီအပိုဒ်မတိုင်ခင် အပိုပိုဒ် တပိုဒ် ထည့်နိုင်ပါတယ်။ အပိုပိုဒ်ကို ထည့်ရင် ထည့်မယ့်အပိုဒ်နဲ့ နဘေအပြည့်ထပ်ပြီးမှ ထည့်လေ့ရှိပါတယ်။ ဒါကို တွန့်ပိုဒ်၊ ကွန့်ပိုဒ် လို့ ခေါ်ပါတယ်။ သတိပြုဖို့က တေးထပ်ဆန်းမှာ တွန့်ပိုဒ် ထည့်ရင် တပိုဒ်လုံး အပြည့် ထည့်ရပါမယ်။ တဝက် တွန့်လို့ မရပါဘူး။ အဲဒီလို တပိုဒ်လုံး အပြည့်တွန့်တာကို "ကွန့်" တယ်၊ အဲဒီ အပိုဒ်ကို "ကွန့်ပိုဒ်" လို့လည်း ခေါ်ပါတယ်။ အပြည့်တွန့်ထားတဲ့ "တွန့်ပိုဒ်" လို့လည်း ခေါ်ပါတယ်။ ကျနော်ကတော့ ကွန့်ပိုဒ်လို့ ခေါ်တာကို ပိုကြိုက် ပါတယ်။
နမူနာ ဥပဒေသဆောင်ပုဒ် တေးထပ်ဆန်းကို ကြည့်ပါ။


ဥပဒေသ ဆောင်ပုဒ် တေးထပ်ဆန်း
၁။ တေးထပ်စာ အဆန်းဖွင့်မယ်လို့၊
၂။ တခဏ်းဖြင့် ရောက်လာ၊
၃။ အရမ်းနှင့်ကောက်ထာ၊
၎။ ဘောက်ကဗျာ ဖယ်၍့၊
၅။ ဆန်းယဉ်နု ဖူးပွင့်ပုံလို၊
၆။ ထူးတင့်ပုံ ရေးမည့်ဓလေ့။

၇။ စိန်ခြူးမြင့် ဆောင်လယ်ဘုံမှာ၊
၈။ စောင်ထယ်ခြုံ ကတီမွေ့၊
၉။ မောင်မယ်စုံ ချီပွေ့လို့၊
၁၀။ ရီထေ့ထေ့ ပြုံးဟန်၊
၁၁။ သဒ္ဒါရုံဇောအငွေ့ဟာက၊
၁၂။ မနောခွေ့ ခွေ့တဲ့အသံ။

(ဝိုက်ကွန့်လို့ တွေးမှတ်ကြံတယ်)
၁၃။ ပိုဒ်တွန့်လို့ ရေးစပ်ပြန်သော်၊
၁၄။ တေးထပ်ဉာဏ် ဆန်းအစစ်ပါပဲ၊
၁၅။ ပန်းကသစ် ကုံကုမံ၊
၁၆။ သင်းပျံ့ ကျံကျံ၊
(စံမြန်းခွင့် ညီလာခံတယ်)
၁၇။ ဖလ်နန်းမြင့် သီဟာပျံမှာ၊
၁၈။ ဂီတာသံ ကျူးရင့်းဖျလေး။ ။

(မူရင်းသတ်ပုံအတိုင်း ရေးသားထားပါသည်။)

ဒီ နမူနာ ဥပဒေသ ဆောင်ပုဒ်တေးထပ်ကို ကြည့်မယ်ဆိုရင် တွန့်ပိုဒ် (ကွန့်ပိုဒ်) တွေ ထည့်ထားတာ တွေ့ရပါမယ်။ လက်သည်းကွင်းထဲက ပြထားတဲ့ အပိုဒ်တွေဟာ တွန့်ပိုဒ် (ကွန့်ပိုဒ်) တွေဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ တွန့်ပိုဒ်လို့ပဲ သုံးထားပါတယ်။ ဒါပေမဲ့ တကယ်တော့ ကွန့်ပိုဒ် အဖြစ် မှတ်ယူတာ ပိုသင့်ပါတယ်။ တွန့်ပိုဒ်၊ ကွန့်ပိုဒ် အကြောင်း တေးထပ်ကြီး အပြီးမှာ သီးခြား ရေးပြထားပါတယ်။ တေးထပ်ဟာ ၁၈ ပိုဒ် ရှိရမယ် ဆိုပေမဲ့ ဒီ အပိုပိုဒ်တွေထည့်လိုက်တဲ့အတွက် ဒီ တေးထပ်ဆန်းမှာ အပိုဒ်-၂၀ အထိရှိနေတာကို တွေ့နိုင်ပါတယ်။
အခု ဖော်ပြခဲ့တဲ့ နမူနာတေးထပ်ကတော့ အရိုးခံတေးထပ်ရဲ့ ကာရန်ယူပုံအတိုင်း ယူထားတာဖြစ်လို့ အရိုးခံတေးထပ်ဆန်း လို့ မှတ်ယူနိုင်ပါတယ်။


တေးထပ်ကြီး‎
တေးထပ်ကြီးမှာလည်း ကာရန်ယူပုံပေါ်မူတည်ပြီး ပင်မအမျိုးအစား သုံးမျိုးဖြစ်တဲ့ သာမည၊ အရိုးခံနဲ့ သုံးချက်ညီ တေးထပ်တွေ အဖြစ် ထပ်ပွားသွားနိုင်တာကြောင့် သာမည တေးထပ်ကြီး၊ အရိုးခံတေးထပ်ကြီး နဲ့ သုံးချက်ညီ တေးထပ်ကြီး ဆိုပြီး ထပ်ပြီးတော့ ခွဲခြားနိုင်ပါတယ်။
ဒီမှာလည်း တွန့်ပိုဒ်ပဲ ထည့်တာပါ။ ဒါပေမဲ့ တေးထပ်ဆန်းနဲ့ ကွာသွားတာက တေးထပ်ကြီးမှာဆိုရင် တွန့်ပိုဒ်တွေကို တပိုဒ်လုံးလည်း ထည့်သလို (ကွန့်ပိုဒ် ထည့်သလို)၊ တဝက်လည်း တွန့် ပါတယ်။ အပိုဒ်ရေပိုများပါတယ်။ စာလုံးရေလည်း ပိုထည့်လို့ ရပါတယ်။ တေးထပ်ဆန်းက တဝက်မတွန့်ပါဘူး။ အပြည့်ပဲ တွန့်ပါတယ် (တနည်းအားဖြင့် "ကွန့်" ပါတယ်)။ စာလုံးရေလည်း ပိုထည့်လေ့ မရှိပါဘူး။

နမူနာ ဥပဒေသဆောင်ပုဒ် တေးထပ်ကြီးကို ကြည့်ပါ။

ဥပဒေသ ဆောင်ပုဒ် တေးထပ်ကြီး
(ဘမရာပလ္လင် ခန်းအဝလိုပ၊) - (ကွန့်ပိုဒ်)
၁။ စာသဘင် နန်းအကြွဆီက၊
၂။ စွမ်းသမျှ ကြံကာ၊
(ဆန်းအလှ - ဝမ်းပထမ) - (တွန့်ပိုဒ်)
၃။ ကျမ်းကဗျာ့ နန္ဒာကို၊
၎။ အဟံ ငါ စီကုံး၊
၅။ အတ္တုက္ကန့် ပရဝမ်၊
၆။ သကျမွန် ကင်းတဲ့နှလုံး။

(ပြီးဆိုစို့ - နည်းထိုထို့) - (တွန့်ပိုဒ်)
၇။ မှီးသိုဖို့ ထုတ်အကုန်ကြံတယ်၊
၈။ သုတ်ပုံစံ ယှဉ်သုံး၊
၉။ နှုတ်ငုံရန် အယဉ်ဆုံးရယ်လို့၊
၁၀။ ခင်တဖုန်း ဓိဋ္ဌာန်၊
(ကောင်းမဟာ ပန်းတပွင့်လိုပ) - (ကွန့်ပိုဒ်)
၁၁။ ပေါင်းကဗျာ အပြွမ်းဖွင့်တာမို့၊
၁၂။ တကျမ်းနှင့် ပြီးလိမ့်အမှန်။

(မျိုးအရှိ သီချင်းသံငယ်) - (ကွန့်ပိုဒ်)
၁၃။ စိုးတစိ ကြွင်းမကျန်တယ်၊
၁၄။ ကျမ်းဂန်ဂန် ရှာမှီစုပါလို့၊
၁၅။ စာစီမှု နည်းဖုံဖုံ၊
၁၆။ စုံကြီး စုံ့ထက်စုံ၊
(မရှိ မာန၊ အတိ ဂါရဝ) - (တွန့်ပိုဒ်)
၁၇။ နိဝါတ ပွားခိုလှုံတယ်၊
၁၈။ များဗိုလ်ပုံ သာကြောင်းပလေး။ ။
(လုံးပို ပိုဒ်ကွန့် - သုံးဆိုလိုက်တွန့်) - (တွန့်ပိုဒ်)
ပြုံးချိုကြိုက်မွန့် ရေးမှီးကဗျာကို၊ - (ကွန့်ပိုဒ်)
တေးကြီးမဟာ ခေါ်ကြောင်းသာပလေး။ ။ - (ကွန့်ပိုဒ်)

(မူရင်းသတ်ပုံအတိုင်း ရေးသားထားပါသည်။)

ဒီ ဆောင်ပုဒ်နမူနာထေးထပ်ကို ကြည့်ရင် မူရင်းအပိုဒ် မစခင် (ဘမရာပလ္လင် ခန်းအဝလိုပ၊) ဆိုပြီး နဘေကိုက် အပိုဒ်ပြည့် တွန့်ပိုဒ် တပိုဒ် ထည့်ပါတယ်။ ပြီးမှ မူရင်းအပိုဒ် ကျမ်းကဗျာ့ နန္ဒာကို ဆိုတဲ့ အပိုဒ် မတိုင်ခင် (ဆန်းအလှ - ဝမ်းပထမ) ဆိုပြီး ကျမ်းကဗျာ့ နဲ့ နဘေကိုက် တွန့်ပါတယ်။ ဒါပေမဲ့ ကျမ်းကဗျာ့ နန္ဒာကို ဆိုတဲ့ အပိုဒ်တပိုဒ်လုံး အပြည့်အဝ နဘေမယူတော့ဘဲ ကျမ်းကဗျာ့ နဲ့ ဆန်းအလှ၊ ဝမ်းပထမ ဆိုပြီး တဝက်ပဲ နဘေယူပြီး တွန့်ထားတာပါ။ ကျန်တဲ့အပိုဒ်တွေမှာလည်း ဒီလိုပဲ တဝက် တွန့်တဲ့အခါတွန့်၊ အပြည့် တွန့်တဲ့အခါ တွန့်ပါတယ်။ နောက်ဆုံးအဆုံးသတ်မှာ ... များဗိုလ်ပုံ သာကြောင်းပလေး ဆိုပြီး အချပိုဒ် ရေးပြီးပေမဲ့ နောက်ထပ်ပြီး (လုံးပို ပိုဒ်ကွန့် - သုံးဆိုလိုက်တွန့်) ဆိုပြီး ပြုံးချိုကြိုက်မွန့် နဲ့ နဘေယူပြီး တဝက်တွန့်ယုံမက ပြုံးချိုကြိုက်မွန့် ရေးမှီးကဗျာကို၊ တေးကြီးမဟာ ခေါ်ကြောင်းသာပလေး ဆိုပြီး လုံးပိုအကွန့်ပိုဒ်အနေနဲ့ ထည်ြ့ပီး ရေးစပ် ထားတာ တွေ့ရပါလိမ့်မယ်။ ဒါမျိုးကို နှစ်ကြော့ချ၊ နှစ်ထပ်ချလို့ ခေါ်ပါတယ်။ လေးချိုးကြီးတွေမှာလည်း ဒီလိုအပိုဒ်မျိုး ထည့်စပ်လေ့ရှိပါတယ်။
ဒီလောက်ဆို တေးထပ်ကြီး အကြောင်း သိလောက်ပြီ ထင်ပါတယ်။

အတွန့်၊ အကွန့်
ဒီနေရာမှာ အတွန့်၊ အကွန့် အကြောင်းကို နည်းနည်း ကြားဖြတ်ပြီးပြောချင်ပါတယ်။ ရှစ်ဆယ်ပေါ်တေးထပ်မှာလည်း ဒီ အတွန့်၊ အကွန့်ပိုဒ်တွေ တွေ့ရမှာမို့ပါ။
အတွန့် - အကွန့် ဆိုတာကတော့ ...
အတွန့်ဆိုတာ “ကြောက်ရွံ့၍ နောက်တွန့် သွားသည်” ဆိုတဲ့ စကားလိုပဲ နောက်ဆုတ်သွားတာကို ‎တွန့်တယ်လို့ ဆိုလို တာပါ။ ကဗျာမှာ နောက်ကိုဆုတ်ပြီး တွန့်လို့ ကာရန်ယူရေးသားတာမျိုးကို အတွန့် ‎လို့ခေါ်ပါတယ်။
‎အကွန့်ဆိုတာကတော့ “ရွှေဉာဏ်တော် ကွန့်မြူးတယ်” ဆိုတဲ့ စကားအသုံးအနှုန်းလိုပဲ ဖြစ်မြဲဖြစ်စဉ်ထက် ပိုမိုလွန်ကဲပြီး ပြုလုပ်တာကို ‎ကွန့်တယ် လို့ ဆိုလိုတာဖြစ်ပါတယ်။ ကဗျာမှာလည်း ရေးသားမြဲ ထုံးစံအပိုဒ်တွေထက် ပိုမိုလွန်ကဲ ‎ရေးစပ်ခြင်းကို အကွန့်လို့ ခေါ်ပါတယ်။
တေးထပ်ဆန်းမှာပြထားတဲ့ လက်သည်းကွင်းထဲက အပိုဒ်တွေဟာ တကယ်တော့ အကွန့်ပိုဒ်တွေပါပဲ။ တွန့်ပိုဒ်လို့ ဒီနေရာမှာ သုံးထားပေမဲ့ တကယ်တော့ အကွန့်ပိုဒ်တွေဖြစ်ပါတယ်။ ကွန့်ပိုဒ် ဆိုတာက ရေးရိုးရေးစဉ် ၁၈-ပိုဒ်ကနေ ထပ်ဖြည့်ထားတဲ့ အပိုပိုဒ်တွေကို အကွန့်ပိုဒ်လို့ ‎ခေါ်တာ ဖြစ်ပါတယ်။ ၁၈-ပိုဒ်ထဲက မည်သည့်အပိုဒ်မဆို ကွန့်နိုင်တယ်လို့ ဆိုပါတယ်။
တေးထပ်ကြီးမှာတော့ လက်သည်းကွင်းထဲက ထပ်တွန့်ကာရန်ယူထားတဲ့ အပိုဒ်မျိုးကို (တွန့်ပိုဒ် ဆိုပြီး ဘေးက ထပ်ရေးပြထားပါတယ်) တွန့်ပိုဒ် လို့ ခေါ်ပါတယ်။ တွန့်ပုံကတော့ တွန့်လိုတဲ့အပိုဒ်ရဲ့ ‎ရှေ့ထက်ဝက် (အက္ခရာ ၃-လုံး၊ ၄-လုံး) ကို ‎ကာရန်တူ လုံးရေတူ ပြုပြီး တဆဖြစ်စေ နှစ်ဆဖြစ်စေ ‎နောက်သို့ဆုတ်ကာ တွန့်နိုင်ပါသတဲ့။ အခုပြထားတဲ့တေးထပ်ကြီးမှာတော့ နှစ်ဆ ‎တွန့်ထားတယ်လို့ ဆိုနိုင်ပါတယ်။
ဘယ်နေရာမှာ တွန့်ပိုဒ်ထည့်ရမလဲဆိုတော့ ၁၊ ၃၊ ၅၊ ၇၊ ၉ ... စတဲ့ "မ" အပိုဒ်တွေကို တွန့်နိုင်ပါတယ်။ ဆိုလိုတာက အဲဒီ မ-အပိုဒ်တွေမတိုင်ခင် တွန့်ပိုဒ် တပိုဒ်ထည့်နိုင်ပါတယ်။

ပိုဒ်စုံ တေးထပ်ကို ဆက်လက်ဖော်ပြပါမယ် ....

ဖတ်ရှုခံစားအားပေးတဲ့ မြန်မာကဗျာချစ်သူအားလုံးကို ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Saturday, 30 October 2010

ရာဇဓာတုကလျာ ဖွဲ့သီခဲ့သော “ကလျာရွှေညီ” ချီ - ရတုပိုဒ်စုံ

သက္ကရာဇ် ၉၆၅-ခုနှစ်၊ တန်ဆောင်မုန်းလရဲ့ နေ့တနေ့ ... ရတုဘုရင်ရဲ့ အသည်းနှလုံးတွေ ကြွေပြုန်းရတဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးနဲ့ ရာဇဒေဝီဘွဲ့ခံ တပယင်းစတုဂါမဏိ သမီးရှင်ထွေးလှ တို့ရဲ့ ဒုတိယမြောက် သမီးတော်၊ ကေတုမတီ တောင်ငူ မဟာဥပရာဇာ ဖြစ်တဲ့ ရတုဘုရင်လို့လည်း တင်စားခေါ်ဆိုကြတဲ့ နတ်သျှင်နောင် ရဲ့ သည်းဦးသခင် ကြင်ယာတော် မိဘုရား၊ အလှဘုရင်မ ရာဇဓာတုကလျာစုဘုရားဟာ သက်တော် ၄၃-နှစ် အရွယ်မှာ နတ်ရွာစံခဲ့ပါတယ်။

ရာဇဓာတုကလျာထိပ်ထားကို မြန်မာသက္ကရာဇ် ၉၂၁-ခုနှစ်၊ နတ်တော်လဆန်း ၁၄-ရက်၊ တနင်္ဂနွေနေ့မှာ ဖွားမြင်ခဲ့ပါတယ်။ နောင်တော်ကြီး ဇင်းမယ်ဘုရင် နော်ရထာစော နဲ့ မောင်တော်ငယ် သိင်္ဃဒတ္တတို့ ရှိပါတယ်။ ဒါကြောင့် ဇင်းမယ်ဘုရင့်နှမတော် လို့လည်း ခေါ်ကြပါတယ်။

ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးဟာ ဟံသာဝတီမြို့တော်ကြီးတွင် မဟာစေတီတော်ကြီးကို တည်တော်မူနေတဲ့အခိုက် ဓာတ်တော်မွေတော်တွေကို ဘုရားမှာဌာပနာတဲ့နေ့မှာပဲ ရာဇဓာတုကလျာမင်းသမီးကို ဖွားမြင်တော်မူတဲ့အတွက် ဒါကို အစွဲပြုပြီး ရာဇဓာတုကလျာ လို့တွင်ခဲ့စေပါတယ် (မင်းများနှင့်သာ ထိုက်တန် သော လက္ခဏာရုပ်ရည်နှင့် ပြည့်စုံသည့် သ္မီးတော်ဖြစ်၍ ရာဇဓာတုကလျာ ခေါ်သည် လို့လည်း တချို့ ပညာရှိများက ဆိုကြပါတယ်)။

ဓာတုကလျာထိပ်ထားကိုယ်တော်တိုင် တည်ထားခဲ့တဲ့ “မျှော်တော်ရောက်” ဘုရားဟာလည်း အခုထိတိုင် ပဲခူးမြို့ရဲ့ အနောက်တောလို့ ခေါ်ကြတဲ့ အရပ်၊ မဟာစေတီတော်ကြီးနဲ့ ရွှေကူလေးစေတီတော်တို့ အကြားမှာ တည်ရှိနေသေး သလို ရာဇဓာတုကလျာ သုံးစွဲခဲ့တဲ့ ကျောက်ပျဉ်လို့ သတ်မှတ်ထားတဲ့ ကျောက်ပျဉ်ကိုလည်း ရွှေမော်ဓောစေတီတော်ရဲ့ ပြတိုက်မှာ တွေ့နိုင်ပါတယ်။

သခင်မ ဓာတုကလျာ နတ်ရွာစံလွန်ခဲ့ပြီးတဲ့နောက်မှာတော့ မှီတော်မူခဲ့တဲ့ အုံးဝန်းအောက်ကနေ ပုရပိုက်တဆူ ထွက်လာ ပါတယ်။ အဲဒီ ပုရပိုက်ထဲမှာတော့ ရာဇဓာတုကလျာထိပ်ထားကိုယ်တော်တိုင် တင်သ, ခဲ့ရှာတဲ့ “ကလျာရွှေညီ” ချီ ပိုဒ်စုံ ရတု တပိုဒ်ကို တွေ့ရှိကြရပါတယ်။

ရာဇဓာတုကလျာ ဖွဲ့သီခဲ့သော “ကလျာရွှေညီ” ချီ - ရတုပိုဒ်စုံ

(၁) ကလျာရွှေညီ။ ။ နန်းကေသီသို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ်လေးညင်းတွဲ့၊ နန်းဟန်ဖွဲ့၍၊ ‎ကနွဲ့ကယ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမထင်၊ ပူကြွေးတင်၍၊ ‎မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်။ ။ ခုဖြင့်ဖြေခက်သည်တကား။‎

(၂) မြလွှာဝေစီ။ ။ နွေခဋီဝယ်၊ ရွှေဖီသင်းပျံ့၊ နှင်းရနံ့နှင့်၊ ခင်းညံ့မြေဇာ၊ လေညင်းလာက၊ ရွှေမာလာငုံ၊ ပန်းဝတ်မှုံတို့၊ ‎ကြွေတုံသက်ဆင်း၊ ကိုက်ငုံကင်းနှင့်၊ အင်ကြင်းဖြူနီ၊ ရိုးတံချီလျက်၊ သံညီဥသြ၊ နှုတ်ချိုနှော၍၊ တောင်တောသာခွင့်၊ ‎ရာသီဖွင့်သည်။ ။ နုရင့်နွေစက်လည်တကား။

(၃) မဟာစေတီ။ ။ မွေသရီ၏၊ မြေညီခင်းပြန့်၊ တလင်းသန့်ဝယ်၊ နှင်းပန်းတပဲ၊ ဝတ်ဖြူလဲနှင့်၊ နန်းထဲနန်းလေ့၊ သီမဝှေ့ဘဲ၊ ‎ချမ်းမြေ့စိတ်ကြည်၊ ပီတိရည်ဖြင့်၊ ခိုင်တည်နှလုံး၊ တဖြောင့်သုံး၍၊ နှောင်ထုံးကေမင်၊ လျော့ဖြေချင်လည်း၊ ‎နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ငဲ့၊ မဖြောင့်ပျံ့လွင့်၊ နှောင်ကြိုးဝင့်သည်။ ။ လုလင့်ငွေမျက်ရည်တကား။

တချို့ကတော့ ဒီရတုဟာ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးတာလို့ ပြောကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းမွန်လှတဲ့ ရတု တပုဒ်မို့ မျှဝေလိုက်ပါတယ်။


ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 19 October 2010

လင်းပြာရိပ်ဆမ်း

“လင်းပြာလရိပ်ဆမ်း ...” တဲ့ ... လှလိုက်တဲ့စကားလုံးလေး ... အေးမွေ့ (အေးသိမ်မွေ့) ရေးထားတဲ့ ကဗျာလေးတပုဒ်ရဲ့ အဆုံးသတ်လေးပါ ... အဲဒါလေးကို ဖတ်မိတော့ ဒီစကားလုံးလေး ကျနော့်ရင်ထဲမှာ ခိုဝင်နေပါတော့တယ် ... ဒါကပဲ လင်းပြာရိပ်ဆမ်းကို ဖွဲ့မိစေတဲ့ အကြောင်းတရားပါ ...

လင်းပြာရိပ်ဆမ်း

လင်းပြာရိပ်ဆမ်း၊
ကြာနှုတ်ခမ်းမှာ၊
အနမ်းပွင့်ကြွေ ကောက်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
အိပ်မက်လမ်းမှာ၊
မြစမ်းရေသစ် သောက်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
တိမ်ယက္ကန်းထက်၊
ကြယ်ပန်းနုနု သီဖူးသည်။

လင်းပြာရိပ်ဆမ်း၊
ပိုးမျှင်တန်းမှာ၊
ငွေငန်းကြိုးယှက် ချည်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
အတိတ်လွမ်းဝယ်၊
ဆိပ်ကမ်းမဲ့လှေ ရွက်လွှင့်ပြီ။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...

Wednesday, 13 October 2010

လမ်းပျောက်သွားတဲ့ဒဏ္ဍာရီ

ကျနော် အိပ်မက်ဒဏ္ဍာရီထဲမှာ လမ်းပျောက်နေတုန်း ဖတ်မိခဲ့ပြီး ရင်ကို အခုတိုင် စူးရှထိခိုက်နေဆဲ ကဗျာလေးတပုဒ်ကို ပြန်လည်မျှဝေပါရစေ ... ကောင်းစံ (ခင်ကောင်းစံ) ရေးထားတဲ့ ဒီကဗျာလေးက ကျနော့်ရင်ထဲ အခုထိ စွဲနေတုန်းပါပဲ ... အထူးသဖြင့်တော့ နောက်ဆုံး အချပိုဒ်လေး သုံးပိုဒ်ရဲ့ စကားလုံးလေးတွေပါ ... သူကတော့ ကဗျာမဟုတ်ပါဘူးလို့ ဘယ်လိုပဲပြောပေမဲ့ ကျနော့်အနေနဲ့ကတော့ ခံစားချက်အပြည့်နဲ့ ကဗျာလေးတပုဒ်လို့ပဲ မှတ်ယူထားပါတယ်။
"နှင်းဆီအိပ်မက်" မက်ခဲ့မိသူတဦး ... ဘာနဲ့မှ မရောယှက်တဲ့ "ဆည်းဆာအလွမ်း" စစ်စစ်တွေကို ရင်မှာထွေးပွေ့ရင်းနဲ့ပဲ လက်ခုပ်သံတွေကင်းမဲ့စွာ "ကမ္ဘာဦးလမ်းခွဲ" ဆီ တရွေ့ရွေ့လှမ်းခဲ့ရပုံရဲ့ မူရင်းကိုတော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ....

အဲဒီ မော်ဒန်ကဗျာလေးကိုဖတ်တိုင်း ရင်ခုန်သံချင်း ထပ်တူကျလွန်းတယ်ဆိုရမလားမသိဘူး ... ရင်ထဲမှာ စူးရှနစ်ဝင် သွားလွန်းလို့ လေးလုံးစပ်လင်္ကာသွားနဲ့ ပြန်လည်ခံစားရေးဖွဲ့ကြည့်မိပါတယ် ... ဖတ်ရှုခံစား ကြည့်ကြပါဦး ... မူရင်းရသ နဲ့ ခံစားချက် မပျက်အောင် အတတ်နိုင်ဆုံး ကျိုးပမ်းအားထုတ်ထားပါတယ် ...


လမ်းပျောက်သွားတဲ့ဒဏ္ဍာရီ

တကယ်ဆိုလေ၊ ဖြေသိမ့်တတ်စွာ၊
ကျန်သူပါရှင်၊ ရင်ခုန်သံနှောင်း၊
မိုင်ပေါင်းများစွာ၊ ကွာဝေးခြားဖြတ်၊
အမှတ်တရ၊ စောဒကမဲ့၊
ဘဝအိပ်မက်၊ ပတ်သက်ဖူးရာ၊
“ချို”လွန်းပါသည်၊ ဒီနာကြည်းချက်၊
ဟန်ဆောင်ခက်သား၊ မမုန်းငြားလည်း၊
မချစ်ရဲပါ၊ နွေမှာတဝက်၊
မိုးတဝက်နှင့်၊ မက်ခဲ့ရပြီ၊
အိပ်မက်ရှည်သည်၊
နှင်းဆီအိပ်မက်တွင်ပါစေ။

ပျော်မြူးခြင်းပြတ်၊ မတတ်တော့ပြီ၊
ငါသည်တမင်၊ မညာချင်ပါ၊
ဒါပေမဲ့ကွယ်၊ ဖြေမလွယ်လို့၊
ကိုယ့်ကိုယ်ကိုညာ၊ ပျော်အောင်သာပင်၊
နေပါခဲ့သူ၊ အဖြူမကျ၊
ပန်းမကသည့်၊ လရက်တွက်စစ်၊
သက္ကရာဇ်တွေ၊ မေလေခုထိ၊
တွေးနေမိရင်း၊ ငိုချင်းသံစဉ်၊
ရင်ခုန်သံနု၊ ပြိုလုနီးပါး၊
ဖြစ်သွားဖြစ်ဆဲ၊ ရင်ကိုခွဲငင်၊
သံယောဇဉ်ညှို့၊ ချို့တဝက်ကို၊
ပန်းလိုသီရင်း၊ လွမ်းချင်းညည်းမယ်၊
“လွမ်းတယ်” လို့ဆို၊ အို ... တိုးတိုးလေး၊
ရင်ကတေးနွမ်း၊ အလွမ်းစစ်စစ်၊
ဖြစ်တည်လွင့်မျော၊ ရောယှက်မသန်း၊
ကိုယ့်အလွမ်းဟာ၊
ဆည်းဆာအလွမ်း မည်ပါစေ။

ဖရိုဖရဲ၊ မမြဲနှောင်ကြိုး၊
ယိုးမိအမှန်၊ ထင်မိပြန်ပြောင်း၊
ကောင်းကင်နဲ့ယှဉ်၊ ရင်ခွင်တံခါး၊
ဖွင့်ဟသွားမိသောအခါ ...
အုပ်မိုးစရာ၊ မာနမှုန်ဝါး၊
ပျောက်ပျက်သွားလေ၊ ဖွေရှာမတွေ့၊
ဇာတ်လမ်းကွေ့မှာ၊ တရွေ့ရွေ့ကျ၊
ကားလိပ်ချမှ၊ ပွဲစဖို့ရန်၊
ကြံစည်ကြိုးပမ်း၊ အို ... ကြည့်စမ်းပါ၊
ရူးနှမ်းလိုက်သူ၊ ဘယ်သူထင်လဲ၊
ရင်မှာကွဲအက်၊ ပွဲလည်းပျက်ပြီ၊
လက်ခုပ်သံမဲ့၊ ဇာတ်သိမ်းခဲ့ရာ၊
ကမ္ဘာဦးလမ်းခွဲခေါ်ပါစေ။


ဒီကဗျာလေးဟာ ဖတ်ရှုသူတွေကို တစုံတခုသော အတိုင်းအတာအထိ ခံစားမှုတစုံတရာ ပေးနိုင်တယ် ဆိုရင် မူရင်း ဖန်တီးရှင် ကောင်းစံ ကို ချီးကျူး အသိအမှတ်ပြုပြီး ပျက်ယွင်းသွားတယ်ဆိုရင်တော့ လက်ဆော့မိတဲ့ ကျနော့်ကိုသာ အပြစ်တင်ကြစေလိုပါတယ် ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...

Sunday, 26 September 2010

ပန်း၏ရုပ်ကြွင်း

အလွမ်းနေရင့်၊
ပန်းကြွေလွင့်လည်း၊
လေနှင့်စေကာ၊
ဝေဖြာပျံ့ညင်း၊
ရနံ့သင်းကို၊
ဖြန့်ခင်းနေမည် သခင့်ဆီ။ ။


ဒီတခါတော့ အတိုလေးပဲ ရေးလိုက်မိပါတယ်။
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီ

Read More...

Tuesday, 21 September 2010

အရိပ်လွမ်း

အရိပ်လွမ်းနဲ့၊ စိတ်နွမ်းခဲ့သော၊
ကမ်းမဲ့အချစ်၊ လွမ်းခဲ့ ဖြစ်စဉ်၊
မြစ်ပြင်တလျှောက်၊ နစ်ဝင်ပျောက်ကာ၊
ရင်အောက်မှာကွယ့် အတိတ်နွမ်း။

အတိတ်နွမ်းနဲ့၊ ကြိတ်လွမ်းခဲ့သော၊
လမ်းရဲ့အဖြစ်၊ နွမ်းယဲ့နစ်ဝင်၊
ဖြစ်အင်တခေါက်၊ သစ်ပင်ခြောက်သာ၊
ပင်အောက်မှာကွယ့် အဆိပ်ပန်း။

အဆိပ်ပန်းရဲ့၊ ရိပ်လွှမ်းခဲ့သော၊
လွမ်းဖွယ့်သနစ်၊ ကျွမ်းခဲ့ရစ်စဉ်၊
ချစ်လျှင်တယောက်၊ ဖြစ်စဉ်နောက်မှာ၊
ဝင်ရောက်လာတဲ့ အရိပ်လွမ်း။ ။

စကြာလည် ကိုယ်တွင်းပြည့် ပိုဒ်စုံရတု ရေးတဲ့ပုံစံနဲ့ ရေးထားတာပါ။ ဒါပေမဲ့ ရတုလို့တော့ မသတ်မှတ်ချင်ပါဘူး။ နဘေကိုက်အောင်ရေးထားတဲ့ လေးလုံးစပ်ကဗျာလို့ပဲ ယူဆပေးပါ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

Read More...

Saturday, 18 September 2010

ဖြေရာမဲ့

သမုဒယဝေဒနာ၊
အခုမှလေ အသေအချာသိ။ ။

မဖြေသာ စိတ်အတွေးမှာတော့၊
နွေအခါ အရိပ်ဝေးသလိုပဲ၊
တမှိတ်လေးတောင် မှေးပျော်ခက်ပါရဲ့၊
ဆွေးမျှော်ဆက် ရတက်ဝေဖြာရင်း၊
ရက်ရှည်လာ အနေဝေးသူအဖို့၊
ဖြေဆေးရယ်မရှိ။ ။

------------------------------

ကျနော် အလုပ်နည်းနည်းရှုပ်နေတာရယ်၊ ခရီးထွက်နေတာရယ်ကြောင့် ဘာမှ မရေးဖြစ်ဘဲ ပစ်ထားရတာ ကြာပါပြီ။ သံယောဇဉ်နဲ့ လာရောက် ဖတ်ရှုအားပေးကြတဲ့ ညီအကိုမောင်နှမများအားလုံးကို ကျေးဇူးတင်စွာ ... ထိုမျှသာမက အထူးမျက်နှာပူ၊ အားနာစွာ တောင်းပန်ရင်း ဒီကဗျာလေး တင်လိုက်ပါတယ် ... ဆက်လက်အားပေးကြပါဦး ခင်ဗျာ ...
ကျေးဇူးတင်၊ အားနာလှစွာဖြင့်

ဟယ်ရီ

Read More...

Sunday, 27 June 2010

ကသစ်ပန်း နှင့် အာလမ္ဗရာ

ကိုဟန်ရေ …


အိမ်အပြန် ဆိုတဲ့ ကဗျာလေးမှာ “အာလမ္ဗရ၊ ထစ်သံပြကြိုး၊ မိုးစစ်ဘုရင်၊ မိုးကြိုးဆင်လည်း …” ဆိုပြီး ကျနော် ရေးခဲ့တာနဲ့ ပတ်သက်လို့ “အာလမ္ဗရ” ဆိုတာ ဘာလဲ ဆိုတာ အခု အသေးစိတ် ပြောပါ့မယ်ဗျာ။
အာလမ္ဗရ ဆိုတာနဲ့ ပတ်သက်လို့ … ‎‘အာလမ္ဗရမေဃော ဝိယ ထနတိ’ - အာလမ္ဗရမိုးကြိုးကဲ့သို့ ထစ်ကြိုး၏ - ဟု ရည်ရွယ်၍ ဆိုကြကုန်၏ .. လို့ အနက်ရပါသတဲ့။



“နတ်စည်ငယ်လေ … ပုစွန်လက်ရိုး … အာလမ္ဗရာ” … ဆိုတဲ့ ဆရာမြို့မငြိမ်း ရေးဖွဲ့ခဲ့တဲ့ ကသစ်ပန်း သီချင်းလေးကို ကြားဖူးမယ် ထင်ပါတယ်။ ဝဿန်ကာလ မိုးကျလာပြီ ဆိုတာနဲ့အမျှ “အုံ့ကာလေ … တဖွဲဖွဲ … ရွာလေ တသဲသဲ” ဆိုတဲ့ အချပိုဒ်လေးနဲ့အတူ အုံ့မှိုင်းလာတဲ့ အာကာပြင် … ဖွဲဖွဲလေး စွေရွာလာရာကနေ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးခြိမ်းသံ၊ ထစ်ချုန်းသံတွေနဲ့ အတူ မိုးသီးမိုးပေါက်တွေ သွန်ပြီးရွာချနေတဲ့ မိုးကောင်းကင်ကို မှန်းဆ မြင်ယောင်လာရင်း “ဝေဆာ …. သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်ခါ … အသူရာ … ဒေါသထွက်လို့ .. မြင့်မိုရ်ထက်ကို … တက်လို့ စစ်ဖက်တဲ့အခါ …” ဆိုတဲ့ စာသားလေးနဲ့အတူ သိကြားမင်းနဲ့ အသူရာနတ်မင်းတို့ စစ်ခင်းကြပုံတွေ စိတ်ထဲမှာ မြင်ယောင်လာမိတယ်ဗျ။
တကယ်တော့လည်း သိကြား နဲ့ အသူရာ ဆိုတာက တစိမ်းတွေမှ မဟုတ်တာ၊ သိကြားမင်းရဲ့ မိဖုရား သုဇိတာ နတ်သမီး (သုဇာ = သူဇာ လို့လည်း ခေါ်ပါတယ် ဆိုပဲ) ဟာ ဝေပစိတ္တိအသူရာ နတ်မင်းကြီးရဲ့ ချစ်မငြီးတဲ့ ရင်နှစ်သည်းခြာ သမီးတော် ဆိုတော့ကာ အသူရာကြီးက သိကြားမင်းရဲ့ ယောက္ခမ အရင်းခေါက်ခေါက်ကြီးကိုး။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်က နဂိုတည်းက မတည့် ကြတော့ စစ်ခင်းပြီးမှ ယူထားရတဲ့ မိန်းမလေ၊ ခိုးပြေးရတာတဲ့ … အဲဒီကတည်းက မိဘ သဘောမတူရင် ခိုးပြေးတာ စပြီး ခေတ်စားလာတယ် ထင်ပါရဲ့ဗျာ …။ အသူရာတွေကလည်း ယမကာလုလင်ကြီးတွေဆိုတော့ မူးပြီး မှောက်နေကြတုန်း သိကြားမင်းတပ်တွေက မြင့်မိုရ်တောင်အောက်ကို တိတ်တိတ်ကလေး ပစ်ချထားတာ ခံလိုက် ရတာပါ။ အလစ်အငိုက် ပေါ့။
အသူရာတွေဘက်က ကြည့်မယ်ဆိုရင်လည်း မခံနိုင်စရာပါပဲ။ စစ်ကလည်း ရှုံးသေး၊ ကိုယ်နေတဲ့ နေရာကလည်း ဖယ်ရှားခံရသေး၊ သမီးလည်း ပါသွားသေး ဆိုတော့ သူတို့ကိုလည်း အပြစ်မဆိုသာဘူးပေါ့။ ဒါတောင် ကိုယ့် ဆရာတွေက ချက်ခြင်းသိသေးတာမဟုတ်ဘူးဗျ။ မူးပြီး ကောင်းနေတုန်းရှိသေးတာ။ အမူးပြေလို့ ဝေဇယန္တာ နန်းဘုံမြင့်ဆီက ပင်လယ်ကသစ်ပင်ကြီး ပန်းပွင့်တဲ့အချိန်မှာ သဘင်ပွဲ ဆင်နွှဲမယ်ဆိုပြီး ကြည့်လိုက်တော့မှ ကသစ်ပင်ကြီးမဟုတ်ဘဲ သခွပ်ပင်ကြီးက အဖြူရောင် သခွပ်ပွင့် တွေကို မြင်တော့မှပဲ “ဟင် … တာဝတိံသာလည်း မဟုတ်ပါလား” ရယ်လို့ သိပြီး ဒေါသအမျက် ခြောင်းခြောင်းထွက်လို့ မြင့်မိုရ်တောင်ပေါ်တက်၊ ဒေါသတကြီးနဲ့ ခပ်ကြမ်းကြမ်း တိုက်စစ်ဆင်လိုက်တဲ့အခါ အာလိန်ငါးဆင့် က စတုမဟာရာဇ် နတ်မင်းကြီး လေးပါး ဦးဆောင်တဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ရက္ခိုသ် တွေ မခံနိုင်တော့ပါဘူး။ ဒီအခါမှာ သိကြားမင်း ကိုယ်တိုင် ဝရဇိန်လက်နက်ကို ကိုင်စွဲလို့ နတ်မြင်းတစ်ထောင် က, တဲ့ ဝေဇယန္တာ နတ်ရထား ကိုစီးပြီး နတ်ဆင်တော်တွေ။ ရဲတံခွန်တွေနဲ့အတူ နေနတ်သား၊ လနတ်သား၊ ဝရုဏ နတ်မင်း၊ ဣသာန နတ်မင်း (မဟာပိန္နဲနတ် ဆိုတာ သူပါပဲတဲ့ …)၊ ပဇာပတိ နတ်မင်း တို့အပါအဝင် သုံးကျိပ် သုံးပါး သော စစ်သူကြီးများနဲ့ စစ်အင်္ဂါလေးပါး အပြည့်အစုံခင်းကျင်းပြီး ထွက်တိုက်တော့မှ အသူရာတို့ စစ်ရှုံးပြီး ပြန်ပြေးကြရပါတော့တယ်။
ကျနော်လည်း နိဒါန်းပျိုးပြီး လေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး ဖြစ်နေပြီ။ အဲဒီမှာမှ အာလမ္ဗရ စည်တော်က လာတာကိုးဗျ။ ဒီ စည်တော်ကြီးက ပုစွန်လက်မကြီးနဲ့ လုပ်ထားတာ။ အသူရာတွေရဲ့ စည်ဗျ။ အဲဒီပွဲ မှာ စစ်ရှုံးလို့ ပြန်ပြေးတော့ အဲဒီ အာလမ္ဗရ စည်တော်ကြီးပါ ပစ်ထားခဲ့ပြီး သေပြေးရှင်ပြေး ပြေးကြရတယ် ဆိုပဲ။ အဲဒါကိုတွေ့တော့ သိကြားမင်းက ဆွဲစေ့ ထားလိုက်တာပေါ့ဗျာ။ သိကြားကတော့ တန်သွားတာပေါ့။ သမီးလည်းရ၊ စစ်လည်းနိုင်တဲ့အပြင် စည်ကြီးပါ အပိုဆု ပေါက်လိုက်သေးတာကိုး။ မိုးခြိမ်းသံတွေဟာ ဒီစည်ကြီးကို တီးလိုက်တဲ့အခါ မြည်တဲ့အသံလို့ ဆိုရမှာပေါ့။
ဒီ စည်ကြီးရဲ့ နောက်ခံသမိုင်းကလည်း ဇာတ်လမ်းလေးနဲ့ပါပဲ။ ဇာတကအဋ္ဌကထာ၊ ဒုတိယတွဲ၊ တိကနိပါတ၊ ပဒုမဝဂ္ဂ မှာ ပါတဲ့ ကက္ကဋဇာတ် (ဇာတ်နံပါတ်-၂၆၇)‎ ပါ။
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်က လူဆိုးတွေကို နူးညံ့ချိုသာစွာ ပြောဆိုပြီး သူတို့ဖမ်းထားတဲ့ ‎လင်ယောက်ျားကို အသက်ဘေးကနေ ကယ်တင်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကို အကြောင်းပြုပြီး ဒီအတိတ်ဇာတ်ကို ဟောတော်မူပါသတဲ့။ အရှင်ဝရသာမိက ကျနော့်ကို အနက်ချပေးထား ပါတယ်။

“လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ဆင်မျိုး၌ ‎ဖြစ်လေသည်။ ထိုအခါ ဟိမဝန္တာမှ `ကုဠီရ´ ရေကန်ကြီးတွင် ကောက်နယ်တလင်းဝန်းခန့် ကြီးသော ‎ရွှေပုစွန်လုံးကြီး တကောင်ရှိသဖြင့် ထိုရေကန်ထဲသို့ ဆင်များ မဆင်းဝံ့ကြချေ။
ဘုရားလောင်းဆင်မင်းသည် ဇနီး၊ သားနှင့် မိခင်ဆင်မကြီးတို့ကိုပါခေါ်၍ ထိုပုစွန်လုံးကို ဖမ်းရန်ထွက်လာရာ ‎ရေကန်သို့ရောက်သောအခါ ရေကန်ပတ်ဝန်းကျင်မှ ဆင်များကိုပါ စည်းရုံးလေ၏။
ထိုနောက် ပုစွန်လုံးအကြောင်းလေ့လာရာ ပုစွန်လုံးသည် ဆင်များရေကန်မှ ပြန်တက်ချိန်တွင်သာ ‎ညှပ်ဖမ်းလေ့ရှိကြောင်း သိရလေသည်။
‎ပုစွန်လုံးကိုဖမ်းယူမည့်နေ့တွင် ဆင်အားလုံးတို့ ရေကန်ထဲဆင်းပြီးနောက် ပြန်တက်ကြသောအခါ ဆင်မင်းက ‎နောက်ဆုံးမှ ချန်တက်သည်။ ပုစွန်လုံးသည် ဆင်မင်းကို လက်မဖြင့် ညှပ်၍ ဖမ်းထားသဖြင့် ဆင်မင်းသည် ‎လွတ်အောင်မရုန်းနိုင်ဘဲ နောက်ဆုံးတွင် ကြောက်ကြောက်လန့်လန့်နှင့် သည်းစွာအော်မြည်လိုက်ရာ ‎အခြားဆင်များ ထွက်ပြေးသွားကြလေ၏။
‎ထိုအခါ ဇနီးဖြစ်သော ဆင်မက ‘သမုဒ္ဒရာ၊ ဂင်္ဂါနှင့် ယမုံနာ တို့တွင် ရှိကြသော ပုစွန်များထက် မြင့်မြတ်သော ‎ပုစွန်လုံးမင်း၊ ကျွန်ုပ်၏ လင်အား ချမ်းသာခွင့်ပေးပါလော့’ ဟု တောင်းပန်စကားဆိုလေ၏။
ပုစွန်သည် ဆင်မ၏ အသံကို တပ်မက်သဖြင့် ဆင်မထံ အာရုံရောက်သွားရာ ညှပ်ထားသော လက်မ၏ အားများ ‎လျော့ကျသွားလေသည်။
ထိုအခါ ဆင်မင်းသည် ခြေထောက်ကို မြှောက်၍ ပုစွန်လုံး၏ ကျောက်ကုန်းကို တက်နင်းလိုက်ရာ ပုစွန်လုံးသည် ‎ကျောက်ကုန်းကွဲ၍ ထိုနေရာ၌ပင် သေပွဲဝင်လေ၏။ ခပ်သိမ်းကုန်သော ဆင်တို့သည် စည်းဝေးကုန်၍ ပုစွန်ကို ‎ရေကန်၏ အပြင်သို့ ထုတ်၍ ကျောက်ကုန်းကို နင်းရာ မှုန့်မှုန့်ညက်ညက် ကျေစေကုန်၏။
ထိုပုစွန်၏ နှစ်ခုသော လက်မတို့ကို ကိုယ်မှခွဲ၍ လျောက်ပတ်သော အရပ်၌ ထားကုန်၏။
‎ထို ‘ကုဠီရ’ ရေကန်သည် ဂင်္ဂါမြစ် နှင့် တဆက်တည်း ဖြစ်၏။ ဂင်္ဂါမြစ်၏ ရေတက်သော ကာလ၌ ‎ဂင်္ဂါရေဖြင့် ပြည့်၏။
ဂင်္ဂါရေ နည်းသည်ရှိသော် ရေကန်မှ ရေသည် ဂင်္ဂါသို့ ဝင်၏။ ထိုအခါ ထိုနှစ်ခုသော လက်မတို့သည် ရေ၌ ‎ပေါလောပေါ်၍ ဂင်္ဂါမြစ်၌ မျောကုန်၏။
ထိုနှစ်ခုတို့တွင် တခုသောလက်မသည် သမုဒ္ဒရာ သို့ ဝင်၏။
တခုသော လက်မကား ဒသဘာတိက မင်းတို့သည် ရေကန်၌ ကစားကုန်သော် ထိုလက်မကို ရကုန်၍ ‘အာဠိင်္ဂ’ မည်သော မုရိုးစည်ကို ပြုလုပ်ကုန်၏။
သမုဒ္ဒရာသို့ ဝင်သော လက်မကား အသုရာ တို့သည် ယူကုန်၍ အာလမ္ဗရ - မည်သော စည်ကို ပြုလုပ်ကုန်၏။
ထိုအသုရာတို့သည် နောင်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံး၍ အာလမ္ဗရ စည်ကို ပစ်၍ ‎ပြေးကုန်၏။
ထိုအခါ သိကြားမင်းသည် အာလမ္ဗရ စည်ကို မိမိရဲ့ အကျိုးငှာ ယူဆောင်စေခဲ့၏။”

အသူရာ ဆိုတဲ့ စာလုံးပေါင်းနဲ့ ပတ်သက်လို့ကတော့ ပါဠိမူရင်းက အသုရာ ပါတဲ့ … ပိတ္တာအသုရာ၊ နတ်အသုရာ ဆိုပြီး အသုရာ နှစ်ပါးရှိပါသတဲ့။ အခု ဇာတ်လမ်းက အသုရာတွေကတော့ နတ်အသုရာတွေပါ။ သုရာ ဆိုတာ နတ်၊ ၄င်းတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ အသုရာ မည်သည် လို့ ပါရာဇိကဏ်အဋ္ဌကထာဂဏ္ဌိ၊ ပ-တွဲ ကို ကိုးကားပြီး ပါဠိသက် ဝေါဟာရအဘိဓာန်က ဆိုပါတယ်။ ဒါပေမဲ့ အသုရာ လို့ ခေါ်ရတာ ထက် အသူရာ လို့ဆိုရတာက အသံပိုပြေလို့၊ နှုတ်သက်သာလို့ ဥ-သရ ကိုဦ-သရ ပြောင်းပြီး အသူရာ ဖြစ်လာတာ လို့ ဆိုပါတယ်။
ချမ်းမြေ့ပါစေ ဗျာ …


ဟယ်ရီ

Read More...

Sunday, 20 June 2010

ခရမ်းပြာဝိုင် (၁၂)

အလင်းတစ၊ ပျို့အက်ကျစဉ်၊
ညအသင်္ချေ၊ သခင်နေရက်၊
အိပ်မက်တံလျှပ်၊ ဖြတ်ဖြတ်လွန့်လူး၊
မူးယစ်သီဝေ့၊ နဂါးငွေ့တို့၊
လွေ့လွေ့စင်စင်၊ သခင်မြင်ပါ ...

မျက်ရည်လိမ်းကြူ၊ အဆိပ်မြူနှင့်၊
ကြယ်ဖြူခိုးမျှင်၊ ခြုံလွှာဆင်သ၊
သခင်မထံ၊ ပန်းကာရန်ဆက်၊
မျက်ရည်ဝိုင်ချို၊ ပြိုလေသည့်မိုး၊
တိတ်တခိုးရှိုက်၊ လောင်မြိုက်ရင်းပင်၊
ခရီးနှင်ခဲ့၊ ကြယ်ဝေလဲ့ဖြာ၊
ခရမ်းပြာရဲ့၊ လွမ်းဇာချဲ့တိမ်၊
နှင်းမိုးအိမ်မှ၊ ကျိန်စာအစ၊
ကြယ်ကြွေညတွေ ...

လရောင်မြင်မှား၊ တိမ်ဖျား၌ခို၊
အတ္တချိုတို့၊ ဝေ့စိုဝင်းစက်၊
ပြာလင်းလက်ရီ၊ မျက်ရည်ဝိုးဝါး၊
ပန်းစကား၏၊ လွမ်းဖျားမြစ်ရင်း၊
ချစ်ခြင်းဋီကာ၊ ကမ္ဘာတည်သရွေ့ ...

ရင်နှင့်အမျှ၊ ချစ်ရပါသူ၊
လွမ်းရိပ်မြူသွဲ့၊ လင်းပြာလဲ့မူး၊
ပွင့်ဦးစံပယ်၊ ရနံ့တွယ်ငင်၊
ကြယ်စင်ပန်သ၊ လွလွဖြူဖွေး၊
ညီမလေးရေ ....

သြော် ... ဒီလိုနှင့်၊
ရင်နင့်သည်းထန်၊ လျှပ်စီးမာန်တင်း၊
မိုးယံဝင်းဝိုး၊ လျှပ်လက်ပျိုးချိန်၊
တိမ်ကြိုးပန်းခက်၊ အလွမ်းစက်တို့၊
နွမ်းပျက်တေးကို၊ စောင်းအိုကြိုးထက်၊
အက်ကွဲနင့်ဆို၊ ငိုခဲ့ကြသည်၊
ဝေးခဲ့ပြီလေ ...

ခရမ်းပြာဝိုင်၊ လွမ်းဗျာဆိုင်ဝဲ၊
ကြေကွဲဆို့နင့်၊ ဆိုင်းညို့ရင့်သီ၊
ရင်နှင့်ဆွဲသည့် လွမ်းပန်းချီ။ ။

ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Monday, 14 June 2010

အိမ်အပြန်

ဆောင်းခိုငှက်တို့၊ တေးယှက်ရင့်ကျူး၊
မိုးဦးအမီ၊ မိုင်ထောင်ချီစေ၊
သည်လေတသုတ်၊ မိုးမချုပ်မီ၊
ကျုပ်တို့ အိမ်ကိုပြန်ကြမည်။

မိုးယံဖျားက၊ ဝေရ မ္ဘလေ၊
လာစေလာစမ်း၊ ကြမ်းကြမ်းခိုက်ခိုက်၊
မိုက်မိုက်မဲမဲ၊ အံကိုခဲကာ၊
စိတ်ဇွဲမာန်တင်း၊ တောင်ဟုန်ခွင်းလို့၊
ကျုပ်တို့အိမ်ကို ပြန်ကြမည်။

အာလမ္ဗရ၊ ထစ်သံပြကြိုး၊
မိုးစစ်ဘုရင်၊ မိုးကြိုးဆင်လည်း၊
ဘဝင်မတွန့်၊ မရွံ့မပြေး၊
ရွေးမျှမဖြုံ၊ မာန်ဟုန်မဖြုတ်၊
ကျုပ်တို့အိမ်ကို ပြန်ကြမည်။

ရိုးမကိုကျော်၊ ပင်လယ်ပေါ်ဖြတ်၊
တောင်ပံခတ်ရင်း၊ အားမာန်တင်းထား၊
မိုးဖျားမိုးယံ၊ လေကိုဆန်လို့၊
ညဥ့်ယံစုပ်စုပ်၊ မိုးမချုပ်မီ၊
ကျုပ်တို့ အိမ်ကိုပြန်ကြမည်။


အိမ်ပြန်ချင်သော ညီမငယ် မိုးအိမ်သို့ ...

ဟယ်ရီ

Read More...

Sunday, 13 June 2010

ခရမ်းပြာဝိုင် (၁၁)

နိဒါန်းမဲ့ နိဂုံး ...
မစခင်က ဆုံးပြီးသားပါ
ညီမလေး ခရမ်းပြာ ...

နိဂုံးရဲ့ နောက်ဆက်တွဲဖြစ်ရင်
အပြစ်တင်ထိုက်သူဟာ
ရူးမိုက်မိတဲ့ ကိုယ်ပဲ ဖြစ်ပါလိမ့်မယ်။

ဘယ်သောအခါမှ
ပန်မယ်မဟုတ်မှန်း
သိခဲ့ပါလျက်နဲ့
အလွမ်းဝိုင်ပွင့်တွေ
ဝေနေအောင်စိုက်ခဲ့မိတယ်လေ

လတစင်းတော့ မဖြစ်ခဲ့ပါဘူးကွယ် ...
ဒါပေမဲ့လည်း
ရေးရေးထင် မြင်သာရုံလေးဖြစ်ဖြစ်
ညနက်နက်မှာ
လက်ကနဲ ဝေ့ခဲ့တဲ့
လင်းပျပျ ကြယ်စင်ငွေ့လေး အဖြစ်နဲ့တော့
အလင်းတချို့ ဝေနိုင်ခဲ့လေမလား ...

နက္ခတ်တို့ အိမ်အပြန်၊
တိမ်ယံက အရိပ်နှောင်းနဲ့၊
နိမိတ်ဟောင်းတွေ မချိုခဲ့ပါဘူး၊
အငိုတလှည့် အပြုံးတခါ၊
မုန်းစရာမှ မဟုတ်တာကွယ် ...

အိပ်မက်ဖူးတွေကို ...
မင်းမခူးခဲ့ပေမဲ့ ...
ဝိုင်တပွင့်ရဲ့ ဝတ်ဆံတွေကို ...
မင်းမပန်ခဲ့ပေမဲ့ ...
မင်းကို လွမ်းတိုင်းတော့
ဂန္ထဝင်ပန်းရိုင်းတွေ
ကိုယ့်လက်ဖျားမှာ ပွင့်ကြပါလိမ့်မယ်
ညီမလေး ခရမ်းပြာရယ် ...


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 11 May 2010

မှော်နွယ်ညများ

မြင်လွှာရုံအောက်၊ ‎
ကိုယ်ယောင်ဖျောက်ခဲ့သူရေ၊
ပင်လယ်ဖြူရဲ့ လေပြည်၊
ကဝေလက်သည်းနဲ့၊
အသည်းတံခါးကို လှစ်၊
မာယာလှိုင်းငွေ့ရစ်ခြုံသိုင်း၊
ချစ်သူရဲ့ သမိုင်းက၊
အရိုင်းတစ္ဆေတကောင် ...‎

ဧဒင်ရေ ...‎
မှော်နွယ်တွေရစ်ဝိုင်းလို့၊
သစ်လှိုင်းယောင်အောက်က
တယောက်သူရင်ကို ‎
ပင်သစ်ညိုပွင့်ချပ်သုဉ်းတဲ့အထိ
ဖုံးကာထားလေရော့သလား ...‎

လရိပ်ယှက်မိုး၊
ကြယ်စင်ရေ ညှိုးမသွားပါနဲ့၊
မိုးဖျားအောက်က တယောက်သူ၊
နောက်လူဟာ ရှေ့အရောက်၊
နေ့ညတွေပျောက်ဆုံးလျက်၊
တာထွက်စောတဲ့ ပင်လယ်ပြင်မှာ၊
ပန်းဝင်မဦးခဲ့တဲ့ ရွက်လှေတစင်းရဲ့
လေလွင့်အလင်းနှစ်များသမိုင်း
ရာဇဝင်တွေ အပြိုင်းပြိုင်းကျ၊
ခိုင်းနှိုင်းလည်း မပြချင်တော့ပါဘူး .... ။‎

လျော့လုလု နေခြည်အောက်မှာ ...‎
ပျောက်ဆုံးခဲ့ရတဲ့ ဆည်းဆာအိပ်မက်ကို
တသက်လုံး ရေးဆွဲ ...‎
လက်တွေ သုဉ်းလို့
ပျက်ကြွေပြုန်းတဲ့အထိပေါ့
သြော် ... မမုန်းမှန်းတော့ သိခဲ့ပါတယ် ...
မမုန်းမှန်းတော့ သိခဲ့ပါတယ်လေ ...‎


ကျနော် အခုတလော အလုပ်အရမ်းများနေတာနဲ့ ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါတယ် ... ရေးလက်စ တပိုင်းတစနဲ့ ကဗျာတွေလည်း ရှိနေပါတယ် ... အသစ်မတင်ဖြစ်တဲ့အချိန်အတွင်းမှာကို သံယောဇဉ်နဲ့ မပျက်မကွက် အမြဲလာပြီး ဖတ်ရှုခံစားအားပေးကြတဲ့ ညီအကို မောင်နှမများ ကို ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

Read More...

Saturday, 17 April 2010

ပိတောက်ဖူး


တန်ခူးနွေရဲ့၊
ဖူးလေတဲ့ ပိတောက်ဝါ။

သင်္ကြန်မိုး၊
မာန်ပျိုးကာ ငြိုးလေသလား၊
ဖြိုးစွေမရွာ။

နှစ်ကူးတဲ့ နွေဆန်းတာ၊
လေကြမ်းသာ သုတ်ဖြူး။

လတန်ခူးအခါ၊
မြအဖူးမှာ မိုးရေဖြန်းပါမှ၊
ဝေလန်းကာ ပွင့်ရှာရမယ်ပေါ့၊
လေကြမ်းသာ ဆင့်လာကြရင်တော့၊
တင့်ကာလှ မပွင့်ဝေခင်၊
လွင့်ကြွေကာ ညှိုးခွေနွမ်းမယ်ကွယ့်၊
မိုးရေဖြန်းမှ သူဝင့်ကာ၊
ပွင့်လွှာမှာ ရွှေပြောက်လူးရမယ့်၊
နွေပိတောက်ဖူး။ ။



မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အတာသင်္ကြန်တော် အခါသမယ ဖြစ်ကြပါစေရန် ဆုမွန်ကောင်း တောင်းချွေအပ်ပါသည်။
တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုးပြေး ဝေးကွာကင်းပ ကွယ်ပျောက်နေပါသဖြင့် အခါသင့်ပေမင့် မပွင့်နိုင်ရှာသော ပိတောက်ဝါများသို့ ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 2 March 2010

စိမ်း

‎‎‎‎‎‎

စိမ်‎းသခင်စိမ်‎း‎‎‎ထင်ပြ၊‎‎စိမ်း‎‎‎ပင်မြ‎‎စိမ်း‎‎‎ဆင်၊
စိမ်‎း‎‎‎သွင်လျ‎‎စိမ်‎း‎‎‎ပြင်ပြင်၊‎စိမ်း‎‎‎အစဉ်‎စိမ်း‎‎‎ရက်၊‎
စိမ်‎း‎‎တသက်စိမ်‎း‎မျက်ခြယ်၊‎စိမ်း‎‎‎လက်ဝယ်‎စိမ်း‎‎‎ပုံဆင်လျက်။‎
စိမ်‎း‎‎‎ရင့်ရင့်‎စိမ်‎း‎‎‎ဆင့်ရာ၊‎စိမ်း‎‎‎ပွင့်ညှာ‎စိမ်း‎‎‎ရွက်၊‎
‎စိမ်‎း‎‎‎ရင့်ဖြာ‎စိမ်‎း‎‎‎ဖက်လို့၊‎စိမ်း‎‎‎ခက်ခက်‎စိမ်း‎‎‎မူ၊‎
စိမ်‎း‎‎‎တမင်‎စိမ်‎း‎‎‎ပင်စိုက်ပါလို့၊‎စိမ်း‎‎‎ရင်ပိုက်‎စိမ်း‎‎‎ရက်လေသူ။‎
စိမ်‎း‎‎သွေ့သွေ့‎စိမ်‎း‎‎‎ငွေ့ပူ၊‎‎စိမ်း‎‎‎လေ့သူ‎စိမ်း‎‎‎ဝေလွင့်၊‎
စိမ်‎း‎‎‎လေဝင့်‎စိမ်‎း‎‎‎လှတိမ်းဖွေ၊‎စိမ်း‎‎‎မြ‎စိမ်း‎‎‎မြေ၊‎
စိမ်‎း‎‎‎ဝေတဲ့‎စိမ်‎း‎‎‎မြူခြေ၊‎စိမ်း‎‎‎သူရေ‎စိမ်း‎‎‎ရက်လှလေး‎။ ။‎



လေးထပ်ကြော့ စကြာတေးထပ်လေးပါ .... "စိမ်း" တလုံးတည်းကို အပိုဒ်ငယ်တိုင်းရဲ့ အစ စာလုံးနဲ့ အပိုဒ်ဝက်ရဲ့ အစ စာလုံးတွေမှာ မူတည်ပြီး ပတ်လည်ရေးထားတာပါ။ ဒီလိုပုံနဲ့လည်း ရေးလေ့ရှိပါတယ် ....



ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Monday, 15 February 2010

ခရမ်းပြာဝိုင် (၁၀)‎

ဝေဖူးပေမဲ့၊
မေ မခူးတဲ့ အိပ်မက်တွေ။

ပျိုးမိသမျှ အလွမ်းပါ၊
ခရမ်းပြာရေ။

ဝိုင်တပွင့်ရဲ့ဝတ်ဆံတွေ၊
မပန်လေခဲ့ပေမင့်။

လွမ်းတိုင်းကွယ် ...‎
ပန်းရိုင်းနွယ် အခက်များက
လက်ဖျားမှာပွင့်။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Saturday, 13 February 2010

ရာပြည့်သို့ ငါးနှစ်အလို

အပိုမတွေး၊
ကိုယ်ရေးတွေ ဘေးဖယ်ကာ။

သုံးဆယ့်နှစ် မွေးနေ့အကြို၊
တရက်သာလိုပါသော်လည်း၊
ထိုအရာတွေ ရင်မခုန်၊
သူ "ပင်လုံ" မှာ။

ဗိုလ်ချုပ်ရယ်၊
အပိုအလုပ်ပယ် ပြတ်သားစွာနဲ့၊
မရပ်နားပါ ခရီးဆက်ပြန်ပေါ့၊
မနက်ဖြန် မွေးနေ့လို့တောင်၊
အတွေးဝေ့လို့ မနေနိုင်ရှာ၊
ခိုင်မာတဲ့စိတ်ထား။

မုသားမဆို၊
သူ့စကားရယ် မချိုပါဘူး၊
မလိုတမာ ကင်းရှင်းစွာနဲ့၊
အပိုမပါ ဘွင်းဘွင်းသာကွယ့်၊
ရှင်းလင်းစွာ တွေးသ၍မှာ၊
မွေးနေ့ဘာလဲ သူမခင်၊
ဘေးတွေ့မှာလဲ မပူပင်နဲ့၊
သူအစဉ် တိုင်းပြည်ဖို့သာတွေး၊
‎(အော် ... ) တူမမြင် နှိုင်းမီဖို့ရာဝေးပါရဲ့၊
သမိုင်းချီလို့သာ အလေးပြုချင်၊
‎(ကျနော်တို့ရဲ့) ကျေးဇူးရှင် မွေးဖွားရက်ကို၊
အတွေးများဆက် ပုံပြုသမို့၊
အလေးထားလျက် အကုန်စုလို့၊
ဂုဏ်ပြုစို့လား။ ။


ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ၉၅-နှစ်မြောက် မွေးနေ့အမှတ်တရ ...
ထာဝရ ရိုသေလေးစားဦးညွတ်လျက် ...

ဟယ်ရီ

Read More...

Tuesday, 2 February 2010

မြင်လှည့်ပါ ခရမ်းပြာ (ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်)‎

တေးထပ်ထဲမှာ ဒီတေးထပ်မျိုးကို ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ် လို့ ခေါ်ပါတယ်။ တခြားတေးထပ်တွေက အပိုဒ်ကြီး ‎တပိုဒ် (အပိုဒ်ငယ် ၁၈-ပိုဒ်) နဲ့ပဲ ရေးဖွဲ့ပေမဲ့ ဒီ ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်ကတော့ ပိုဒ်စုံ ရတုတွေလိုပဲ အပိုဒ်ကြီး ‎သုံးပိုဒ် ရေးရပါတယ်။ ဒါ့အပြင် "ကိုယ်တွင်းပြည့်" လို့ ဆိုထားတဲ့အတွက် အပိုဒ်ကြီး တပိုဒ်ချင်းစီရဲ့ အပိုဒ်ငယ်တွေ ‎အားလုံးကို နဘေကိုက်အောင် ရေးရပါတယ်။ မှန်ရာကို ဝန်ခံရရင် ရေးရတာ အလွန်ခက်ပါတယ်။ အစွမ်းကုန်ကြိုးစားပြီး ‎ရေးကြည့်ထားတာပါ။ ရေးဖူးတယ် ရှိအောင်ပေါ့။ ဒါတောင် လုံးဝ အသစ်ရေးတာမဟုတ်ဘဲ အရင်က ရေးထားတဲ့ ‎‎"မြင်လှည့်ပါ ခရမ်းပြာ" ဆိုတဲ့ အရိုးခံတေးထပ်လေးကို နည်းနည်း ပြင်ဆင်ပြီး ကျန်တဲ့နှစ်ပိုဒ်ကို နဘေလိုက်ထပ်ပြီး ‎ရေးလိုက်တာပါ။ ကျနော် အရင်က ရေးခဲ့ဖူးတဲ့ လောကနာရီ နဲ့ ခရမ်းပြာမေ ဆိုတဲ့ ကိုယ်တွင်းပြည့်ပိုဒ်စုံ ရတု ၂-ပုဒ် လိုပဲ ဒါမျိုးထပ်ရေးဖို့ ‎မလွယ်တော့ပါဘူးခင်ဗျာ .... ‎
ဖတ်ကြည့်ကြပါဦး ... ဝေဖန်စရာရှိရင်လည်း အားမနာတမ်း ဝေဖန်သွားနိုင်ပါတယ်။ ကြိုဆိုလျက်ပါ ခင်ဗျာ ...‎


မြင်လှည့်ပါ ခရမ်းပြာ (ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်)‎

ရင်ထဲမှာ အမြဲလွမ်းလို့၊ အသည်းနွမ်းနဲ့ ခေါ်မယ်၊
အမြဲတမ်းကွယ့် ပျော်စေရွယ်၊ ဖျော်ဖြေမယ် ကဗျာငှက်၊
အလာခက် ဝါရွက်ကြွေအောင်၊ ညာရက်လေ သဲမြညှာသက်။‎
ဝေတခက် ခြွေရက်လေတယ်၊‎ ကြွေရွက်တွေ မြေသက်၊‎
ပွေခက်မပြေ အခြေပျက်လို့၊ နေထက်မက ပူတာ၊
နွေရက်ည ဘဝင်ဆူအောင်၊ ကြင်သူရယ် နေရက်နိုင်တာ။
ယိမ်းဝေ့ဝေ့ ယိမ်းရွေ့ကာ၊ ယိမ်းလေ့ပါ ခြွေစေဦး၊‎
ဝေနေမဆုံး သစ်လွင်လက်ဖြာ၊ ချစ်ရင် တသက်တာ၊
ပင်ထက်က ပန်းကညာကို၊ မလှမ်းသာ ရင်လဲ့ညှာဆွေး။

စဉ်မြဲသာ စွဲလန်းလို့၊ အမြဲတမ်းကွယ့် မပျော်တယ်၊
ပုလဲပန်းလဲ့ ဘော်ငွေခြယ်၊ ခေါ်နေမယ် အရှာဆက်၊
ခါတသက် ဗျာစက်ပွေအောင်၊‎ ကြာရက်ရှည် ခွဲရတာခက်။‎
အနေခက် နွေရက်တွေရယ်၊‎ ရှည်သထက်ရှည် အကြွေဆက်၊‎
အဖြေမထွက်လေ ပွေခက်လို့၊ ဖြေခက်ရ သူမှာ၊
နေရက်လှ မမြင်သူယောင်၊ ရင်ပူတယ် အနေခက်မှိုင်ကာ။
တိမ်းလွေ့လွေ့ တိမ်း၍သာ၊ တိမ်းမွေ့ကာ လေပြည်သုဉ်း၊‎
မေရေမုန်း ပစ်ကျဉ်ရက်ပါ၊ ချစ်စဉ်မပျက်သာ၊‎
‎စဉ်ဆက်ည အနွမ်းဗျာပို၊ အလှမ်းကွာ ‎သခင်နဲ့သာဝေး။

မြင်ဆဲပါ အမြဲတမ်းမို့၊ အစွဲအလန်းနဲ့ မျှော်တယ်၊
‎အသည်းလမ်းရဲ့ အပေါ်မယ်၊ ‎မျှော်နေတယ် အလာခက်၊‎
ကဗျာသက် ကြာရက်ရှည်တောင်၊ ဖြာမျက်ရည်‎ ဝဲရပါလျက်။
နွေအဆက် ဝေရွက်တွေရယ်၊ ကြွေလျက်လေ မြေထက်၊
နွေရက်ရှည် အဖြေခက်လို့၊ အခြေပျက်ည မဟူရာ၊
ခြွေရက်ပါ့ တမင်သူလှောင်၊ ယဉ်မူသွယ် ဆွေသက်ပိုင်ညှာ၊
စိမ်းသွေ့သွေ့ စိမ်းငွေ့ဖြာ၊ စိမ်း၍သာ နေစေဦး၊‎
ရေမြေဆုံး ချစ်ကြင်လျက်သာ၊‎ ပြစ်မမြင်ရက်ပါ၊‎
ရင်ထက်က လွမ်းကဗျာကို၊ ခရမ်းပြာ မြင်လှည့်ပါလေး။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Saturday, 9 January 2010

နှောင်ကြိုးမဲ့အိပ်မက်

ဆောင်းဦးညယံ ...‎
ခြေသံဖွနင်း၊ ရင်တွင်းခိုဝင်၊
ညင်သာတိတ်တိတ်၊ မှေးမှိတ်စက်သူ၊
အိပ်မက်ညမျိုး၊ လန့်ကာနိုးမှ၊
မြူခိုးအသွင်၊ ပြန်ချင်ထွက်သွား၊
မတားရက်ပါ၊ နှင်လိုရာသို့၊
ဆက်ကာလှမ်းပေါ့၊ လွမ်းတော့လွမ်းမယ်၊
တကယ်ဆိုရင်၊ သည်ရင်ခွင်မှာ၊
ခြေရာသဲ့သဲ့၊ သူချန်ခဲ့သည့်၊
သွဲ့သွဲ့ရနံ့၊ ဆွတ်ပျံ့ရည်မူး၊
စက်ရာဦးတွင်၊ သည်းမှူးဝတ်ရည်၊
တည်နေမည်လေ၊ သူခြေရာဆက်၊
ခရီးထွက်ရင်း၊ ချိုင့်ခွက်ထူပြော၊
ဘဝတောလည်၊ အမောဖြေဖို့၊
ကြုံလို့ဖြစ်စေ၊ လမ်းနေသင့်ရင်၊
ကြယ်စင်တသောင်း၊ အိပ်မက်ဟောင်းသို့၊
ပြန်ပြောင်းခဏ ဝင်လှည့်ပါ။ ။


‎ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...