Sunday, 31 August 2008

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၅)

ကြိယာ

မြန်မာဘာသာမှာ ကြိယာဆိုတာ ပြုခြင်း၊ သွားခြင်း၊ စားခြင်း စတဲ့ပုဒ်တွေကို ခေါ်တာပါ။ ဒါပေမယ့် ကဗျာ မှာတော့ ကြိယာဆိုတာ အဲဒီ ပုဒ်တွေနဲ့ ဘာမှမဆိုင်ပါဘူး။ တနည်းအားဖြင့် Verb မဟုတ်ပါဘူး။ ကဗျာအဖွဲ့တွေမှာ အဆုံးသတ်၊ အဆုံးချ ရာမှာသုံးတဲ့ အက္ခရာတွေကို ဆိုလိုပါတယ်။
ညောင်ရမ်းမင်းဆယ်ဆက်၊ စနေမင်းလက်ထက်မှာ အ၀(အင်းဝ)မြို့ ရွှေကြက်ယက် ကျောင်းတိုက်နေ ရှင်ဥက္ကံသမာလာ စီရင်ရေးသားအပ်တဲ့ က၀ိကဏ္ဌပါသ လင်္ကာကျမ်းအလိုအရ ကြိယာ (၆၀) ရှိပါတယ်။
တောင်တွင်းကြီးစီရင်စု၊ မြို့လုလင်မြို့ ဇာတိဖွားဖြစ်တဲ့ ငယ်နာမည် မောင်ညို၊ ရဟန်းဘွဲ့ ရှင်မဟာ သီလ၀ံသ ရေးသားစီရင်တဲ့ က၀ိပါသဏ္ဌကျမ်း အလိုအရ ၆၄ပါး အပြားရှိပါတယ်။
က၀ိကဏ္ဌပါသ လင်္ကာကျမ်းထွက် ကြိယာ(၆၀) လင်္ကာကတော့ ...

မဉ္ဇူဘုန်းမော်၊ ပွင့်ချိန်မြှော်သည်၊ ဗန်းမော်ခေါင်ထိ၊ တုမရှိသည့်၊ က၀ိကဝေ၊ စောမြုတေ။ နှစ်ထွေလင်္ကာ၊ ကျမ်း၌လာသား၊ နည်းနာနယ၊ ၀ိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့်ကဗျာ၊ ကိရိယာတွင်၊ သမာသေန၊ မူလမဇ္ဈေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညှင်း၊ ကျွန်ုပ်ခင်းပိမ့် -
လျှင် လျှင်း မူကား၊ ၀ယ် သား တမင့်၊ ချိမ့် ဖြင့် တွင် ၏၊ ပိမ့် လှည့် မည် အံ့၊ လော တုံ မံ့ (တည့်)၊ သော် ခံ့ ဘူး သော၊ မူလော ရကား၊ မူ အား မှ က၊ လိမ့်စွ တံ့ လည်း၊ တိ တည်း ချည်း ဟု၊ ခဲ့ နည်း နှိုက် လျက်၊ ကြောင့် ထက် မို့ လည်း၊ စမ့် သည် စိမ့်(နှင့်)၊ တုံး လိမ့် တည့် တော့၊ ကား လော့ ရွေ့ သို့၊ မျှ တို့ ငှာ ရှင့်၊ တမုံ့ နှင့် ကို၊ ရှင်ပင့်ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူဘုရား။
လက်သည်းကွင်း () အတွင်းမှာရှိတဲ့ အက္ခရာတွေကတော့ ပဒပူရဏ (အပိုဒ်ပြည့်အောင် ဖြည့်ပြီး စပ်ဆိုထားတဲ့ စာလုံး) သာဖြစ်လို့ ကြိယာစာရင်းမှာ ထည့်ဖို့ မလိုပါဘူး။
ရှင်မဟာ သီလ၀ံသ ရေးသားစီရင်တဲ့ က၀ိပါသဏ္ဌကျမ်းထွက် ကြိယာ (၆၄) ပါးဆိုတာကတော့ 'ကာရန်၊ အသံ' အခန်းမှာဖေါ်ပြခဲ့တဲ့ ကာရန်(၆၄) ပါး ပါဘဲ။ ဒီအထဲမှာ အံ၊ အံ့၊ အယ်၊ အယ့်၊ ၍ (ရွေ့)၊ ၌ (နှိုက်)၊ ၏ ဆိုတဲ့ အက္ခရာ ရလုံး မပါဘူးဆိုတာ သတိပြုဖို့လိုပါတယ်။ ဒီလိုမပါလို့ ရှင်ဥက္ကံသမာလာ ရေးထားတဲ့ အဲဒီကြိယာတွေကို မသုံးရဘူးလို့ မပြောနိုင်ပါ။ တကယ်တော့ ဒီကျမ်းနှစ်ကျမ်းလုံးထဲက ကြိယာတွေသာမက တခြားဘယ်စကားလုံး၊ ကြိယာ၊ အက္ခရာတွေကိုမဆို မိမိ ဉာဏ်နဲ့ယှဉ်ပြီး သုံးနိုင်ကြောင်းကို ရှင်ဥက္ကံသမာလာ ကိုယ်တော်တိုင်က 'ရှင်ပင့်ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူဘုရား' ဆိုပြီး ကိုယ့်ဉာဏ်နဲ့ အကျယ်ချဲ့ပြီး သုံးနိုင်ကြောင်း ရှင်းရှင်းလင်းလင်း မိန့်မှာ ခဲ့ပါတယ်။
ဒီကျမ်းလာ ကြိယာတွေဟာ စံနမူနာအဖြစ်သာ မှတ်ယူရမှာဖြစ်ပြီး ဒီကြိယာတွေကိုသာ ကဗျာရေးရာမှာ သုံးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ် ဉာဏ်ရှိရင်ရှိသလောက် သုံးနိုင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။

ဝိဘတ်
ဝိဘတ်အကြောင်းကိုလည်း ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ရှင်းပြထားပါတယ်။ ဒါပေမယ့် အဲဒါတွေ အကုန်ရေးနေရင် ကဗျာအကြောင်းထက် မြန်မာသဒ္ဒါအကြောင်းရေးထားတဲ့ စာဖြစ်သွားမှာစိုးလို့ အကျဉ်း ဘဲ ဖေါ်ပြလိုက်ပါတယ်။
ဝိဘတ်ဆိုတာကတော့ 'သည်၊ တို့သည်၊ ကို၊ တို့ကို၊ တွင်၊ ၀ယ်' အစရှိတဲ့ အက္ခရာတွေကိုခေါ်ပါတယ်။ (Preposition) ပါပဲ။ စာသုံး၊ ကဗျာသုံးတွေမှာ ၀ိဘတ်အပါများရမယ်လို့ ညွှန်ပြထားပါတယ်။ ၀ိဘတ် ကိုးမျိုးကတော့ ...

(၁) ကတ္တား ၀ိဘတ်
(၂) ကံ ၀ိဘတ်
(၃) ကရိုဏ်း ၀ိဘတ်
(၄) သမ္ပဒါန် ၀ိဘတ်
(၅) အပါဒါန် ၀ိဘတ်
(၆) သာမိ ၀ိဘတ်
(၇) သြကာသ ၀ိဘတ်
(၈) အာလုပ် ၀ိဘတ်
(၉) ဟိတ် ၀ိဘတ်
ဆိုပြီး ကိုးပါးအပြား ရှိပါတယ်။ တစ်ခုခြင်းအသေးစိတ်ကို စိတ်ဝင်စားသူတွေ၊ သိချင်သူတွေ ရှိရင်တော့ နောက်ပိုင်း အလျဉ်းသင့်သလို ဖေါ်ပြပေးပါမယ်။

ပဒ၊ ပါဒ၊ ပိုဒ်၊ ပုဒ် အကြောင်း
ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ကျမ်းအကိုးအကားတွေနဲ့ အသေးစိတ်ရှင်းပြထားပါတယ်။ ဒါပေမယ့် ဒီမှာ တော့ လိုရင်းကိုဘဲ ထုတ်နှုတ်တင်ပြပါမယ်။
ပုဒ်၊ ပိုဒ် ဆိုတဲ့ မြန်မာဘာသာစကားတွေဟာ ပဒ၊ ပါဒ ဆိုတဲ့ ပါဠိဘာသာကနေ ဆင်းသက်လာတဲ့ ပါဠိသက် (သို့မဟုတ်) ပါဠိပျက် ဝေါဟာရတွေဖြစ်ပါတယ်။
ကဗျာသီချင်း အဖွဲ့တစ်ခုမှာ ယတိဖြတ်ပြီး ရွတ်ဖတ်သီဆိုဖို့ ရပ်၊ တော့၊ ဖြတ်တောက် ထားတဲ့ ကဗျာ သီချင်း အဖွဲ့တစ်ခုရဲ့ တစိတ်တဒေသကို 'တပါဒ-တပိုဒ်' လို့ခေါ်ပါတယ်။
အဲဒီအပိုဒ်တွေစုပေါင်းထားတဲ့ အဖွဲ့ကို ကဗျာသီချင်း 'တစ်ပဒ=တပုဒ်' လို့ခေါ်ပါတယ်။ ဥပမာ ...
သံပေါက်မနိုင်၊ ကဗျာကိုင်၊ ကြံမှိုင်နေရမှာ ... ဆိုတဲ့ သံပေါက်မှာ
သံပေါက်မနိုင် = တပိုဒ်၊ ကဗျာကိုင် = တပိုဒ်၊ ကြံမှိုင်နေရမှာ = တပိုဒ် ဖြစ်ပြီး အဲဒီ သုံးပိုဒ်ပေါင်းက တပုဒ် ဖြစ်ပါတယ်။ တေးထပ်၊ ဒွေးချိုး၊ လေးချိုး စတဲ့ အဖွဲ့တွေမှာလည်း အတူတူပါဘဲ။
ဘောလည်၊ ကောင်းကင်ကြိုး အစရှိတဲ့ အဖွဲ့တွေမှာတော့ အပုဒ်ငယ် သုံးလေးခုကိုတွဲပြီးလဲ တပုဒ် လို့ ခေါ်လေ့ရှိပါတယ်၊ ဒါကြောင့် အဲဒီအဖွဲ့မျိုးတွေမှာတော့ ပိုဒ်ဆက်ကာရန်၊ ပုဒ်ဆက်ကာရန် ဆိုပြီး သီးခြား ခွဲဖေါ်ပြပါတယ်။

ပဒါလင်္ကာရအကြောင်း
ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားတဲ့ ဒီ ပဒါလင်္ကာရ ကတော့ နည်းနည်းအရေးကြီးလို့ အသေးစိတ်တင်ပြပါမယ်။
ပဒါလင်္ကာရ ဆိုတာ ပုဒ်၏အဆင်တန်ဆာ လို့ဆိုပါတယ်။ ကာရန်စာရင်းနဲ့ စာလုံးရေစာရင်းမှာ အရေအတွက် မ၀င်တဲ့၊ ထည့်သွင်းရေတွက်ခြင်း မပြုရတဲ့ စာလုံးအပိုတန်ဆာလေးတွေပါ။ နောက်ဆုံး စာလုံးကာရန်တွေရဲ့နောက်မှာ အသံအနေအထား တိုတိုတောင်းတောင်းဖြစ်မနေစေဖို့၊ ၀ိဘတ် စတာတွေ ကွယ်မြုပ်မနေစေဖို့ ဆက်တွဲထည့်သွင်းစပ်ဆိုထားတဲ့ 'မှာဖြင့်၊ ကိုလ၊ နိုင်ဘု' စတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။
အပြစ်ကင်းစင်ပြီးလှပတဲ့ မိန်းမပျိုတစ်ဦးမှာ အင်္ကျီ၊ လုံချည်၊ လက်ဝတ်ရတနာ စတဲ့အဆင်တန်ဆာတွေ မပါရင် မတင့်တယ်သလိုဘဲ ကဗျာလင်္ကာအဖွဲ့အနွဲ့တွေမှာ ပဒါလင်္ကာရ မပါရင် မတင့်တယ်ဘူးလို့ ဆိုကြပါတယ်။ အချုပ်တန်းဆရာဖေရေးတဲ့ ဆောင်းဖွဲ့ လေးဆစ်ကလေးကို ကြည့်ပါ။


ဆောင်းဖွဲ့ (လေးဆစ်)
အချုပ်တန်းဆရာဖေ

သဉ္စာလီ ဗွေပြဒု 'မှာဖြင'့်၊
ခင်သာကီ တမေပု 'ကိုလ'၊
ဖေယခု ပိုက်လှဲ့ ဆို။

မလုံသေး'နိုင်ဘု'၊
တုန်အေးရှာ တင်တမေ'ငဲ့'၊
ရင်ရွှေကို လေပြေခ'တယ်'၊
သဲကြွစိမ့်ဖို။

တသန်းတန်ရတီဖို့ 'သော်လဲ'၊
ကြငှန်းပျံ ကတီမို့ 'မှာတော'့၊
မဒီပျို့ ဆောင်းရိပ်ခို'ငယ'်၊
အချမ်းပိုပါလို့ ငိုချင်ဆဲ။

ငွေနှင်း'ငယ်'ထန်၊
ချွေညှင်းတညံညံ'နှင်'့၊
ရေကင်းသံ တဖန်ကြား'ရင်လ'၊
လွမ်းအားတော် ပွေဗျာလှိုင်'လို့'၊
ကေညာခိုင် စုခင်လေး'မှာ'၊
(ကိုယ်တော်ရေ) မှေးစက်နိုင်ဘဲ။ ။

ဒီလေးဆစ်လေးထဲမှာ မျက်တောင်ကွင်း '' ထဲမှာပြထားတဲ့ 'မှာဖြင'့်၊ 'ကိုလ' စတဲ့ ပုဒ်တွေဟာ ပဒါ လင်္ကာရ ပုဒ်တွေဖြစ်ပါတယ်။ လက်သည်းကွင်း () ထဲက (ကိုယ်တော်ရေ) ဆိုတာကတော့ အာလုပ် ၀ိဘတ် ဖြစ်ပါတယ်။ (ကိုယ်တော်ရေ) တို့၊ (ခင်ရေ) တို့၊ (အိုဗျာ) တို့ စတာတွေကို အာလုပ်ဝိဘတ် အနေနဲ့ ထည့်သွင်းစပ်ဆိုကြပါတယ်။ အဲဒီပုဒ်တွေကို ဖြုတ်ပြီးဆိုလိုက်ရင် မူလကာရန်တွေ ပျက်မသွား ပေမယ့် ဒီလေးဆစ်လေး ဘယ်လောက်ရုပ်ပျက်ဆင်းပျက် ဖြစ်သွား မလဲ ဆိုတာတွေ့နိုင်ပါတယ်။
ဒါလောက်ဆိုရင် ပဒါလင်္ကာရ ရဲ့ အရေးပါပုံကို သိသာလောက်ပြီလို့ ထင်ပါတယ်။ အချုပ်တမ်းဆရာဖေပဲရေးခဲ့တဲ့ သံဝေဂ တေးထပ်တပုဒ်ကို အောက်မှာ ရေးပေးလိုက်ပါတယ်။ ပဒါလင်္ကာရ တွေ လေ့လာ ကြည့်ကြပါ။

သံဝေဂ တေးထပ်
(အချုပ်တန်းဆရာဖေ)

နန်းသပြေပင်ညွန့်၊
စမ်းရေကွန့်ရိပ်ပျံ၊
ပန်းဟေ၀န့်ဗိမာန် 'မှာ'၊
အဓိဋ္ဌာန်တင်မြန်း၊
ပင်လုံးကျွတ်ပွင့်ဝေဖြာ 'တယ်'၊
ဧကစာသုံးတဲ့သင်္ခမ်း။ ။

မြတ်နွယ်ညွန့်တည်ရာ 'မှာ'၊
လည်လက်ျာခွေမြန်း၊
စည်မျက်နှာ မြေကြငှန်း 'ငယ်သို့'၊
ချွေမြန်းလို့ဆိတ်သာ၊
တင်စလွယ် ဆင်ခြယ်သ 'ပါလို့'၊
အဋ္ဌမဂ်သုံးဆောက်တည်ကာ။ ။

တကိုယ်တည်းဆိတ်ငြိမ်ရာ '၀ယ်'၊
နိဗ္ဗိန္ဒာကြည်ဇော 'နှင့်'၊
သည်တောဝမြိုင်ဝေဘူ၊
ပန်းစုံကကြူ၊
ကမ္မဋ္ဌာန်းရ အုဌ်ဂူ 'မှာ'၊
ရုက္ခမူ ပျော်ဆုံးပ လေး။ ။

ရှောင်ကြဉ်ရမည့် အပြစ်၊ ဒေါသများ
ကဗျာရေးရာမှာ (အဓိကအနေနဲ့ ရှေးမြန်မာကဗျာတွေကို ရေးရာမှာ) လိုက်နာရမယ့် စည်းကမ်းဥပဒေသတွေနဲ့ ရှောင်ရှားရမယ့် အပြစ်၊ ဒေါသ ဆိုတာတွေရှိပါတယ်။ ဒီလို ရှောင်ကြဉ်ရမယ့် ဒေါသ တွေကတော့ ၀ဂ်နင်း (၀က်နင်း) နဲ့ ခွါထောက် အပြစ်တွေဖြစ်ပါတယ်။
ဝဂ်နင်း ဆိုတာကတော့ စာလုံးတူ၊ ကာရန်တူနှစ်လုံး ဆက်တိုက်သုံးစွဲခြင်းကိုခေါ်တာပါ။ ဥပမာ ...
အခုနေဝေး၊ နောင်လည်းဝေးလို့၊ အဆွေးသောကပိုမိသည်။
ဆိုတဲ့စာပိုဒ်မှာ ဝေး - ဝေး - ဆွေး ဆိုပြီး 'ဝေး' ကာရန်နှစ်လုံး ဆက်တိုက် သုံးသွားတာကို ၀ဂ်နင်းဒေါသသင့်တယ် (အပြစ်ဖြစ်တယ်) လို့ခေါ်ပါတယ်။

ခွါထောက် ဆိုတာကတော့ စာလုံးတူ၊ ကာရန်တူနှစ်လုံး ကို ကာရန်တစ်လုံးခြားပြီး သုံးစွဲခြင်းကို ခေါ်တာပါ။ ဥပမာ ...
အခုနေဝေး၊ သောကတွေးနဲ့၊ နောင်ဝေးမှာကိုစိုးမိသည်။
ဆိုတဲ့စာပိုဒ်မှာ ဝေး - တွေး - ဝေး ဆိုပြီး 'ဝေး' ကာရန်နှစ်လုံး ကို တစ်လုံးကျော်ဖွဲ့ထားမျိုးကို ခွါထောက်ဒေါသသင့်တယ် လို့ခေါ်ပါတယ်။
ဒီလို ၀ဂ်နင်း နဲ့ ခွါထောက် စပ်ပုံမျိုးဟာ မမှားပေမယ့် ဒေါသ (အပြစ်) သင့်နေလို့ မစပ်သင့်ဘူး လို့ ဆိုပါတယ်။ အဓိက ကတော့ စကားလုံးတစ်လုံးထဲကိုဘဲ ကာရန်ပြန်ပြန်ယူထားတော့ စကားလုံးကြွယ်ဝမှု မရှိခြင်းကို ပြဆိုနေသလို ဖြစ်နေလို့ ဒီလိုရေးပုံတွေကို ဒေါသသင့်တယ်၊ အပြစ်ရှိတယ်လို့ ဆိုချင်တာထင်ပါတယ်။ ဒါပေမယ့် အရင် ကိုးခန်းပျို့မှာပြထားတဲ့ 'တပေလျဉ်းလျဉ်း၊ တဉာဉ်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသန်းဟယ်ဟယ်၊ တတွယ်တာတာ' ဆိုတာမျိုးကတော့ 'တ' တွေကို ထပ်ခါတလဲလဲသုံးထားတာဟာ ကာရန်အနေနဲ့ ယူသုံးထားတာ မဟုတ်တဲ့အတွက် ဒီအပြစ်ဒေါသ ကနေ လွတ်တဲ့အပြင် မဓုရတာဂုဏ်တောင်မြောက်သေးတယ်လို့ ဆိုချင် ပါတယ်။ ဒါ့အပြင် အသံထွက်တူပေမယ့် စာလုံးပေါင်းမတူတာတွေ (ဥပမာ - ကျမ်း နဲ့ ကြမ်း)၊ စာလုံးပေါင်းတူပေမယ့်လည်း အဓိပ္ပါယ်မတူတာတဲ့ သံတူကြောင်းကွဲတွေ (ဥပမာ - ကြေမွ နဲ့ ကြေကွဲ) ကိုတော့ 'ခွဲထားကာရန်' ဒါမှမဟုတ် 'ခွဲထားသတ်ပုံ' လို့ ခေါ်တဲ့အတွက် ဒီစကားလုံးတွေကို ကာရန်အဖြစ်တွဲဘက် ယူရင် ၀ဂ်နင်း၊ ခွါထောက် ဒေါသတွေမသင့်ပါဘူး။
တစ်ခုဆက်ပြီး သိထားသင့်တာက ၀ဂ်နင်းဒေါသဟာ ပိုပြီးအပြစ်ကြီးပါတယ်။ ကဗျာအဖွဲ့ဟူသမျှကို ဖျက်ဆီးတတ်တဲ့ ကြီးလေးသောအပြစ်ဒေါသဖြစ်လို့ အစဉ်ထာဝရ ရှောင်ကြဉ်ရမယ်။ ဘယ်တော့မှ အသုံး မပြုအပ်ဘူး။ ခွါထောက်ဒေါသကတော့ ကဗျာ့ပါရဂူကြီး တွေက ခွါထောက်လွတ်တဲ့ ကာရန်ကို ရှာမတွေ့ တဲ့အခါ တစ်ခါတစ်လေရေးသားကြတယ်။ ကဗျာပျက်စီးမသွားဘူး။ ဒါပေမယ့် သာမန်ကဗျာဆရာတွေ တော့ မသုံးအပ်ဘူးလို့ ဆိုပါတယ်။ ဒီနေရာမှာ အင် နဲ့ အဉ် (စင် နဲ့ စဉ်)၊ အည် နဲ့ အီ (မျှော်ရည်၊ ရော်နီ) ဆိုတာတွေကို ကာရန်မတူဘူးလို့ ရွှေဥမင်ဆရာတော်က မိန့်ထားကြောင်း၊ ဒါကြောင့်မို့ ဒီကာရန်တွေကို ကာရန်တူအဖြစ် ယှဉ်တွဲပြီး မစပ်ကောင်းကြောင်း နဲ့ အဲဒီလိုစပ်မိရင် 'ဘဂ္ဂရီတိဒေါသ' သင့်တယ်လို့ ကဗျာဖွဲ့နည်းနိသျည်း ထဲမှာ ပြောထားပါတယ်။ ဒါပေမယ့် ကဗျာ့စွယ်စုံကျမ်းနဲ့ ကဗျာလမ်းညွှန် ထဲမှာတော့ ဒီအကြောင်းကို အထူး ဖေါ်ပြထားတာ မတွေ့ရပါဘူး။ ကျနော့် ကိုယ်ပိုင်သဘောကိုပြောရရင်တော့ အသံထွက်တူရင်၊ သို့မဟုတ် စာလုံးပေါင်း အသတ်တူရင် စပ်လို့ရတယ်။ ဒါပေမယ့် အဲဒီလိုအစပ်မျိုးကို တတ်နိုင်သမျှတော့ ရှောင်သင့် တယ်၊ ဘယ်လိုမှ ရှောင်လွှဲမရရင်တော့ စပ်လို့ရတယ် လို့ ထင်ပါတယ်။ ဒါဟာ မမှားပေမယ့် မကောင်းဘူး၊ (ဒေါသသင့် တယ်ဆိုတာ အပြစ်အနာအဆာရှိနေတယ်၊ စင်းလုံးချော မကောင်းဘူး လို့ ဆိုလိုတာပါ) အပြစ်အနာအဆာတွေတော့ ရှိနေတဲ့သဘော ဖြစ်ပါတယ်။ ဒေါသတွေ အကြောင်း ကိုတော့ ကဗျာဖွဲ့နည်းနိသျည်းထဲမှာ တော်တော်လေး ပြည့်ပြည့်စုံစုံရေးထားတာမို့ စိတ်ဝင်စားမယ်ဆိုရင် နောက်မှ ထပ် ဆွေးနွေးကြတာပေါ့။ အခြေခံအချက်အလက်တွေက ဒီလောက်ဆိုရင် အတော်လေးပြည့်စုံသွားပြီမို့ မြန်မာကဗျာတွေရဲ့ ပုံစံတွေကို နောက် Post တွေမှာ တစ်ခုခြင်း စတင်ဖေါ်ပြပါမယ် ...

Read More...

Saturday, 30 August 2008

ကြယ်စင်တခင်း လမင်းချစ်သူ

ညဥ့်ယံတန်ဆောင် ...
လရောင်လိမ်းကျံ၊ ကြယ်စင်ပန်၍၊
တိမ်ခြံရံလျက်၊ ငွေ့နှင်းယှက်ကာ၊
လင်းလက်မွှေးမြ ဖြူစင်စေ။

နေ့မှာမသွေ ...
နေခြည်နုနု၊ ရွှေရည်ဥသို့၊
ကြွေလုကျဆင်း၊ ဘဝတွင်းမှာ၊
မြနှင်းပဝါ လွှမ်းခြုံစေ။

ကိုယ့်ထံတွင်ကား ...
မြေသားလိမ်းကျံ၊ ရေကိုဆန်ကာ၊
မီးလျှံလောင်မြိုက်၊ ညလမိုက်တွင်၊
ကိုယ့်ထိုက်ကိုယ့်ကံသာရှိစေ။

သုံးရာသီမှာ ...
တိမ်လွှာတံတား၊ ပန်းရထားနှင့်၊
နှင်းသားညက်ညင်၊ စံအိမ်ပြင်ဝယ်၊
ကြယ်စင်တခင်း၊ လမင်းချစ်သူ၊
လှစ်ယူပျော်စံ၊ သူပန်ဆင်ဖို့၊
လွမ်းလို့နေလည်း၊ ကိုယ်ဖြန့်ကျဲမည်၊
အသည်းနှင့်ပင် ရင်းရစေ။ ။

Read More...

Friday, 29 August 2008

ကျနော် မှန်သတဲ့

ဘ၀အတွက်၊
ထွက်ခဲ့ရ ဝေးမြေဆီ။
ချစ်သူတွေ၊ အိမ်မြေနှင့်
မိတ်ဆွေတွေ စွန့်ကာထား
သွားခဲ့ရပြီ။
အောင်မြင်မှု ရှာရမည်၊
ဘ၀နေခြည် အတွက်ကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

မိတ်ဆွေများ ဆုံးရှုံးပြန်၊
အထီးကျန် မြို့တော်ထဲ၊
အဖေါ်ကွဲကာပေ။
သို့ပေမယ့် အောင်မြင်မှုတွေ၊
စောင့်ကာနေလေရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

မြတ်နိုးရသူတယောက်၊
ပန်းကောက်ရင်း ဆုံခဲ့ပေ။
သို့သော်လည်း တကိုယ်ရည်၊
ထားခဲ့ရပေ။
နေရစ်တော့ ကြင်သူရေ၊
ငွေရှာရဦးမယ်ကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

ကောင်းပေရဲ့ ၀င်ငွေ၊
ဒီရေအလား။
သို့ပေမယ့် အားလုံးကို၊
လွမ်းပိုရအား။
မိသားစုအလယ်
'ဧည့်သည်' အလားပမာကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

သူတို့တွေ လိုအပ်တုန်း၊
အနီးဆုံး မနေနိုင်။
သူတို့နားနေချင်စိတ်၊
ထိန်းမရမှိုင်။
ဘဏ်မှာတော့ တိုးလို့လှိုင်၊
အခြေတော့ခိုင်ပါရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

သူတို့တွေပျော်ကြတုန်း၊
အဝေးဆုံးရောက်နေ။
သူတို့တွေ ပူဆွေးကြ၊
မျှဝေမရပေ။
တိုးသထက်တိုးလို့နေ၊
လခငွေရှိလေရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

ချစ်ခင်ရသူတွေအား၊
နှုတ်ဆက်စကား ဆိုဖို့ကျန်။
ကိုယ့်ကိုယ်ကိုယ် ဒီအတွက်၊
ဖြေသိမ့်ခက်ပြန်။
လကုန်တော့ အချိန်မှန်၊
အလျှံပယ် လစာနဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

မင်းလိုရင်အမြဲရှိမယ်ပေါ့၊
ဘယ်တော့မှ မပြောနိုင်။
ဆက်ရမယ့်ခရီးလမ်း၊
မမှန်းဆနိုင်။
ဝင်ငွေတော့ ဖြိုးလို့ခိုင်၊
လျှံကာလှိုင်နေရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

သားငယ်ကကိုယ့်ကိုမေ့၊
အဖေ့ကိုရှောင်။
ထွေးဖက်ချင်ရင်သော်မှ၊
ပေးရလက်ဆောင်။
သားလိုသမျှလက်မရှောင်၊
ဈေးခေါင်ခိုက် ၀ယ်နိုင်ရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

ကိုယ့်ကို တမ်းတချိန်က၊
ငွေလိုမှလေ။
ကိုယ့်အိမ်မှာနေသော်မှ၊
အဖေါ်မဲ့ကာနေ။
ချက်လက်မှတ်အသင်္ချေ၊
ကုဋေချီပေးနိုင်ရဲ့။
လူအများပြောကြပြန်၊
ကျနော် မှန်သတဲ့။

မရဏနယ်ပယ်လမ်း၊
မြန်းရမယ် မကြာခင်။
လူတိုင်းပင်ရှောင်မရ၊
သင်္ခါရအစဉ်။
သို့ပေမယ့် ဘဏ်ထဲတွင်၊
ငွေရွှင်ရွှင် ကျန်ခဲ့။
လူတွေကပြောကြပြန်၊
'ကျနော် မှန်တယ်' တဲ့။ ။

အမည်မသိ အင်္ဂလိပ်စာဆို

I made the right choice

I left my home and my friends,
I left whom I loved,
To be successful in life,
People said I made the right choice.

I lost my friends,
I was alone in my town,
But success was waiting for me,
People said I made the right choice.

I met someone great,
I left her alone,
Because I had to make money,
People said I made the right choice.

I became guest in my family,
I missed everyone all the time,
But I made good money,
People said I made the right choice.

I couldn't be there when needed,
I missed every moment I wanted to be there,
But my bank balance was going high,
People said I made the right choice.

I couldn't celebrate their happiness,
I couldn't share their sorrows,
But my salary increased,
People said I made the right choice.

I couldn't even say good byes, to whom I loved,
I will never forgive myself for that.
But I get handsome salary every month,
People said I made the right choice.

I could never say I'll be there for you,
I never knew where I'll be going next,
But I kept on earning good money,
People said I made the right choice.

I was forgotten by my 2 year-old child,
I had to buy gifts to hug him,
But I could afford any gift he wanted,
People said I made the right choice.

I was only thought of when money was needed,
I became disturbance in my own house,
But could give them blank cheques,
People said I made the right choice.

Soon I will die,
And wont be remembered as part of something,
But there will be still money in my bank,
People will still say....'I made the right choice'
-unknown-

သူငယ်ချင်းတယောက် ပို့ပေးလိုက်တဲ့ အင်္ဂလိပ်လို ကဗျာလေးကို ကျနော်အချိုးတွဲပုံစံ ပြန်ရေးထားတာပါ။ မူရင်းကဗျာလေးကိုပါ တင်ပေးလိုက်ပါတယ်။
ဒါဟာ ကျနော်တို့ Expatriate တွေရဲ့ဘ၀ပါပဲ။ Professional expatriate တယောက်ဖြစ်ဖို့ ပေးရတဲ့အရင်းအနှီးတွေက ဒါတွေလား ... Opportunity cost က ကြီးမြင့်လှပါတယ် ... နိုင်ငံခြားမှာ ၀င်ငွေကောင်းကောင်းနဲ့ အလုပ်လုပ်နေကြရတဲ့သူတွေမို့ အပျော်ကြီးပျော်နေကြမယ်လို့ မထင်ကြ စေလိုပါ ..
ကျနော်တို့ မှန်ရော မှန်ပါရဲ့လားခင်ဗျာ ...

Read More...

ပဟေဠိ

ချစ်မိတာ၊
အပြစ်ရှိပါသလား။

စိုးစိတ်မှာ၊
တိုးတိတ်စွာ အဖြေညှိ၊
ပဟေဠိများ။ ။


ဒွေးချိုးကလေးပါ။ ဒီ့ထက်တိုအောင်တော့ မရေးတတ်တော့ပါဘူးဗျာ ...

Read More...

ဥဒ္ဒိစ္စ

အိပ်မက်ကိုစေ၊
လေပြည်တဲ့လား။
တိမ်ကဝေ သွဲ့နှောင်းဆင့်၊
နွဲ့ပြောင်းလွင့်ပါး။

အိပ်မက်အိမ်ပေါ်မှာ၊
ပျော်ပါရဲ့လား။
မှော်ဆရာ ကြိုးစက်ဝင့်၊
ပျိုးပြက်ပွင့်သွား။

အိပ်မက်ကပုံပြင်၊
ယုံချင်သူ့အမှား။
မြခွါညိုအိပ်တန်းတက်၊
စိတ်နွမ်းရက်များ။

အိပ်မက်ရဲ့ခြေရာ၊
ကဗျာတဲ့လား။
ဝစ္ဆသာ စံရာလှမ်း၊
ပန်းပွင့်စေသား။ ။

Read More...

သခင်ခြေရာဖျောက်လေလား

အိပ်မက်ဝေဝါး၊ ဆောင်းရက်များသို့၊
မြက်ဖျားနှင်းရည်၊ ဆွတ်ကာသီသော်၊
ဝါရီဝေနောက်၊ လမ်းတလျှောက်ဝယ်၊
နွမ်းခြောက်ရင်ပူ၊ ဘဝင်ဆူ၍၊
ကြင်သူမတွေ့၊ သည်တနေ့တွင်၊
မမွေ့ပျော်ချင်၊ သက်ပြတ်ငင်သည်။ ။
သခင်ခြေရာဖျောက်လေလား

တိမ်ထက်စေစား၊ မိုးမြင့်ဖျား၌၊
လွင့်ပါးခိုက်ဝယ်၊ မကိုဋ်ကြယ်သို့၊
လှိုက်နွယ်တင့်ဖြိုး၊ ခေါင်မြင့်မိုးမှ၊
ဝင့်ပျိုးရောင်ခြည်၊ ကိုးဆောင်ရည်ဆင့်၊
အောင်စည်လွင်နန်း၊ ရွှေလင်ပန်းနဲ့၊
ဆင်မြန်းချင်းခြွှေ၊ တော်ဝင်ဆွေလား၊
အခြေရယ်မြင့်၊ မျက်မှောင်ဝင့်ကာ၊
ဂုဏ်တင့်မာန်အင်၊ သူ့စိတ်သွင်ဝယ်။ ။
ဘဝင်ခြွှေကာ မောက်လေလား

ငြိမ်သက်လေအား၊ လွမ်းသူ့ပါးကို၊
ကိုယ်စားစေရောက်၊ စာခွေလောက်မှ၊
မထောက်မတွေး၊ သူမရေးဘဲ၊
မြသွေးရောင်ဆင်၊ စိမ်းဟန်ပြင်သူ၊
မာန်ဝင်မြယိမ်း၊ သူကတိမ်းလည်း၊
မစိမ်းနိုင်သူ၊ ရင်မှာပူကာ၊
ကဗျာပင်ခြေ၊ စာနှင်စေမယ်။ ။
အလျင်သွေမကြာ ရောက်စေသား

ဒီရတုလေး ရေးထားတာ ကြာတော့ကြာခဲ့ပါပြီ။ ရိုးရိုး အချီညီ အချညီ ပိုဒ်စုံရတုလေးပါပဲ။ အခုမှ ပြန်ခံစားမိလို့တင်လိုက်တာပါ။

Read More...

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၄)

မပြီးဆုံးသေးတဲ့ 'အစပ်၊ အဟပ်' အကြောင်းထဲက 'နဘေ' စပ်နည်း (၈)ပါးအကြောင်းကို ဆက်ပါဦးမယ်။

နဘေစပ်နည်း (၈) ပါး
နဘေစပ်နည်းကို သံညှင်း၊ ပြဇာတ်၊ တေးထပ်ကြီး၊ ရှစ်ဆယ်ပေါ်တေးထပ်၊ ရတုအချီအချပိုဒ် တွေမှာ အသုံးများပါတယ်။ နဘေစပ်နည်း (၈) ပါးကတော့ ...
(၁) နဘေစပ်နည်း
(၂) ပြန်ကဟပ် စပ်နည်း
(၃) ရွက်ချပ် စပ်နည်း
(၄) ကတ္တရာ စပ်နည်း
(၅) ချိန်ခွင်ညှာ စပ်နည်း
(၆) ခြင်္သေ့လည်ပြန် စပ်နည်း
(၇) တေ့ဆက် စပ်နည်း
(၈) နဘေပြန်ကဟပ် စပ်နည်း ... တို့ဖြစ်ပါတယ်။

နဘေ ပြန်ကဟပ်ရွက်ချပ် ကတ္တရာ
ချိန်ခွင်ညှာ ခြင်္သေ့၊ တေ့ဆက် (တထွေ)၊
နဘေပြန်ကဟပ်၊ ဤရှစ်ရပ်သည်၊
အစပ် နဘေ ရှစ်ပါးတည်း ...
လို့ လင်္ကာလေးနဲ့ မှတ်ထားလို့ရပါတယ်။

(၁) နဘေစပ်နည်း
ဒါကတော့ အက္ခရာအနည်းအများအလိုက် အပိုဒ်အချင်းချင်းကာရန်တူစပ်ဆိုနည်းပါဘဲ။ ဥပမာ -
လောကိ၊ ဗောဓိ၊ မောဠိ။ တတ်မျိုး၊ မြတ်နိုး၊ မှတ်ကြိုး (၂လုံးစပ်)
မှားခဲ့ပြီ၊ သွားတဲ့ဆီ၊ အားနွဲ့မှီ။ မြတင်မေ၊ ညစဉ်ပေ၊ လှပြင်နေ (၃လုံးစပ်)
မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ (၄လုံးစပ်၊ မဲဇာတောင်ခြေ ရတု အချီပိုဒ်များ)

မယ်တို့နယ်မှာ ဆွမ်းတသပိတ်မျှ မလွမ်းတဲ့ပြင်
ပယ်ဘို့ပယ်ရာ ချွန်းအနိစ္စ ကမ္မဋ္ဌာန်းတွေနဲ့
ဘယ်သို့ဘယ်ညာ ညွှန်းစိတ်က မမှန်းရအောင်
ကျမ်းပြုသမျှ ဟိတ်တွင်မှ ပရိတ် ဗြဟ္မစိုရ်အခြေ
(အိုကွယ်) ပဋ္ဌာန်းကုသလ တိတ်ကယ်နှင့် စိတ်ကိုဖြေ (လေးချိုးကြီး)

ဒီလောက်ဆိုရင် နဘေကို မြင်လောက်ပါပြီ။

(၂) ပြန်ကဟပ် စပ်နည်း
ရှေ့ကာရန်တွေကို နောက်ကာရန်က တစ်ချက်ပြန်ငုံပြီး အစုံအလင် ဟပ်လို့စပ်သွားတဲ့ နည်းဖြစ်ပါတယ်။ ဥပမာတွေကို ကြည့်ပါ။

ဖလ်မြေ မှန်မြေ ရံဝေဘိ၊
စံရွှေအတိ ပြည့်ချက်ညှာ၊
ဟံဗွေမဟိ စည့်မျက်နှာဝယ်၊
ရှက်ဖြာ ဆက်ကာ စကြာမျိုး၊
မီးဓါတ် ညီးလျှပ် ကြီးမတ်ပြောင်တယ်၊
ထီး ဓါတ်တန်ဆောင် မှန်ကင်းထူလို့မိုး။

ထုံးဖြစ် ဘုန်းလှစ် ကျုံးရစ်သွယ်တယ်၊
ကုန်းမြစ်အကျယ် သိန်မညှိုး၊
သုံးခေတ်အလယ် ရှိန်တခိုးနှင့်၊
ပုထိုးတော်မြတ် တိဂုန်ရှင်၊
မွှေးကြူ ရေးယူ ရှေးမူတိတ်၊
လေးဆူတံဆိပ် ဗျာဒိတ်ညွှန်သိုက်ဝင်။

အဆင့် အရင့် ပလ္လင့်ပြင်ဝယ်၊
တခွင့် တခွင် နာရီလင့်လို့၊
ရာသီ အိမ်သင့် ချိန်ပွင့်တစေ၊
သိန်တင့် သိန်သရေ၊
နတ်နန်းဘုံရွှေ့ မြတ်ပန်းခုံကွေ့ ပုံရွေ့ကြွေတယ်၊
ထုံငွေ့ဝေေ၀ သိင်္ဂုတ်တောင်ပ လေး .... ။ ။

(ဆရာကြီးဦးဝေ ရေးတဲ့ သိင်္ဂုတ္တရတောင်တော်ဖွဲ့ရှစ်ဆယ်ပေါ်တေးထပ်ဖြစ်ပါတယ်။ အလွန်တွေ့ရခဲလို့ အစအဆုံးဖေါ်ပြ ထားပါတယ်လို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဆိုထားတဲ့အတွက် ဖတ်ရအောင်လို့အစအဆုံး ဖေါ်ပြပေးလိုက်ပါတယ်။)

ဒီစပ်နည်းမှာ 'ဖလ်မြေ၊ မှန်မြေ' ဆိုတဲ့ ရှေ့နှစ်ပိုဒ်ကို 'ရံဝေဘိ' ဆိုပြီး နောက်တပိုဒ်က အကုန်ပါအောင် ဟပ်ပြီး စပ်လိုက်ပါတယ်။ တခါ အဲဒီ 'ဖလ်မြေ မှန်မြေ ရံဝေဘိ' ဆိုတဲ့ သုံးပိုဒ်လုံးကို 'စံရွှေအတိ' ဆိုပြီး နောက်အပိုဒ်က ပြန်ပြီးဟပ်လို့စပ်လိုက်ပါတယ်။ ကျန်တဲ့အပိုဒ်တွေမှာလည်းအလားတူပါဘဲ။ ရှေ့ကာရန် တွေကို နောက်ကာရန်က ပြန်ကာဟပ်ပြီး စပ်လို့ 'ပြန်ကာဟပ်' သို့မဟုတ် 'ပြန်ကဟပ်' လို့ခေါ်ပါတယ် ဆိုပြီး ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ ပထမအပိုဒ်က မူလကာရန်ကို သုံးလေးပိုဒ်ခြားပြီးမှ ပြန်ကာဟပ်ပြီးစပ် လို့ (အဲဒီနောက် ထိုက်သင့်သလိုရေးသားရလို့) ပြန်ကဟပ်စပ်နည်းလို့ ခေါ်တယ်လို့ ပြောထားပါတယ်။ ဥပမာ -

အ၀န်းညီမျှ၊ ကျွန်းဒီပမှာ၊ ကွန်းချီမြရှိန်၊
နနွင်းသာခဲ့၊ ပယင်းဝါမှဲ့ကဲ့သို့၊ ၀င်းလဲ့လဲ့ထိန်။
နီဖလန်ဘိုး၊ ပြည်တန်မျိုးကဲ့သို့၊ သတိုးစိန်ကလေးဗျ ....

အထက်ပါ မာန်လည်ဆရာတော်ဘုရားကြီးရဲ့ မင်းသားကြီးအိမ်နိမ့်ပေးစာမှာ ပါတဲ့အတိုင်း ပထမသုံးပိုဒ် အဆုံးက 'ရှိန်' ကို နောက်ထပ် သုံးပိုဒ်ခြားပြီး 'ထိန်'၊ နောက်တစ်ခါ သုံးပိုဒ်မြောက်ကျမှ 'စိန်' ဆိုပြီး ပြန်ပြီး ဟပ်ယူပြီးစပ်သလို ကာရန်ယူတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မူလအပိုဒ်တွေမှာ ယူထားတဲ့ နဘေတွေဖြစ်တဲ့ 'အ၀န်းညီမျှ၊ ကျွန်းဒီပမှာ၊ ကွန်းချီမြ'၊ 'နနွင်းသာခဲ့၊ ပယင်းဝါမှဲ့'၊ 'နီဖလန်ဘိုး၊ ပြည်တန်မျိုး' ဆိုတဲ့ အစပ်တွေကို သတိပြုရပါမယ်။ ချန်ထားခဲ့လို့မရပါဘူး။ ကျနော့်သဘောကိုပြောရရင်တော့ ကဗျာစွယ်စုံကျမ်းကြီးထဲက နည်းဟာ ပိုပြီးသင့်တော်တယ်လို့ ထင်ပါတယ်။

(၃) ရွက်ချပ် စပ်နည်း
သစ်ရွက်နှစ်ရွက်ထပ်နေသလို အစပိုဒ်ရဲ့ကာရန်ကို အဆုံးသတ်မှာ ထပ်ပြီးစပ်ဆိုတာကို ရွက်ချပ်စပ်နည်း လို့ခေါ်ကြောင်း ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဆိုထားပါတယ်။ ပုံစံပြထားတာကတော့ -

ယဉ်အထပ်ထပ်၊ ရိုင်းမစပ်သည်၊ ဟပ်ပြန်ကဖက်စာ၊
သကာနှင့်ပျား၊ သကြားမတန်၊ ချိုမောဟန်သည်၊ ဟပ်ပြန်ကဖက်စာနှင့်၊
လျှောက်ပါမည်ယခု၊ နတ်တူရိယာ၊ မက သာအောင်၊ လျှောက်ပါမည်ယခုရှင့်။
ရွှေအုမယ်နာယူ၊ အယဉ်မျိုးစု၊ ပြိုင်မတုသည်၊ ရွှေအုမယ်နာယူပ ...
စသဖြင့်ပါဘဲ။
ဒီလို 'ဟပ်ပြန်ကဖက်စာ'၊ 'လျှောက်ပါမည်ယခု'၊ 'ရွှေအုမယ်နာယူ' တို့ကို တခါစီ ထပ်ထပ်ပြီးစပ်ထားတာ ကို ရွက်ချပ်စပ်နည်းလို့ ခေါ်တယ်ဆိုပြီး ပြထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ 'သစ်ရွက်ချပ်တို့မည်သည် အများအားဖြင့် ထပ်၍ချပ်၍နေသကဲ့သို့ လုံးရေ နည်းရာ၌လည်းကောင်း၊ များရာ၌လည်းကောင်း ၂ပိုဒ်စီ၊ ၂ပိုဒ်စီ ထပ်ကာချပ်ကာ နဘေသွား ရေး စပ်ရလေသောကြောင့် ရွက်ချပ်စပ်နည်းဟု ခေါ်ဆိုရ၏' လို့ ဆိုထားပါတယ်။ ဥပမာအနေနဲ့ ...

သာကိယမဟေ၊ ပြာဋိဟအခြေဖြင့်၊
အသရေဆောင်မြင့်ကွန်းဝယ်၊ ပရမေပြောင်တင့်ရွှန်းလျက် ...

အထက်ပါပြယုဂ်မှာ 'သာကိယမဟေ' နဲ့ 'ပြာဋိဟအခြေ' ဆိုတဲ့နှစ်ပိုဒ်ဟာ တပိုဒ်ကိုတပိုဒ် ရွက်ချပ်နှစ်ခု ထပ်နေသလို နဘေစပ်ထားပါတယ်။ ဒါ့အပြင် နောက်နှစ်ပိုဒ်ကိုလည်း အလားတူဘဲ စပ်ထားပါတယ်။ ဒါတွင်မကဘူး ပထမနဘေနှစ်ပိုဒ်နဲ့ ဒုတိယနဘေနှစ်ပိုဒ်အကူးမှာလည်း ကုပ်ဆက်အနေနဲ့ 'အခြေ' နဲ့ 'အသရေ' ကို ကာရန် ညီနိုင်သမျှ ညီအောင် ယူခဲ့ရပါသေးတယ်။
ဒီနဘေယူနည်းကတော့ စာအုပ်နှစ်အုပ်မှာ နှစ်မျိုးဖြစ်ပြီး ၀ိဝါဒကွဲပြားနေပါတယ်။ ကျနော်ကတော့ ဘယ်ဟာမှန်တယ် ရယ်လို့ မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမယ့် ကဗျာစွယ်စုံကျမ်းကြီးထဲက နည်းက မှန်တယ် လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပုပ္ပါးဦးကျော်ရင် အမည်ခံ ဦးကောဝိဓ (က၀ိဘာရတီဆရာ) ကလည်း ဒီနည်းကိုဘဲ ရွက်ချပ်စပ်နည်းလို့ ဖေါ်ပြထားလို့ပါဘဲ။

(၄) ကတ္တရာ စပ်နည်း
ကာရန်တူနှစ်ပိုဒ်စီထားပြီး စပ်ဆိုတဲ့နည်းဖြစ်ပါတယ်။ အောက်ကဥပမာကို ကြည့်ပါ။

တဘုန်းချစ်ဖွဲ့ မိတ်မဟာငယ်၊
တလုံးလှစ်တဲ့ စိတြာနှင့်၊
ဆိတ်မကွာ ငွေယုန်နတ်ကယ်တို့၊
အတိတ်လာ ရွေစုံမတ်ပါတဲ့၊
လေသုန်ဟပ် ခွင်မိဿာကို ....
(ဘိုးဝဇီရ မှာတမ်း မှ)

ဒီအဖွဲ့မှာ 'တဘုန်းချစ်ဖွဲ့ မိတ်မဟာ၊ တလုံးလှစ်တဲ့ စိတြာ'၊ ဆိုပြီး နှစ်ပိုဒ်၊ 'ဆိတ်မကွာ ငွေယုန်နတ်၊ အတိတ်လာ ရွေစုံမတ်' ဆိုပြီး နှစ်ပိုဒ်၊ ဒီလို နှစ်ပိုဒ်စီ ကာရန်တူနဘေယူပြီးစပ်တဲ့နည်းကိုခေါ်ပါတယ်လို့ ကဗျာ စွယ်စုံကျမ်းကြီးထဲမှာ ပြထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ 'အနည်းဆုံးအားဖြင့် အက္ခရာ ၄လုံး၊ ၅လုံး ရှိသည့်အပိုဒ်တို့ကို ၂ပိုဒ်စီ ထားပြီး ပထမပိုဒ်အဆုံးနှင့် ဒုတိယပိုဒ်အစကို ခုပ်ကာကပ်ကာ ပြန်ကာလှန်ကာ ဟပ်၍ဆက်စပ်ရသော ကြောင့် ''ကတ္တရာ စပ်နည်း'' ဟု ခေါ်ရ၏' လို့ ဆိုထားပါတယ်။ ဥပမာအနေနဲ့ ...
အနန္တ ဇိန
အမိတ မှန်ကူ၊
သယမ္ဘူ အာဟိန်
သာကိန် သင်းကျစ် ...
အထက်ပါပြယုဂ်မှာ ပထမပိုဒ်အဆုံးက 'ဇိန'ကို ဒုတိယပိုဒ်အစက 'အမိတ'နဲ့ နှစ်လုံးစီ နဘေချင်းထပ်အောင် စပ်ထားပါတယ်။ တစ်ခါ 'မှန်ကူ' နဲ့ 'သယမ္ဘူ'၊ 'အာဟိန်' နဲ့ 'သာကိန်' ဆိုပြီးလဲ ရှေ့ပိုဒ်အဆုံးနဲ့ နောက်ပိုဒ်အစကို နဘေဆက်ထပ်ထားပါတယ်။ ဒါ့အပြင် အမရပူရခေတ် စာဆိုတော် ဦးစံသူ ရဲ့ မှတ်တမ်းမှာလည်း -
'ရေးမတန် ဆွေးဟန်ကြွေလို့ မူးချည်ငဲ့
အေးမဘန် တွေးရန် တဖုံထူးလေငဲ့'
ဆိုပြီး စပ်ထားရာမှာ ' ရေးမတန် ဆွေးဟန်' လို့ နဘေခံခဲ့ပြီး 'အေးမဘန် တွေးရန်' လို့ နဘေကာရန်ဟပ် ပြန်စပ်ထားတာကိုတွေ့ရပါတယ်။ ဒါကိုလည်း ဆရာတို့က ကတ္တရာ စပ်နည်း လို့ ခေါ်ကြပြန်ကြောင်း ပြဆို ထားပါတယ်။
ဒီ စပ်နည်းကို လေးချိုး၊ ဒွေးချိုး၊ တေးထပ် စတဲ့ကဗျာတွေမှာ သုံးလေ့ရှိတယ်လို့ဆိုပါတယ်။
ဒီနည်းကတော့ စာအုပ်နှစ်အုပ်မှာ သိပ်ပြီး ကွဲပြားမှုမရှိလှပါဘူး။ ဒါပေမယ့် 'အနန္တ ဇိန၊ အမိတ မှန်ကူ၊' ဆိုတဲ့ စပ်နည်းကလည်း လှပတဲ့စပ်နည်းဖြစ်တဲ့အတွက် ဒီစပ်နည်းကိုလည်း မှတ်သားထားသင့်ပါတယ်။

(၅) ချိန်ခွင်ညှာ စပ်နည်း
ကာရန်နှစ်ခုကြားမှာ အပိုပိုဒ် တစ်ပိုဒ်အနေနဲ့ထည့်သွင်းစပ်ဆိုထားတာကို ချိန်ခွင်ညှာ စပ်နည်း လို့ခေါ် တယ် ရယ်လို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားပါတယ်။ ဥပမာ -
'လေရူးသုန်သုန် မြူးငယ်ကာအုံ၊ မြူမှုန်တ၀ိုက် နှင်းတလိုက်ကယ်နှင့်၊ တိမ်တိုက်ကမှောင် (မာလာရင့်နှော၊ ပန်းစုံပေါပါတဲ့၊) တောသာခေါင်တဲ့မှ တောသာခေါင်'
ဆိုတဲ့ သိင်္ဂါသံကဗျာမှာ ကွင်းအတွင်းကအပိုဒ်ကို ချိန်ခွင်ညှာပမာ ထည့်သွင်းစပ်ဆိုထားတယ်လို့ ဆိုပါတယ်။
ဒီအစပ်တွေကို ရှာပုံတော်နဲ့ ညည်းချင်းတွေမှာ အများအပြားတွေ့နိုင်တယ်လို့လဲ ပြောထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ အစပ်၆ပါးထဲက ချိန်ခွင်လျှာစပ်နည်း နဲ့ အတူတူပဲလို့ ဖေါ်ပြထား ပါတယ်။ တပိုဒ်နဲ့တပိုဒ်ကို မူလကာရန်အနေအထားအတိုင်းထားပြီး အလယ်မှာ နဘေထပ်ပေးလိုက်တာ ဘဲ ကွာတယ်လို့ ဆိုပါတယ်။ ဥပမာပြထားတာကတော့ -
စုံနံ့သာမြိုင်၊
ရဂုံတွင်း
ထုံသင်းငယ်ကြိုင်
အထက်ပါရှာပုံတော်ကြီးပြယုဂ်မှာ ကာရန်အနေအထားတွေကို ချိန်ခွင်လျှာစပ်နည်းအတိုင်းဖြစ်ပြီး ဒုတိယပိုဒ် အဆုံးက 'ဂုံတွင်း'ကို တတိယပိုဒ်အစက 'ထုံသင်း'နဲ့ နဘေချင်းထပ်ပေးလိုက်တာသာ ဖြစ်တယ် လို့ ဆိုထားပါတယ်။
ဒီနည်းကတော့ စာအုပ်နှစ်အုပ်မှာ နှစ်မျိုးဖြစ်နေတဲ့အတွက် ၀ိဝါဒကွဲပြားနေပြန်ပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးကို ဖေါ်ပြပေးလိုက်ပါတယ်။ တတ်ကျွမ်းနားလည်သူများ ရှိရင် အကြံပြုဝေဖန်ဆွေးနွေးပေးကြ စေလိုပါတယ်။

(၆) ခြင်္သေ့လည်ပြန် စပ်နည်း
လေးငါးပိုဒ်လောက်စီ စပ်ဆိုသွားပြီးမှ မူလကာရန်ကို ပြန်ငဲ့တဲ့ စပ်နည်းမျိုးဖြစ်ပါတယ်။ ခြင်္သေ့မင်းဟာ လေးငါးလှမ်း လှမ်းပြီးရင် နောက်ကိုလည်ပြန်ကြည့်တတ်သလိုမျိုးနဲ့ တူလို့ ဒီနာမည်ပေးထားတာလို့ ဆိုပါတယ်။ ဒီစပ်နည်းက သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲဖြစ်ပြီး ဥပမာ တမျိုးစီပြထားပါတယ်။
ကဗျာစွယ်စုံကျမ်းကြီးထဲမှာတော့ -
ဉာဏ ဉာဏ၊ ၀ိလာသသည်၊ ဉာဏစိန္တေယျာ၊
ပင်လယ်သာဂရ၊ အာကာသသည်၊ နန္တစက္က၀ါနှင့်။
မဟာဝိသယ၊ ကြွင်းမဲ့လုံးစုံ၊ ဉာဏ်တော်ခြုံသည်၊ အာရုံရှိသမျှတည်း။
ဆိုပြီး 'စိန္တေယျာ' ဆိုတဲ့အပိုဒ်က 'ယျာ' ကာရန်ကို ပင်လယ်သာဂရ၊ အာကာသသည် လို့ နှစ်ပိုဒ်ကျော်ပြီး မှ 'နန္တစက္က၀ါ' လို့ '၀ါ' ကာရန်နဲ့ပြန်ငဲ့လိုက်ပါတယ်။ သျှိုးလိုက်ရတုစပ်နည်း လို့လဲခေါ်ပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာကတော့ -
ရွှေကြာကမုဒ်
နှင်းမှုံရနံ့
ညှင်းလှုံသန့်လျက်၊
သင်းထုံပျံ့ ရွှေနှုတ်မှ ....
ဆိုပြီး 'မုဒ်' ဆိုတဲ့ မူလကာရန်ကို နောက်ထပ် သုံးပိုဒ်ရောက်မှ 'နှုတ်' ဆိုတဲ့ အစပ်ကာရန်နဲ့ လည်ပြန် ပြန်လှည့်ကြည့်တဲ့ပုံစံမျိုးကာရန်တူစပ်ဆိုထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် အတွင်းကာရန်တွေလည်း အချင်းချင်းညီရသေးတဲ့အပြင် 'နှင်းမှုံရနံ့ - ညှင်းလှုံသန့် - သင်းထုံပျံ့' ဆိုပြီးလဲ နဘေထပ်ခဲ့ရသေး ကြောင်း သတိပြုရပါမယ် လို့ဆိုပါတယ်။
ဒီနဘေစပ်နည်းမှာတော့ ကဗျာဖွဲ့နည်းနိသျည်းထဲမှာ ရေးထားတာက ပိုပြီး ကြောင်းကျိုးညီညွတ်ဆီလျော် တယ်လို့ ယူဆ ပါတယ်။

(၇) တေ့ဆက် စပ်နည်း
ရှေ့နောက် အပိုဒ်နှစ်ခုမှာရှိတဲ့ကာရန်တွေကို ထိပ်ချင်းဆက်ဦးတိုက်ပြီး စပ်တဲ့နည်းဖြစ်ပါတယ်။ အစပ် (၆)ပါး ထဲက ဦးတိုက်စပ်နည်းနဲ့အတူတူပါဘဲ။ ဒီစပ်နည်းကလဲ သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲတွေ့ရပြီး ဥပမာ တမျိုးစီပြထားပါတယ်။
ကရုဏာဒေါသောစောမိသည့်စိတ်၊ မဆိတ်မညံ၊ ပရိယာယ်နှင့်၊ သည်နှယ်ဖြင့်ကြံကလဲ၊ တရံတခါ၊ အာသာဆန္ဒ၊ ငွေဖလားကို၊ စိတ်ယားတိုင်းတောင့်တ၍၊ မိဿ-ပြိဿ၊ မကာရ-သိန်မိန်-ကရကဋ်၊ ရုပ်ဓါတ်နိမိတ်၊ ဆိတ်နှင့်နွားလားသားနှင့်ကိန္နရီ ....
ဒီ ပုံစံမှာ 'ကရုဏာဒေါသော၊ စောမိသည့်စိတ်' ဆိုတဲ့နေရာမှာ သော နဲ့စော၊ 'မကာရ-သိန်၊ မိန်-ကရကဋ်' မှာ သိန် နဲ့ မိန်၊ 'ဆိတ်နှင့်နွားလား၊ သားနှင့်ကိန္နရီ' မှာ လား နဲ့ သား၊ အစရှိသဖြင့် ဦးတိုက် ဆက်စပ် ထားပါတယ်။
ရွှင်ရွှင်ပျပျ၊ ကကသီသီ၊
ချီချီကြူးကြူး၊ ထူးထူးဆန်းဆန်း ...
ဆိုတဲ့ နေမိဘုံခန်းပျို့ မှာတော့ ဦးတိုက်စပ်နည်းအတိုင်းစပ်ပြီး ပျပျ နဲ့ ကက၊ သီသီနဲ့ချီချီ၊ ကြူးကြူး နဲ့ ထူးထူး ကို နှစ်လုံးစီ လုံးတူနဘေထပ်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဥတိန္နပျို့မှာ -
တိုင်းအတည်တည်ပြည်အစို့စို့၊ မြို့အခန်းခန်းနန်းအသီးသီးထီးအဆူဆူ.. ဆိုတာလဲ တေ့ဆက်ပါဘဲ။

(၈) နဘေပြန်ကဟပ် စပ်နည်း
နဘေစပ်နည်းအတိုင်း အပိုဒ်တူတွေကို သုံးလေးပိုဒ် စပ်ဆိုပြီး တစ်ခါလိုရာကာရန်တွေပြောင်းပြီး ထပ်တူ ဟပ်လို့ စပ်ဆိုတဲ့နည်းဖြစ်ပါတယ်။ ဒီစပ်နည်းကလဲ သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲတွေ့ရပြီး ဥပမာ တမျိုးစီပြထားပါတယ်။
ဘိုးဝဇီရ မှာတမ်းတခုမှာ -
သမိုက်ခြားကာတိုက်ငါးရွာက၊
ကိုဋ်ဖျားညှာ မှုန်ရွှေဝတ်ကိုတော့၊
ကုန်ခြွှေဆွတ် လှမ်းမလွယ်သောကြောင့်၊
ပမ်းမပယ်ဆွေးပုံဆင့်တာမို့၊
အေးကြုံနှင့်ဖန်စေချင်တဲ့၊
ဟန်ငွေသွင်လွှာအနုငယ်နှင့်
စာ ယခု သ လိုက်ရပါတော့မယ် ...
ဒီနည်းကို ပိဋကတ်သွား၊ စာခုတ်သွား၊ ခုတ်လုံးသွား ဆိုပြီးတော့လဲ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ပြထား ပါတယ်။
ဒီနဘေစပ်နည်းမျိုးတွေဟာ စာဆိုအကျော် ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ တို့ရဲ့ လက်ထက်တော်မှာ မပေါ်ပေါက်သေးဘဲ အမရပူရမြို့ ဘကြီးတော်မင်းတရား လက်ထက်တော် ကျမှသာ ပေါ်ပေါက်လာခဲ့ ကြောင်း ဆရာတို့ ဆိုထားပါတယ်။

ကဗျာတပုဒ်မှာ နဘေပါတာနဲ့ မပါတာ အရသာဘယ်လိုကွာသလဲဆိုတာ အောက်က ကဗျာနှစ်ပိုဒ်ကိုသာ ယှဉ်ကြည့်ကြပါ။
(၁)
ရင်ကမူ၊ စိတ်တူညီမျှလို့၊ အောင် ပ ကု လား။ ။
ခုမှကို၊ အသစ်တဖန်ပိုလို့၊ ဦး ညို ခေ မာ ဖြစ်အောင်၊ ဘုန်းပစ်လို့သွား။ ။

(၂)
ရေဓါတ်ကယ်ကြည်၊ ခွေပတ်လည် ဟိုအငူက၊ နှစ်ဆူဘုရား။ ။
ရီကာရယ်မှောင်၊ နီလာရောင် ညိုအရွက်တွေနှင့်၊ စိုယှက်ကာ ပင်ခြေအုပ်မှာကွယ်၊ ထင်းခုတ်သမား။ ။

အထက်ပါကဗျာနှစ်ပုဒ်လုံးဟာ ဒွေးချိုးတွေချည်းဖြစ်ပြီး စည်းမျဉ်းဥပဒေနှင့်လည်း ညီတဲ့အပြင် အဓိပ္ပါယ် လည်း ကောင်းတာချည်းပါဘဲ။ ဒါပေမယ့် အသံထွက် ရွတ်ကြည့်လိုက်ရင်တော့ ဒုတိယအပုဒ်က ပိုရွတ် လို့ ကောင်းတာတွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နဘေကြောင့်ပါဘဲ။ ပထမအပုဒ်မှာ နဘေ လုံးဝမပါဘဲ ဒုတိယအပုဒ်က နဘေထပ်ထားတာ တွေ့ရပါလိမ့်မယ်။
ဒါလောက်ဆိုရင် မြန်မာကဗျာမှာ နဘေရဲ့ အရေးပါပုံကို မြင်သာလောက်ပါပြီ။
အခြေခံအချက်တွေထဲက ကျန်နေသေးတဲ့ 'ကြိယာ' အကြောင်းနဲ့ တခြားဆက်စပ်တဲ့ အကြောင်းလေးတွေကို ဆက်ပါဦးမယ်။

Read More...

Thursday, 28 August 2008

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၃)

အစပ်၊ အဟပ်
အနီးအနားမှာရှိတဲ့ ပုဒ်ခြင်း၊ အသံခြင်း တွဲယူတာကို အစပ် လို့ ခေါ်ပြီး အဝေးမှာရှိတဲ့ ပုဒ်ချင်း၊ အသံချင်း စပ်အောင် 'ဟပ်' ယူရတာကို အဟပ် လို့ခေါ်ပါတယ်။
ကာရန်စပ်နည်း အစပ် (၆) ပါး ရှိပါတယ်။ အဲဒါတွေကတော့
(၁) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း
(၂) ထိပ်ချင်းထပ် စပ်နည်း
(၃) ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း
(၄) ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း
(၅) ဘီလူးရယ် စပ်နည်း
(၆) ချိန်ခွင်လျှာ စပ်နည်း တို့ဖြစ်ပါတယ်။

သတ်စေ့နှက် သုံးချက်ညီ စပ်နည်း
အသုံးအများဆုံးနဲ့ အဓိက အသုံးစွဲဆုံးစပ်နည်းဖြစ်ပါတယ်။ ဒီစပ်နည်းကို လေး-သုံး-နှစ် လို့လဲ အတို ခေါ်ကြပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက်၊ ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်နဲ့ တတိယပိုဒ်ရဲ့ နှစ်လုံးမြောက်စာလုံးတွေဟာ ကာရန်ညီရပါမယ်။ အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ရတုထဲက ထုတ်နှုတ်ပြထားတဲ့ အောက် အပိုဒ်မှာကြည့်ပါ။

မဲဇာတောင်ခြေ - - - +
စီးထွေထွေတည်း - - + -
မြစ်ရေ၀န်းလည် - + - x
မြိုင်တောစည်က - - x -
ရွှေပြည်ကိုသာ - x - -

ဒီလို စို့နှက် သတ်ပင်း သလို သုံးပိုဒ်လုံး ကာရန်တူအောင်စပ်ထားတဲ့အတွက် ဒီစပ်နည်းကို (၁) သတ်စေ့နှက် စပ်နည်း၊ (၂) သုံးချက်ညီ စပ်နည်း (၃) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း၊ (၄) သုံးချက်ညီ နဘေစပ်နည်း (၅) မန်ကျည်းရွက်ထပ် စပ်နည်း ဆိုပြီး ခေါ်ကြပါတယ်။ ဒီနည်းကို လေးလုံးစပ်ဖြစ်တဲ့ လင်္ကာ၊ ရတု၊ ပျို့၊ ဧချင်း၊ သံပိုင်း၊ သမိုင်း စတာတွေမှာ စပ်ကြပါတယ်။ ဒါကတော့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ်မှာပါတဲ့အတိုင်းရေးထားတာပါ။ ကဗျာစွယ်စုံကျမ်း ထဲမှာတော့ ဒီစပ်နည်းကို ပထမစပ်နည်းလို့ ခေါ်ပါတယ်။ ပထမစပ်နည်းမှာ နှစ်နည်းထပ်ခွဲထားပါတယ်။ အခုပြခဲ့တဲ့နည်းကို 'သုံးချက်ညီစပ်နည်း'၊ 'လွှာချင်းသံသုံးချက်ညီ စပ်နည်း' လို့ ရှေးပညာရှိတို့ ခေါ်ဝေါ်ခဲ့ကြောင်း ရေးထားပါတယ်။ ဒါ့အပြင် နောက်တနည်းအနေနဲ့ ပထမ၊ ဒုတိယနဲ့ တတိယ သုံးပိုဒ်လုံးကို နှစ်လုံးစီ နဘေပြန်ထပ်တဲ့နည်း ကိုပြထားပါတယ်။ အောက်ကပုံစံကိုကြည့်ပါ။

ချုံး ရိုက် ချုံး ရိုက် - - x +
ဘုန်းကိုက်ဟု x - + -
သုံးတိုက်သျှောင်ဆင့် x + - -

အကြွင်းထားပေ - - x +
စကားနေသော် - x + -
ကြားလေသသူ x + - -

ကျင့်ဟောင်းရှေးတု - - x +
လေးပြုမှ - x + -
အေးသုကာရီ x + - -

ဒါလောက်ဆိုရင် မြင်သာပြီလို့ထင်ပါတယ်။ ဒီနည်းကိုမှ 'မကျည်းရွက်ထပ် စပ်နည်း'၊ 'သုံးချက်ညီနဘေ စပ်နည်း'၊ 'သတ်စေ့နှက်သုံးချက်ညီ စပ်နည်း' ရယ်လို့ခေါ်တယ်လို့ ကဗျာစွယ်စုံကျမ်းက ဆိုပါတယ်။ ဒီ စပ်နည်းမှာ 'x' တွေဟာ တပိုဒ်နဲ့တပိုဒ် လင်္ကာသွား အကူးအပြောင်းအထူးပြေပြစ်စေရန် ကာရန်ယူအပ်တဲ့ ''၀မ်းတွင်းကာရန်'' အက္ခရာတွေလို့ မှတ်ယူ ရပါမယ်။ '+' တွေကိုသာ တပိုဒ်နဲ့တပိုဒ် အစပ်အသံ မှန်ကန် ညီညွတ်အောင် လိုရင်းအနေနဲ့ ကာရန်ယူရမယ့် ''ပဓါနကာရန်'' အက္ခရာတွေလို့ မှတ်ယူရပါမယ်။ ဥပမာဆိုရင် (ရှေးတု၊ လေးပြု၊ အေးသု) ဆိုတဲ့နေရာမှာ ပဓါနကာရန်က တု၊ ပြု၊ သု ဖြစ်ပါတယ်။ ဒီတော့ ပဓါနကာရန်ကတော့ လေး-သုံး-နှစ် ပဲဖြစ်ပါတယ်။ (ရှေး-လေး-အေး) ဆိုတာက ၀မ်းတွင်းကာရန်ဖြစ်ပါတယ်။ ၀မ်းတွင်းကာရန်က ယူရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မယူမဖြစ်ယူရမယ်ရယ်လို့ စည်းမျဉ်းဥပဒေသ မရှိပါဘူး။ ပဓါနကာရန်ကိုသာ မှန်ကန်အောင် ယူရမှာ ဖြစ်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ပထမဆုံးပြခဲ့တဲ့ လေး-သုံး-နှစ် စပ်နည်းဟာ လုံးဝအမှားအယွင်းကင်း တဲ့အတွက် စိတ်ချ ယုံကြည်စွာစပ်နိုင်ပါတယ်။ ဒုတိယနည်းကတော့ ပိုလှပါတယ်။ တတ်နိုင်လို့ စပ်မယ်ဆိုရင်တော့ အကောင်းဆုံး ပါဘဲ။

ထိပ်ချင်းထပ် စပ်နည်း
ဒီစပ်နည်းကို လေး-သုံး-တစ် လို့လဲ အတို ခေါ်ကြပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက်၊ ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်နဲ့ တတိယပိုဒ်ရဲ့ ပထမ စာလုံးတွေဟာ ကာရန်ညီရပါမယ်။ အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီစပ်နည်းမှာ တတိယအပိုဒ်ရဲ့ ပထမ အက္ခရာ ကို ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်အက္ခရာနဲ့ ကာရန်ကိုက်အောင် ထိပ်ချင်းထပ်ပြီး စပ်ဟပ်ရပါတယ်။ ဒီပုံစံကို ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့ အောက်အပိုဒ်မှာကြည့်ပါ။

ပင်လယ်ခြားရာ - - - +
ခရီးကွာသို့ - - + -
မှာလည်းမကြား + - - -
ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ ဒုတိယစပ်နည်းဆိုပြီး ပြထားပါတယ်။

ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း
ဒီစပ်နည်းကို လေး-တစ် လို့လဲ အတို မှတ်လို့ရပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက် အဆုံးစာလုံးနဲ့ ဒုတိယပိုဒ်ရဲ့ ပထမ အစ စာလုံးတွေကို ကာရန်ညီအောင် ဦးခေါင်းချင်းထိပ်တိုက် စပ်တဲ့အတွက်ကြောင့် ဦးတိုက်စပ်နည်း လို့ ခေါ်ပါတယ်။ ဒီပုံစံကို ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့ အောက်အပိုဒ်မှာကြည့်ပါ။

မှာလည်းမကြား - - - +
သွားလည်းမသင့် + - - -
လက်ဝဲသုန္ဒရ ရဲ့ အထက်ပါရတုပိုဒ်က စပ်ပုံမျိုးကို ရှေးဆရာတွေက ထိပ်ချင်းခတ်၊ ထိပ်ချင်းတိုက် လို့လဲ ခေါ်ခဲ့ကြပါတယ်။
ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ စတုတ္ထ စပ်နည်းဆိုပြီး ပြထားပါတယ်။

ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း
ဒီစပ်နည်းကို လေး-နှစ် လို့လဲ အတို မှတ်လို့ရပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက် အဆုံးစာလုံးနဲ့ ဒုတိယပိုဒ်ရဲ့ ဒုတိယ စာလုံးတွေကို ကာရန်ညီအောင် ထိပ်ချင်းချွတ်လွှဲပြီး စပ်တဲ့အတွက်ကြောင့် ထိပ်ချင်းချွတ်စပ်နည်း လို့ ခေါ်ပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့ အောက်အပိုဒ်မှာကြည့်ပါ။
သည်သို့စေတီ - - - +
သည်ဆီရွှေနန်း - + - -
ကိုးခန်းပျို့ ခေါ် စတုဓမ္မသာရပျို့မှာ 'အဖန်ဖန်လျှင်၊ တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း၊ တဉာဉ်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသန်းဟယ်ဟယ်၊ တတွယ်တာတာ၊ တဟာလှိုက်လှိုက်၊ တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊ တ၀မ်းလျားလျား၊ ...' ဆိုပြီး ဒီနည်းအတိုင်းစပ်ထားပါတယ်။ ရှေးဆရာတွေက ဒီစပ်နည်း ကို ရထားပြေးစပ်နည်း၊ ရှင်မဟာရဋ္ဌသာရ စပ်နည်း ဆိုပြီးလည်း ခေါ်ခဲ့ကြပါတယ်။
ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ တတိယစပ်နည်းဆိုပြီး ပြထားပါတယ်။

ဘီလူးရယ် စပ်နည်း
ဒီစပ်နည်းက နည်းနည်းဆန်းပါတယ်။ လေး-သုံး-နှစ် ကိုအခြေခံထားပြီး ပထမပိုဒ်နဲ့ ဒုတိယပိုဒ်ကို လေး-သုံး ကာရန်ယူထားပါတယ်။ တစ်ခါ အဲဒီဒုတိယပိုဒ် ရဲ့ လေးလုံးမြောက် ကို တတိယအပိုဒ်ရဲ့ တစ် (သို့) နှစ် (သို့) သုံး လုံးမြောက်စာလုံးနဲ့ ကာရန်ပြန်ယူပါတယ်။ ဒီတော့ ဒီစပ်နည်းနဲ့ ရေးရင် အတို ကောက်အနေနဲ့ လေး-သုံးလေး-တစ်လေး-သုံးလေး-နှစ်လေး-သုံးလေး-သုံး ဆိုပြီး ပုံစံ သုံးမျိုးနဲ့ ရေးလို့ရပါတယ်။ ဥမ္မာဒန္တီ ပျို့ ကနေထုတ်နှုတ်ပြထားတဲ့ အောက်က ပုံစံတွေမှာကြည့်ပါ။
အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ရတုထဲက ထုတ်နှုတ်ပြထားတဲ့ အောက် အပိုဒ်မှာကြည့်ပါ။
မည်သာတွင်ညီ - - - + (လေး)
ဘရဏီက - - + x (သုံး လေး)
၍နှိုင်းချိန် x - - - (တစ်)

အညောင်းခံငြား - - - + (လေး)
ခရီးသွားလျှင် - - + x (သုံး လေး)
သစ်ပင်ထက်ဝှန် - x - - (နှစ်)

ကိုယ်နှင့်တော်စွာ - - - + (လေး)
မယ် ဥမ္မာ - - + x (သုံး လေး)
မယ်နှင့်လိုက်အောင် - - x - (သုံး)

ဒီ စပ်နည်းက ပုံမှန်ကာရန်စပ်နည်းတွေလိုမဟုတ်ဘဲ ဒုတိယပိုဒ်ရောက်တာနဲ့ အဲဒီအပိုဒ်ကနေ စာလုံး အသစ်တစ်လုံးကို ကာရန်အသစ်ပြန်စယူ တာမို့ မူလကာရန်စပ်နည်းတွေကို ၀င်နှောက်ယှက်ပြီး စပ်ဘက် တဲ့အတွက် ဘီလူးရယ်သံလို အနှောက်အယှက်ပေးတတ်တဲ့ ပုံစံ ဖြစ်နေလို့ ဘီလူးရယ် လို့ခေါ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီစပ်နည်းဟာ ကိုယ်ပိုင်သီးသန့်ရပ်တည် နေတာ မဟုတ်ဘဲ တခြားစပ်နည်းတစ်ခုခု (အပေါ်ပုံစံ တွေမှာဆိုရင် သတ်စေ့နှက်သုံးချက်ညီ) ကို မှီတွယ်ပြီးမှ ဖြစ်ပေါ် လာနိုင်ပါတယ်။ ဒီနည်းကို ကဗျာစွယ်စုံကျမ်း ထဲမှာ ပဉ္စမ စပ်နည်းဆိုပြီး ပြထားပါတယ်။

တစ်ခါ သာဓိနပျို့လာ ပုံစံမှာတော့ ထိပ်ချင်းချွတ်စပ်နည်းကို မှီခိုပြီး ပုံစံသစ်တမျိုးထွင်ပြီးစပ်တာကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

ရေပြွန်လျှမ်းလျှမ်း - - - + (လေး)
ရေချမ်းစဉ်လျက် - + x - (နှစ် သုံး)
ဘောဇဉ်မွှေးကြူ - x - - (နှစ်)

ဒီပုံစံမှာတော့ လေး-နှစ်သုံး-နှစ် ဆိုပြီး ကာရန်ယူထားတာ တွေ့ရမှာပါ။
ဒီနည်းကိုတော့ ကဗျာစွယ်စုံကျမ်းထဲမှာ ဆဋ္ဌမ စပ်နည်းဆိုပြီး ပြထားပါတယ်။

ချိန်ခွင်လျှာ စပ်နည်း
ဒီစပ်နည်းကတော့ မေတ္တာစာ၊ ရကန် စတဲ့ကဗျာမျိုးတွေမှာသာ စပ်ထားတာကို တွေ့ရပါမယ်။ ဒီကဗျာမျိုး တွေအတွက် အဓိကသုံးတဲ့နည်းပါ။ ကာရန်အနေအထားကလဲ ခွပြီးယူထားတော့ နည်းနည်း ဆန်းနေပါတယ်။ စပ်တဲ့နေရာမှာ ပထမပိုဒ်နဲ့ တတိယပိုဒ်ကို ကာရန်ယူထားပါတယ်။ အလယ်က ဒုတိယပိုဒ်ကိုတော့ ပထမပိုဒ်နဲ့ တတိယပိုဒ်ရဲ့ ကာရန်တွေနဲ့ လုံးဝမတူတဲ့ ကာရန်သစ်တစ်ခုနဲ့ အလယ်ဗဟိုမှာ ချိန်ခွင်လျှာလို ထီးထီးမတ်မတ်ရပ်တည်နေစေအောင် စပ်ဆိုထားလို့ ချိန်ခွင်လျှာစပ်နည်း လို့ ခေါ်တယ်ရယ်လို့ ကဗျာဖွဲ့နည်း နိသျည်းထဲမှာ ပြထားပါတယ်။ အောက်ကပုံစံတွေကို ကြည့်ပါ။

လျှောက်မည်စုံအင် - - - + (လေး)
စစ်ပင်ကိုင်းကြောင့် -(+) *- (နှစ် သုံး)
စစ်ကိုင်းတွင်မည် - * + - သုံး
အပေါ်က သခင်ကြီးရဲ့ ဧးချင်းသံပေါက်မှာ ပထမပိုဒ်ရဲ့ လေးလုံးမြောက် 'အင်' ကာရန်ကို တတိယအပိုဒ်ရဲ့ သုံးလုံးမြောက် 'တွင်' ကာရန်နဲ့ တပိုဒ်ကျော် လေး-သုံး ယူထားပါတယ်။ ဒီနေရာမှာဒုတိယပိုဒ်ရဲ့ နှစ်လုံး မြောက် 'ပင်' ကာရန်ဟာ တိုက်ဆိုင်မှုလို့သာဆိုရပါမယ်။ ကာရန်တူရန်မလိုအပ်ဘူးလို့ နားလည်ပါတယ်။ ဒါပေမယ့် ဒုတိယပိုဒ်နဲ့ တတိယပိုဒ်ကိုတော့ ဒုတိယပိုဒ်က 'ကိုင်း' ကာရန်ကို ငဲ့ပြီး တတိယ ပိုဒ်မှာ 'ကိုင်း' ကာရန်တစ်လုံး အနည်းငယ်ပြန်ငဲ့ထားပြီး ကာရန်အသစ်ယူထားတာပါ။ နောက်ပုံစံတစ်ခု ကို ထပ်ကြည့်ပါ။

စုံနံ့သာမြိုင် - - - + (လေး)
ရဂုံတွင်း - * * - (နှစ်သုံး)
ထုံသင်းငယ်ကြိုင် * * - + (တစ်နှစ်)လေး
ဒီစာမှာတော့ မြိုင်-ကြိုင် ကို ကာရန်တူထားပြီး 'ရဂုံတွင်း' ကို ကာရန်ငဲ့တဲ့ 'ထုံသင်း' ဆိုပြီး သီးခြား ကာရန်သစ်တစ်ခု ပြန်ယူထားပါတယ်။
ဒါကြောင့်ဒီစပ်နည်းမှာ အလယ်ပိုဒ်ရဲ့ကာရန်ဟာ ချိန်ခွင်လျှာလိုတည်ရှိပြီး သူနဲ့ စပ်ဘက်ရမယ့် သီးခြား ကာရန် မရှိတဲ့အတွက် ကာရန်ဦးပြည်း (ကာရန်ကတုံး)၊ ကာရန်အထီးကျန်လို့ ခေါ်ပါတယ်တဲ့။
ဒီနည်းကိုတော့ ကဗျာစွယ်စုံကျမ်းထဲမှာပါတဲ့အတိုင်းဖေါ်ပြရရင် -
'ချိန်ခွင်လျှာစပ်နည်းဆိုသည်မှာ ချိန်ခွင်လျှာသည် အလယ်ဗဟိုတွင် တည့်တည့်မတ်မတ် နေသကဲ့သို့ ကာရန်သုံးပိုဒ်တို့တွင် အလယ်ချက်ဖြစ်သောကာရန်သည် ရှေ့နောက်ဝဲယာ မလိုက်ပါဘဲ စပ်ထားသောနည်းမျိုးဖြစ်သည်' လို့ ဆိုထားပါတယ်။ ဆက်ပြီးပြထားတဲ့ ဥပမာကတော့ ...
ဘူရိဒတ်ဇာတ်ပေါင်းပျို့တွင်
မည်လျှင်မတိမ်၊ ကုက္ကိုထိန်ဟု၊ ချုပ်ငြိမ်သာယာ .... လို့စပ်ဆိုရာမှာ (တိမ်) (ထိန်) (ငြိမ်) ကာရန်သုံးပိုဒ် မှာ ပညတ်သံဖြစ်တဲ့ (န်)ဟာ ပရမတ်သံဖြစ်တဲ့ (မ်) နှစ်ချက်ဖက်ကို မလိုက်ပါဘဲ အလယ်တည့်တည့်မှာ စပ်ဆိုထားတဲ့အတွက် ချိန်ခွင်လျှာစပ်နည်းမည်တယ် လို့ပြထားပါတယ်။ ဒါပေမယ့် ဒီနည်းမျိုးဟာ ကဗျာ ပညာဂုဏ်နဲ့အလွန်ပြည့်စုံပြီးဖြစ်တဲ့စာရေးဆရာကြီးတွေ ရေးစပ်ရာမှာ ထေးဖါရန် စပ်နည်းမျှသာ ဖြစ်လို့ သာမာန်ကဗျာဆရာများ မရေးအပ်လို့လဲ ဆိုထားပါတယ်။ ဒါ့အပြင် ပထမ ကနေ ဆဋ္ဌမ စပ်နည်းအထိ စပ်နည်း (၆)မျိုးထဲမှာမပါဘဲ ရှေးပညာရှိအဆက်ဆက်တို့ ပယ်ဖျက်သုတ်သင်ခဲ့ကြပြီးဖြစ်တဲ့ အစပ် (၆)ပါး ထဲမှာသာ ပါဝင်နေတာမို့ ဒီစပ်နည်းကို ရှောင်ကြဉ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။ အတိုချုပ်မှတ်ရ လွယ်အောင် ဇယားနဲ့ဖေါ်ပြလိုက်ပါတယ်။

အခုဖေါ်ပြခဲ့တဲ့ စပ်နည်း(၆)ပါးကို လေးလုံးစပ်ကဗျာလင်္ကာတွေထဲမှာ တနည်းထဲဖြစ်ဖြစ်၊ နှစ်နည်း၊ သုံးနည်း မက သင့်တော်သလို ရောနှောပြီးဖြစ်ဖြစ် စပ်နိုင်ပါတယ်။ ဘယ်နှစ်နည်းနဲ့ စပ်ရမယ်လို့ ဥပဒေသ အကန့်အသတ် မရှိပါဘူး။ ဒါပေမယ့် သတ်စေ့နှက် သုံးချက်ညီ စပ်နည်း ကို အကောင်းဆုံးလို့သတ်မှတ်ပြီး ကျန်နည်းတွေကိုတော့ မတတ်သာမှ ဖြစ်စေ၊ ကာရန်အထူးစပ်ချင်တဲ့အခါမှသာဖြစ်စေ သုံးသင့်တယ်လို့ ဆိုပါတယ်။ ချိန်ခွင်လျှာ စပ်နည်းကတော့ လုံးဝ မသုံးသင့်ပါ။
ပုံမှန် ကာရန်ယူပုံ အစပ်ခြောက်ပါးအကြောင်းပြီးတော့ မြန်မာကဗျာမှာ အရေးကြီးလှသလို၊ အရှိန်အ၀ါ လည်းကြီးလှပြီး ကဗျာကို တောက်ပြောင်စေတဲ့ 'နဘေ' စပ်နည်းအကြောင်း ဆက်လက် ဖေါ်ပြပါမယ်။
ဆက်ပါဦးမယ် ....

Read More...

Wednesday, 27 August 2008

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၂)

အခြေခံအချက်များ
မြန်မာကဗျာရေးဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တွေကို စကြည့်ကြပါမယ်။
ကဗျာရေးတဲ့အခါ အခြေခံအချက်တွေက
၁။ အသတ်၊ အလပ်
၂။ ကာရန်၊ အသံ
၃။ အစပ်၊ အဟပ်
၎။ ကြိယာ
ဆိုပြီး ရှိပါတယ်။ ဒါတွေကို သိနားလည်ထားဖို့လိုအပ်ပါတယ်။


အသတ်၊ အလပ်
အသတ် ဆိုတာ ကတော့ အက္ခရာပေါ်မှာ တံခွန်ထူထားတဲ့ ''-်'' ကိုပြောတာပါ။ အလပ် ဆိုတာကတော့ အဲဒီ အသတ်တံခွန်မပါဘဲ လစ်လပ်နေတာကို ပြောတာပါ။
အခြေခံမြန်မာသင်ပုန်းကြီးအရ အသတ် ၁၀ ပါး ရှိပါတယ်။ အဲဒါတွေကတော့

က သတ် (က်)၊ င သတ် (င်)၊ စ သတ် (စ်)၊ ည သတ် (ည်)၊ တ သတ် (တ်)
န သတ် (န်)၊ ပ သတ် (ပ်)၊ မ သတ် (မ်)၊ ယ သတ် (ယ်)၊ ၀ သတ် (၀်) - တို့ဖြစ်ပါတယ်။
ဒီ အသတ် ၁၀ မျိုးကို မူလအသတ် (သို့မဟုတ်) မုချအသတ် လို့ခေါ်ပါတယ်။ ဒီကနေဆက်ပြီး ပွားလာ တဲ့ အသတ်တွေကိုတော့ သာမတိယအသတ် (ပါဠိပျက်) အသတ်တွေလို့ခေါ်ပါတယ်။ အဲဒါတွေကတော့
က သတ် = ခ်၊ ဂ်၊ ဃ် (မုခ်၊ ၀ဂ် စသည်ဖြင့်)
စ သတ် = ဆ်၊ ဇ်၊ စ်ျ၊
ည သတ် = သဝေထိုးသံ၊ နောက်ပစ်သံ (ရှည် = ရှေ)
တ သတ် = ဋ၊ ဌ၊ ဍ၊ ဎ၊ ထ၊ ဒ၊ ဓ၊ သ
န သတ် = ဏ၊ ရ၊ လ၊ ဟ၊ ဠ
ပ သတ် = ဖ၊ ဗ၊ ဘ
ဆိုလိုတာကတော့ ကသတ် နဲ့ စာလုံးတွေကို ခ်၊ ဂ်၊ ဃ် စာလုံးတွေနဲ့ ကာရန်တူယူလို့ရတယ်လို့ ဆိုလို တာပါ။ ဥပမာ - ဘုရားဖူးထွက်၊ မဂ်ဖိုလ်ရည်မျှော် ဆိုတာမျိုးမှာ ထွက် နဲ့ မဂ် ကာရန်တူပါတယ်။

ကာရန်၊ အသံ
ကာရန်
ကာရန် ဆိုတာ ကာရန္တ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာပါတယ်။ အက္ခရာရဲ့အဆုံးသတ် (ဒါမှမဟုတ်) အဆုံး အက္ခရာ လို့ အဓိပ္ပါယ်ရပါတယ်။ ကဗျာမှာဆိုရင်တော့ အက္ခရာအချင်းချင်း အသတ်တူ (သို့မဟုတ်) အသံတူ စပ်ထားတဲ့ စာလုံးတွေကို ဆိုလိုပါတယ်။
အရင် အခန်းမှာရေးခဲ့သလို ကဗျာတပုဒ်မှာ အသံကာရန်၏ကောင်းခြင်း (သဒ္ဒါလင်္ကာရ) နဲ့ အဓိပ္ပါယ်၏ကောင်းခြင်း (အတ္ထာလင်္ကာရ) နှစ်မျိုးလုံးရှိရပါမယ်။ ဒါပေမယ့် ကာရန်ကိုက်အောင် လို့ဆိုပြီး အဓိပ္ပါယ်တွေ လိုက်မြောသွားတာမျိုးတော့ မဖြစ်ရပါဘူး။ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်နောက်ကိုသာ ကာရန်ကိုက်အောင် လိုက်ပြီးရေးရမှာပါ။ အဲဒီလိုမှမဟုတ်ရင် အရင် ဆောင်းပါးမှာ ပြခဲ့တဲ့ ကဗျာတွေလို ကာရန်သာမှန်ပြီး ဘာအဓိပ္ပါယ်မှ မရှိတဲ့ ကဗျာတွေဖြစ်ကုန်ပါလိမ့်မယ်။
ကာရန်အကြောင်းပြောရင်း အလျဉ်းသင့်လို့ နဘေ အကြောင်းပါ နည်းနည်းမိတ်ဆက်ပါရစေ။
နဘေ ဆိုတာ 'နံဘေး' ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတယ်လို့  ဆိုကြပါတယ်။ အရွယ်တူပျဉ်ချပ် တွေကို နံဘေးချင်း (အလျားလိုက်) ယှဉ်စပ်ထားသလို အပိုဒ်နှစ်ခုကို ဘေးချင်းစပ်ဟပ်ဖွဲ့နွဲ့ထားတာကို နံဘေးစပ်၊ အဲဒီကနေ နဘေစပ်လို့ ခေါ်ကြပါတယ်။ ဥပမာ အချုပ်တန်းဆရာဖေ ရေးခဲ့တဲ့ ပန်းချီမနိုင် လေးချိုးလတ် မှာဆိုရင် ...

ရွှေပဒုံကြာအချပ်ကို၊ လေအဟုန်လာပြီးဟပ်စဉ်က ..
စခန်းနော်လိုရာကွန့်နိုင်တဲ့၊ မန်းပေါ်မှာ ကိုကြာညွန့်သော်မှ ...
ဆိုတာတွေဟာ နဘေစပ်တွေဖြစ်ပါတယ်။
ဆိုလိုတာကတော့ ကာရန်ဟာ စာလုံးတစ်လုံးပဲ အသံထွက် (သို့မဟုတ်) အဆုံးသတ်စာလုံးပေါင်း တူပါတယ်။ နဘေ ကတော့ စာလုံးတစ်လုံးထက်ပိုပြီး တူရပါတယ်။ နဘေစပ်နည်း ၈ မျိုးတွေ့ရပါတယ်။ နောက်ပိုင်း အစပ်၊ အဟပ် အပိုင်းမှာဆက်လက်ပြီးဖေါ်ပြပေးပါ့မယ်။
ကာရန်ကိုပြန်ဆက်ရရင် အက္ခရာ၊ ပုဒ်၊ ၀ါကျ တို့ရဲ့အဆုံးမှာရှိတဲ့ မြန်မာ သရတွေကိုခေါ်ပါတယ်။ ဒီတော့ ဒီကာရန်တွေကို
၁။ ၀ဏ္ဏ ကာရန် - အက္ခရာအဆုံးမှာရှိတဲ့ ကာရန်
၂။ ပဒ - ပုဒ်ရဲ့အဆုံးမှာရှိတဲ့ကာရန်
၃။ ၀ါကျ - စာကြောင်းအဆုံးမှာရှိတဲ့ကာရန်
ဆိုပြီး ခွဲခြားထားပါတယ်။ ဒါကတော့ သိသာစေဖို့သာ ဖေါ်ပြခြင်းဖြစ်ပါတယ်။ ကဗျာရေးရာမှာ အဲဒီလို အသေးစိတ် ခွဲခြားကြည့်ဖို့ အမြဲမလိုအပ်ပါဘူး။ သိထားရင်တော့ကောင်းပါတယ်။
ကဗျာအတွက် တခြားအရေးကြီးတဲ့ အသံရှိန် (မတြာ)၊ ဌာန် (ဌာန)၊ ကရိုဏ်း (ကရဏ)၊ ပယတ် (ပယတန) ဆိုတာတွေ ရှိပါသေးတယ်။ အခုအထိ စကားပြောရင် ဌာန်ကရိုဏ်းကျကျ ပြောတတ်တယ် ဆိုပြီး ချီးမွမ်း နေတာတွေ ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒါတွေ အကုန် အသေးစိတ်လျှောက်ရေးနေရင် လိုရင်းဖြစ်တဲ့ မြန်မာကဗျာပုံစံတွေနဲ့ ကာရန်တွေအကြောင်း ရောက်တော့မှာမဟုတ်လို့ အလျဉ်းသင့်မယ်ဆိုရင် နောက်မှ ဒါတွေနဲ့ ပတ်သက်ပြီး သီးသန့် ဆောင်းပါးတစ်ပိုဒ် ထပ်ရေးပါ့မယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional Unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်။)
အဲဒီတော့ ကာရန်ကိုပြန်ကောက်ရရင် မြန်မာသရ (မြန်မာကာရန်) တွေဟာ အကျဉ်းအားဖြင့် ၁၆ ပါး၊ အကျယ်အားဖြင့် ၆၄ ပါး ရှိပါတယ်။ အကျဉ်း (၁၆) ပါးဖြစ်တဲ့ မူလကာရန်တွေကတော့
(၁) အ - ကာရန်
(၂) ဣ (အိ) - ကာရန်
(၃) ဥ (အု) - ကာရန်
(၄) ဧး (အေ့) - ကာရန်
(၅) အဲ (အယ်) - ကာရန်
(၆) အော (သြ) - ကာရန်
(၇) အက် - ကာရန်
(၈) အင် - ကာရန်
(၉) အစ် - ကာရန်
(၁၀) အည် - ကာရန်
(၁၁) အဉ် - ကာရန်
(၁၂) အတ် - ကာရန်
(၁၃) အန် - ကာရန်
(၁၄) အပ် - ကာရန်
(၁၅) အမ် - ကာရန်
(၁၆) အို (အိုဝ်) - ကာရန်
တို့ ဖြစ်ပါတယ်။
အဲဒီ မူလကာရန် (၁၆) ပါးကမှ ထပ်ပြီး ပွားလိုက်တဲ့အခါ ကာရန်ငယ် အကျယ် (၆၄)ပါး ဖြစ်လာ ပါတယ်။
(၁) အ - ကာရန် - အ၊ အာ၊ အား ..... ၃ လုံး
(၂) ဣ - ကာရန် - အိ၊ အီ၊ အီး ....... ၃ လုံး
(၃) ဥ - ကာရန် - ဥ၊ ဥူ၊ ဥူး (အု၊ အူ၊ အူး) ........ ၃ လုံး
(၄) ဧး - ကာရန် - အေ၊ အေ့၊ အေး ........ ၃ လုံး
(၅) အဲ - ကာရန် - အဲ၊ အဲ့၊ အဲး ....... ၃ လုံး
(၆) အော - ကာရန် - အော်၊ အော့၊ အော ........ ၃ လုံး
(၇) အက် - ကာရန် - အက်၊ အောက်၊ အိုက် ...... ၃ လုံး
(၈) အင် - ကာရန် - အင်၊ အင့်၊ အင်း
အောင်၊ အောင့်၊ အောင်း
အိုင်၊ အိုင့်၊ အိုင်း .......... ၉ လုံး
(၉) အစ် - ကာရန် - အစ် ....... ၁ လုံး
(၁၀) အည် - ကာရန် - အည်၊ အည့်၊ အည်း ....... ၃ လုံး
(၁၁) အဉ် - ကာရန် - အဉ်၊ အဥ့်၊ အဉ်း ....... ၃ လုံး
(၁၂) အတ် - ကာရန် - အတ်၊ အိတ်၊ အုတ် ....... ၃ လုံး
(၁၃) အန် - ကာရန် - အန်၊ အန့်၊ အန်း
အိန်၊ အိန့်၊ အိန်း
အုန်၊ အုန့်၊ အုန်း ....... ၉ လုံး
(၁၄) အပ် - ကာရန် - အပ်၊ အိပ်၊ အုပ် ....... ၃ လုံး
(၁၅) အမ် - ကာရန် - အမ်၊ အမ့်၊ အမ်း
အိမ်၊ အိမ့်၊ အိမ်း
အုမ်၊ အုမ့်၊ အုမ်း ....... ၉ လုံး
(၁၆) အို - ကာရန် - အို၊ အို့၊ အိုး (အိုဝ်၊ အို့ဝ်၊ အိုဝ်း) ....... ၃ လုံး

ဒီ ကာရန်တွေထဲမှာ သေးသေးတင်သံ (-ံ) မပါဘဲဖြစ်နေပါတယ်။ ကဗျာဖွဲ့နည်းနိသျည်း စာအုပ်ထဲမှာတော့ ဒီ ကာရန် (၆၄) ပါးကိုဘဲ ပြထားပေမယ့် ကဗျာ့စွယ်စုံကျမ်း ထဲမှာတော့သီးခြားဖေါ်ပြထားတာ မတွေ့ပါဘူး။ အဲဒီအစား မြန်မာသရ အကျယ် (၆၈)လုံးကိုသာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် သေးသေးတင် (နိဂ္ဂဟိတ်) ကို မသတ် (မ်) နဲ့ အတူတူယူရမယ်လို့တော့ အသတ် အခန်းမှာ သီးခြားဖေါ်ပြထားတာတွေ့ရတဲ့အတွက် အံ၊ အံ့ ကာရန်ဟာ အမ်၊ အမ့် ကာရန်နဲ့ အတူတူဘဲ လို့ မှတ်ရပါမယ်။

အသံ
မြန်မာကဗျာတွေကို လေ့လာမယ်၊ ရေးမယ်ဆိုရင် အသံအကြောင်းကိုလည်း နားလည်ရပါလိမ့်မယ်။ အပေါ်က ကာရန် ၆၄ပါးကို တက်သံ၊ သက်သံ၊ နိမ့်သံ၊ တိုင်သံ ဆိုပြီး အသံလေးမျိုး ခွဲထားပါတယ်။ ဒီအသံတွေကိုမှ ဂရုသံ (လေးလေးလံလံ နှေးကန်ပြင်းတွဲ အရှည်ဆွဲ ရွတ်ဖတ်ရတဲ့ အသံ) နဲ့ လဟုသံ (ပေါ့ပေါ့မြန်မြန် မနှေးကန်ဘဲ သံမှန်ဖြင့်ဆိုရသော အသံ) ဆိုပြီး ပြန်ခွဲထားပါတယ်။ အဲဒီတော့ အသံလေးမျိုးကို အရင်စကြည့်ရအောင်။
၁။ တက်သံ (၁၈) ပါး
၂။ သက်သံ (၁၈) ပါး
၃။ နိမ့်သံ (၁၈) ပါး
၎။ တိုင်သံ (၁၀) ပါး ... ဆိုပြီး စုစုပေါင်း (၆၄) ပါး ပြန်ခွဲထားပါတယ်။

တက်သံ (၁၈) ပါး
အောက်မြစ် နဲ့ ၀စ္စပေါက် မပါတဲ့အသံတွေကို တက်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ ဆွဲဆွဲငင်ငင်၊ ရှည်ရှည်လျားလျား၊ မြည်မြည်ဟိန်းဟိန်း၊ ပြင်းပြင်းပြပြ ရွတ်ရပါတယ်။ အဲဒီအသံတွေကတော့ ...
အာ၊ ဤ (အီ)၊ အူ၊ အေ (ဧ)၊ အော် (သြော်)၊ အင် ........ (၆) လုံး
အဉ်၊ အည်၊ အန်၊ အမ်၊ အိန်၊ အိမ် ........ (၆) လုံး
အုန်၊ အုမ်၊ အယ်၊ အောင်၊ အိုင်၊ အိုဝ်(အို) ........ (၆) လုံး
တို့ဖြစ်ပါတယ်။
တက်သံတွေကို ညာသံကြီး၊ မူလသံ၊ ပကတိသံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာခွဲ ကနေ သုံးမတြာ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။

သက်သံ (၁၈) ပါး
အောက်မြစ်ပါတဲ့အသံတွေနဲ့ အောက်မြစ်မပါပေမယ့် ပါသလိုဘဲ ဆိုရတဲ့အသံတွေကို သက်သံလို့ ခေါ်ပါတယ်။ ဒီအသံတွေဟာ အားမထုတ်ရဘဲ ရွရွကလေး၊ သာသာဖြည်းဖြည်းလေး ရွတ်ရပါတယ်။ အဲဒီအသံတွေကတော့ ...
အ (အာ့)၊ ဣ (အိ)၊ အု (ဥ)၊ အေ့ (ဧ့)၊ အော့ (သြော့)၊ အင့် ........ (၆) လုံး
အဥ့်၊ အည့်၊ အန့်၊ အမ့်၊ အိန့်၊ အိမ့် ........ (၆) လုံး
အုန့်၊ အုမ့်၊ အယ့် (အဲ့)၊ အောင့်၊ အိုင့်၊ အိုဝ့်(အို့) ........ (၆) လုံး
တို့ဖြစ်ပါတယ်။
သက်သံတွေကို ဘယ်သံ၊ ချသံ၊ အောက်သံ၊ သံမ၊ အောက်မြစ်သံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ အထိ ရွတ်ဆိုနိုင်ပါတယ်။

နိမ့်သံ (၁၈) ပါး
တက်သံတွေကို ၀စ္စပေါက် ထည့်လိုက်တဲ့အသံတွေကို နိမ့်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ အသံရှည်ရှည်ကိုလည်းမစွန့်လွှတ်ဘဲ ပြတ်ပြတ်နဲ့ တင်းတင်းမာမာ ရွတ်ရပါတယ်။ အဲဒီအသံတွေကတော့
အား၊ အီး၊ အူး၊ အေး (ဧး)၊ အော (သြး)၊ အင်း ........ (၆) လုံး
အဉ်း၊ အည်း၊ အန်း၊ အမ်း၊ အိန်း၊ အိမ်း ........ (၆) လုံး
အုန်း၊ အုမ်း၊ အယ်း (အဲ)၊ အောင်း၊ အိုင်း၊ အိုဝ်း(အိုး) ........ (၆) လုံး
တို့ဖြစ်ပါတယ်။
နိမ့်သံတွေကို ညာသံငယ်၊ သံဖို၊ ၀သဇ္ဇနီသံ လို့လဲခေါ်ပါတယ်။ ၀သဇ္ဇနီ ဆိုတာ ၀စ္စပေါက် ကိုပါဠိလိုခေါ်တာပါ။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာ ကနေ နှစ်မတြာခွဲ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။

တိုင်သံ (၁၀) ပါး
နှိမ့်လို့ မြှင့်လို့မရတဲ့ သံရပ်၊ သံဖြတ်တွေ၊ တက်သံနဲ့နိမ့်သံ ၂ခုကြားကအသံတွေကို တိုင်သံ လို့ခေါ် ပါတယ်။ အဲဒီအသံတွေကတော့
အက်၊ အစ်၊ အတ်၊ အပ်၊ အိတ် ........ (၅) လုံး
အိပ်၊ အုတ်၊ အုပ်၊ အောက်၊ အိုက် ........ (၅) လုံး
တို့ဖြစ်ပါတယ်။
တိုင်သံတွေဟာ ကသတ်၊ စသတ်၊ တသတ် နဲ့ ပသတ် ဆိုတဲ့ အသတ်လေးမျိုးပါတဲ့ အသံတွေဖြစ်ပါတယ်။ အလွယ်တကူ မှတ်ချင်ရင် 'ကွမ်းစားတတ်ပြီ' လို့ အသတ်လေးခုကို မှတ်ထားနိုင်ပါတယ်။ က စ တ ပ ဆိုတဲ့ အပေါ်မှာ အသတ်တင်လိုက် ရင် တိုင်သံဖြစ်သွားပါတယ်။
တိုင်သံတွေကို သံမှန်၊ သံလတ် လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ လောက်အထိ ရွတ်ဆိုနိုင်ပါတယ်။

ဂရု၊ လဟု
ဒီအသံလေးပါးကို ဂရု၊ လဟုပြန်ခွဲရင် ....
တက်သံ (၁၈) ပါး (အောက်မြစ် နဲ့ ၀စ္စပေါက် မပါတဲ့အသံတွေ နဲ့ ကသတ်၊ စသတ်၊ တသတ်၊ ပသတ် ဆိုတဲ့ အသတ်လေးပါး မပါတဲ့အသံတွေ) ဟာ ဂရုအသံ (ဂရုကာရန်)ဖြစ်ပြီး ကျန်တဲ့ အသံသုံးပါး (သက်သံ၊ နိမ့်သံနဲ့ တိုင်သံ ပေါင်း ၄၆ပါး) ကတော့ လဟုအသံ (လဟုကာရန်) တွေ ဖြစ်ကြပါတယ်။

ဂရု၊ လဟု ခွဲရတာက တကယ်တော့ လွယ်ပါတယ် ... တက်သံတွေ ဘာတွေခဏထားပြီး ဂရုသံ ဆိုတာကို ဒီလို အသေမှတ်ထားလိုက်ပါ ...
အသံတသံမှာ ...
၁။ အောက်မြစ် မပါရဘူး
၂။ ဝစ္စပေါက် မပါရဘူး
၃။ က-သတ်၊ စ-သတ်၊ တ-သတ်၊ ပ-သတ်၊ ဆိုတဲ့ အသတ်လေးမျိုး မပါရဘူး

အဲဒါတွေ မပါရင် ဂရုသံပါပဲ ... ဒီတော့ ကျန်တဲ့စာလုံး၊ အသံအားလုံးက လဟုသံ ဖြစ်ပါတယ်။
ဒီနေရာမှာ အောက်မြစ်ထည့်မရေးပေမဲ့ အောက်မြစ်အသံထွက်တဲ့ အသံတွေကိုလည်း အောက်မြစ်ပါတယ်လို့ပဲ ယူဆရပါမယ် .... သဘောက "က" ဆိုတာမှ အောက်မြစ်မပါပေမဲ့ "ကာ့" ဆိုတဲ့ အသံနဲ့ အတူတူပဲမို့ သူ့ကို အောက်မြစ်ပါတယ်ပဲ ယူဆရမှာပါ။


ဒါဆိုရင်တော့ အသံလေးပါးနဲ့ ဂရု၊ လဟု ဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။ အလွတ် မမှတ်မိရင်လည်း ဒီမှာ ပြန်ကြည့်ပြီး ကဗျာရေးတဲ့အခါ သုံးနိုင်ပါတယ်။ အလွယ်တကူ ကြည့်နိုင်အောင် ဇယားလေးနဲ့ပြထားပါတယ်။ မသေချာရင်လည်း ပြန်စစ်ကြည့်ဖို့ပါ။



ကဗျာရေးဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တွေထဲက ကျန်နေသေးတဲ့ 'အစပ်၊ အဟပ်' အကြောင်း၊ 'ကြိယာ' အကြောင်းနဲ့ တခြားဆက်စပ်တဲ့ အကြောင်းလေးတွေကို ဆက်ပါဦးမယ်။

Read More...

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁)

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား ဆိုပြီးတော့ ဂန္တ၀င်မြန်မာကဗျာ (သရုပ်မှန်ကဗျာ လို့လည်း တချို့ကခေါ်ကြပါရဲ့) တွေအကြောင်း ကျနော် ကဗျာရွာ မှာ ကျနော် စရေးခဲ့ပါတယ်။ စာပန်းချီ Online မဂ္ဂဇင်းထဲမှာလည်း အခန်းဆက်အဖြစ် ရေးနေတုန်းပါပဲ။ ဒီအကြောင်းစပြီးခေါင်းထဲရောက်လာတာကတော့ မမေဓါဝီရဲ့ကျေးဇူးပါပဲ။ မမေ က သူ့ဘလော့ဂ် 'တွေးမိတွေးရာ .. ရေးမိရေးရာ' မှာ ကိုပြူးကျယ်သို့ပေးစာများ ဆိုပြီး မြန်မာ ကဗျာ တွေရေးပုံရေးနည်းကို ရေးထားခဲ့ပါတယ်။ ဒါကိုကျနော်ဖတ်ရင်းကနေ ဒီအကြောင်းကိုရေးဖို့ ခေါင်းထဲရောက်လာတာပါ။ ကျနော့်မှာ ရှိသလောက် စာအုပ်စာတမ်းလေးတွေကိုပဲ ကိုးကားပြီးရေးနိုင်ပါတယ်။ မြ၀တီအင်တာနက်စာမျက်နှာ ကနေလည်း တချို့အချက်အလက် လေးတွေကို အကိုးအကားအနေနဲ့ ရရှိပါတယ်။ ညီလေးချီရွန်ကလည်း သူ့ဘလော့ဂ်မှာ အပိုင်း (၂) အထိ ဖေါ်ပြပေးခဲ့ပါတယ်။ သူတို့ကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။

မြန်မာကဗျာ အဖွင့်
ကဗျာဆိုတာ ပညာရှိတို့၏ပစ္စည်းဥစ္စာ လို့ဆိုပါတယ်။ စာဆိုက၀ိတွေဟာ သူတို့စိတ်မှာ ထိတွေ့ခံစားရတဲ့ ခံစားချက်တွေကို တခြားသူတွေဆီ ကဗျာလင်္ကာတွေနဲ့ ကူးစက်ထိတွေ့ ခံစားစေတတ်ပါတယ်။ ဒီတော့ ကဗျာလင်္ကာ ဆိုတာဘာလဲ ဆိုတာကြည့်ကြရအောင်။

ကဗျာလင်္ကာဆိုတာ လူတွေ နေ့စဉ်ပြောဆိုသုံးစွဲနေတဲ့ သာမာန်စကားတွေကို တေးဂီတပမာ ပြေပြစ်ချောမောစွာနဲ့ ချိုသာငြိမ့်ငြောင်းအောင် ရေးဖွဲ့သီကုံးထားတဲ့ စာဖြစ်ပါတယ်။ တေးဂီတပမာဖွဲ့သီ ထားသော စာပန်းကုံးများလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် 'ဒေါသ' မှ ကင်းလွတ် ရပါမယ်၊ 'ဂုဏ်' မြောက်ရပါမယ် (မြန်မာစာပေမှာ ဒေါသ နဲ့ ဂုဏ် ဆိုတာကို နောက်ပိုင်း သီးခြားဆက်ဆွေးနွေးပါ့မယ်)။ အဲဒီလို ပြည့်စုံအောင်ဖွဲ့ဆိုထားသမျှ စာတွေကို သက္ကဋဘာသာ၊ မာဂဓ (ပါဠိ) ဘာသာတွေမှာ 'ဂါထာ' လို့ ခေါ်ပြီး မြန်မာဘာသာမှာတော့ လင်္ကာသီချင်းတွေကို ကဗျာလင်္ကာ လို့ ခေါ်ပါတယ်။
ကဗျာလင်္ကာဆိုတာ တေးဂီတကနေ စတင်အခြေတည်ခဲ့တယ်လို့ယူဆကြပါတယ်။ ကမ္ဘာကြီးမှာ သာယာသံ ဆိတ်သုဉ်းခြင်း မည်သည့်အခါကမျှ မရှိခဲ့လို့ ဆိုကြပါတယ်။ ရေလှိုင်းခတ်သံ၊ လျှပ်စစ်ပြက် မိုးကြိုးထစ်သံ၊ သစ်ရွက်လေးတွေ လေတိုးသံ၊ ကျေးငှက်တိရစ္ဆာန်တို့ အော်မြည် ရင့်ကျူးသံ စတဲ့အသံတွေဟာ သဘာဝရဲ့ ဂီတသံတွေ ဖြစ်ပါတယ်။ ဒီအသံကို လူတွေသတိပြုမိ၊ အာရုံပြုမိရာက လိုက်တုပြီး အသံထွက်ကြရင်းနဲ့ ဂီတဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒီ ဂီတ ကနေ ဂီတသံနှောတဲ့စကားလုံးတွေကို စကားပြောရာမှာသုံးရင်းက ကဗျာလင်္ကာ စတင်သန္ဓေတည် ခဲ့တယ် လို့မှတ်သားဘူးပါတယ်။ အဲဒီကနေ စာပေအက္ခရာပေါ်ပေါက်လာတော့မှ ကဗျာလင်္ကာ တွေ ရေးသားလာကြပါတယ်။


ဂီတ၊ ကဗျာ၊ လင်္ကာ နှင့် သီချင်း
ဒီတော့ မြန်မာကဗျာ ဆိုတဲ့ အရာရဲ့ အရင်းအမြစ်ကို အရင်လိုက်ကြည့်မယ်ဆိုရင် ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်း ဆိုပြီး စတင်တွေ့ရှိရပါလိမ့်မယ်။
အဲဒီ ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်းတို့အကြောင်းကို မပြောခင် အဖွဲ့အကြောင်းကို အနည်းငယ် ပြောမှဖြစ်ပါလိမ့်မယ်။ ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း လေးမျိုးလုံးကို 'အဖွဲ့' လို့ခေါ်ပါတယ်။ အကြောင်းအရာ တွေကို သီကုံးဖွဲ့နွဲ့ထားတာပါ။
အဖွဲ့
အဖွဲ့ကို ပါဠိလိုတော့ 'ဗန္ဓ' လို့ခေါ်ပါတယ်။ ရေးသားသီကုံးဖွဲ့နွဲ့ထားတဲ့စာမှန်သမျှဟာ ဗန္ဓ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ကမှ 'ပဇ္ဇ' လို့ခေါ်တဲ့ 'ကဗျာ''ဂဇ္ဇ' လို့ခေါ်တဲ့ 'စကားပြေ' နဲ့ '၀ိမိဿ' လို့ခေါ်တဲ့ 'နှစ်ထွေရော' (ကဗျာရော စကားပြေပါ ရောပြီးရေးထားတဲ့အဖွဲ့ - ပြဇာတ် လို့ခေါ်ရင်အဆင်ပြေနိုင်ပါတယ်) ရယ်လို့ ခွဲထွက်လာပါတယ် ဆိုပြီး ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန်စာအုပ်ထဲမှာ ဆိုထားပါတယ်။ အဲဒီ 'ပဇ္ဇ' လို့ခေါ်တဲ့ 'ကဗျာ' ပင်မကိုင်းကြီး ကနေမှ 'ဂီတ' နဲ့ 'လင်္ကာ' ဆိုပြီး ကိုင်းသွယ်နှစ်ခု ထပ်မံခွဲထွက်လာပါ တယ်။ အောက်ကပုံစံကို ကြည့်ပါ။

ဂီတ (သီချင်း) အမျိုးအစားတွေကတော့ ...
ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချို၊ ယိုးဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့ ၊ ဘောလယ်အရိုး၊ တေး - အရိုးအဆန်း၊ သဖြန် - အရိုးအဆန်း၊ ငိုချင်း - အရိုးအဆန်း၊ တုံးချင်း - အရိုးအဆန်း၊ ဟန်ချင်း - အရိုးအဆန်း၊ လှေချင်း - အရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စာ ဆိုပြီး ၂၂ မျိုး ရှိပါတယ်။
လင်္ကာ (ကဗျာ) တွေကတော့ ...
လင်္ကာ၊ ပျို့ ၊ မော်ကွန်း၊ သံပိုင်း၊ သမိုင်း၊ ရဲတင်း၊ တမ်းချင်း၊ ဧချင်းသံတိုင်၊ ဧချင်းသံပေါက်၊ ရတု၊ လူးတား၊ အန်ချင်း၊ သံပေါက်၊ ၀ဲရိုက်ဝဲသွင်း ဆိုပြီး ၁၄ မျိုး သတ်မှတ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ နောက်ထပ်လည်း ...
တျာချင်း၊ တေးထပ်၊ တောလား၊ လွမ်းချင်း၊ မေတ္တာစာ၊ ဆိုတာတွေအပြင် ဆရာလယ်တီပဏ္ဍိတ ဦးမောင်ကြီးက ပါဠိဂါထာ တွေ ကနေ ထွင်ခဲ့တဲ့ ရှစ်လုံးဖွဲ့ကဗျာတွေနဲ့ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့ရဲ့ ခေတ်စမ်းကဗျာတွေ၊ ဆရာဒေါင်းနွယ်ဆွေရဲ့ကာရန်မဲ့ကဗျာနဲ့ အခု နောက်ဆုံး မော်ဒန်ကဗျာတွေအထိ ရှိပါတယ်။
(တချို့ကတော့ ရကန်၊ ဟောစာ၊ မေတ္တာစာ၊ မှာတမ်း တို့ဟာ ကဗျာနဲ့စကားပြေ နှစ်မျိုးရော နေလို့ '၀ိမိဿ' အမျိုးအစားထဲကို ထည့်ထားပါတယ်။)
အဖွဲ့ ဆိုရာမှာ ကဗျာ၊ သီချင်း အမျိုးအစားတစ်မျိုးထဲမှာပဲ အကြောင်းအရာအမျိုးမျိုးကို ဖွဲ့ဆိုကြရာမှာ မယ်ဖွဲ့ (မယ်ဘွဲ့)၊ မောင်ဖွဲ့၊ ဘုန်းတော်ဖွဲ့ စသဖြင့် ကွဲပြားပါတယ်။ ဒီအဖွဲ့တွေအကြောင်းကို ဓမ္မာစရိယဦးထွန်းရွှေ ရေးတဲ့ နန္ဒမာလိနီ ခေါ် ကဗျာစွယ်စုံကျမ်းကြီး ထဲမှာ အခုလိုဖေါ်ပြထားပါတယ်။

မယ်ဖွဲ့ - မိန်းမတို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
မောင်ဖွဲ့ - ယောက်ျားတို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
ဘုန်းတော်ဖွဲ့ - ရတနာသုံးပါးနှင့် ဘုရင်၊ မင်းညီမင်းသားတို့၏ ဘုန်းတော်၊ ဂုဏ်တော် တို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
နိဗ္ဗိန္ဒဖွဲ့ - လောကကြီးမှ ငြီးငွေ့ခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသော လက္ခဏာရေးသုံးပါး နှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
သံဝေဂဖွဲ့ - ဇာတိ၊ ဒုက္ခ စသည်တို့မှ ထိတ်လန့်ခြင်းနှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
တောဖွဲ့ - တောအကြောင်းနှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
တောင်ဖွဲ့ - တောင်အကြောင်းနှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
ပန်းဖွဲ့ - ပန်းအမျိုးမျိုးတို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
သစ္စာထားဖွဲ့ - ယောကျာ်း၊ မိန်းမတို့၏ တယောက်နှင့်တယောက် အချစ်မေတ္တာ ခိုင်မြဲ တည်ကြည်ခြင်းနှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
အမျှော်စိုက်ဖွဲ့ - တယောက်ကတယောက်ကို ရှုလို၊ မြင်လို၊ ဆက်ဆံလိုခြင်းနှင့် စပ်ဆိုင်သမျှ သော စကားအဓိပ္ပါယ်
မြှောက်ပင့်ဖွဲ့ - သူတပါးကို ချီးကျူး၊ မြှောက်ပင့် ထောမနာခြင်းနှင့် စပ်ဆိုင် သမျှသော စကား အဓိပ္ပါယ်
အလွမ်းဖွဲ့ - ရှင်ကွဲ၊ သေကွဲ ကွဲကြရ၍ တမ်းတလွမ်းဆွတ်ခြင်းနှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
မိုးဖွဲ့ - မိုးရေ၊ မိုးပေါက်၊ မိုးတိမ် စသည်တို့နှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
ကိုယ်ရည်သွေးဖွဲ့ - အခါအခွင့်သင့်၍ မိမိ၏ဂုဏ်အစွမ်း၊ သတ္တိဗလတို့ကို မိမိကပင် ထုတ်ဖေါ်၍ ရေးသားခြင်းနှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
ဒီအဖွဲ့တွေကတော့ အသုံးများထင်ရှားတဲ့အဖွဲ့တွေဖြစ်ပါတယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် အချစ်ဖွဲ့၊ အချော့ဖွဲ့၊ အညုဖွဲ့၊ အပူဖွဲ့၊ ဘုရားတိုင်ဖွဲ့၊ ကျေးစေဖွဲ့ စသဖြင့် အများအပြား ရှိသေးပေမယ့် ဒီလောက်ဆိုရင် ပုံစံယူပြီး သိသာ လောက်ပြီဖြစ်တဲ့အပြင် ဒါတွေဟာ မောင်ဖွဲ့၊ မယ်ဖွဲ့ တွေထဲမှာ အထိုက်အလျောက် ပြန်ပြီး အကြုံးဝင်တဲ့အတွက် သီးခြား မဖေါ်ပြတော့ပါ။
အဲဒီ မောင်ဖွဲ့၊ မယ်ဖွဲ့ စတဲ့ အဖွဲ့တစ်ခုစီမှာလဲ မောင်ဆို၊ မယ်ဆို၊ မောင်မယ်ဆို ဆိုပြီး သုံးမျိုးစီပြားပြန် ပါသတဲ့။ သဘောကတော့ ယောက်ျားအသုံးအနှုန်းတွေဖြစ်တဲ့ 'ဗျာ'၊ 'ကျနော်'၊ စသဖြင့်ပါရင် မောင်ဆို၊ မိန်းမအသုံးအနှုန်း 'ကျမ'၊ 'ရှင်' စသဖြင့် ပါရင် မယ်ဆို ပေါ့။ အဲဒီလိုမဟုတ်ဘဲ သာမန်စီကုံးသွားခဲ့ရင်တော့ ကျားမ မရွေး ဆိုနိုင်တဲ့အတွက် မောင်မယ်ဆို လို့ မှတ်ယူရပါမယ်။ ဒါပေမယ့် မောင်ဆို မို့လို့ ယောက်ျားလေးတွေသာ ဆိုရမယ်၊ မယ်ဆို ဖြစ်တဲ့အတွက် မိန်းကလေးတွေသာဆိုရမယ်လို့တော့ တင်းတင်းကျပ်ကျပ်သတ်မှတ် ထားတာ မဟုတ်ပါဘူး။ စာရေးသူက ဘယ်နေရာကနေ ခံစားပြီးရေးသလဲဆိုတာ သိသာရုံဖေါ်ပြထားကြောင်း မှတ်ယူရမယ်လို့ ဆိုပါတယ်။
ဒါလောက်ဆိုရင် အဖွဲ့တွေကို သိသာလောက်ပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့အားလုံးကို ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း ဆိုပြီး အမည်လေးမျိုးနဲ့ခေါ်ပါတယ်။
ဒီအထဲမှာ ဂီတ၊ ကဗျာ၊ လင်္ကာ ဆိုတာ ပါဠိဘာသာနဲ့ ခေါ်တာဖြစ်ပြီး သီချင်းဆိုတာကတော့ မြန်မာ ဘာသာနဲ့ခေါ်တဲ့ အမည်ဖြစ်ပါတယ်။ အဲဒီတော့ တစ်ခုခြင်းကို ကြည့်ရင် ...

ဂီတ
ရှည်သောအသံဖြင့်သီဆိုအပ်သော စကားအဖွဲ့သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ စည်း၊ ၀ါး စသော တူရိယာတို့ဖြင့် တီးမှုတ်သီဆိုရသော ကဗျာမျိုးကို ဂီတ ဟုခေါ်သည် ရယ်လို့ ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ရှည်လျားသော အသံဖြင့်သီဆိုရသောသီချင်းလို့ ဆိုပါတယ်။ ဘယ်လောက်အထိရှည်ရမလဲဆိုရင် အချိန်ကာလအားဖြင့် သုံးမတြာထက် ကျော်လွန် ရှည်လျားပြီး စည်းဝါး အစရှိတဲ့ တူရိယာတွေနဲ့ သီဆိုရရင် ဂီတလို့ခေါ်ပါတယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်)
ကဗျာ
စာရေးဆရာပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ (ဒီနေရာမှာ ပညာရှိ ဆိုတာ က၀ိ လို့ ခေါ်ပါတယ်။ က၀ိ ဆိုတဲ့ ပါဠိစကားကတော့ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ စာရေးဆရာ ပညာရှိ လို့ အဓိပ္ပါယ်ရပါတယ်။) မူလပုဒ်ရင်းက 'က၀ိ' ဖြစ်ပါတယ်။ က၀ိ ကနေမှ ကာဝေယျ၊ အဲဒီကနေ ကဗ္ဗ၊ ကာဗျ၊ ကဗျ ဆိုပြီးမှ မြန်မာဘာသာနဲ့ ကဗျာ ဆိုပြီးဖြစ်လာတယ်လို့ ဆိုပါတယ်။
လင်္ကာ
အလင်္ကာရ (နား၏တန်ဆာသဖွယ်ဖြစ်သော အသံကိုပြုတတ်သောသီချင်း) ဆိုတဲ့စကားကနေ ဆင်းသက် လာပါတယ်။ အဲဒီ အလင်္ကာရ ပုဒ်ရင်းကနေ အစစာလုံး 'အ' နဲ့ အဆုံးစာလုံး 'ရ' တို့ ကာလ ရွေ့လျောကြေပျောက်ရာကနေ လင်္ကာ ဆိုပြီး ခေါ်စမှတ်ပြုတယ်လို့ ဆိုပါတယ်။
သီချင်း
အကြောင်းချင်းတ တို့ကို သီဆိုသောကြောင့် သီချင်း မည်၏ ဟု ကဗျာသာရတသင်္ဂြိုဟ်ကျမ်း မှာ ဆိုထားပါတယ်။ ဒီကျမ်း အလိုအရ ဆိုရင်တော့ ချင်းသီ လို့ဆိုသင့်ပေမယ့် အက္ခရာရှေ့နောက်ပြန်တဲ့ နည်းအရ သီချင်းလို့ ဖြည့်စွက်ရေးသားတယ် လို့ဆိုပါတယ်။
ဒီတော့ အတိုချုပ်လိုက်ရင်
ဂီတ - ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့ သီချင်း
ကဗျာ - ပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း
လင်္ကာ - အလင်္ကာရ - နား၏တန်ဆာသဖွယ်ဖြစ်သော အသံကိုပြုတတ်သော သီချင်း
သီချင်း - အကြောင်းချင်းတ တို့ ကို သီဆိုသောကြောင့် သီချင်း မည်၏။
ဒီ လေးမျိုးလုံးဟာ အမည်သာကွဲပြားပေမယ့် တရားကိုယ်သဘောအားဖြင့် အတူတူဘဲလို့လဲ ကဗျာစွယ်စုံ ကျမ်းထဲမှာ ဆိုထားပါတယ်။ ဒါပေမယ့် ရတုတွေလို လေးလုံးစပ်ကဗျာအသွားမျိုး၊ ကာရန်အထပ်ကြား ညှပ်ရေးထားတဲ့ စကားပြင်မျိုးကို လင်္ကာ လို့အခေါ်များပြီး ကာလပေါ်တီးလုံး၊ ပတ်ပျိုး၊ ယိုးဒယား စတာ တွေကိုတော့ သီချင်းလို့ အခေါ်များပါတယ် လို့လဲ ဆက်ပြောထားပါတယ်။
မူလစာအုပ်ထဲမှာတော့ ပါဠိအကိုးအကားတွေနဲ့ ဒီအမည်လေးမျိုးကို ရှင်းပြထားပေမယ့် ဒီမှာထည့်မရေးတော့ပါဘူး။ အဓိပ္ပါယ်ကို သိဖို့ဘဲအရေးကြီးလို့ မြန်မာပြန်ကိုပဲ ဖေါ်ပြလိုက်ပါတယ်။
ဒီအထဲက လေ့လာမိသလောက် မြန်မာကဗျာလင်္ကာပုံစံတွေကိုလည်းတင်ပြပါ့မယ်။
ဒီတော့ ကဗျာလင်္ကာစပ်ပြီဆိုရင် အသံကာရန်၊ စပ်ပုံစပ်နည်း၊ အစချီပုံ၊ အဆုံးသတ်ချပုံ၊ အနက်အဓိပ္ပါယ် အစရှိတာတွေ အရေးကြီးလာပါတယ်။ ဒါပေမယ့် ကာရန်လေးတွေချိတ်မိရုံနဲ့ ပြီးသလား၊ ကဗျာဖြစ်ပြီလား ဆိုတော့ မဟုတ်ပါဘူး။ အနက်အဓိပ္ပါယ်လည်းအရေးကြီး ပါသေးတယ်။ ဒါ့အပြင် သဒ္ဒါလင်္ကာရ (အသံကောင်းမွန်မှန်ကန်ခြင်း)၊ အတ္တလင်္ကာရ (အနက် အဓိပ္ပါယ်ကောင်းမွန်မှန်ကန်ခြင်း) အစရှိတဲ့ တန်ဆာတွေလည်း ဆင်ရပါတယ်။ ဥပမာ အရင်တုန်းက စန္ဒာမဂ္ဂဇင်းမှာ ဆရာကြပ်ကလေးရေးထားတဲ့ ဟာသ၀တ္ထု တစ်ပုဒ်ထဲက ကဗျာရူးအဘိုးကြီးစပ်ထားတဲ့ တေးထပ်အပိုင်းအစလေးကိုကြည့်ပါ ....
မြတ်ပန်းဝေဆာလေမှာလွင့်
မေကညာခင့်ပြောင်သထက်ပြောင်
ဗေဒါတပွင့်အရောင်လက်သယောင်ငယ်
ပူတက်ဗျောင်နောင်ဗေပုံချမ်း
မြန်မြန်ပြေးခဲ့ ကလေးတို့ အမေရယ်
အေးလို့နေရင် ခြေသုတ်ဖျဉ်နဲ့လွှမ်း။ ။

ကဲ .. ကောင်းရဲ့လား၊ ဘာမှအဓိပ္ပါယ်မရှိပါဘူး။ ဒါပေမယ့် မှန်သလားဆိုရင်တော့ မှန်ပါတယ်။ ထပ်ပြီးကြည့်ပါဦး။ မြ၀တီ website မှာ ဖေါ်ပြထားတဲ့ ဥပမာ မှာဆိုရင်လည်း .. ..
တို့ ကျောင်း တောင်က စိန်ပန်းတော
အပျိုလေးတွေ လက်နဲ့ ခေါလို့ 
ရွှေမုဋ္ဌောတဲ့ တင်ကြရှာ။
ကာရန်ကတော့ တော၊ ခေါ၊ ဋ္ဌော ဆိုပြီး မှန်ပါတယ်။ ဒါပေမယ့် 'လက်နဲ့ခေါ' ဆိုတာ ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ဒီတော့ အတ္တလင်္ကာရ မမြောက်ဘူး လို့ဆိုနိုင်ပါတယ်။
အဲဒီမှာပဲ အလွန်လှတဲ့ ကဗျာလေးတစ်ပုဒ် ထုတ်နှုတ်ဖေါ်ပြထားပါတယ်။ အောက်မှာကြည့်ပါ။
နေအစွန် မြမြေမွန်ဝယ်
လေသွန်ပင့်မှုတ ရွက်ရင့်ပြုတ်က
ကျေးနှုတ်ဖူးဆင့်၊ လွတ်ကျူးတင့်သည်
နူးခွင့်ခါမှီ၊ သရဖီလည်း
ရာသီသိဆုံး၊ စီဘိကုံးသို့ 
တောလုံးလျှမ်းမောက် ပန်းပိတောက်မူ
နွမ်းခြောက်ကြွေရော်ခြွေသော်လည်း
မြေပေါ်အတိ၊ ပုံလျက်ရှိ၏။

ဒီမှာ နဘေသဘောမျိုး ကာရန်တစ်ချက်တည်းမဟုတ်ပဲ နှစ်ချက်သုံးချက်မိအောင် ဆင့်စပ် ထားတာပါ (၀မ်းတွင်းကာရန်ပါညီအောင် စပ်ထားတယ်လို့ခေါ်ပါတယ်၊ အစပ် အဟပ် အကြောင်းမှာ အသေးစိတ်တင်ပြပါမယ်)။ အရောင်ခြယ်ပြထားပါတယ်။ ကာရန်ကတော့ အားလုံး 'လေးသုံးနှစ်' လို့ အလွယ်ခေါ်တဲ့ 'သတ်စေ့နှက်သုံးချက်ညီ' စပ်နည်းနဲ့ပဲယူထားတာပါ။ အဲဒီမှာမှ နဘေထပ်ဆင့်ပြီး နှစ်ချက်သုံးချက်ပြန်ထပ်ထားတာပါ။ (ပင်မကာရန်က စွန်၊ မွန်၊ သွန် ... အဲဒီမှာမှ လနေ၊ မြမြေ၊ နေအစွန်၊ မြေမွန်၊ လေသွန် ... ဒီလိုယူပါတယ်။ တစ်ခါ မှုတ်၊ ပြုတ်၊ နှုတ်၊ ဒီမှာ နဘေက ပင့်မှုတ် နဲ့ ရင့်ပြုတ်။ နောက်မှ ဆင့်၊ တင့်၊ခွင့်။ အဲဒီမှာထပ်ပြီး ဖူးဆင့်၊ ကျူးတင့်၊ နူးခွင့် နှစ်ချက်ဆင့်ပြီး ကာရန်ထပ်ပါတယ်။ ပြီးတော့ မှီ၊ ဖီ၊ သီ။ ပြီးရင် ဆုံး၊ ကုံး၊ လုံး။ အဲဒီမှာ သီဘိဆုံး၊ စီဘိကုံး သုံးချက်ဆင့် နဘေထပ်ကွန့်လိုက်ပါတယ်။ နောက်ထပ်ပြီး မောက်၊ တောက်၊ ခြောက်။ အဲဒီမှာလည်း လျှမ်းမောက်၊ ပန်းပိတောက်၊ နွမ်းခြောက် - နှစ်လုံးဆင့် နဘေ သုံးချက်ထပ်လိုက်ပါတယ်။ အဲဒါပြီးတော့ ရော်၊ သော်၊ ပေါ် - အဲဒီမူရင်းကာရန်ပေါ်မှာမှ ကြွေရော်၊ မခြွေသော်၊ မြေပေါ် ဆိုပြီး နှစ်ချက်ဆင့် ထပ်ကွန့် လိုက်တာပါ)
အနက်အဓိပ္ပါယ်ကတော့ ....
အခါရာသီအလျောက် လူကမချွေရဘဲနဲ့ အလိုလိုအပင်ထက်က နွမ်းခြောက်ကြွေကျလာတဲ့ သရဖီနဲ့ ပိတောက်ပွင့်တွေ မြေပြင်ပေါ်မှာ ပုံလျက်သားကျနေတာကို ဆိုလိုတာပါ။
ဒါတင်မကသေးပါဘူး။ အတ္တလင်္ကာရပြီးတော့ သဒ္ဒါလင်္ကာရ ကိုလည်း နဲနဲကြည့်ရအောင်။ ကဗျာကိုရေးတဲ့အခါ (အထူးသဖြင့် ရှေးကဗျာ အမျိုးအစားတွေမှာ) အသံရှိန် (မတြာ) ကိုလည်း သတိထားရပါတယ်။ ဒီဃသံ (သံရှည်)၊ ရဿ သံ (သံတို၊ သံပြတ်)၊ ဂရုသံ (လေးသောအသံ)၊ လဟုသံ (ပေါ့သောအသံ) တွေကိုလည်း Harmony ဖြစ်အောင် ထည့်သွင်းစပ်ဆိုတတ်ရမယ် လို့အဆိုရှိပါတယ်။ အသံအရှည်၊ အသံအလေး တွေဟာ ဆွဲငင်လို့ရတဲ့ အတွက် သနားစဖွယ်အဖြစ်တွေမှာ နူးညံ့သိမ်မွေ့တဲ့ အကြောင်းတွေမှာ စပ်ဆိုလေ့ရှိသလို၊ အသံတို၊ အသံပေါ့ တွေကိုတော့ ရဲရင့်တဲ့၊ ပြတ်သားတဲ့ အကြောင်းတွေရေးရင် သုံးလေ့ရှိပါတယ်။ အသံတွေအရေးကြီးတာကြောင့် ကဗျာကို စိတ်ထဲကဖတ်ရုံနဲ့ မလုံလောက်ပဲ အသံထွက်ဖတ်ဖို့  အမြဲတိုက်တွန်းပြောဆိုလေ့ရှိကြတာပါ။ နောက်ပြီး ဂရုသံ၊ လဟုသံ အသံအနေအထားမှားနေရင် ကာရန်စပ်ဟပ်ပုံမှန်ပေမယ့် ကဗျာကောင်းတစ်ပုဒ် ဖြစ်မလာနိုင်ပါဘူး။
အဲဒီတော့ မြန်မာကဗျာတွေရဲ့ အခြေခံတွေကို စပြီး ကြည့်ကြရအောင် ...
ဆက်လက်ဖေါ်ပြပါမယ် ...

Read More...

Sunday, 24 August 2008

လွမ်းလှိုက်လျက်လေး


လွမ်းကာခွေ လွမ်းလေနော့ရင်ဖြင့်၊
လွမ်းကြွှေလျော့ လွမ်းတယ်၊
လွမ်းပေပေါ့ လွမ်းမပြယ်၊
လွမ်းတသွယ် လွမ်းလှ၊
လွမ်းကြွယ်လို့ လွမ်းကာရီ၊
လွမ်းရာသီ လွမ်းတိမ်ဆင်လ။

လွမ်းမိုးညို့ လွမ်းယောင်ဆင်၊
လွမ်းရင်ခွင် လွမ်းလျ၊
လွမ်းတ ကာ လွမ်းပိုည မှာဖြင့်၊
လွမ်းငိုရ လွမ်းသီ၊
လွမ်းလှီလို့ လွမ်းကာချို့၊
လွမ်းပါလို့ လွမ်းငွေ့ဝေရီ။
လွမ်းတေးဖွဲ့ လွမ်းကဗျာသီ၊
လွမ်းကာမှီ လွမ်းလေညှဉ်း၊
လွမ်းလေပြင်း လွမ်းစေတမ်းဖန်၊
လွမ်းခွေလွမ်းကျန်၊
လွမ်းနေညို့ လွမ်းဝေးချန်တယ်၊
လွမ်းလေးလံ လွမ်းလှိုက်လျက်လေး။

လေးထပ်ကြော့ စကြာတေးထပ်ဖြစ်ပါတယ်။

Read More...

Saturday, 23 August 2008

ဟေ့

အိမ်ခြံဝမှာ ..
ယက္ခ တစ်ထောင်။

တံခါးဦးမှာ ...
ဘီလူးတစ်ထောင်။

လှေခါးခြေမှာ ...
ကဝေတစ်ထောင်။

လှေခါးထစ်တိုင်းမှာ ...
နွားရိုင်းတစ်ထောင်။

လှေခါးထိပ်မှာ ...
ဆိတ်တကောင်

ခိုနန်းချိုးမှာ
ရုပ်သေးကြိုးတပိုင်းပြတ်နဲ့
ပြဿာဒ်ရင်းမှာတော့
ကြွက်တွင်းတတွင်း။

ပြဿာဒ်ထိပ်မှာ ...
မိစ္ဆာအမှောင်ဖုံးနေတဲ့
ပြိတ္တာတကောင်လုံး
ဖြုန်းကနဲ အတွေ့ ....
ဟေ့ ....

Read More...

တစ် လား၊ တ လား၊ စသတ် မှာလား မသတ်ဘူးလား

ဒီစာက ညီလေး ချီရွန် ဆီကို သူ့ ဘလော့ဂ် မှာ မြန်မာ စာလုံးပေါင်းနဲ့ ပတ်သက်တာတွေ့လို့ စာလုံးပေါင်းနဲ့ပတ်သက်ပြီး နည်းနည်း ပြောချင်တာနဲ့ ရေးလိုက်တဲ့စာဖြစ်ပါတယ်။ အဓိက ကတော့ Cbox နဲ့ Comment တွေမှာ ပြောထားကြတဲ့ တစ် နဲ့ တ အသုံးအနှုန်းပါဘဲ။ "တစ်ခု၊ တစ်နေ့" လို့ရေးမှာလား၊ "တခု၊ တနေ့" လို့ရေးမှာလား ဆိုတာပေါ့။
ဒီလိုပြောတဲ့နေရာမှာ ကျနော် လေ့လာမှတ်သားဖူးတာတွေကို ပြောခဲ့တာပါ။ ဒါတွေဟာ ကျနော့်ရဲ့ အယူအဆ သက်သက်နဲ့ ကြားဖူးထားတွေကို ပြောပြခြင်းသာ ဖြစ်ပါတယ်။ မှန်တာ မှားတာ ဝေဖန်ပိုင်းခြားဖို့ကတော့ ပညာရှင်များရဲ့ ကဏ္ဍဖြစ်ပါတယ်။ နည်းနည်းလေး လေရှည်ရမှာမို့ Cbox နဲ့ Comment မှာရေးရင် စာရှည်မှာ စိုးတာနဲ့ သူ့ဆီကို စာသက်သက်ပို့လိုက်တာပါ။ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြုပြီးသကာလ သူ့ဘလော့ဂ်မှာ နည်းနည်း ဖြတ်တောက်ပြီး တင်ပြထားခဲ့ရလို့ အခု ကျနော် မူရင်းအတိုင်း ပြန်လည်ဖေါ်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။


အဲ .. တစ် နဲ့ တ အသုံးအနှုန်းကို မပြောခင် စစချင်း စာလုံးပေါင်းကို စပြောစရာတွေ့နေတာက "ကျနော် နဲ့ ကျွန်တော်"။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းအရကတော့ "ကျွန်တော်" လို့ ပေါင်းမှ မှန်ပါတယ်တဲ့။ ဒါပေမယ့် ကျနော်တဦးတည်း အနေနဲ့ကတော့ "ကျနော်" လို့ပဲ ဆက်ပြီး စာလုံးပေါင်းကို သုံးသွားမှာပါ။ ကျွန်တော် လို့ မပေါင်းရခြင်းကတော့ ကျွန်တော် ဆိုတာဟာ ကျွန်ခေတ်၊ ပဒေသရာဇ်ခေတ်က ကျေးတော်မျိုး၊ ကျွန်တော်မျိုး ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတဲ့ အသုံး အနှုန်းဖြစ်တဲ့အတွက် မသုံးချင်လို့ပါ။ ဒါကတော့ ကိုယ့်ဟာကိုယ် သုံးချင်လို့ သုံးတာသာဖြစ်ပါတယ်။ "မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းလာ စကားလုံး အသုံးအနှုန်း တွေကို မလိုက်နာရအောင် မင်းက ဘာကောင်မို့လဲ" လို့ ပြောရင်လဲ ခံရမှာပါပဲ။ ဘာကောင်မှ မဟုတ်ပါဘူး။ အဲဒီလို သုံးချင်စိတ်ရှိလို့ သုံးတာပါ လို့ပဲ ဖြေရမှာပါ။ မှားတယ်လို့ အပြစ်တင်ရင်လဲ ခံလိုက်ရုံပေါ့လေ။
အဲ .. လေရှည်နေတာနဲ့ ဘေးချော်ပြီး လိုရင်းမရောက်တော့ဘူး။ ကဲ တစ် နဲ့ တ အသုံးအနှုန်းကို ကြည့်ကြရအောင်ပါ။

တစ်အရေး တအရေး ခွဲခြားသတ်မှတ်ခြင်း ဆိုပြီး မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း - ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် အမှာစာ အပိုဒ် (၁၅) မှ (၁၇) စာမျက်နှာ ဃ မှ စ အထိမှာ တရားဝင် သတ်မှတ် ထား တဲ့ အသုံးအနှုန်းက ဒီလိုပါတဲ့ .. (အပြည့်အစုံရိုက်ပေးလိုက်ပါတယ်။)

၁၅။ မြန်မာစာလုံးပေါင်းများ ပြန်လည်စိစစ်မွမ်းမံရာတွင် တစ်အရေး တအရေး ခွဲခြားသတ်မှတ်ရေး ကိစ္စကိုလည်း တစ်ပါတည်း ပြေလည်အောင် ဖြေရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။
၁၆။ တစ်အရေး တအရေး ခွဲခြားသတ်မှတ်မှုနှင့် စပ်လျဉ်း၍ မြန်မာစာအဖွဲ့သည် ပုဂံခေတ်မှ မျက်မှောက်ခေတ်အထိ မြန်မာစာများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ကြပါသည်။ အကြိမ်ကြိမ် စည်းဝေးတိုင်ပင်၍ တစ်အရေး တအရေး ခွဲခြားရာ၌ အခြေပြုရန် အောက်ပါ ယေဘုယျမူ (၃)ရပ်ကို ချမှတ်ခဲ့ကြပါသည် -
(က) ရေးထုံးသည် အသံထွက်နှင့် ခြားနားနိုင်သည်ဖြစ်ရာ စာရေးသားကြရာတွင် ရေးထုံး အမှန်အတိုင်းရေးသားကြ၍ ရွတ်ဖတ်ရာတွင်မူ ချန်လှပ်၍လည်းကောင်း၊ ဖြည့်စွက်၍ လည်းကောင်း၊ သင့်လျော်ပြေပြစ်သည့် အသံသို့ ပြောင်းလဲ၍လည်းကောင်း ရွတ်ဖတ် နိုင်သဖြင့် ရေးတော့အမှန် ဖတ်တော့အသံဟူသည်ကို လိုက်နာမည်။
(ခ) အကြောင်းအကျိုးဆက်စပ်မှု မှန်ကန်ခြင်း၊ စနစ်တကျရှိခြင်းတို့ကို ဦးစားပေးသင့်သည် ဖြစ်၍ သဘာဝယုတ္တိအရ ပြုပြင်သင့်သည်ကို ပြုပြင်မည်။
(ဂ) ပုဒ်များကို အဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်ရာ၌ ၀ါစင်္ဂပြောင်းလဲသွားသည်ဖြစ်စေ၊ အသံထွက် ပြောင်းလဲသွားသည်ဖြစ်စေ၊ ဆင့်ပွားအနက်၊ တင်စားအနက်တို့ဖြင့် ဖြစ်စေ ထိုကိန်းဂဏန်း၏ရေးထုံးကို ပြောင်းလဲခြင်း မပြုသင့်သဖြင့် မူလအရေးကိုပင် ထိန်းသိမ်းမည်။
၁၇။ ထိုမူ (၃)ရပ်ကို အခြေခံပြီး တစ်အရေး တအရေး ခွဲခြားသတ်မှတ်ရာ၌ မှန်မှန်ကန်ကန် ခိုင်ခိုင် မာမာ ဖြစ်စေရန် ပုဒ်၏အနက်သဘောကိုသာမက ဖွဲ့စည်းတည်ဆောက်ပုံသဘောကိုပါ မြန်မာသဒ္ဒါ အခြေခံပြုကျမ်းနှင့် ညှိနှိုင်းဆင်ခြင်၍ အောက်ပါနည်းလမ်း (၃)ရပ်ကို ချမှတ်ပါသည် -
(က) နာမ်၊ မျိုးပြပစ္စည်းတို့နှင့် ယှဉ်တွဲသော တ သည် ကိန်းဂဏန်း တစ်ကို အရင်းခံသော ပုဒ်ဖြစ်သဖြင့် စသတ်ဖြင့်ရေးရန်၊
သာဓက။ ။ တစ်ခု၊ တစ်ဆင့်၊ တစ်ထောက်၊ တစ်ယောက် ....
(ခ) ဤသို့သော ပုဒ်များတွင် အခြားပုဒ် ထပ်ဆင့်ယှဉ်တွဲလာသည့်တိုင်အောင် သင်္ချာ ကိန်းဂဏန်း တစ်သည် သင်္ချာသဘောမှ ရွေ့လျောခြင်း မရှိသောကြောင့် စသတ်ဖြင့် ပင် ရေးရန်၊
သာဓက။ ။ တစ်ခုခု၊ တစ်ဆင့်ခံ၊ တစ်ထောက်တစ်နား၊ တစ်ယောက်တစ်လှည့် ....
(ဂ) ကြိယာ၊ နာမ၀ိသသေန၊ မြည်သံစွဲပုဒ်များနှင့် ယှဉ်သော အာဂုံပစ္စည်း တ ကိုမူ စမသတ်ဘဲ ရေးရန်။
သာဓက။ ။ တကျက်ကျက်၊ တခမ်းတနား၊ တစောင်း၊ တဖြူးဖြူး၊ တရိပ်ရိပ်၊ တလွဲ၊ တအံ့တသြ၊ မခို့တရို့၊ မဟုတ်တရုတ်၊ အတတ၊ အမှတ်တရ၊ အရောတ၀င် ....

ဒီကျမ်းကိုပြုစုတဲ့ မြန်မာစာအဖွဲ့ရဲ့ အားထုတ်မှုနဲ့ အဖွဲ့ဝင် ဆရာ၊ ဆရာမကြီးများရဲ့ ပညာ၊ သမ္ဘာ၊ ဂုဏ်သိက္ခာ၊ အတွေ့ အကြုံ၊ မြန်မာစာပေ နှံ့စပ်ကျွမ်းကျင်မှု စတာတွေကို ကျနော့်အနေနဲ့နည်းနည်းမှ သံသယမရှိသလို သူတို့ကို အလွန်ပဲ လေးစားပါတယ်။ ဒါပေမယ့် နည်းနည်းပြောစရာလေးရှိနေ တာက ဒီ တစ်အရေး တအရေး မှာ ပယောဂ ၀င်နေတာပါပဲ။
အဲဒီ ပယောဂကတော့ တခြားမဟုတ်ပါဘူး။ မြန်မာစာပေအရေးအသား ပိုင်းရော၊ တခြားကိစ္စတွေ မှာပါ စိတ်ရူးပေါက်ရင်ပေါက်သလို ၀င်ဝင်ပြီး ထင်ရာမြင်ရာ သြဇာလျှောက်ပေးတတ်တဲ့ သွားလေသူ ဦးနေ၀င်းရဲ့လက်ချက် ပါပဲ။ သူက တယောက် တို့၊ တနေ့ တို့ကို "တစ်ယောက်"၊ "တစ်နေ့" ဆိုပြီး ရေးရမယ်လို့ ရွှေဥာဏ်တော် စူးရောက်စွာနဲ့ (ဘယ်ကနေဘယ်လို စိတ်ရူးပေါက်လာသလဲ မသိပါဘူး) အမိန့်ထပေးခဲ့တယ်လို့ အတွင်းစကား ပြောသံကြားဖူးပါတယ်။ ဆရာအောင်ဗလ (ကြေးမုံဦးသောင်း) ရဲ့ 'နင်လားဟဲ့ တ၀မ်းပူစသတ် တစ်' ဆိုတဲ့ဆောင်းပါးထဲမှာ ဦးနေ၀င်းက "ဟေ့ စာရေးရင် တငုံ၊ တမော့၊ တကျိုက်၊ တစက်၊ တခွက်၊ တဖလား၊ တပုလင်း လို့ရေးလေတိုင်း တ၀မ်းပူကို စသတ်ပြီး တစ် လို့ရေးရမယ်" လို့ အမိန့်ပေးခဲေ့ကြာင်း ရေးထားတာလည်းတွေ့ရပါတယ်။ အရက်မူးပြီး ထင်ရာစိုင်းခဲ့သလား မဆိုနိုင်ပါဘူး။ သုံးသွားတဲ့စကားလုံးတွေက ယမကာလုလင်တွေရဲ့စကားတွေဗျ .. တငုံ၊ တမော့၊ တကျိုက်၊ တစက်၊ တခွက်၊ တဖလား၊ တပုလင်း တဲ့ .. ဟီဟိ .. ဒါကတော့ ဟယ်ရီလည်းကြိုက်ပါဘိသနဲ့ (ယမကာကိုပြောတာနော် ... ကျန်တာမပါဘူး)။ ဆရာအောင်ဗလဟာ ဦးနေ၀င်းအကြောင်း ကောင်းကောင်းကြီးသိတဲ့ပုဂ္ဂိုလ်မို့ သူရေးထားတာဟာ မမှားနိုင်ဘူးလို့ ထင်ပါတယ်။ (ဦးနေ၀င်းပါပဲ .. ရူးကြောင်ကြောင်နဲ့ မိန့်ခွန်းတခု ထဲမှာ ထပြီး ထွင် လို့ အစဉ်အလာ ပြောနေကျ စကား "လူတော်လူကောင်း" ကနေလည်း "လူကောင်းလူတော်" ဆိုပြီး ဗောင်းတော်ညိတ်၊ စိတ်တော်သိ တွေက ဖါးဖါးယားယားနဲ့ မိနစ်မဆိုင်း လိုက်သုံးကြလို့ ရေးထုံးတခု ပျက်ရပြီးပါပြီ။ တော်သေးတာပေါ့၊ ကျနော် အင်မတန်ကြိုက်တဲ့ ဆရာကြီး မြို့မငြိမ်း ရေးခဲ့တဲ့ "လူချွန်လူကောင်း" သီချင်းကို "လူကောင်းလူချွန်" လို့ လိုက်မပြင်ကြပေလို့ပေါ့။ နို့မဟုတ်ရင်တော့ သီချင်းလေး ပစ်ရပါချေရဲ့။)

တကယ်တော့ ကျနော့်အနေနဲ့ သက်ကြီးဝါကြီးတွေဆီကရော၊ ဆရာ၊ ဆရာမကြီးတွေဆီကရော ဆည်းပူးခဲ့သမျှနဲ့ ရှေးတုန်းက (၁၉၆၂ ခုနှစ် မတိုင်မီက) ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေမှာဖတ်ဖူးသမျှမှာ စသတ် နဲ့ တစ်ခု၊ တစ်ကောင် စသဖြင့် သုံးတာ မတွေ့ဖူးပါဘူး။ မြန်မာစာပေကျွမ်းကျင်သူ ပညာရှင် စာရေးဆရာ တချို့ကလည်း ဒီပြဿနာကို ဝေဖန်ခဲ့ဖူးပါတယ်။ အဲဒီမှာ အင်မတန်လှတဲ့ ဥပမာလေးကို မှတ်သားခဲ့ဖူးပါတယ် (ဆရာမောင်စွမ်းရည် ရဲ့ ဆောင်းပါးတပုဒ်ထဲမှာလို့ ထင်ပါတယ်၊ အင်တာနက်ပေါ်က ဖတ်လိုက်ရတာပါ။ အချိန်ရရင် ရှာကြည့် ပါ၊ ဘယ်သူပေးခဲ့တဲ့ ဥပမာ ဆိုတာ ကျနော်မမှတ်မိပါဘူး။ ညီလေး ညိမ်းညိုကတော့ ဆရာကိုလေး (အင်းဝဂုဏ်ရည်) ပေးခဲ့တဲ့ ဥပမာဖြစ်ကြောင်း ပြောပါတယ်)။ ဥပမာလေးက အဲဒီလို စသတ်နဲ့သာ လိုက်ရေးကြစတမ်းဆိုရင် အသားတစ်တတစ် ကို ဘယ်လိုရေးမလဲ။ ဒီရေးထုံးအရဆိုရင် "အသားတစ်တစ်တစ်" လို့ ရေးရမှာပေါ့။ တစ်ဂဏန်းကို အရင်းခံတဲ့ အသားတစ် ဆိုတဲ့ နာမ်နဲ့ ယှဉ်တွဲ တဲ့ ပုဒ်ဖြစ်နေတယ်လေ။ ကဲ အသား တစ်-တစ်-တစ် လို့ မဖတ်မိနိုင်ပေဘူးလား။ အတော် ကိုးလို့ကန့်လန့်နဲ့ ခွကျတာပဲ။ ခွဲပြီးရေးရင်တောင် "အသားတစ် တစ်တစ်" ဆိုတာကြီးက ဘ၀င်ကျစရာ ရေးနည်းမျိုးလို့ကို စိတ်ထဲမှာ မထင်ဘူးဖြစ်နေတယ်။

အထောက်အထားတခုအနေနဲ့ ကဗျာက၀ိဆရာကြီးတွေ ရေးပြီး မြန်မာစာ ပါမောက္ခကြီး ဆရာကြီး ဦးဖေမောင်တင် ကိုယ်တိုင် အမှာစာရေး၊ တည်းဖြတ် အုပ်ချုပ်ပြီး မြန်မာနိုင်ငံပညာပြန့်ပွါးရေးအသင်း၊ တက္ကသိုလ် ကျောင်းတိုက်၊ ရန်ကုန်မြို့ က ၁၉၃၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ခေတ်စမ်းစာပေ ကျမ်းစဉ် (၃)၊ ခေတ်စမ်းကဗျာများ - ပဌမတွဲ (တတိယအကြိမ်ပုံနှိပ်ခြင်း) ဆိုတဲ့ စာအုပ်ထဲမှာ စသတ်နဲ့ ရေးတဲ့ အသုံးအနှုန်း မတွေ့ရပါဘူး။ ရေးတဲ့ ကဗျာဆရာတွေက မောင်ဧမောင် (မြန်မာစာ ပါမောက္ခ ဦးဧမောင်)၊ မောင်သိန်းဟန် (ဆရာဇော်ဂျီ)၊ မောင်ဝန် (ဆရာကြီးမင်းသုဝဏ်)၊ အစရှိတဲ့ တကယ့် ကဗျာက၀ိ မြန်မာစာပညာရှင် ဆရာကြီးတွေ ရေးခဲ့ကြတာပါ။ သူတို့ တွေဟာ ဒီသတ်ပုံရေးထုံးကို မှားရေးမယ် လို့ ဘယ်လိုမှ ထင်မြင် ယူဆနိုင်စရာ အကြောင်းမရှိပါဘူး။ ဥပမာ နည်းနည်းလောက် ထုတ်နှုတ်ပြပါမယ်။

" သီချင်းသီကာ၊ စောင်းတဖြာနှင့်၊ ဖြေပါသော်လဲ ...."
(အခဏ်း-၁။ ၃-မှုံပြာရီ။ မောင်ဧမောင်။ စာမျက်နှာ ၄)

" တညဥ့်ခါတွင်၊ ဆန်းအင်သည်အိပ်မက်၊ စိတ်စက်ယူကြုံး၊ ရွှင်ပြုံးကြည်မျက်နှာ၊ ...
တနေ့ခါတွင်၊ ဆံရှင်ရွှေတိဂုံ၊ မွေတော်စုံဝယ်၊ ကြည်ယုံပန်းဆက်တင် ...."
(အခဏ်း-၁။ ၄-ယဉ်ပျိုဖြူ။ မောင်ဧမောင်။ စာမျက်နှာ ၅)
(ဒီကဗျာက ထောင့်တဲတွန့် ပိုဒ်စုံရတု လို့ခေါ်ပါတယ်။ ရေးနည်းဆန်းလို့ တမင် ရွေးထုတ်ပြ ထားတာပါ။ ဗဟုသုတအနေနဲ့ပါ)

" သြော် .. သည်တခါ မကြေနပ်သော်လဲ၊ နောက်ထပ် နောင်တခါဖြင့် ...."
(အခဏ်း-၂။ ၁၈-ခရုသင်းသံ။ မောင်သိန်းဟန်။ စာမျက်နှာ ၃၃)
" ချစ်စရာနောင်တနေ့တွင်ဖြင့်၊ တွေ့ဦးမည် ရည်ကာရော်မိပေါ့၊ ...."
(အခဏ်း-၂။ ၁၉-လပြည့်ဝန်း။ မောင်သိန်းဟန်။ စာမျက်နှာ ၃၃)

" ကွေးကွေးကျစ်ကျစ်-ဖူးပုရစ်လည်း-ဖြေလှစ်စင်စင်၊ စုံတခွင်ဝယ်၊ မြရှင်ရွက်ဦး ...."
(အခဏ်း-၄။ ၁-ခါနွေဆန်းတော့-လွမ်းမိတယ်။ မောင်ဝန်။ စာမျက်နှာ ၅၀)

" သနားစရာ-အမေပျောက်လို့၊ သူ့တယောက်ထဲ-ဖေါ်မပါ၊ သာသာယာယာ ...."
(အခဏ်း-၄။ ၄-မောင်ထွေးဘို့။ မောင်ဝန်။ စာမျက်နှာ ၅၄)

ဒီလောက်ဆိုရင် မြင်သာလောက်ပြီထင်ပါတယ်။ ဒါတွေကို မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ပြုစုခဲ့ ကြတဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေ မသိဘဲ မနေလောက်ပါဘူး။ ဒါပေမယ့် ပထမအကြိမ် ထုတ်ဝေ တာက မဆလခေတ်မှာဆိုတော့ ဦးနေ၀င်းရဲ့ သြဇာအာဏာကို မလွန်ဆန်ရဲတာနဲ့ မျက်စိမှိတ်ပြီး တချို့ဟာတွေကို "တစ်" လိုက်ရတယ် ထင်ပါတယ်။ ဦးနေ၀င်း မျက်မာန်တော် တချက်ရှ လိုက်ရင် မလွယ်ဘူး မဟုတ်လား။ ဒါပေမယ့် တတ်နိုင်သလောက် ထိန်းတဲ့အနေနဲ့ ကြိယာ၊ နာမ၀ိသသေန၊ မြည်သံစွဲပုဒ်တွေနဲ့ ယှဉ်တဲ့ "တကျက်ကျက်၊ "တခမ်းတနား" စတဲ့ အာဂုံပစ္စည်း ကို စ မသတ်ဘဲ ရေးဘို့ ကြိုးပမ်းသတ်မှတ်ခဲ့ရတယ်ထင်တယ်။ အဲဒီကိစ္စကို ဆရာကြီး မင်းသုဝဏ်က အတော်လေး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့လည်း ကြားရပါတယ်။ အဲဒီ အတွက် ဦးနေ၀င်းက မျက်မာန်တော်ရှပြီး ဆရာကြီးကို အတော်လေး ငြိုးခဲ့တဲ့အပြင် သူ့ မဟာ မိန့်ခွန်းတော်ထဲမှာ "မကျက်တကျက် ပေါင်မုန့်တွေ" ဆိုပြီး ဆရာကြီးကို စောင်းမြောင်းစော်ကားခဲ့ပါသေးတယ်။ ဆရာကြီး မင်းသုဝဏ် အတော်လေး စိတ်ထိခိုက်ခံစားခဲ့ရတယ် လို့လည်း ကြားခဲ့ရပါတယ်။ ရလဒ် ကတော့ မြန်မာစာအဖွဲ့ကနေ ဆရာကြီး မင်းသုဝဏ် နှုတ်ထွက်သွားခဲ့ရတာပါပဲ။ (ဆရာမောင်စွမ်းရည်ကတော့ ဦးနေဝင်းက အလုပ်ဖြုတ်ပစ်ခဲ့တာ လို့ မိုးမခမှာရေးတဲ့ 'မင်းသုဝဏ်ရဲ့ မြန်မာစာအုပ်ဝေဖန်ချက်များ' ဆောင်းပါးမှာရေးထားပါတယ်)
ဒါတွေကတော့ ကျနော်အတွင်းစကား ကြားခဲ့ဖူးတာကို သိအောင်ပြောပြတာပါ။ အတည်ပြုဖို့ ဆိုတာက တော့ မလွယ်ပါဘူး။ ဖြစ်နိုင်ချေများတယ်လို့တော့ ယူဆပါတယ် ("မကျက်တကျက် ပေါင်မုန့်တွေ" လို့ ဦးနေ၀င်း ပြောခဲ့တာကတော့ အမှန်ပါ၊ အထောက်အထားလည်းရှိပါတယ်။ ၁၉၇၁ ခု မဆလ ပါတီညီလာခံမိန့်ခွန်းမှာ ပြောခဲ့တာဖြစ်ပါတယ်။ ဆရာတင်မိုးရဲ့ မိုးမခမှာရေးတဲ့ 'မြန်မာစာပေခရီး ပင်မရေစီး (၄၅)' မှာ ကြည့်ပါ)။
ဒီကိစ္စမှာ ဦးနေဝင်းလက်ချက်မကင်းကြောင်း ဝါရင့် စာရေးဆရာကြီးတွေ အတော်များများ သိကြပါတယ်။ အင်တာနက်ပေါ်မှာ ရေးတာကိုလည်း ဖတ်ဖူးပါတယ်။ မြန်မာစာ တတ်ကျွမ်းနားလည်သူ အများစုကလည်း တ၀မ်းပူကို စ မသတ်ဘဲ 'တ' လို့သာသုံးရမှာဖြစ်ကြောင်း ပြောတာကိုလည်း မှတ်သားဖူးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်အနေနဲ့ကတော့ တစ် လို့ ရေးဖို့ အတော်ဝန်လေးပါတယ်။ "တ" ကိုပဲ သုံးသွားဖို့ စဉ်းစားထားပါတယ်။ မှားတယ်လို့ အပြစ်တင်ရင်လဲ ခံဖို့ပဲ ရှိတာပေါ့။ အခု တရားဝင်ရေးထုံး က "တစ်" လို့ သုံးရမှာကိုး။
အားလုံးကိုလေးစားလျက်
ဟယ်ရီ

Read More...