Tuesday, 30 September 2008

အလည်လာသူအပေါင်းသို့ တောင်းပန်လွှာ

ခင်မင်လေးစားတဲ့ လာရောက်ဖတ်ရှုအားပေးကြသူအပေါင်းတို့ခင်ဗျား ...
ကျနော် ခရီးသွားစရာရှိတဲ့အတွက် ပို့စ်အသစ် တင်ခြင်းကို အောက်တိုဘာတလလုံး ခဏ ရပ်ဆိုင်းထားရပါမယ်ခင်ဗျား
ဒီအတွက် လာရောက်ဖတ်ရှုအားပေးတဲ့သူအားလုံးကို အထူးပဲ တောင်းပန်ပါတယ်ခင်ဗျာ

အားလုံးကို ခင်မင်လေးစားစွာဖြင့်
ဟယ်ရီ

Read More...

Sunday, 28 September 2008

မေတ္တာကွန်

မေတ္တာကွန်၊
နွံလိုသာပ။

ရုန်းထွက်ရန်ခက်ပါရဲ့၊
စက်ရာမဲ့ည။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျား
ဟယ်ရီ

Read More...

Saturday, 27 September 2008

နှောင်ထုံးဖြေပါ

မင်းခိုင်းရင်ပျော်၊
မင်းခေါ်ရာဘယ်မငြင်းပေမယ့်၊
သူငယ်ချင်း သဇင်ညှာရယ်၊
ငယ်စာရင်း မ၀င်ပါသမို့၊
ဘ၀င်မှာ ဆူလျှံတက်အောင်၊
တမင်ခွာ သူချန်ရက်တာလား၊
အကြံခက်ကာပွေ။

အလာခက်လေတော့၊
စာရွက်ပေါ် ကဗျာကြွေ၊
စာစေလို့ ခြယ်မှုန်း။

မှေးအိပ်မပျော်၊
အတွေးရိပ်ပေါ် ကဗျာနားလို့၊
အခါတပါးက အတိတ်သခင်ရယ်၊
စိတ်အစဉ်မှာ ယွင်းမကွာငြိကာပဲ၊
အရိပ်မြင်ရာ မင်းသာရှိလေရဲ့၊
ညှဉ်းပါဘိ နွေညလယ်မှာ၊
ငွေလငယ် မင်းရှောင်ပုန်းပြီလား၊
နှောင်ထုံးဖြေအုန်း။ ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ
ဟယ်ရီ

Read More...

ဗေဒါလမ်း (၄၁) - တလှည့်စီ စုန်ဆန်မြဲ

မနက်ခင်းဆီက၊ စုန်ဆင်းခဲ့ မဗေဒါ။
မွန်းတည့်ချိန် နေ့လယ်ခင်း
သင်း ပြန်တက်လာ။
ညနေ စောင်းလာတော့
ချောင်းဖျားရောက် ဆိတ်ငြိမ်ရာ
မဗေဒါ မအိပ်။
စုန်ချိန်မှာ စုန်ပြန်ရပေါ့
ချောင်းဝမှာ ပြန်စည်ကား
ချောင်းဖျားမှာ တိတ်။

အို အချင်း မဗေဒါ။
ကျူရိုးရှင် ကျူတံသေးနဲ့
တေးချိုလို့သာ။
ဆိတ်ငြိမ်ရာ စည်ကားရာ
ရောက်ရာမှာ မယ်မစွဲ။
ကပ်ချည် ခွာချည်နဲ့
တစ်လှည့်စီ စုန်ဆန်မြဲ
ညည်းတတ်ပါပဲ။ ။

ဇော်ဂျီ
(ဖျာပုံ စာပေလုပ်သား မဂ္ဂဇင်း၊ ၁၉၈၁)

မနက်ခင်းဆီတုန်းက စုန်ဆင်းသွားခဲ့တဲ့ မဗေဒါဟာ မွန်းတည့်ချိန်နေ့လယ်ခင်းမှာ ပြန်ဆန်တက်လာပါတယ်။ ညနေလည်း စောင်းလာရော ချောင်းဖျားကိုတောင်ရောက်နေပေမယ့် ဆိတ်ငြိမ်ရာချောင်းဖျားမှာ မအိပ်ဘဲ စုန်ချိန်ကျတော့ ပြန်စုန်ဆင်းရပြီး စည်ကားတဲ့ချောင်းဝကို ရောက်နေရပြန်ကာ ချောင်းဖျားမှာ ပြန်တိတ်ဆိတ်လို့နေပြန်ပါတယ်။
အို .. မဗေဒါရယ်၊ ကျူရိုးရှင်ကတော့ ကျူတံသေးနဲ့ တေးချိုချိုတွေသီပြီးနေဆဲပါ။ ဆိတ်ငြိမ်ရာအရပ်၊ စည်ကားရာအရပ်ရယ်လို့ ရောက်တဲ့ အရပ်ကို အစွဲမရှိပဲ ကပ်ချည်ခွာချည်နဲ့ စုန်တစ်ခါဆန်တစ်လှည့်နဲ့ မညည်းမညူဘဲ တစ်လှည့်စီသာ စုန်နေဆန်နေမြဲပါလား .. လို့ ကျူရိုးရှင်က ပြောလိုက်ပါတော့တယ်။

အခု ဆရာကြီးရဲ့ ဗေဒါလမ်းကဗျာစု ၄၁ပုဒ်လုံး ဒီမှာဆုံးသွားပါပြီ။ အားလုံး ဖတ်ရှုခံစားပြီး ကျေနပ်နိုင်ကြပါစေ။ နားလည်နိုင်ကြလိမ့်မယ်လို့ လဲ ထင်ပါတယ်။ တစ်စုံတစ်ရာကို ခံစားရရှိနိုင်ကြမယ်လို့လဲ မျှော်လင့်ပါတယ်။ ကျနော့်ဘ၀မှာ ဒီ ဗေဒါလမ်းကဗျာလေးတွေဟာ တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံစားချက်၊ အတွေးအမြင်နဲ့ အားအင်တွေ ပေးခဲ့ပါတယ်။ ဒီ ဗေဒါလမ်းကဗျာလေးတွေကိုဖတ်ပြီး ဘ၀အတွက် အသုံးဝင်မယ့် အတွေးအမြင်တွေ၊ အားမာန်တွေ ရရှိလာကြမယ်ဆိုရင် ကျနော့်အနေနဲ့ မျှဝေရကျိုးနပ်ပါပြီ။

ခံစားရတဲ့ ခံစားချက်တွေ၊ မြင်တဲ့အမြင်တွေကိုလည်း ပြန်လည်ဆွေးနွေးပြောပြပေးစေလိုပါတယ်။

ကျနော်ရေးထားတာတွေဟာ ကျနော်တစ်ဦးတည်းခံစားရတဲ့ခံစားမှုကို ကျနော်နားလည်သလို မျှဝေခံစား ရေးပြ ဆွေးနွေးခြင်းသာဖြစ်ပါတယ်။ ဒီအတိုင်းမှန်တယ်လို့မဆိုလိုပါဘူး။ ဆရာကြီး ဇော်ဂျီလို ပါရမီရှင် ကဗျာက၀ိကြီးတစ်ဦးအနေနဲ့ တွေးသွား၊ ရေးသွားတဲ့ မူလခံစားမှုကို ကျနော်ဘယ်လိုမှ လိုက်မမီနိုင်သလို အလွန်အဆင့်အတန်းမြင့်တဲ့ ကဗျာတွေမို့ အပြည့်အ၀ပီပြင်မှန်ကန်အောင်လည်း ကျနော့်အဆင့်လောက်နဲ့ ဖေါ်ပြဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျနော်နဲ့ မတူတဲ့၊ ကွဲပြားခြားနားတဲ့ အမြင်များရှိမယ်ဆိုရင် ကဗျာကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချစ်မြတ်နိုးကြတဲ့သူများအနေနဲ့ ဆွေးနွေးပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံဖိတ်ခေါ်ပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၄၀) - ချောင်းမအသိ

ချောင်းမကို ၀င်၊ မြင်ပါရဲ့လား။
ဒီဆိုင်မှာ ပေါ်လာမြဲ၊ ၀ဲကြီးပါလား။

ဒီ သရဲ ၀ဲလယ်တွင်။
ဝဲလှည့်ရာ ဗေဒါချောငဲ့၊ မောရလိမ့်ထင်။
ဒီဝဲကြောင့် မယ်ငြိုငြင်၊ နှုတ်ပြစ်တင် စကား။
ချောင်းမကို မယ့်လက်ညှိုး၊ ထိုးလိုက်မယ်လား။

အိုအချင်း ကျူရိုးရှင်။
မောလိမ့်မယ် တကယ်ပဲ၊ ၀ဲလှည့်ခိုက်တွင်။
ချောင်းမထဲ ကြုံမြဲပင်၊ ဆင်ခြင်မိပါရဲ့။
ချောင်းမကို ဒါပေမယ့်၊ ၀င်လိုက်မယ်ကွယ့်။

ဒီဝဲကြောင့် မငြိုငြင်။
ရေအီလျှင် ဒီသရဲ၊ ရှဲရမည်ပင်။
ဒီသရဲ မရှဲခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမ အသိ။

ဒီဝဲကြောင့် မငြိုငြင်။
မမောခင် ထွက်ချင်လဲ၊ ခဲရမည်ပင်။
ဒီဝဲက ထွက်နိုင်ခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမအသိ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၂၃၊ စက်တင်ဘာ၊ ၁၉၇၀)

ချောင်းမကိုအ၀င်၊ ချောင်းလက်တက်နဲ့ ချောင်းမဆုံရာ ဒီချောင်းဆိုင်မှာ ရေစီးအားနှစ်ခုအဆုံကြောင့် ပေါ်လာမြဲဖြစ်တဲ့ ၀ဲကြီးရှိနေပါတယ်။ မြင်ရဲ့လား .. တဲ့။ ကျူရိုးရှင်က သတိပေးရင်းမေးလိုက်တာပါ။
ဆက်ပြီး ဒီ မကောင်းဆိုးဝါးသရဲလိုဆိုးတဲ့ ၀ဲအလယ်မှာ မဗေဒါတော့ ၀ဲလှည့်သမျှချာချာလည်ပြီး မထွက်နိုင်ပဲ မောနေရလိမ့်ဦးမယ်ထင်ပါတယ်။ ဒီဝဲကြောင့် ချောင်းမကြီးကို ငြိုငြင်ပြီး လက်ညှိုးထိုးလို့ အပြစ်တင်စကား နှုတ်ဖျားကနေဆိုဦးမှာလား .. လို့ မေးလိုက်ပါသေးတယ်။
အို .. ကျူရိုးရှင်ရယ်၊ ၀ဲထဲမှာလှည့်နေရခိုက်ကတော့ တကယ်ပဲမောရပါလိမ့်မယ်။ ချောင်းမထဲကိုဝင်တာနဲ့ ဒီလိုပဲ ကြုံစမြဲဆိုတာလဲ ဆင်ခြင်မိပါတယ်။ ဒါပေမယ့် ချောင်းမထဲကိုတော့ ၀င်လိုက်ပါ့မယ်ကွဲ့ ... လို့ မဗေဒါက ပြန်ပြောပါတယ်။
ဒီဝဲကြောင့်တော့ မငြိုငြင်ပါဘူး။ ရေအီပြီး ကျသွားချိန်ဆိုရင် ဒီသရဲ အဝေးကိုရှဲလို့ သွားရမှာပါ၊ အဲဒီလို ဒီသရဲ ၀ဲကြီး ရှဲမသွားခင်အထိ မဗေဒါပြာစင်အိက ဒီဝဲဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုတာ ချောင်းမအသိပါ။
ဒီဝဲကြောင့်တော့ မငြိုငြင်ပါဘူး။ မမောခင် ပြန်ထွက်ချင်လဲ ထွက်လို့မရဘဲ အားခဲနေရဦးမှာပါ၊ အဲဒီလို ဒီဝဲကြီးထဲကမထွက်နိုင်ခင်အထိတော့ မဗေဒါပြာစင်အိက ဒီဝဲဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုတာ ချောင်းမအသိပါ ... လို့ မဗေဒါက ဆက်ပြောပြလိုက်ပါတယ်။

ကျနော်တို့တွေ ကျင်လည်ကျက်စားနေထိုင်ရှင်သန်ရာ ဒုက္ခစုံတဲ့ မနုဿဘုံမှာ သုခချည်းပဲ မရှိနိုင်ပါဘူး။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ဘေးရန်တွေနဲ့လည်း ရင်ဆိုင်ကြရမှာ အမှန်ပါ။ ဘယ်သူမှ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒီလို ကြုံတွေ့ကြရရင် ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ အဲဒီလို ခံနိုင်ရည်ရှိအောင်ကလည်း အတွေ့အကြုံ လိုပါတယ်။ ဒီဒုက္ခက မလွတ်မြောက်နိုင်သေးခင်တော့ ကြံ့ကြံ့ခံရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီဒုက္ခတွေဟာ မမြဲဘူး၊ အချိန်တန်ရင် ပျောက်ကွယ်သွားမှာပါပဲ။ ဒါကို ရင်မဆိုင်လို့လည်းမရသလို အမြဲလည်း ကြုံနေရမှာမဟုတ်ဘူး။ ဒုက္ခကိုရင်မဆိုင်ချင်ဘူးဆိုပြီး ဘ၀ကို ဇာတ်သိမ်းလိုက်လို့ မရသလို ဘ၀ကိုအပြစ်တင်နေလို့လည်း မရဘူး ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၉) - သီပါ မြည်ပါ

ကမ်းစပ်မှာထိုင်
ကျူမကိုင် မှိုင်ငေးလို့၊ အဝေးကို ကြည့်။
ကျူရိုးရှင် ပီပီသေးရယ်၊ တေးဆိတ်လှချည့်။

အိုအချင်း မဗေဒါ။
ငါ မငိုင် ငါ မငေး၊ ဝေးရပ်ကိုသာ။
ဓနိတန်း အထက်မှာ၊ အာကာသ ပြာလဲ့။
ကသိုဏ်းပုံ အာရုံနဲ့၊ ရွှန်းပီတိနဲ့။

အိုအချင်း မင်းပီပီ။
ထက်ကောင်းကင် ပြာလဲ့ဝင်းမှာ
မင်းမွေ့တတ်ပြီ။
ချောင်းလောက သီကရီ၊ မသီတော့ပြီလော။
မင့်ဘာသာ တစ်ကိုယ်ထူး၊ ကြည်နူးအံ့လော။

သီပါတဲ့ မြည်ပါ။
ဒီချောင်းမြေ ဒီရေအရေး၊ တေးဆိုသင့်ပါ။
ဆန်စဉ်လဲ မယ်နားနာ၊ စုန်လာလဲ နာမှာပဲ။
နာရင်းသာ စုန်ဆန်မြဲ၊ ချောင်း ဒီရေထဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၁၆၊ ဖေဖေါ်ဝါရီ၊ ၁၉၇၀)

ကျူကိုလဲမကိုင်၊ ကမ်းစပ်မှာထိုင်ပြီး မှိုင်ငေးကာ အဝေးကိုမျှော်ကြည့်နေတဲ့ ပီပီသေးနဲ့ ကျူရိုးရှင်ရယ်၊ တေးသံတွေတိတ်ဆိတ်နေပါလား ... လို့ မဗေဒါက မေးပါတယ်။
အို မဗေဒါ ရယ်၊ အဝေးရပ်ကို ငေးနေတာ၊ ငိုင်နေတာမဟုတ်ပါဘူး။ ဓနိတန်းရဲ့ အထက်မှာ ပြာလဲ့လဲ့ အာကာသကောင်းကင်ကြီးကို ပီတိတွေနဲ့ ကသိုဏ်းရှုရင်းကြည့်နေတာပါ .. လို့ ကျူရိုးရှင်က ဖြေပါတယ်။
ဒီတော့ မဗေဒါက ပီပီရှင်ရယ်၊ အခုတော့ အထက်မိုးကောင်းကင်ပြာလဲ့လဲ့မှာ မွေ့ပျော်တတ်နေပြီပေါ့။ ကသီကရီ ချောင်းလောကအကြောင်းကိုတော့ တေးမသီတော့ဘူးလား။ ကိုယ့်ဟာကိုယ်ပဲ တစ်ကိုယ်တည်း ကြည်နူးနေတော့မှာလား .. လို့ ပြန်မေးလိုက်ပါတယ်။
မဗေဒါကပဲဆက်ပြီး ဒီချောင်းမြေနဲ့ဒီရေ ရဲ့အရေးကိုလည်း တေးဖွဲ့ဆိုသင့်ပါတယ်။ တေးသီလိုက်ပါဦး။ ပီပီသံလေး မြည်လိုက်ပါဦး။ မဗေဒါဆန်တက်သွားတဲ့အချိန်မှာလည်း နားထောင်ပါ့မယ်။ စုန်ဆင်းလာရင်လည်း နားထောင်မှာပါပဲ။ ကျူရိုးရှင်ရဲ့ တေးသံတွေကို ကြားနာရင်းနဲ့ပဲ ဒီချောင်းရေထဲမှာ စုန်ဆန်လို့ နေချင်ပါတယ် .. လို့ ပြောလိုက်ပါတယ်။

လူ့သဘာဝအရ ဒီချောင်းဝန်းကျင်အကြောင်း အမြဲတေးသီဖွဲ့နေတတ်တဲ့ ကျူရိုးရှင်ရဲ့တေးသံကို မကြားရတဲ့အခါ မဗေဒါလည်း မနေတတ်မထိုင်တတ် ဖြစ်သွားသလား၊ ဒါမှမဟုတ်လည်း ထက်ကောင်းကင်အမြင့်ကို ကျူရိုးရှင်မျှော်ပြီး
ဘ၀ကို မေ့သွားမှာစိုးလို့ သတိပေး နားချနေတာလား ... စဉ်းစားကြည့်ကြပါဦး။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၈) - ဒီရေသမီး

ဒီချောင်းမှာနေ၊ ဒီရေမှာ သူကြီး။
ပီပေသည် ဒီရေ သမီး၊ ချောင်းကောက်ကွေ့ခရီး။

ဒီတက်ချိန်တန်၊ မဆန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေဦးမှာ၊ မြူးတတ်လေခြင်း။

ဒီတက်ချိန်ကုန်၊ မစုန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေကျမှာ၊ လှတတ်လေခြင်း။

မတွေ့ချင် မမြင်ချင်၊ မ၀င်ချင်သော်လဲ။
ဝင်လိုက်တယ် မယ်မလွှဲ၊ ချောင်းဒီဆိုင်ဝဲ။

မကွဲချင် မကွာချင်၊ မခွာချင်သော်လဲ။
ခွာလိုက်တယ် မယ်မစွဲ၊ ချောင်းရေဆိပ်တဲ။

ဆန်သူလဲမဗေဒါ။
စုန်လိုက် သူဆိုလျှင်လဲ၊ သင်းပဲဗေဒါ။
အဆန်ရဲ အမြဲသာ၊ စုန်ချိန်ခါ စုန်သည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ ခရီး။

ဝင်သူလဲ မဗေဒါ။
ခွာလိုက် သူဆိုလျှင်လဲ၊ သင်းပဲဗေဒါ။
အ၀င်ရဲ အမြဲသာ၊ အစဉ်ခွာ ခွာသည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ ခရီး။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၁၂၊ အောက်တိုဘာ၊ ၁၉၆၉)

ဒီချောင်းရိုးလေးထဲမှာနေပြီး ဒီ ရေထဲမှာပဲကြီးပြင်းလာခဲ့ရတဲ့ မဗေဒါဟာ ကောက်ကောက်ကွေ့ကွေ့ ချောင်းကလေး တလျှောက်မှာ ဒီရေရဲ့သမီး ပီသစွာနဲ့ဒီတက်ချိန်တန်လို့ ဆန်ချိန်ကျရင်လည်း မဆန်ဘူးလို့မငြင်းဘဲ ဒီရေတက်ဦးမှာ မြူးမြူးကြွကြွ၊ ဒီတက်ချိန်ကုန်လို့ စုန်ချိန်ကျရင်လည်းပဲ မစုန်ဘူးလို့မငြင်းဘဲ ဒီရေအကျမှာ လှလှပပနဲ့ အစုန်အဆန် နေတတ်ပါတယ်။
ချောင်းနှစ်ခုဆိုင်လို့ ၀ဲကတော့တွေရောက်ရင်လည်း မတွေ့ချင်မမြင်ချင် မ၀င်ချင်ပေမယ့် မရှောင်လွှဲဘဲ ၀င်လိုက်တာပါပဲ။ ချောင်းရေဆိပ်ကမ်းနဲ့ မကွဲမကွာ၊ မခွဲခွာချင်ပေမယ့်လည်း စွဲလန်းမနေဘဲ ခွဲချိန်တန်ရင် ခွဲခွာလိုက်တာပါပဲ။
ဆန်တဲ့သူဟာလည်း မဗေဒါ၊ စုန်တဲ့သူဟာလည်း မဗေဒါပါပဲ။ ဆန်ရမယ်ဆိုလည်း ရဲရဲဆန်၊ စုန်ချိန်ဆိုလည်း စုန်လိုက်တာပဲမို့ ကောက်ကောက်ကွေ့ကွေ့ချောင်းကလေးတလျှောက် ဘ၀ခရီးမှာ ဒီရေရဲ့သမီးပီသလှပါတယ်။
ဝင်တဲ့သူဟာလည်း မဗေဒါ၊ ခွာတဲ့သူဟာလည်း မဗေဒါပါပဲ။ ၀င်ရမယ်ဆိုလည်း ရဲရဲဝင်၊ ခွာချိန်ကျလည်း ခွာလိုက်တာပဲမို့ ကောက်ကောက်ကွေ့ကွေ့ချောင်းကလေးတလျှောက် ဘ၀ခရီးမှာ ဒီရေရဲ့သမီးပီသလှပါတယ်။
ဒီရေမှာကြီးပြင်းခဲ့တဲ့ မဗေဒါဟာ ဒီရေသမီး ပီသ သလို၊ ကိုယ်မွေးဖွားကြီးပြင်းနေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ အသားကျအောင်၊ အလိုက်သင့်ဖြစ်အောင် နေတတ်ဖို့ကျနော်တို့ ကြိုးစားရပါလိမ့်ဦးမယ် ... လို့ခံစားမိပါတယ်။
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၇) - လမ်းရိုးပါကွဲ့

အနောက်ဖက်ဆီ၊ နေနီနှင့် တိမ်ပန်း။
ရှေ့ဆီမှာ ဓနိတန်း၊ ချောင်းရှေ့ဖက်ကမ်း။

ဓနိတန်း ကမ်းကွေ့မှာ။
ဒီတက်ချိန် တိမ်အစွမ်း၊ ပန်းတောက်တဲ့ခါ။
ကွေ့အောက်က ရေနီလာ၊ ကွေညာက မြသွေး။
မဗေဒါ ဆန်လာလမ်း၊ နန်းဆံပေ့လေး တဲ့။

အို အချင်း ကျူရိုးရှင်။
မင်းတို့ရွာ တစ်ဖက်ကမ်း၊ လမ်းက အမြင်။
မယ့်အနီး မယ့်ဝန်းကျင်၊ ချောင်းရေပြင် ကြည်လဲ့။
စုန်ကာ ဆန်ကာနှင့်၊ မြမပါ နီလာမဲ့၊
လမ်းရိုးပါကွယ့်။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၁၁၊ စက်တင်ဘာ၊ ၁၉၆၉)

အနောက်ဖက်ဆီမှာ နေလုံးနီနဲ့တိမ်ပန်းချီခြယ်သနေသလို အရှေ့ဖက်ဆီမှာကတော့ ဓနိတောတန်းလေးမှာ ကျူရိုးရှင်ရှိနေပါတယ်။

ဓနိတန်းကမ်းအကွေ့ကနေကြည့်လိုက်ရင် ဒီရေတက်ချိန်မှာ တိမ်တောက်တဲ့အခါ တိမ်ရဲ့အစွမ်းကြောင့် ပန်းတွေလိုတောက်ပြီး ကွေ့လေးရဲ့ အောက်ဖက်မှာ ရေပြင်က အပြာရောင်သမ်းပြီး နီလာလိုလှလို့ ကွေ့အထက်မြစ်ညာမှာတော့ အစိမ်းရောင်ဖန့်ဖန့်နဲ့ မြအသွေးဆင်နေပါတယ်။ မဗေဒါဆန်တက်လာတဲ့လမ်းကတော့ တယ်လဲ နန်းဆံပါလားလို့ ကျူရိုးရှင်ကပြောလိုက်ပါတယ်။

ဒီအခါ မဗေဒါက အို အသင်ကျူရိုးရှင်၊ ဒီဟာကတော့ တစ်ဖက်ကမ်းက မင်းတို့ရွာရှိတဲ့ လမ်းကနေ ကြည့်လို့မြင်ရတဲ့အမြင်ပါ။ မယ့် အနီးပတ်ဝန်းကျင်တ၀ိုက်မှာတော့ ချောင်းရေပြင်က ကြည်လဲ့လို့ ဘာအရောင်မှ မရှိပါဘူး၊ စုန်လိုက် ဆန်လိုက်နဲ့ မျောနေရတဲ့ ဒီချောင်းရေဟာ မြသွေးလိုလဲမစိမ်း၊ နီလာလိုလဲ ကြည်ပြာရောင်မရှိတဲ့ လမ်းရိုးလေးသာ ဖြစ်ပါတယ်လို့ ပြန်ဖြေလိုက်ပါတယ်။

ကိုယ့်ဖက်က ကိုယ့်တဖက်သတ်အမြင်နဲ့အဝေးကကြည့်ရင် ဘေးပယောဂကြောင့် စိတ်မှာတမျိုးမြင်နိုင်ပါတယ်။ ဒါပေမယ့် အနီးကပ်ကြည့်ရင်တော့ ကာယကံရှင်ရဲ့ အခြေအနေဟာ အဝေးကမြင်ရသလိုမဟုတ်ဘဲ တမျိုးဖြစ်သွားနိုင်တာကြောင့် အသေအချာ သုံးသပ်ပြီးမှ အခြေအနေကို သိပြီးမှသာ ဆုံးဖြတ်ချက်တစ်ခုကို ချသင့်ပါတယ် ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၆) - မယ့်အိမ်ပဲ

ဒီ ကျချိန်တန်၊ အိမ်ပြန်တော့မလား။
ဗေဒါရီ ဒီရေကြောမှာ၊ မျှောတော့မယ်လား။
ချောင်းဖျားက ခါးတမာ၊ ချောင်းဝသာ သကာပျား။
ဗေဒါဆွေ ကျရေကြိုက်၊ လိုက်တော့မယ်လား။

အိုအချင်း ကျူရိုးရှင်။
ခါတမာ သကာပျား၊ ခြားလို့ဘူ့ရှင်။
မယ့်ဒီချောင်းမှာလ၊ ချောင်းဖျားလဲ မယ့် အိမ်ပင်
ချောင်းဝင်လဲ မယ့် အိမ်ပဲ။
ဒီတက်ချိန်တန်
အိမ်ပြန်တယ် ဆန်မယ်ခဲ၊ ချောင်းဖျားကိုပဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၀၃၊ ဇန်န၀ါရီ၊ ၁၉၆၉)

ဒီကျချိန်တန်လို့ အိမ်ပြန်တော့မလား ဗေဒါရီရေ၊ ဒီရေတကြောမှာ မျှောတော့မှာလား၊ ချောင်းဖျားကတော့ တမာလိုခါးတယ်ထင်လို့ ချောင်းဝ ကိုသာ ပျားသကာလို ချိုမြိန်တယ်လို့ ယူဆပြီး ကျရေကို ကြိုက်လို့ လိုက်သွားတော့မှာလား လို့ ကျူရိုးရှင်က (ခနဲ့သလို၊ ဆွေးသလိုနဲ့) မေးလိုက်ပြန်ပါတယ်။
ဒီအခါမှာ မဗေဒါက အို အသင် ကျူရိုးရှင်၊ ခါးတမာတွေ ပျားသကာတွေ မခွဲခြားပါဘူး။ မယ်ရဲ့ ဒီချောင်းမှာတော့ ချောင်းဖျားလဲ မယ့်အိမ်၊ ချောင်းဝင်ဝလဲ မယ့်အိမ်ပါဘဲ။ ဒီကျချိန်ချောင်းဝကိုဆင်းသလို ဒီတက်ချိန်တန်တော့လဲ ချောင်းဖျားမှာရှိတဲ့ မယ့်အိမ်ကိုပဲ ပြန်ဖို့ ဆန်တက် လိုက်ဦးမှာပါလို့ ပြန်ဖြေလိုက်ပါတယ်။

ဒီနေရာမှာလဲ ကျူရိုးရှင်က မဗေဒါသူ့ကို ခွဲသွားမှာမို့ ခနဲ့သလို ဆွေးသလို မေးလိုက်တယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် မဗေဒါက ကျူရိုးရှင်ကိုလဲ အထင်မမှားရအောင်၊ အစွန်းလဲလွတ်အောင် အဖြစ်မှန်ကို ရှင်းပြသွားတယ် .... လို့ ခံစား မိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၅) - ဗေဒါခင်အသိ

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း။
အောက်တခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ဝိုင်း။

ရေရိုင်းက ထင်တိုင်းသာ။
ဒီတက်ချိန် နှိမ်မရ၊ ဒေါထလို့သာ။
ချောင်းပေါက်မှာ သူ မြောက်လာ
သူ မညှာ သူ မသနား။
ချောင်းတစ်ခွင် သူ ၀င်စ၊ ပြခဲ့သူ့အား။

သူ့အားကို ပြလိုက်ရုံ။
လတာပြင် ရေ၀င်တိုး၊ ထိုးကြ ပလုံ။
စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျုရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါပင်အသိ။
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၉၁၊ ဇန်န၀ါရီ၊ ၁၉၆၈)

ဒီတက်လာပြန်ပါပြီ။ချောင်းအောက်ပိုင်းတခွင် ပင်လယ်ဝမှာ ၀ဲကတော့တွေ ထလို့ ရေရိုင်းတွေက ဟီသံပေးပြီး တဟုန်တိုး တက်လာနေပါပြီ။
ဒီတက်ချိန်ဆိုရင်တော့ ရေရိုင်းကို နှိမ်လို့မရဘဲ ဒေါမာန်တွေထပြီး ထင်တိုင်းကြဲ တက်လာတာပါဘဲ။ ချောင်းပေါက်ဝမှာ မြောက်ကြွပြင်းထန်စွာနဲ့ ဘယ်သူ့ကိုမှ ညှာမယ့်၊ သနားမယ့် ပုံမရှိဘဲ ချောင်းတစ်ခွင်ကို ၀င်လာစမှာဘဲ သူ့အားအင်ကိုပြပြီး ကြမ်းကြမ်းရမ်းရမ်းတက်လာပါတယ်။
သူ့ရဲ့အားကို ပြလိုက်ရုံနဲ့တင် လတာပြင်ကို ရေတွေ ဒလဟော အားနဲ့အင်နဲ့ ၀င်တိုးပြီး ပလုံစီတွေထလာပါတယ်။ ပုစွန်ဆိတ်ကလေးတွေလဲ အထိတ်တလန့်နဲ့ တုန်နေအောင်ကြောက်သွားပြီး တောင်ဖက်ခုန်လိုက်၊ မြောက်ဖက်ပြေးလိုက်နဲ့ ဆောက်တည်ရာမရ ကြောက်လန့်နေကြရှာသလို ကျူရိုးအခင်အသေးလေးနဲ့ ကျူရိုးရှင်တစ်ယောက်လဲ မဗေဒါကို စိုးရိမ်စိတ်နဲ့ ချောင်းဝနားမှာ ဆွေးနေရပြန်ပါတယ်။
ဒီတော့ မဗေဒါက မဆွေးပါနဲ့၊ မစိုးရိမ်ပါနဲ့ ကျူရိုးရှင်ရယ်၊ အချိန်တန်ရင် ဒီရေရဲ့ မာန်ကျပြီး ချောင်းဟာ ပြန်လှပသွားရစမြဲပါ။ နောက်တချီ ဒီရေဦး ထိုးတက်လာမယ့် ဒီရူးထချိန်အထိ တော့ ချောင်းပြန်လှနေဦးမယ်ဆိုတာ ချောင်းတလျှောက် ကောက်ကွေ့ဝင်ပြီး သွားနေကျ ဗေဒါပင် တွေ အသိဆုံးပါဘဲ လို့ ကျူရိုးရှင်ကို နှစ်သိမ့်လိုက်ပါတယ်။
တစ်ခါတစ်ရံမှာတော့ ကိုယ်က သံယောဇဉ်နဲ့ အစိုးရိမ်ပိုမိပေမယ့် ကာယကံရှင်ကိုယ်တိုင်က သူ့အခြေအနေကို သူအသိဆုံးမို့ မစိုးရိမ်ဖို့ နှစ်သိမ့်လိုက်ပြန်ရင်လဲ ကျေနပ်ရပြန်တာပါပဲ မဟုတ်ပါလား။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

Tuesday, 23 September 2008

ဗေဒါလမ်း (၃၄) - မယ့်သဘော

ကမ်းစပ်မှာထိုင်
ကျူမကိုင် လက်မှိုင်ချလို့၊ ငိုင်လှချေတကား။
ကျူရိုးရှင် အခင်သေးရယ်၊ ငေးလှချေတကား။

မငေးလို့ မဖြစ်ပေါင်။
ဒို့ချောင်းမှာ ဖန်လာဆန်း၊ ပန်းရလေအောင်။
မိုးထိအောင် လှေကားထောင်
ထောင်မယ်တဲ့ လတာဘေး။
ပင်ကျရည် တမြူလောက်နဲ့
ချောင်းပေါက်မှာ ငါးပျံမူး၊ မြူးရက်လို့လေး။

အိုအချင်း ကျူရိုးရှင်။
ချောင်းပေါက်မှာ ငါးပျံမြူးပေမယ့်
ကိုယ်မမြူး နေလိုက်လျှင်။
ဆောင်းဦးပေါက်ပြီမို့
ကောက်ပင်နွဲ့ မှည့်ပြီရှင် တံစဉ်ကို ပြင်ပါတော့။
အချိန်တန် စုန်ဆန်မြန်းတဲ့
ပန်းဗေဒါ မယ့်သဘောကို၊ စောလိုက်ပါနော့။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၉၀၊ ဒီဇင်ဘာ၊ ၁၉၆၇)

မဗေဒါက မေးပါတယ်။ ကျူရိုးရှင်ရယ်၊ ကျူတံလဲမကိုင်ဘဲ ကမ်းစပ်မှာထိုင်ပြီး လက်မှိုင်ချလို့ ငိုင်လှချေလား၊ အခင်သေးနဲ့ ကျူရိုးပိုင်ရှင်ရယ် ငေးလှချေလား တဲ့။

ဒီတော့ ကျူရိုးရှင်က မငေးလို့မဖြစ်ပေါင်၊ ဒို့ချောင်းမှာ ထူးထူးဆန်းဆန်းဖြစ်နေလို့ စိတ်ပင်ပန်းနေရတယ်။ လတာဘေးမှာ ငါးပျံက ပင်ကျရည် တမြူလောက်သောက်ပြီးယုံနဲ့ မိုးထိအောင်လှေကားထောင်မယ်ဆိုပြီး မူးမူးနဲ့ မြူးနေလို့ဘဲ လို့ ပြန်ဖြေပါတယ်။

ဒီတော့တခါ မဗေဒါက အို .. ကျူရိုးရှင်ရယ်၊ ချောင်းပေါက်မှာ ငါးပျံသူ့ဟာသူ မြူးနေ၊ မူးနေလဲ ကိုယ်မမြူးဘဲ နေလိုက်ရင်ပြီးတာပါပဲ။ ဆောင်းဦးပေါက်လဲရောက်ပြီဆိုတော့ ကောက်ပင်နွဲ့နွဲ့တွေလည်း မှည့်ဝင်းလာနေပြီ၊ ဒီတော့ ကောက်ရိတ်ဖို့ တံစဉ်ကိုပြင်လိုက်ပါတော့၊ အချိန်တန်ရင် အမြဲတမ်း စုန်ဆန်နေတဲ့ ဗေဒါပန်းလေး မယ့်သဘောကို စောကြောလိုက်ပါဦး လို့ ပြောလိုက်ပါတယ်။

ဒီကဗျာမှာလဲ ကျူရိုးရှင်နဲ့ မဗေဒါတို့ရဲ့ ဖွင့်မပြောတဲ့ သံယောဇဉ်သဘော တစွန်းတစကို မြင်လိုက်ရသလိုပါဘဲ။ ဒီဗေဒါလမ်းကဗျာတွေဟာ အဓိကအားဖြင့် ဒဿနတွေကို နိမိတ်ပုံနဲ့ ဖွဲ့ထားတယ်ဆိုပေမယ့် ဆရာကြီးအနေနဲ့ လူ့ဘ၀မှာ အမြဲလို သေချာပေါက်နီးပါး ကြုံတွေ့ရမယ့် ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ် တွေကိုလည်း ထည့်သွင်းဖွဲ့ဆိုထားတယ်လို့ ယူဆမိပါတယ်။ ကျနော့်အယူအဆ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်ကိုက သိင်္ဂါရ ရသဖက်ကို ပိုပြီး တိမ်းညွတ်လွယ်လို့ ဒီလိုတွေးမိသလားတော့ မဆိုနိုင်ပါဘူး။ ၀ိုင်းစဉ်းစားသုံးသပ်ကြည့်ကြ စေလိုပါတယ်။ ကဗျာသွားကိုကြည့်ရင် ကျူရိုးရှင်က မှိုင်နေတော့လဲ မဗေဒါက မေးမိတယ်။ ကျူရိုးရှင်ပြန်ဖြေတာက ငါးပျံက မူးပြီး စကားကြီးစကားကျယ်တွေ ပြော၊ လေလုံးမိုးလုံးထွားပြနေလို့ (မိန်းကလေးအချို့ရဲ့ သဘာဝအတိုင်း) အပျော်အပါးနဲ့ သုံးနိုင်ဖြုန်းနိုင် ဟိတ်ဟန်ကောင်းတဲ့ သူတွေအပေါ် အထင်ကြီးတိမ်းညွတ်မိများ သွားလေမလားရယ်လို့ စိုးရိမ်နေတဲ့သဘောမျိုးလို့ ထင်လိုက်မိပါတယ်။ ဒါမှ မဟုတ်လဲ မူးမူးနဲ့ စကားကြီးစကားကျယ်တွေ အရည်မရ အဖတ်မရ လျှောက်ပြောနေလို့ ရိုးရိုးတန်းတန်း ကြည့်မရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ မဗေဒါကလဲ သူ့ဟာသူဘာဖြစ်ဖြစ်နေနေ ဂရုမစိုက်ဘဲ ကိုယ့်ဟာကိုယ်နေ၊ ကိုယ်လုပ်စရာရှိတာကို အာရုံစိုက်ပြီးလုပ်လိုက်ရင် ပြီးတာပဲမဟုတ်လား။ ဒီလမ်းမှာ အမြဲသွားနေတဲ့ မယ့်သဘောကိုလဲ စောကြောဆန်းစစ်ကြည့်ပါဦး လို့ ပြောလိုက်ပုံက သံယောဇဉ်အငွေ့တွေ ပါနေသလိုပဲမို့ ဒီလို ခံစားမိတာပါ။ ဒီလမ်းမှာ အမြဲသွားနေရတဲ့သူမို့ ဒီလမ်းမှာတွေ့ နေကျ ငါးပျံလိုမျိုးအကြောင်းတော့ ကောင်းကောင်း သိပါတယ် ဆိုတဲ့ သဘောကို သွယ်ဝိုက်ပြီး (imply) ပြောထားတဲ့သဘောမျိုး၊ အတိအကျလဲ သံယောဇဉ်ရှိကြောင်းမပြောဘူး၊ စိတ်မပူအောင်လည်း ပြောတတ်တယ်ဆိုတဲ့ ပုံစံမျိုး ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၃) - မင့်စေနာ

အသာအသာ
ဗေဒါမှုန်နွဲ့ငဲ့၊ စုန်ခဲ့ပါတဲ့
အောက်တစ်ခွင် ပင်လယ်ဝမှာ ဒီကျလျှင်တဲ့။

အသာအသာ
ဗေဒါမှုန်နွဲ့ငဲ့၊ စုန်ခဲ့ပါတဲ့
ဒီချောင်းမြေညနေအေး၊ လေသွေးရင်တဲ့။

အိုအချင်း ကျူရိုးရှင်။
ကျရေမှာ ပြေပြေဆင်း မင်းစုန်စေ့ချင်
တောင်လေလဲသွေးစေချင်၊ ချောင်းတစ်ခွင် မြစ်တန်း။
မင့်စေနာ မယ့်မှာပန်း၊ လှိုင်းကြက်ခွပ်လမ်း။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၇၉၊ ဖေဖေါ်ဝါရီ၊ ၁၉၆၇)

မှုန်နေအောင်လှတဲ့ ဗေဒါနွဲ့လေးရေ၊ အောက်ဖက်က ပင်လယ်ဝမှာ ဒီရေပြန်ကျရင် စုန်ခဲ့ပါဦး၊ ဒီချောင်းမြေမှာ ညနေအေးလေး ရောက်လို့ လေပြေလေးသွေးလာရင်လဲ စုန်ဆင်းလာခဲ့ပါဦး ... လို့ ကျူရိုးရှင်က ခေါ်နေပါတယ်။

အို ... အသင်ကျူရိုးရှင်ရယ်၊ ရေကျမှာလဲ ပြေပြေလေး မယ့်ကိုစုန်ဆင်းလာစေချင်တယ်၊ ပြီးတော့တခါ ချောင်းတခွင် မြစ်စဉ်တန်းထဲမှာ တောင်လေကလဲ တိုက်စေချင်သေးတယ်။ အဲဒီတော့ ရေကျနဲ့ ပင့်လေ ဆုံရင် ဒီလမ်းမှာ လှိုင်းကြက်ခွပ်တွေထပြီး စုန်ဆင်းရ ခက်တော့မှာပေါ့၊ မင့်စေတနာကြောင့် မယ်ကတော့ ပင်ပန်းရဦးမှာပဲ ... လို့ မဗေဒါက ပြန်ပြောလိုက်ပါတယ်။

တစ်ခါတစ်ခါ ကိုယ်ကတော့ စေတနာနဲ့ အမှတ်မထင် ပြောမိ၊ ပြုမိတာတွေဟာ တဖက်သားအတွက် ၀န်ထုပ်ဝန်ပိုးသဖွယ် ဖြစ်သွားစေတတ်တာကို ကျနော်တို့သတိထားကြဖို့လိုပါတယ် ... လို့ထပ်ဆင့်ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၂) - ပန်းသိပါရဲ့

လမုပွင့်နီသန္တာ၊ လတာကညိုချော။
လတာပြင် လမုတန်း၊ ကမ်းစပ်ကတော။

ဒီလမ်းကပန်းဗေဒါ။
နေထွက်နေ၀င်နဲ့
လတာပြင် လမုပါး၊ သွားရခါခါ။
လမုနဲ့ လတာသာ၊ ကျွမ်းရှာတဲ့ဗေဒါမ။
လတာပြင် လမုတန်း၊ ပန်းမယ့်လောက။

အိုအချင်းကျူရိုးတံ၊
လမုစဉ်အနောက်နားက၊ ၀ါးခတ်တဲ့ခြံ။
အုန်းခြံနဲ့ ဓနိခြံ၊ ကွမ်းသီးခြံပါတဲ့။
စုန်ဆန်ရာ ဗေဒါလမ်းက ပန်းသိပါရဲ့။

ခြံနောက်မှာ ရွာရှိလျှင်။
ခြံနောက်ကွယ် လယ်ကိုသန်း၊ လမ်းရွာဝ ၀င်။
ရွာသွားတဲ့ ရွာလမ်းစဉ်၊ ခွင်တစ်ခါခွေတစ်လှည့်။
စုန်ဆန်ရာဗေဒါလမ်းက ပန်းသိပါရဲ့။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၆၊ သြဂုတ်၊ ၁၉၆၂)

ကမ်းစပ်ကတောမှာ အညိုရောင်လွှမ်းတဲ့ ညိုချောလတာပြင်ရယ်၊ နီတျာတျာ လမုပွင့်လေးတွေနဲ့ လမုပင်တောတန်းလေးရယ် ရှိနေပါတယ်။
ဒီလမ်းက ပန်းဗေဒါခမျာတော့ နေထွက်ကနေ၀င် လတာပြင်နဲ့ လမုတန်းနားမှာပဲ အခါခါ စုန်လိုက်ဆန်လိုက်နဲ့ သွားနေရပါတယ်။ ဒီတော့လဲ လမုပင်တန်းနဲ့ လတာပြင်ကိုပဲ အကျွမ်းတ၀င်ရှိရှာရတဲ့ ဗေဒါမရယ်၊ ဒီလမုတန်းနဲ့လတာပြင်ဟာပဲ ပန်းကလေးရဲ့ လောကမဟုတ်လား .. လို့ ကျူရိုးရှင်က မေးလိုက်ပါတယ်။
ဒီတော့ မဗေဒါက အို ... အသင် ကျူရိုးတံ၊ လမုတန်းလေးရဲ့နောက်မှာ ၀ါးနဲ့ခတ်ထားတဲ့ ခြံတွေရှိပါတယ်။ အဲဒီခြံတွေကလဲ အုန်းခြံ၊ ဓနိခြံ နဲ့ ကွမ်းသီးခြံတွေပါတဲ့နော်၊ စုန်ဆန်နေရတဲ့ ဗေဒါလမ်းက ပန်းဟာ ဒီလောက်တော့ သိပါတယ် လို့ ပြန်ချေပလိုက်ပါတယ်။
ဒါနဲ့ မကျေနပ်နိုင်သေးတဲ့ မဗေဒါက ဆက်ပြီး ခြံနောက်မှာ ရွာရှိလိမ့်မယ်၊ အဲဒီ ခြံနောက်ကွယ်က လယ်ကွင်းတွေကို ဖြတ်သန်းသွားတဲ့ ရွာဝကို ၀င်တဲ့ လမ်းလေးလဲ ရှိတယ်။ ရှိယုံတောင်မကဘူး၊ ရွာကိုသွားတဲ့ အဲဒီလမ်းကလေးဟာ ဖြောင့်ဖြောင့်တန်းတန်းတောင်မဟုတ်ဘူး၊ ခွင်တဲ့အခါခွင်၊ ခွေတဲ့အခါခွေနဲ့ ဆိုတာကို စုန်ဆန်နေရတဲ့ ဗေဒါလမ်းက ပန်းဟာ ဒီလောက်တော့ သိပါတယ် လို့ ထပ်ပြီးချေပလိုက်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် မဗေဒါဟာ သူကျင်လည်ကျက်စားရာ ပတ်ဝန်းကျင်ကွက်ကွက်လေးသာမဟုတ်ဘဲ အခြားနေရာဒေသတွေအကြောင်းကိုပါ တီးမိခေါက်မိ ရှိတယ်၊ သိနားလည်တယ်၊ တနည်းအားဖြင့် ပြင်ပဗဟုသုတပါ ပြည့်စုံကြွယ်ဝတဲ့သူမို့ သူမမြင်ရရင်တောင်မှ တွေးတော ဆင်ခြင်ပြီး သိနိုင်စွမ်းရှိတဲ့ အရည်အချင်းနဲ့လဲ ပြည့်စုံတယ် ... လို့ခံစားမိပါတယ်။
ကျနော်တို့တွေလည်း ကိုယ့်ပတ်ဝန်းကျင် ကွက်ကွက်လေးမှာပဲ ခြေရာခွက်ကလေးထဲက ဖားသူငယ်လို ပျော်မွေ့ကျက်စားနေလို့မရဘဲ အဲဒီဝန်းကျင်ရဲ့ အပြင်ဘက်က အကြောင်းတွေကိုပါ ထဲထဲဝင်ဝင်မဟုတ်တောင် တီးမိခေါက်မိတော့ ရှိဖို့လိုလိမ့်မယ် ဆိုတာကို ဆရာကြီးက သတိပေးထားသလိုပါပဲ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၁) - မင်းပါမှပဲ

စာဗူးတောင်းမှာ၊ စါဝါတို့လင်မယား။
သူတို့လွမ်းကြတော့
မယ်လွမ်းအောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

ဖက်လိပ်အိမ်ဆင်၊ ခါချဉ်က လက်သမား။
လက်ရာဆန်းပါဘိ။
ကမ်းကုန်အောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

မိုးတက်မယ့်ဟန် ၊ ငဖျံ က ဂျွမ်းသမား။
အကြံကြီးသူမို့
မီးပွင့်အောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

ဖွဲ့ချင်ရဲ့နော်၊ ဖေါ်ချင်ရဲ့မနဲ။
ဒီလှိုင်းပျံ ထန်ချင်ထန်တဲ့
ဆန်ချိန်တန် ဆန်တက်ရင်းသာပါ့
ဆန်ချိန်ကုန် စုန်လို့ဆင်းပါတဲ့
ဗေဒါငယ် မယ် မငြင်းရယ်၊ မင်းပါမှပဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၅၊ ဇူလိုင်၊ ၁၉၆၂)

စာဗူးတောင်းလေးမှာ စါဝါလင်မယားလွမ်းနေကြပါတယ်။ သူတို့လွမ်းနေတာမြင်တော့ မဗေဒါကလည်း လွမ်းချင်လာပါတယ်။ ဒါနဲ့ပဲ ကျူရိုးရှင်ကို တေးဖွဲ့ဖို့ပြောပါတယ်။
လက်သမားဆရာလို ဖက်လိပ်အိမ်ဆောက်နေတဲ့ ခါချဉ်ရဲ့ လက်ရာဆန်းတွေကိုတွေ့တော့လည်း ကျူရိုးရှင်ကို ဒီလက်ရာတွေကို ကမ်းကုန်အောင်အမွှမ်းတင် တေးဖွဲ့ဖို့ပြောပြန်ပါတယ်။
မိုးပေါ်တောင်တက်တော့မလိုလို အကြံကြီးတဲ့ပုံနဲ့  ဂျွမ်းထိုးကစားနေတဲ့ ဂျွမ်းသမား ငါးပျံရဲ့ မီးပွင့်မတတ် ဂျွမ်းဟန်တွေကိုလဲ ကျူရိုးရှင်ကို တေးဖွဲ့စေချင်ပြန်ပါတယ်။

ဒီတော့ ကျူရိုးရှင်က တေးလည်းဖွဲ့ချင်ပါရဲ့၊ သူတို့အကြောင်းတွေကိုလည်းဂီတနဲ့သရုပ်ဖေါ်ချင်ပါရဲ့။ ဒါပေမယ့် ဆန်ချိန်ဆိုရင်လဲ မငြင်းတမ်းဆန်၊ စုန်ချိန် ဆိုရင်လဲ မငြင်းဘဲစုန်ဆင်းသွားတဲ့ "မယ်မငြင်း" ဗေဒါငယ်အကြောင်းပါမှပဲ တေးဖွဲ့လို့ရပါလိမ့်မယ်။ ဒီတေးဟာ ပြည့်စုံ ဂုဏ်မြောက် ပါလိမ့်မယ် လို့  ပြန်ပြောလိုက်ပါတယ်။

ဒီနေရာမှာ မဗေဒါဟာ မိန်းမသားပီပီ အသားလိုလို့ အရိုးတောင်းတာလား၊ သူ့အကြောင်းတေးဖွဲ့စေချင်တာကိုပဲ မာယာပရိယာယ်နှောပြီး သွယ်ဝိုက်တဲ့ နည်းနဲ့တောင်းဆိုလိုက်တာလား၊ ကျူရိုးရှင်ကို "မူနွဲ့" လိုက်တာများလား ... ဒါမှမဟုတ်လည်း အမြဲစုန်ဆန်နေရတဲ့ ငြီးငွေ့စရာဘ၀မှာ အမောမှပြေပါစေတော့ရယ်လို့ ကြုံတွေ့ရသမျှ သူတွေအကြောင်း ရိုးရိုးသားသားပဲ တေးဖွဲ့သီကျူးသံကို ကြားချင်လို့လား .... ကျူရိုးရှင်ကလည်း သူ့ဘ၀မှာ မဗေဒါသာ အဓိက လို့ ပြောချင်တဲ့ သဘောနဲ့ ဘယ်သူတွေအကြောင်းဖြစ်ဖြစ် မင်းအကြောင်းမပါရင်တော့ မဖွဲ့နိုင်ပါဘူး လို့ ပြန်ဆိုလိုက်လေသလား ... တွေးကြည့်ကြပါဦး

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၀) - ပန်းခဲ့သည်ပဲ

နေလုံးရယ်နီ။
တိမ်ပန်းချီနေသွေးနဲ့၊ နတ်ရေးသည်သို့။
ဒီအကျပေမို့
အလှ လတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလို လို့။

သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန်နဲ့
ဟိုငဖျံ လတာစွန်းမှာ ၊ သူ့ဂျွမ်းဟန်ချည့်။

သူ့ကိုယ်သူလျင် ၊ ဘာထင်လေမသိ။
ဘုတ်မခုနစ်သံနဲ့
တညံညံ လတာစွန်းမှာ ၊ သူ့လွမ်းသံချည့်။

အိုအချင်းကျူရိုးရှင်။
သူ့မူယာသူ့အတင်း၊ မင်းဆိုခဲ့စဉ်။
မင်းကိုယ်လဲ မင်းပင်လျင်၊ ဘာထင်လို့လေလဲ။
မဗေဒါစုန်ဆန်လမ်းမှာ ၊ ပန်းခဲ့သည်ပဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)


"နေလုံးရယ်နီ . . . တိမ်ပန်းချီနေသွေးနဲ့ .. နတ်ရေးသည်သို့ . . . ဒီ အကျပေမို့ .... အလှ လတာပြင်က .. ကျူရိုးရှင်လှေကလေးနဲ့ .... မျှော်ငေးလိုလို့ . . . "
(ဗေဒါလမ်းကဗျာတွေထဲမှာ ကျနော်အနှစ်သက်ဆုံး အဖွဲ့လေးပါ။ ဒီအပိုဒ်လေးကို အသံထွက်ရွတ်ဆိုကြည့်လိုက်ပါ။ သီချင်းလည်းရှိပါတယ်။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ကွက်တိဖွဲ့ထားတဲ့အဖွဲ့လေးတစ်ခုပါ။ မျက်စိထဲမှာ နေ၀င်ဆည်းဆာချိန် ကောင်းကင်တစ်ခွင်တစ်ပြင်လုံး အရောင်စုံချယ်မှုန်းနေတဲ့ တိမ်ဆည်းဆာ ပန်းချီကား တစ်ချပ် နောက်ခံမှာ ရေးဆွဲထည့်သွင်းထားတဲ့ နေလုံးနီနီကို မြင်ယောင်လာစေပါတယ်။ တစ်ခါ အဲဒီပန်းချီကားကို ရေးထားတဲ့ဆေးကလည်း နေသွေးနဲ့ရေးထားတာ .. နတ်ရေးတဲ့ ပန်းချီကားလိုပါပဲတဲ့။ တကယ့် လွမ်းမောဖွယ် မြင်ကွင်းလေးကို ခံစားသိနဲ့မြင်ကြည့်နိုင်ပါတယ်။)
နေလုံးနီနီနဲ့ ဆည်းဆာချိန်ရောက်လာပါပြီ။ ဒီရေကလဲကျပြီဆိုတော့ လတာပြင်ပေါ်လာပါပြီ။ နေသွေးနဲ့ နတ်ရေးထားတဲ့ပန်းချီကားလိုလှနေတဲ့ လွမ်းမောဖွယ်တိမ်ပန်းချီကားချပ်ရဲ့အောက်မှာ လှပနေတဲ့ လတာပြင်ကြီးမှာ ကျူရိုးရှင်က လှေကလေးတစ်စင်းနဲ့ မျှော်ငေးပြီး နေချင်နေပါတယ်။
အဲဒီလို မျှော်ငေးနေတဲ့အခါ လတာပြင်ရဲ့အစွန်းတစ်ဖက်နားမှာ ငါးပျံကလည်း ဘယ်ပြောင်းညာပြန် ဂျွမ်းတွေထိုး၊ ဘုတ်မကလည်း လတာပြင်အစွန်းနားမှာ ခုနှစ်သံချီပြီး လွမ်းတေးတွေ ညံနေအောင်ဆို နေတာကို တွေ့တော့ ကျူရိုးရှင်က မျက်စိနောက်ပြီး ကြည့်မရ ဖြစ်လာဟန်တူပါတယ်။ သူတို့ ကိုယ်သူတို့ ဘာများထင်နေကြသလဲမသိဘူး လို့ ကျူရိုးရှင်ကပြောမိပါတယ်။
ဒီတော့ မဗေဒါက ကျူရိုးရှင်ရယ် ... သူတို့အမူအရာကိုကြည့် သူတို့အတင်းတွေတော့ ပြောနေလိုက်တာ၊ ကိုယ့်ကိုယ်ကိုရော ဘာများထင်နေသလဲ၊ မဗေဒါကတော့ ဒီအစုန်အဆန်လမ်းမှာ ပန်းလှပါပြီ လို့ မောဟိုက်သံလေးနဲ့ တရားချလိုက်သယောင် စိတ်မှာခံစားလိုက်ရပါတယ်။
ကျနော်တို့တွေလဲ သူများကို အပြစ်ပြောနေမယ့်အစား ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ ဆရာကြီးက မဗေဒါ နေရာကနေ၀င်ပြီး လူ့သဘောကို သတိပေးဆုံးမထားတာဟာ အမှတ်ထင်ထင်သတိပြုဖို့ ကောင်းလှပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၉) - ကြံဖန်ရ

သက်လာတဲ့ရေ ၊ တောင်လေကဖမ်း။
ရေပြင်မှာ လေ၀င်စိုင်း၊ လှိုင်းကြက်ခွပ်လမ်း။

ဒီလှိုင်းကလေသဟာ၊ ဗေဒါက ရေသမား။
ဗေဒါခင်စုန်ချင်အား၊ ဒီလှိုင်းကတား။

ဒုက္ခဟဲ့ မဗေဒါ။
လှိုင်းပုတ်ပြန် ဆုတ်ဟန်ပြ၊ ဆင်းရသူ့မှာ။
ဆုတ်ရင်းလဲ သူဆင်းလာ၊ မြင်ပါပေါ့ပင်လယ်ဝ။
ရေစုန်လေဆန်မို့
ဗေဒါပျံ ကြံဖန်ရ၊ ချောင်းဒီလောက။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)

ရေကျချိန်ရောက်ပြီမို့ ဒီရေပြန်ဆင်းတဲ့အချိန်မှာ တောင်လေကဖမ်းတိုက်ထားတော့ ရေကမြောက်ကနေတောင်ကိုအဆင်း၊ လေက တောင်ကနေ မြောက်ဖက်ကိုပင့်တိုက်တဲ့အခါ ရေပြင်မှာ လေကဆုန်စိုင်းတော့ ဒီရေလမ်းမှာ လှိုင်းကြက်ခွပ်တွေဖြစ်လာပါပြီ။
ဒီလှိုင်းဟာ လေကြောင့်ဖြစ်သလို ဗေဒါကတော့ ရေကိုအားထားပြီးမျောနေရတဲ့ ရေသမားပါပဲ။ ရေကျချိန်မို့ ဗေဒါခင် ပြန်စုန်ချင်ပေမယ့် ဒီလှိုင်းကအထက်ဖက်ကိုပြန်ပင့်တားထားတော့ စုန်ချင်တိုင်းစုန်လို့ မရဘူးပေါ့။
ဒုက္ခပါဘဲဟဲ့ မဗေဒါရယ်၊ လှိုင်းကပုတ်လိုက်ရင် ဆုတ်ဟန်ပြပြီးမှ ရေနဲ့အသာမျှောပြီးသူ့မှာပြန်ဆင်းရပါတယ်။ ဒီလိုပဲ အသာဆုတ်ပြီးမှ ပြန်ပြန်ဆင်းလာရင်းနဲ့ပဲ ပင်လယ်ဝကိုမြင်နေရပါပြီ။ ရေကအစုန်၊ လေကအဆန်မို့ ဗေဒါပျံခမျာ ဒီချောင်းလောကထဲမှာ ပန်းတိုင်ရောက်ဖို့ ကြံခဲ့ ဖန်ခဲ့ ရပါတယ် ... တဲ့။
ဒီကဗျာလေးမှာ "ရေစုန်လေဆန်" ဆိုတဲ့အဖွဲ့လေးကို အတော်လေးနှစ်သက်မိပါတယ်။ စုန်ရေနဲ့လိုက်ဆင်းတာတောင် လေကခံတိုက်နေတော့ လွယ်လွယ်နဲ့ဆင်းလို့မရဘဲ နဲနဲပြန်တက်လိုက် (တနည်းအားဖြင့် ဆုတ်ဟန်ပြလိုက်) များများပြန်ဆင်းလိုက်နဲ့ အတော်လေး ကြံရဖန်ရ ပရိယာယ်တွေသုံးရပြီးမှ သွားချင်တဲ့ပန်းတိုင် ပင်လယ်ဝကို မြင်လာရပါတယ်။ ကျနော်တို့တွေဆက်လျှောက်ရမယ့် ဘ၀လမ်းမှာလည်း ဆင်းတိုင်း လွယ်သေးတာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လဲ ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအခက်အခဲမျိုးတွေ တွေ့တွေ့ ကြံဖန်ပြီးတော့ ဉာဏ်သုံးကျော်လွှားရင်တော့ ပန်းတိုင်ကို တချိန်မှာ ရောက်ရမှာပါ ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၈) - ပန်းဝင်နိုင်ပါရဲ့

ကျ ရေနဲ့ကြုံ၊ စုန်ရန်သာတကား။
မဗေဒါပြာလဲ့ဝင်းရယ်၊ ဆင်းချင်ရဲ့လား။

ဟိုကမ်းမှာ ခရာခြုံ၊ သည်မှာတုံ ပုံတံတား။
မဆင်းချင် မင်းဝင်တွဲ၊ ရဲလိုက်ပါလား။

အိုအချင်းကျူရိုးရှင်။
မိရာတွယ် မယ်မတွဲ၊ ရဲစိတ်မထင်။
စုန်ချိန်ကျပြီမို့
စုန်ရလည်းမယ့်လမ်းပင်၊ ပန်းဝင်နိုင်ပါရဲ့။
ပွင့်ဖူးစုံငုံတံနဲ့၊ ဆင်းလိုက်မယ် .. တဲ့။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)

ရေကျချိန်နဲ့ကြုံလာပါပြီ။ ဒီတော့ စုန်ဖို့ပဲ ရှိပါတော့တယ်။ အပွင့်တွေနဲ့ ပြာလဲ့ဝင်းနေတဲ့မဗေဒါရယ်၊ မင်းဆင်းရောဆင်းချင်ရဲ့လား လို့ ကျူရိုးရှင်က မေးပါတယ်။
ဟိုကမ်းနားမှာတော့ ခရာဆူးခြုံတွေရှိတယ်။ သည်နားမှာတော့ တံတားလဲရှိတယ်။ အဲဒီတော့ မဆင်းချင်ဘူးဆိုလဲ သူတို့ကိုမှီတွယ်ပြီး ရဲရဲကြီးတွဲနေပါလား ... လို့လဲ အကြံပေးပါတယ်။
ဒါပေမယ့် မဗေဒါကတော့ ဒီလိုအမှီအတွယ်ကို မရှာလိုပါဘူး။ စုန်ချိန်ကျလာလို့ စုန်ရတော့လဲ သူ့လမ်းမို့ သူစုန်ရမှာပါဘဲ။ ဒီလိုစုန်ရတာဟာ ဆုံးရှုံးခြင်းမဟုတ်ပါဘူး။ စုန်နေရလည်းသူ့ လမ်းမှာ သူပန်းဝင်နိုင်ပါသေးတယ်။ အဖူးအပွင့်အငုံရိုးတံစုံနဲ့ ဆင်းလိုက်မယ် ... လို့ ပြန်ဖြေလိုက်ပါတယ်။
အောင်မြင်မှုတွေရလာတိုင်းလဲ ဘ၀မှာ မပြီးပါဘူး။ အောင်မြင်နေတဲ့အချိန်မှာကို ကျဖို့ ဆင်းဖို့ ကြုံတတ်ကြတာပဲ မဟုတ်ပါလား။ မဗေဒါ ပန်းပွင့်တွေနဲ့ လှနေကာမှ ပြန်ဆင်းရသလိုဘဲ ကျနော်တို့ဘ၀တွေမှာလဲ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နှက်လို့ ဘ၀ခရီးကို လျှောက်နေကြရ တာပဲမဟုတ်လား။ အကျဖက်ကိုရောက်လာရင် ကိုယ့်လမ်းကို ကိုယ်မမြင်တော့ဘဲ မိရာကိုဖမ်းတွယ်ပြီး မကျအောင် ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအခါမှာ သူတပါးကို မှီခိုရတော့ ကိုယ့်ရဲ့လမ်းပျောက်ပြီး သူတို့ရဲ့ သြဇာအောက် ရောက်တတ်ပါတယ်။ ကိုယ့်ဘ၀ကိုယ်ဖန်တီးခွင့်ဆုံးရှုံးသွားပြီး သူတပါးကြိုးဆွဲရာ က ရတဲ့ ဘ၀မျိုးရောက်သွားတတ်ပါတယ်။ ဒါတွေကို ကြိုမြင်ထားရင် ဗေဒါလေးတွေလိုဘဲ စုန်စရာရှိလဲ အလိုက်သင့်စုန်ဆင်းရင်းနဲ့ ကိုယ့်လမ်းမှာဘဲ ပန်းဝင်နိုင်အောင် ကြိုးစားတတ်သလို သူတပါးကို မမှီခို၊ အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပန်းဝင်နိုင်အောင် ကျနော်တို့လဲ ကြိုးစားရပါလိမ့်ဦးမယ် ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၇) - မင်းလိုက်လာစမ်း

လတာမှာ ကြာ။
ဗေဒါအပြာဖူးနဲ့ ဒီဦးကိုလင့်။
တသသ ရယ်နဲ့။
ရေထမှာသူဆန်လို့
သူ့ဖူးတံပန်ချိန်သင့်၊ ချောင်းဖျားမှာပွင့်။

အပွင့်နဲ့ မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
မိုးဦးကျမျိုးချလာ၊ ကိုဟ၀ှာကြောင့်လေလား။
ကိုဟ၀ှာ တစ်ရွာသား၊ မင်းကြိုက်လို့လား။

အပွင့်နဲ့မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
ဆောင်းဦးပေါက် ကောက်ရွှေဝါ၊ မိုးစာကြောင့်လေလား။
မိုးနီလာမိုးစာဘေးမှာ၊ ငေးချင်လို့လား။

အိုအချင်းကျူရိုးဖေ။
မကြင်နာထင်ရာမေး၊ တွေးပါနဲ့လေ။
ဒီချောင်းက တက် သက်ရေ၊ ဗေဒါလဲ့ မယ့်လမ်း။
နောက်တရေ မေဆန်ခိုက်မှာ မင်းလိုက်လာစမ်း။ ။

ဇော်ဂျီ
(ဆေးသိပ္ပံ နှစ်လည်စာစောင်၊ အတွဲ ၂၊ အမှတ် ၅၊ ၁၉၆၁ - ၁၉၆၂)

လတာပြင်မှာ ကြာတွေပွင့်နေပါတယ်။ မဗေဒါကလည်း အပြာရောင်အဖူးလေးတွေနဲ့ ဒီတက်ချိန်ကို ငံ့လင့်နေပါတယ်။ ဒီရေထလာချိန်မှာတော့ အဖူးလေးတွေကို တသသလုပ်ရင်းနဲ့ပဲ ပန်ချိန်သင့်တော့ ချောင်းဖျားလဲရောက်ရော အဖူးလေးတွေပွင့်လာပါတယ်။
ဒါကို ကျူရိုးရှင်က ခနဲ့ပါတယ်။ ချောင်းဝမှာတော့ မပွင့်ဘဲ (သူမမြင်နိုင်တဲ့၊ သူမရှိတဲ့နေရာ) ချောင်းဖျားရောက်တော့မှဘဲ ပွင့်ရသတဲ့လားတဲ့။ မိုးဦးမှာ စပါးမျိုးလာချတဲ့ ကိုဟ၀ှာကြောင့်လား။ ကိုဟ၀ှာမြင်စေချင်လို့ ချောင်းဖျား မှာမှ သွားပွင့်ရတာလား။ ဒီတရွာသားကိုများ ကြိုက်နေသလား ပေါ့လေ ... ဒါမှမဟုတ်လဲ ဆောင်းဦးပေါက်မှာ ၀င်းမှည့်လာတဲ့ ရွှေဝါရောင်ကောက်ပင်တွေကြောင့်လား။ အပြာရောင်မိုးကောင်းကင်အောက်က မိုးစာ စပါးခင်းဘေးမှာဘဲ ငေးနေချင်လို့လား လို့ ပြောပါတယ်။
ဒီတော့လဲ မဗေဒါက မခံနိုင်ပါဘူး။ ကျူရိုးရှင်ရယ်၊ မကြင်မနာနဲ့ ထင်ရာတွေတွေး၊ ထင်ရာတွေမေးမနေပါနဲ့၊ ဒီချောင်းက ရေတက်ရေကျအတိုင်း မဗေဒါသွားနေရတာပါ။ ဒီလမ်းမှာဘဲ သွားနေရတော့ အပွင့်ကိုမြင်ချင်ရင်လဲ နောက်တရေအတက်မှာ မေဆန်တက်ရင် မင်းလိုက်လာစမ်းပါ ... လို့ ပြန်ချေပ ပါတယ်။
ဒီနေရာမှာ ကျူရိုးရှင်ရဲ့ မဗေဒါအပေါ်ထားတဲ့ တိတ်တခိုးသံယောဇဉ်တစ်စွန်းတစ်စကို မြင်လိုက်ရသလိုပါဘဲ။ သိင်္ဂါရ ရသဖက်ကို အနည်းငယ် တိမ်းညွတ်တယ်လို့ ယူဆပါတယ်။ မဗေဒါရဲ့အပွင့်ကို မမြင်နိုင်၊ သူကိုယ်တိုင်ကလဲ မဗေဒါလို ချောင်းဖျားအထိ ဆန်မတက်နိုင်၊ မဗေဒါနောက်ကို လိုက်မနေနိုင်၊ တခြားသူတွေနဲ့ တွေ့ပြီးကြိုက်သွားမှာလဲစိုးတော့ သ၀န်တိုစကားနဲ့ပဲ ခနဲ့တဲ့တဲ့ မေးရရှာသလိုပါဘဲ ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

Sunday, 21 September 2008

ဗေဒါလမ်း (၂၆) - ချောင်းကထွေထွေ

ချောင်းဝမှာပွေ၊ တေချင်လို့လေလား။
မတိုးသာဒိုက်သရော၊ မျောဆို့နိုင်အား။

ဒီတက်ချိန်တန် ဆန်နိုင်ပါ့မလား။
မဗေဒါ မယ့်ခရီးမှာ၊ သူဆီးလို့တား။

အိုအချင်းကျူရိုးဖေ။
မယ့်လမ်းမှာ ရာထောင်သောင်း၊ ချောင်းကထွေထွေ။
သည်ချောင်းကတားပါစေ၊ ဟိုချောင်းရေရှိပါသေး။
ဆန်ချိန်တော်ရေကျော်ဆိုက်အောင်၊ မင်းလိုက်ခဲ့လေး။ ။

ဇော်ဂျီ
(ဆေးသိပ္ပံ နှစ်လည်စာစောင်၊ အတွဲ ၂၊ အမှတ် ၅၊ ၁၉၆၁ - ၁၉၆၂)

ဒိုက်သရောတွေက ချောင်းဝမှာအများကြီးပါဘဲ။ အဲဒီမှာ ပွေနေကြတဲ့ လူပေလူတေတွေလို တေချင်ဆိုးချင်ကြလို့များလား။ တိုးလို့မရနိုင်အောင် ဒိုက်တွေ သရောတွေက မျောလာပြီး ပိတ်ဆို့နေကြပါတယ်။

ဒါကြောင့်မို့ ဒီရေတက်ချိန်တန်ရင်တောင် ဆန်တက်နိုင်ပါ့မလား မဗေဒါရယ်။ မယ့်ခရီးမှာ သူတို့ ဆီးတားနေကြတယ်လေ ... လို့ ကျူရိုးရှင်က ဆိုလိုက်ပါတယ်။

အိုအချင်း ကျူရိုးဖေရယ်၊ မယ့်လမ်းမှာ ချောင်းအထွေထွေ၊ ရာ ထောင် သောင်းမက ရှိနေပါတယ်။ ဒီချောင်းက တားရင်လဲ တားစမ်းပါစေ၊ ဟိုချောင်းရေ ရှိပါသေးတယ်။ ဆန်ချိန်ရောက်လာရင်သာ ရေကျော်အထိရောက်အောင် မင်းလိုက်လာခဲ့စမ်းပါ ... လို့ မဗေဒါက ပြန်ပြောလိုက်ပါတယ်။

ကျနော်တို့ဘ၀တွေမှာလဲ ဒိုက်သရောတွေပိတ်ဆို့သလို လူရမ်းကားတွေကြောင့် ကိုယ်သွားရမယ့်လမ်း၊ ကိုယ့်တက်လမ်းဟာ အချိန်တန်ပါလျက်နဲ့ မသွားနိုင်၊ တက်ခွင့်မကြုံဘဲ ပိတ်ဆို့ခံထားရတာ ကြုံဖူးပါလိမ့်မယ်။ တခုသော စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းအတွင်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် အထင်အရှားပါဘဲ။ ဒါပေမယ့်လဲ သွားစရာလမ်းဆိုတာ ဒီတလမ်းထဲမဟုတ်သေးပါဘူး။ အထွေထွေအပြားပြား၊ များလှတဲ့ တခြားလမ်းတွေရှိနေပါသေးတယ်။ အားငယ်စရာ၊ စိတ်ဓါတ်ကျစရာ အကြောင်းမရှိပါဘူး။ ဆန်ချိန်တန်လာလို့ကတော့ တနည်းနည်းနဲ့ မရောက် ရောက်အောင် ဆန်တက်သွားကြမှာပါဘဲ။ ရေကျော်ဆိုတဲ့ ပန်းတိုင်ကိုရောက်အောင်သာ လိုက်လာခဲ့ကြပါတော့ ... လို့ ခံစားရပါတယ်။ အားမလျှော့ကြပါနဲ့။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၅) - စုန်တစ်ခါ ဆန်တစ်လှည့်

မဗေဒါသောင်စပ်က၊ လှောင်တတ်ပေလေး။
ကျူရိုးသီ ပီပီတရားကို၊ ကြားချင်တဲ့လေး။

လှောင်ရက်ပေ့ မဗေဒါ။
ပီပီမှာ မယ့်စကားကြောင့် နားရှက်မိပါ။
ချောင်းတစ်လျှောက် ရောက်လေရာ၊ ဗေဒါလဲ့စိတ်စွဲ။
ချောင်နပန်းရယ်နဲ့
အဟမ်းသံ ကျမ်းသံနှော၊ ဟောလိုက်ချင်လဲ။

ဟောမယ်လို့ ကြံလိုက်လျှင်။
ငါ့ပီပီ မြည်မရ၊ အ ခဲ့ အခင်။
တက်ရေနဲ့ သက်ရေယဉ်၊ တသွင်သွင်အလှ။
ဘုတ်မပြီတီတီနဲ့
တအီအီ ဘယ်ဆီက၊ ငေးမိခါမှ။

မြည်ပြီတဲ့သီပြီ။
ချောင်းသာယာ လတာဘေးက၊ တေးကောက်ခဲ့ပြီ။
ဒီချောင်းက ဗေဒါရီရယ်၊ ဒီရေကိုကြိုကွဲ့။
စုန်တစ်ခါ ဆန်တစ်လှည့်၊ တေးသံချိုနဲ့။ ။

ဇော်ဂျီ
(မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

သောင်စပ်ကနေပြီး လှောင်တတ်လိုက်တာ မဗေဒါရယ်၊ ကျူရိုးရှင် သီပြီးဟောမယ့် ပီပီတရားကို ကြားချင်ပါတယ်တဲ့။ လှောင်ရက်ပါပေ့ မဗေဒါရယ်၊ ကျူရိုးရှင် (ပီပီ) ကတော့ နားရှက်မိပါတယ်။ ချောင်းတလျှောက် ရောက်လေရာရာမှာ ဗေဒါလဲ့ စိတ်ထဲ စွဲနေပေမယ့် ချောင်ထဲမှာ ချောင်းဟန့်သံ အဟမ်းဆိုပေးပြီး ကျမ်းဂန်သံ စာသံပေသံနဲ့ မဗေဒါကြားချင်တဲ့ ပီပီတရားကို ဟောပြလိုက်ချင်စမ်းပါတယ်။
ဒါပေမယ့် ဟောမယ်လို့လဲကြံရွယ်လိုက်ရော ပီပီက အသံမထွက်တော့ပဲ အခင်လေး အ သွားပါတော့တယ်။ ရေတက်ရေကျမှာ တသွင်သွင်စီး နေတဲ့ ချောင်းရဲ့အလှကိုကြည့်နေတဲ့အချိန်မှာ ဘုတ်ငှက်မငယ်က ပြီတီတီနဲ့ အသံတအီအီမြည်လို့ ဘယ်ကများ အီသံပေးနေပါလိမ့်လို့ ငေးမိခါကျမှပဲ ...
ပီပီအသံပြန်မြည်လာလို့ တေးသီလိုက်ပါပြီ။ သာယာလှတဲ့ ချောင်းကမ်း လတာပြင်ဘေးကနေ တေးသီကောက်လိုက်ပါပြီ။ ဒီချောင်းရေ က ဗေဒါရီရေ ... တေးသံချိုနဲ့ စုန်လိုက် ဆန်လိုက် လုပ်နေရင်း ဒီရေကို ကြိုပါကွယ် ... လို့ ကျူရိုးရှင်ကပြောနေသလို ခံစားရပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၄) - မယ့်ဖြစ်နဲ

မဗေဒါသောင်စပ်က လှောင်တတ်ပေလေး။
ကျူရိုးရှင် ပီပီအားနဲ့၊ လူကြွားတဲ့လေး၊

လှောင်ရက်ပေ့ဗေဒါခင်။
ဒီချောင်းရေ ကျွန်းမြေဖွား၊ ၀ါးငယ်မျှပင်။
ကျူရိုးတံရှင်၊ ကြွားချင်လို့ဟုတ်ပဲ။
ရွက်ရိုးဖြူကျူပလွေနဲ့
ကျူရိုးဖေ ငယ်စဉ်ကတဲ၊ ကျွမ်းခဲ့လို့ပဲ။

မဗေဒါသောင်စပ်က လှောင်တတ်ပေလေး။
ကျူရိုးရှင် ပီပီကော့နဲ့၊ လူကြော့တဲ့လေး။

လှောင်ရက်ပေ့ဗေဒါခင်။
ဒီချောင်းမြေ ချောင်းရေလမ်း၊ ပန်းလှပြာစင်။
ကျူရိုးတံရှင်၊ ကြော့ချင်လို့ဟုတ်ပဲ။
ဒီလှိုင်းထံတျာနဲ့
မဗေဒါမယ့်ဟန်ပွဲ၊ လွမ်းခဲ့လို့ပဲ။

မဗေဒါသောင်စပ်က လှောင်တတ်ပေလေး။
ကျူရိုးရှင် ပီပီတေးနဲ့ လူငေးတဲ့လေး။

လှောင်ရက်ပေ့ဗေဒါခင်။
နားမနေဒီရေစီးမှာ၊ ဟီးတိုက်လို့ပင်။
ကျူရိုးတံရှင်၊ ငေးချင်လို့ဟုတ်ပဲ။
စုန်ချည်၊ ဆန်ချည်နဲ့
ဗေဒါရီမယ့်ဖြစ်နဲ၊ နွမ်းခဲ့လို့ဘဲ။ ။

ဇော်ဂျီ
(မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

သောင်စပ်ကနေပြီး လှောင်တတ်လိုက်တာ မဗေဒါရယ်၊ ကျူရိုးရှင်ကတော့ ပီပီအားကိုးနဲ့ လူကြွားပဲတဲ့။ လှောင်ရက်ပါပေ့ ဗေဒါခင်၊ ကျူရိုးရှင်ဟာ ဒီချောင်းရေ နဲ့ ဒီကျွန်းမြေမှာမွေးဖွားတဲ့ ၀ါးငယ်လေးသာပဲ ဖြစ်ပါတယ်။ ကျူရိုးရှင်ဟာ ကြွားချင်လို့ မဟုတ်ပါဘူး။ ရွက်ရိုးဖြူနဲ့ကျူပလွေလေးဟာ ကျူရိုးရှင်ငယ်ငယ်ထဲက အကျွမ်းဝင်ခဲ့တဲ့ တူရိယာမို့ပါ။

သောင်စပ်ကနေပြီး လှောင်တတ်လိုက်တာ မဗေဒါရယ်၊ ကျူရိုးရှင်ကတော့ ပီပီလေးနဲ့ကော့လို့ လူပေါ်ကြော့ပဲတဲ့။ လှောင်ရက်ပါပေ့ ဒီချောင်းမြေ၊ ဒီချောင်းရေလမ်းထဲက စင်ကြယ်တဲ့ပန်းပြာအလှ ဗေဒါခင်ရယ်၊ ကျူရိုးရှင်ဟာ ကြော့ကြော့လေးနေချင်လို့ မဟုတ်ပါဘူး။ ဒီလှိုင်းသံတွေရဲ့ တံတျာတေးနဲ့ မဗေဒါရဲ့ ဟန်ကလေးတွေကို လွမ်းနေလို့ပါ။

သောင်စပ်ကနေပြီး လှောင်တတ်လိုက်တာ မဗေဒါရယ်၊ ကျူရိုးရှင်ကတော့ ပီပီလေးနဲ့တေးသီပြီး ငေးမောနေတဲ့လူပဲတဲ့။ လှောင်ရက်ပါပေ့ ဗေဒါခင်ရယ်၊ ကျူရိုးရှင်ဟာ ငေးနေချင်လို့ မဟုတ်ပါဘူး။ မနားမနေနဲ့ ဟီးတိုက်အောင်သွားနေတဲ့ ဒီရေစီးထဲမှာ စုန်လိုက်၊ ဆန်လိုက်နဲ့ နေရတဲ့ မဗေဒါရဲ့ ဖြစ်ရပုံတွေကို နွမ်းနယ်ပြီးတွေးနေမိလို့ပါ ... လို့ ဆိုထားပါတယ်။

ဒီကဗျာလေးမှာတော့ ကျူရိုးရှင်ရဲ့ ခံစားချက်နဲ့ မဗေဒါရဲ့ ကြည်စယ်မှုကို ဖွဲ့ ထားပါတယ်။ သောင်စပ်ကနေပြီး မဗေဒါက ကျူရိုးရှင်ကို အမျိုးမျိုး ခနဲ့တဲ့တဲ့နဲ့ ကြည်စယ်နေတာကို ကျူရိုးရှင်က ပြန်ပြီး (တကယ်ထင်လို့ ရင်နာနာနဲ့) ဖြေရှင်းပြနေပါတယ်။ တကယ်တော့ သူ မဗေဒါအပေါ်မှာ သနားကြင်နာစိတ်၊ ဂရုဏာစိတ်တွေ ထားပြီး နွမ်းလျနေရတာပါ။ မဗေဒါထင်သလို မဟုတ်ရပါဘူး ဆိုပြီး ဖြေရှင်းပြနေပါတယ် ... လို့ ခံစားရပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၃) - တိုးထွက်နိုင်မှ

နောက်ချောင်းကပန်းနီလာ၊ ဗေဒါမ ... လား။
ရှေ့ချောင်းကပန်းနီလာ၊ ဗေဒါမ ... လား။
ဒီဆိုင်ကျခါမှ
ချောင်းမကိုအရောက်ခဲ၊ တွဲတက်စို့လား ... တဲ့။

နောက်ချောင်းကပန်းဗေဒါ၊ ဆန်လာပေါ့လေး။
ရှေ့ချောင်းကပန်းဗေဒါ၊ ဆန်လာပေါ့လေး။
ဒီဆိုင်မှာနှစ်ခိုင်ခဲပေမဲ့။
မတွဲသာ ကြာလေဝေး၊ ၀ဲကျော်ကြောင့်လေး။

ဝဲကျော်က မလော်မာပါ ... တဲ့။
ဒီအပြိုင် ဒီဆိုင်ထဲ ၀ဲကတစ်ရာ။
ဒီအားကြောင့် မနားသာ၊ ပတ်ချာလည်ဘဝ
ဝဲခွင်ဝင်သမျှ၊ ထိုးထွက်နိုင်မှ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံမဂ္ဂဇင်း၊ ၁၉၆၀)

အနောက်ချောင်းနဲ့ အရှေ့ချောင်း က ဗေဒါမ ပန်းနီလာ နှစ်ဦးကတော့ ချောင်းမကိုဝင်မယ့် ချောင်းဆိုင်ရောက်ရင် ချောင်းမကိုရောက်အောင် နှစ်ဦးသားတွဲပြီးဆန်တက်သွားဖို့ တိုင်ပင်စိုင်းပြင်းနေကြပါတယ်။ ဒါပေမယ့် ချောင်းဆိုင်ကို နှစ်ဦးသားဆန်လာကြပေမယ့် ချောင်းဆုံလဲရောက်ရော ၀ဲနဲ့တွေ့ ပြီး မတွဲနိုင်ကြတော့ဘဲ ကြာလေလေဝေးလေလေ ဖြစ်သွားရရှာပါတယ်။
ဝဲကျော်ကလဲ သူလော်မာတာမဟုတ်ဘူးလို့ငြင်းပါတယ်။ ဒီ ချောင်းဆုံမှာ ဒီရေစီးတဲ့အားကြောင့် ၀ဲတွေအများကြီး ဖြစ်နေရ တာပါ၊ သူတို့လဲ ပတ်ချာလည်လှည့်ပြီး မနားရပါဘူး ... တဲ့။ ဒီတော့ မဗေဒါတို့ ၀ဲခွင်ထဲဝင်သွားရင်တော့ ၀င်လာသမျှကို တိုးထွက်နိုင်မှသာ လွတ်ပါလေတော့မယ်။

လောကသံသရာထဲမှာလဲ ဒုက္ခမျိုးစုံ အမျိုးမျိုးအဖုံဖုံ ကြုံဆုံလေသမျှကို ကျနော်တို့ အားမာန်တင်းရင်း ရအောင်တိုးထွက်ကြရပါလိမ့်မယ် ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၂) - ဒီတရား

မတက်ရလျင်တော့ ၊ တစ်သက်ပါ့မခံပေါင် ... တဲ့။
ကနစို တုံးတိုသစ်က ၊ ကြွေးဟစ်ရန်ထောင်။
မနက်ကအသေကောင်၊ သူတောင်မှတက်နိုင်သေး။
ငါ တုံးတို ကနစိုသားပေပေါ့။
ချောင်းဖျားကို ခါတစ်ခေါက်၊ ရောက်ရမယ်လေး ... တဲ့။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစိုတုံးပျိုလှကို နားချပါရှင်။
ဒီချောင်းကို ၀င်မိလျင်၊ မထင်နဲ့တစ်ခေါက်ထဲ။
တက်တုံ သက်တုံနဲ့
တက်မကုန်၊ သက်မစဲ၊ မောလောက်အောင်ပဲ။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစိုတုံးပျိုလှကို နားချပါရှင်။
ဒီချောင်းကိုဝင်မိလျင်၊ တက်ချိန်တွင်ဆင်းနိုင်ပဲ။
ဆင်းချိန်မှာ တက်လိုလဲ၊ စောင့်ရစမြဲ။

မနက်ကတက်တဲ့ဒီ၊ မမီလိုက်လေလဲ။
ညဦးယံဒီပြန်တက်ပါလိမ့်။
တက်စရာခက်ပါပဲ၊ ပန်းဗေဒါနဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံမဂ္ဂဇင်း၊ ၁၉၆၀)

ကနစိုသားသစ်တုံးတိုက "မတက်ရရင်တော့ ဒီတသက်မခံနိုင်ပေါင်" လို့ ရန်ထောင်ဟစ်ကြွေးနေပါတယ်။ မနက်တုန်းက အသေကောင်တောင်မှ တက်သွားနိုင်သေးတာ၊ ငါလို ကနစိုသားသစ်တုံးတိုက ချောင်းဖျားကို တစ်ခေါက်တစ်ခါတော့ ရောက်ကိုရောက်ရစေ့မယ် လို့လဲကြိမ်းဝါးနေပါတယ်။
ဒီအခါမှာ မဗေဒါက ကျူရိုးရှင်ရယ်၊ ဒီချောင်းမှာဒီတရား ဆိုတာကြားဖူးပါလိမ့်မယ်။ ကနစိုသားတုံးတိုကို နားချပါဦးရှင်။ ဒီချောင်းထဲကိုဝင်မိလို့ကတော့ တက်နေဆင်းနေရတာတစ်ခေါက်ထဲလို့များမထင်လိုက်ပါနဲ့။ တက်လို့မကုန်နိုင်၊ ဆင်းလို့လဲ မစဲနိုင်နဲ့ မောလောက်အောင်သွားနေရပါလိမ့်မယ်။ ပြီးတော့ တက်ချင်တိုင်းလဲမတက်နိုင်၊ ဆင်းချင်တိုင်း လဲဆင်းလို့မရ။ ရေတက်ချိန်မှာဆို စုန်လို့မရ၊ ရေကျချိန်မှာဆန်ချင်လို့မရနဲ့ အချိန်ကိုလဲ စောင့်ရပါသေးတယ်။ ဒီလိုမှမဟုတ်လို့ တက်ချင် ပါသေးတယ်ဆိုရင်တော့ မနက်ကတက်တဲ့ ဒီရေကို မမီလိုက်လဲ ညဦးယံလောက်ကျရင် ဒီပြန်တက်လာပါလိမ့်မယ်။ မဗေဒါတို့အတွက်ကတော့ တက်ဖို့ဆိုတာ မခက်လှပါဘူး လို့ ပြောလိုက်ပါတယ်။
ဒီကဗျာလေးမှာ ဆရာကြီးဟာ တွေးဆဆင်ခြင်စရာ၊ သင်ခန်းစာယူစရာအများအပြားပေးသွားပါတယ်။ မိုက်မဲစွာမာန်တက်မှု၊ အခြေအနေကို အသေအချာ သိနားလည်ခြင်းမရှိမှု၊ အတွေ့အကြုံနည်းပါးမှု၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်လိုမှု ဆိုတဲ့ လူအတော်များများမှာရှိတတ်တဲ့ စိတ်ဓါတ်တွေကို ကနစိုတုံးနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ တည်ငြိမ် ရင့်ကျက်မှု၊ စာနာနားလည်သနားတတ်မှု၊ အတွေ့အကြုံများပြားမှု၊ စိတ်ရှည်သည်းခံနိုင်မှု၊ အခွင့်အရေးကို လောမကြီးဘဲ၊ လွတ်သွားတဲ့အခွင့်အလမ်းတခုကိုမက်မောမနေဘဲ နောက်ထပ်လာဦးမယ့် အခွင့်အလမ်းကို ရယူ နိုင်မယ်ဆိုတဲ့ တွေးခေါ် မျှော်မြင်နိုင်မှု အစရှိတဲ့ စိတ်ဓါတ်အကျင့်ကောင်းတွေကိုတော့ မဗေဒါနဲ့ နှိုင်းယှဉ်ပြထားပါတယ်။

နောက်ဆုံးအပုဒ်လေးကို ကျနော်အကြိုက်ဆုံးပါဘဲ။ ညဦးယံဒီပြန်တက်ပါလိမ့်ဦးမယ်တဲ့။ ကျနော်တို့ဘ၀မှာ လွတ်သွားတဲ့ အခွင့်အလမ်းတွေအတွက် အချိန်မနှောင်းသေးပါဘူး။ အားလျှော့စရာမလိုပါဘူး။ ညဦးယံရောက်ရင် ဒီပြန်တက်ပါ လိမ့်ဦးမယ်။ တက်လာမယ့် အဲဒီ ဒီရေနဲ့ အမီလိုက်ကြဖို့အတွက် ကိုယ့်ဖက်ကသာ အဆင်သင့်ဖြစ်ဖို့လိုပါလိမ့်မယ်။ အဲ ... ဒီရေတက်လာချိန်မှာ အိပ်ပျော်မနေကြဖို့သာ လိုပါလိမ့်မယ်။ ညဦးယံအခါကိုရောက်ရင်တော့ ဒီရေပြန်တက်လာဦးမှာပါ ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၁) - လှလိုက်မှာပဲ

ဘုတ်မကအီ၊ ဒီရေကျတေး။
မဗေဒါမယ့်ဒုံရင်း၊ ဆင်းချိန်မို့လေး။

ဆင်းမယ်လာ့ မဗေဒါ ... တဲ့။
ကျူရိုးရှင်ပီပီကလေး၊ တေးသံကသာ။
ရေထဦးဆီက
အဖူးနဲ့အငုံဟာ ပွင့်ပါပေါ့ခုများ။
ပွင့်ပြာမှာဝါလဲ့ဝင်းမှ ဆင်းရမယ်လား။

အိုအချင်းကျူရိုးရှင်။
စုန်ချည်ဆန်ချည်နဲ့
တစ်ပြန်စီဒီတရား၊ ကြားပါစရှင်။
တက်ချိန်ကျတက်ခဲ့လျင်၊ ဆင်းချိန်တွင် မနှေး။
ဒီချောင်းနေဗေဒါမျိုးမှာ၊ ရိုးလှပြီလေး။

အိုအချင်းကျူရိုးရှင်။
ပွင့်ပြာမှာဝါလဲ့ဝင်းမှ၊ ဆင်းပြလိုက်ချင်။
အပွင့်ကားရယ်နဲ့
ချောင်းဖျားမှာလှရွှေစင်၊ ချောင်းရေယဉ်လှပုလဲ။
ချောင်းဝမှ မြတခဲ၊ လှလိုက်မှာပဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံမဂ္ဂဇင်း၊ ၁၉၆၀)

ဒီရေကျချိန်ရောက်ပြီမို့ ဘုတ်မတွေတအီအီနဲ့ ဒီရေကျတေးကိုဆိုနေပါပြီ။ ဒီရေကျပြီဆိုတော့ မဗေဒါဆင်းချိန် ရောက်လာပြီပေါ့။
ကျူရိုးရှင်က ပီပီသံလေးနဲ့ တေးသံသာလေးတွေပေးပြီး ဆင်းရတော့မှာလား မဗေဒါ လို့ မေးလာပါတယ်။ ရေတက်စဉ်တုန်းက အဖူးနဲ့ အငုံပဲ ရှိနေသေးရာကနေ အခုဆိုပွင့်နေပါပြီ။ အပြာရောင်အပွင့်လေးပေါ်မှာ အ၀ါရောင်တွေလဲ့လဲ့ဝင်းနေကာမှပဲ ဆင်းရတော့မှာလား ဆိုပြီး မချိတင်ကဲ မေးနေပါတယ်။
ဒီတော့ မဗေဒါက ပြန်ဖြေပါတယ်။
အသင် ကျူရိုးရှင်ရယ်၊ တလှည့်စီ စုန်လိုက်၊ ဆန်လိုက် နေရမြဲ တရားကို ကြားဖူးပါစရှင်၊ တက်ချိန်မှာတက်ခဲ့ရင် ဆင်းချိန်မှာလဲ ဆင်းဖို့ကို နှောင့်နှေးမနေပါဘူး။ စိုးရွံ့မနေပါဘူး။ ဒီချောင်းမှာနေတဲ့ ဗေဒါအတွက်တော့ ဒါမျိုးတွေရိုးနေပါပြီ။
အသင် ကျူရိုးရှင်ရယ်၊ အပွင့်ပြာကလေးပေါ်မှာ အ၀ါရောင်တွေလဲ့လဲ့ဝင်းနေကာမှပဲ ဆင်းပြလိုက်ချင်ပါသေးတယ်။ ကားစွင့်နေတဲ့အပွင့်လေး တွေနဲ့ ချောင်းဖျားမှာလဲ ရွှေစင်ရွှေသားလိုလှ၊ ချောင်းရေအလျဉ်မှာလဲ ပုလဲလိုယဉ်၊ ချောင်းဝရောက်တော့လဲ မြသားလိုစိမ်းလို့ ဘယ်မှာပဲဖြစ်ဖြစ် ဗေဒါတို့ကတော့ လှလိုက်မှာပဲ ... လို့ ပြန်ဖြေလိုက်တယ် လို့ခံစားမိပါတယ်။
လူ့ဘ၀မှာလဲ အောင်မြင်မှုအသီးအပွင့်တွေရလာကမှ ပြန်ကျရတဲ့ အခါမျိုးမှာ မဗေဒါပြောခဲ့တဲ့ "တပြန်စီ" ဆိုတဲ့တရားကို နှလုံးသွင်းပြီး ဒီလောကရဲ့  သံသရာမှာ လောကဓမ္မတာတရားအတိုင်း နိမ့်မြင့်တက်ကျ တလှည့်စီလာလိမ့်မယ်ဆိုတာကို ဆင်ခြင်လို့ ဘယ်နေရာရောက်ရောက် မဗေဒါလို "လှလိုက်မှာပဲ" လို့သာ အားမာန်တင်းပြီး နေနိုင်အောင် ကျနော်တို့ကြိုးစားရပါလိမ့်မယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၀) - တင်းရပုံပဲ

ဖူးတံကညိုတိုတို။
စုန်ရေဆန်ရေနဲ့
ဗေဒါဆွေရေအလှ၊ ချောင်းမတခို။
ရေငန်နဲ့ရေချို၊ ဥဒဟိုမစဲ။
နေ့မရှောင်ညမအား၊ နားရရှာဘဲ။

နားချင်လို့ ခါတရံ၊
မဗေဒါရွာသူ့ပန်းပေမို့၊ ကမ်းကပ်မဲ့ကြံ။
အစုန်မှာကပ်ရပြန်၊ အဆန်မှာခွာရမြဲ။
အဆန်မှာကပ်လျင်လဲ၊ စုန်ဆင်းတော့ခွဲ။

ကပ်ပြန်ရ၀မ်းမသာ၊ ခွာပြန်ရ၀မ်းမနည်း။
မဗေဒါစုန်ဆန်ရင်း၊ တင်းရပုံဘဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

ဖူးတံညိုတိုတိုလေးနဲ့မဗေဒါက ဒီချောင်းမကြီးရဲ့ စုန်ရေဆန်ရေတွေထဲမှာ ရေချိုပိုင်းရောက်လိုက်၊ ရေငန်ပိုင်းရောက်လိုက်နဲ့ ဥဒဟို နေ့မနား ညမနား မရပ်မစဲသွားနေရတာ နားရတယ်လို့ကို မရှိရှာပါဘူး။
ရွာသူလေးတွေ ဆင်သမယ့် ပန်းဘ၀နဲ့ တခါတလေနားချင်လို့ ကမ်းကိုကပ်ဖို့ ကြံမိရှာပါတယ်။ ဒါပေမယ့် ရေစုန်မှာ ကမ်းကပ်လိုက်ရင် ရေဆန်ကျတော့ ပြန်ခွာလိုက်ရ၊ ရေဆန်မှာ ကမ်းကပ်လိုက်ရင်လဲ ရေစုန်မှာ ပြန်ခွာလိုက်ရနဲ့ပဲ အမြဲကမ်းကပ်နေရတယ်လို့ မရှိပါဘူး။
ဒီတော့လည်း ကမ်းကပ်ရလည်း ၀မ်းမသာ၊ ကမ်းကနေပြန်ခွာရလဲ ၀မ်းမနည်းတော့ဘဲ စိတ်ကိုသာတင်းရင်းနဲ့ မဗေဒါခမျာ စုန်နေဆန်နေရရှာဆဲပါပဲ။

ကျနော်တို့တွေလဲ လောကဓံတရားအတိုင်းအနိမ့်အမြင့်အတက်အကျတွေနဲ့ ကြုံလာရတဲ့အခါမှာ ဗေဒါလေးတွေ အားတင်းရသလိုပဲ ၀မ်းသာဝမ်းနည်းခံစားမှုမျိုးသိပ်မခံစားရဘဲ ဥပေက္ခာတရား လက်ကိုင်ထား နိုင်မယ် ဆိုရင် ဘ၀ခရီးကို လျှောက်လှမ်းရာမှာ ပိုပြီးအထောက်အကူ ပြုနိုင်ပါလိမ့်မယ် ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၁၉) - ချောင်းတစ်ခွင်

ပွင့်ဖူးတံချီ၊ ဗေဒါရီတမိ
ချောင်းတစ်ခွင်သူဆန်သွား၊ ချောင်းဖျားအထိ။

တစ်ရွာကိုကျော် ၊ တစ်ခေါ်လောက်စခန်း
မဗေဒါဆန်တဲ့ချောင်း၊ ကျောင်းနဲ့နတ်လမ်း။

နတ်လမ်းကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါယာဘက်ဘေး၊ တဲလေးအိမ်တန်း။

လေးအိမ်ကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါမယ့်လက်ဝဲ၊ ကျွဲစားကျက်တန်း။

စားကျက်ကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါဝဲယာလိုက်၊ တောဗျိုက်ဖြူတန်း။

ဗျိုက်တောကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါပတ်ချာဝိုင်း၊ ကိုင်းမြက်ရှည်တန်း။

ရောက်ပြန်လျင်ပျော်၊ ကျော်ပြန်တော့ သူလွမ်း
ရောက်တိုင်းတပျော်ပျော်နဲ့
ကျော်တိုင်းသာသူ့မှာလွမ်း၊ ချောင်းဗေဒါလမ်း။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

မဗေဒါက ပွင့်ဖူးတံလေးတွေတချီချီနဲ့ ချောင်းထဲမှာ ခရီးသွားနေကြောင်း ရှေ့ကဗျာမှာ ပြောခဲ့ပါတယ်။ ဒီကဗျာထဲမှာတော့ မဗေဒါက ချောင်းဖျားအထိရောက်အောင် ဆန်တက်သွားပါတယ်။ တစ်ရွာကျော်ပြီး တစ်ခေါ်လောက်စခန်းအရောက်မှာ ကျောင်းနဲ့နတ်လမ်းကိုရောက်၊ အဲဒီကနေ တစ်ခေါ်လောက်ဆန်တက်ခဲ့ပြန်တော့ မဗေဒါရဲ့ ယာဘက်မှာ တဲလေးအိမ်တန်းကိုတွေ့၊ လေးအိမ်တန်းကိုတစ်ခေါ်လောက်ကျော်လာ ပြန်တော့ ဘယ်ဘက်မှာ ကျွဲစားကျက်တန်းကိုတွေ့၊ တစ်ခါ စားကျက်ကိုကျော်ပြန်တော့ ဗျိုက်ဖြူတောတန်းလေးကိုရောက်၊ အဲဒီကမှ ကိုင်းမြက်ပင်ရှည်ရှည်အတန်းလေးက မဗေဒါကို ပတ်ချာဝိုင်းနေ၊ ဒီဆန်တက်လာရာချောင်းတခွင်မှာ အစဉ်လိုက် တစ်ခေါ်လောက်အကွာ မနီးမဝေးမှာ မြင်လာရတဲ့ ရှုခင်းတွေ၊ မြင်ကွင်းတွေကို ဖွဲ့ပြသွားပါတယ်။ မဗေဒါကတော့ တစ်နေရာရောက်ရင်ပျော်လိုက်၊ ကျော်သွားရင် လွမ်းလိုက်နဲ့ပဲ ဗေဒါရဲ့ ဒီချောင်းလမ်းထဲမှာ ပျော်လိုက်၊ လွမ်းလိုက်နဲ့သာ ဆန်တက်လာခဲ့ရပါတယ်။

ကျနော်တို့ဘ၀တွေမှာလဲ ဘ၀တကွေ့မှာ ခဏတွေ့ပြီး ခွဲခွါခဲ့ရတဲ့ အမှတ်တရအဖြစ်လေးတွေရှိခဲ့ကြပါတယ်။ တွေ့ဆုံကြုံရတဲ့အခါ ပျော်ကြ၊ ပြီးတော့လဲ ခွဲခွါကြရနဲ့ လူ့ဘ၀ရေဆန်ခရီးမှာ ဒီလိုပဲဆက်ပြီး ခရီးသွားနေကြရတာပါပဲ ... လို့ ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၁၈) - ပွင့်ဖူးတံချီ

အပြာမှာ အ၀ါကွက်ကယ်နဲ့၊ ၀ိုင်းစက်စက်ရွက်ငယ်ရှင်။
မဗေဒါ ပင်လယ်အောက်က၊ ချောင်းပေါက်ကိုဝင်။
ချောင်းတစ်လျှောက် မယ့်လမ်းစဉ်၊ ယဉ်ပေစွတကား။
ဗေဒါဆွေ ဒီရေထဲမှာ၊ ရဲပေစွတကား။

ရေဆိပ်မှာတဲ့ ညံစီစီ
ပျိုလေးတွေလက်တကမ်း၊ ပန်းဆန်ခဲ့ပြီ။
လှမ်းကြပေါ့ မှီ့တမှီ၊ ကံသီလို့ ... တကတဲ။
ဗေဒါပျံကံကကြီး၊ ရေစီးကြောင့်လွဲ။

ခရုပတ်ဝဲငယ်ငယ်
ဗေဒါဆွေ ဒီရေကွေ့မှာ၊ ပြေးတွေ့ရတယ်။
မဖြစ်လို့ နှစ်တွယ်တွယ်၊ ၀ဲလယ်ကအနွဲ့။
မဗေဒါ ပတ်ချာလှည့်၊ လွှဲထွက်နိုင်ခဲ့။

လောင်းစပ်က ခတ်တက်ပြင်။
ရေဆန်မှာ စုန်မဆိုင်း၊ လှိုင်းယက်ပန်ဆင်။
လှေဦးကဘီလူးဝင်၊ လျင်နိုင်မှ လွတ်မြဲ။
ဗေဒါပျံ လှေနံယိမ်း၊ ထိန်းခဲ့သည်ဘဲ။

ချောင်းဖျားက ငါးငဖျံ။
လတာရောင် အကောင်သေး၊ မှေးလိုက်ခဲ့ပြန်။
ဗေဒါကဖောင်သဏ္ဍာန်၊ ငပျံကဖောင်စီး။
ပြာဝါရောင်ဘယ်မညှိုး၊ ပိုးခဲ့မညည်း။

တက်ရေမှာဆန်၊ ကျပြန်တော့ စုန်ဆင်း။
ပွင့်ဖူးတံ တချီချီနဲ့
ဗေဒါရီ ဒီရေကြောမှာ ၊ မျောတတ်လေခြင်း။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

"အပြာမှာ အ၀ါကွက်ကယ်နဲ့၊ ၀ိုင်းစက်စက်ရွက်ငယ်ရှင်" ဆိုပြီး ဆရာကြီး ဖွဲ့လိုက်တဲ့ အဖွဲ့ လေးဟာ ဗေဒါပန်းလေးတွေကို မျက်စိထဲမှာ ထင်းကနဲ မြင်လာစေပါတယ်။ အပြာရောင်ပေါ်မှာ အ၀ါကွက်ကလေးတွေရောလို့ အရွက်ဝိုင်းဝိုင်းစက်စက်ကလေးတွေရှိတဲ့ ဗေဒါပန်းလေးတွေ ပင်လယ်ကနေ ချောင်းရိုးပေါက်ထဲကို ၀င်လာပါပြီ။ ချောင်းတလျှောက် သွားရတဲ့ မဗေဒါရဲ့လမ်းဟာ ယဉ်လှသလို ဒီချောင်းရေထဲမှာ ရဲရဲရင့်ရင့် ခရီးဆက်မြဲပါပဲ။

လမ်းတလျှောက်မှာ မဗေဒါ စီစီညံညံအသံတွေနဲ့ ရေခပ်နေတဲ့အပျိုလေးတွေရှိတဲ့ ရေဆိပ်နားကိုရောက်လာပါတယ်။ သူတို့လေးတွေရဲ့ လက်တကမ်းအကွာလောက်အထိ မျောလာလေတော့ ပန်းဆန်ပြီးလှချင်တိုင်းလှနေတဲ့ မဗေဒါကို မမှီ့ တမှီနဲ့ လက်လှမ်းလို့ယူကြပါတယ်။ တကတဲမှဘဲ ကံသီပေလို့သာပေါ့။ မဗေဒါကံကြီးလေတော့ ရေစီးနဲ့ အမြန်ပါသွားပေလို့သာ သူတို့ လှမ်းမယူလိုက်နိုင်တာပါ။
အဲဒီကနေ ချောင်းအကွေ့လဲရောက်ရော ခရုပတ်ဝဲငယ်လေးနဲ့တိုးပြန်ပါတယ်။ ရှောင်မရလို့ဝဲထဲမှာ နှစ်တွယ်ပြီး ခဏတာတော့ နေလိုက်ရပြီးမှ ၀ဲထဲက ပတ်ချာလှည့်ပြီး လွှဲထွက်နိုင် ခဲ့ပါတယ်။
တခါ လောင်းလှေက ခပ်တက်တပြင်ပြင်နဲ့ ရေကိုဆန်ပြီး လှိုင်းယက်တွေနဲ့ တက်လာပါတယ်။ လှေဦးက မဗေဒါဆီ အရှိန်ပြင်းပြင်းနဲ့ ဘီလူးဝင်သလို တဟုန်ထိုးဝင်လာခဲ့တာဟာ လျင်နိုင်လွန်းမှ လွတ်နိုင်တာမျိုးပါ။ မဗေဒါကတော့ လှေနံဘေးနားကို အသာယိမ်းပြီး ကိုယ်ကိုထိန်းလို့ ရှောင်နိုင်ခဲ့ပြန်ပါတယ်။
ချောင်းဖျားက လတာပြင်အရောင်ရှိတဲ့ငါးပျံ အကောင်သေးက မဗေဒါပေါ် ခုန်တက်ပြီး ဖောင်လိုစီးလို့ မှေးလိုက် ခဲ့ပြန်တော့လည်း မဗေဒါက အရောင်မညှိုး၊ မညည်းညူဘဲ ကျောပေါ် ပိုးခဲ့ရပြန်တာပါဘဲ။
ရေတက်လာရင်ဆန်တက်၊ ရေကျပြန်ရင် စုန်ဆင်းပြီး ပွင့်ဖူးတံလေးတွေချီလို့ ဒီရေတကြောမှာ မဗေဒါရယ် မျောတတ်လိုက်တာ ... လို့ ပြောထားသလိုခံစားရပါတယ်။

ဒီလိုပါဘဲ၊ ဘ၀မှာ ဘယ်လိုပဲ အလိုက်သင့်နေတတ်နေတတ်၊ ဘေးရန်တွေ တွေ့လာကြုံလာရတဲ့အခါ ကျော်လွှား နိုင်ဖို့ဆိုတာ ကိုယ့်အစွမ်းအစသာမက ကုသိုလ်ကံရဲ့ ဖေးမမှုလဲ လိုအပ်ပါတယ်ဆိုတာ ဒီကဗျာထဲမှာတွေ့ ရပါတယ်။ တခါတလေကျပြန်တော့လဲ ငါးပျံကဖောင်လိုစီးလာတာကို ဘယ်လိုမှမတုံ့ပြန်နိုင်ပဲ အလိုက်သင့် ကျောပိုး ခေါ်ခဲ့ရတာမျိုးလဲ တွေ့ရပါလိမ့်ဦးမယ်။ ဒီအခါမျိုးကျရင်လဲ ကိုယ့်ကိုမထိခိုက်အောင် နေတတ်နိုင်စွမ်း ရှိရပါလိမ့်မယ် လို့ ဆင့်ပွါးခံစားရပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၁၇) - ဗေဒါပင်နှင့် ကျူပင်

မဗေဒါ၊ ဆန်လာပေါ့အပြင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ ရေမွန်းလိုက်ရင်း။

ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ သောင်ထွန်းလိုက်ရင်း။

မဗေဒါ၊ ဆန်လာပေါ့ အတင်း။
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဉ်း၊ ဖုန်းရပြန်ရင်း။

ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဉ်း၊ ခေါင်းဖော်လိုက်ရင်း။

ကျူပင်ရိုးမှာတော့ ယိမ်းထိုးရတခါခါ။
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ။
လွှဲလိုက်ရဘယ်နဲ့ညာ၊ ရိုးတံညှာရွက်စိမ်း။
မနိုင့်တနိုင်နဲ့
ယိုင့်တယိုင် ဒီရေစီးကို၊ သည်းခံလို့ယိမ်း။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

ဒီရေအတက်ကြမ်းတဲ့အခါ မဗေဒါ အပြင်းဆန်တက်လာပါတယ်။ ချောင်းကျယ်တဲ့နေရာ ချောင်းလယ်ကကျွန်းကတော့ ဒီတက်လို့ ရေမြုပ်ပြီးရေမွန်းရပြန်ပါတယ်။ တစ်ခါ ဒီကျသွားတော့ စုန်ရေနဲ့ ပြန်ဆင်းရပြန်ပါတယ်။ ချောင်းကျယ်တဲ့နေရာ ချောင်းလယ်ကကျွန်းနားမှာတော့ ရေကျချိန်မှာ သောင်ထွန်းကျန်ခဲ့ပါတယ်။ ဒီလိုပါဘဲ နုန်းနှစ်တွေနဲ့ ပြည့်နေတဲ့ လတာပြင်ကြီးနားက ညောင်ညိုပင်ကြီးရဲ့ ပါးပျဉ်းကျသလို ကျနေတဲ့ အမြစ်တွေဟာလဲ ရေတက်လို့ မဗေဒါ အတင်းဆန်တက်လာချိန်မှာ ရေဖုံးသွားလိုက်၊ ရေကျချိန် မဗေဒါ ပြန်စုန်ဆင်းသွားရင် ရေပေါ်ကို ခေါင်းဖေါ်လာလိုက်နဲ့ ဖြစ်နေပါတယ်။
ကျူရိုးရှင်ခမျာမှာတော့ မဗေဒါ စုန်လိုက် ဆန်လိုက်နဲ့ မောနေရတဲ့ ချောင်းရိုးကမ်းစပ်မှာ ရေတက်ရေကျချိန်တွေမှာ ရေစီးဒဏ်ကြောင့် အခါခါ ယိမ်းထိုးနေရပါတယ်။ အရွက်စိမ်းစိမ်း ရိုးတံညှာရှည်ရှည်နဲ့ ကျူရိုးရှင်မှာ ဒီရေစီးရဲ့ဒဏ်ကို မနိုင့်တနိုင် သည်းခံရင်းနဲ့ပဲ ဘယ်လွှဲလိုက်၊ ညာလွှဲလိုက်နဲ့ ယိုင်တိုင်တိုင်ယိမ်းနေရပါတယ် .. လို့ ခံစားမိပါတယ်။

ဒီနေရာမှာ ဗေဒါနဲ့ ကျူပင်ရဲ့ ကွာခြားမှုကို ကျနော်တို့ခံစားတွေ့မြင်နိုင်ပါတယ်။ မဗေဒါကတော့ ရေစီးအတိုင်းမျှောလိုက်နိုင်ပါတယ်။ ဒါပေမယ့် ချောင်းလည်ကကျွန်း၊ ညောင်ညိုမြစ် တို့မှာတော့ မြုပ်လိုက်၊ ပေါ်လိုက်၊ ကျူရိုးရှင်ကျူပင်ကတော့ ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက် နဲ့ ရေစီးအတိုင်းမမျှောနိုင်တော့ ရေစီးရဲ့ဒဏ်၊ ရေစီးတိုးအားကို ခံစားနေရတာကို တွေ့ရပါလိမ့်မယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေတခုကို တင်းခံတာနဲ့စာရင် အလိုက်သင့်စီးမျှော သွားနိုင်တာက ပိုပြီးသင့်တော်ပါသလား။ ပိုပြီး အခံရသက်သာပါသလား။ တွေးကြည့်စရာပါပဲ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၁၆) - ချောင်းလှဖို့ကို

ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။
မဗေဒါပြာနွဲ့နှောင်းငဲ့။
ချောင်းတန်တန် ရေငန်ရပ်မှာ စွဲတတ်နိုင်အား။

သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။

သူ့လမ်းနဲ့သူ့အမြင်။
ချောင်းဒီရေနေသမျှ၊ ချောင်းလှဖို့ပင်။
ချောင်းဖျားက ထက်တစ်ခွင်
ပင်လယ်က အောက်တလွှား။
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော၊ မျောကြမနား။

ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေယောင်စောင်းငဲ့။
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

မဗေဒါပြာနွဲ့နှောင်းရယ် ... ဒီချောင်းမှာ ကြာလှပါပကော။ ရေငန်ချောင်းငယ်ငယ် ထဲမှာ စွဲစွဲမြဲမြဲနေတတ်နိုင်ပါပေရဲ့ .. လို့ ကျူရိုးရှင်က ဆိုပါတယ်။
မဗေဒါကတော့ သူ့စိတ်နဲ့သူ့ကိုယ်ပဲ၊ ချောင်းတခွင်မှာမြင်ရသမျှဟာ ချောင်းလှဖို့ပဲဖြစ်နေပါတယ်။ ဘုတ်မကပဲ ချိုတေးဆိုဆို၊ ဗျိုင်းညိုတွေရဲ့ အောက်သံပဲ ကြားကြား၊ ကမ်းဘေးက အုန်းပင်ညီနောင် စောင်းချင်လဲစောင်းနေ၊ ချောင်းကောက်ကွေ့နေလဲ ကောက်ကွေ့နေပါစေ၊ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဟာ ချောင်းကို အလှဆင်နေတယ်လို့ပဲ ယူဆထားပါတယ်။ သူ့လမ်းကို သူ့အမြင်နဲ့ပဲ သူမြင်ပါတယ်။ ဒီချောင်းရေထဲမှာ နေသမျှတော့ ချောင်းကလေးလှတယ်လို့မြင်ထားပါတယ်။ အထက်တခွင်က ချောင်းဖျားကနေ ပင်လယ်ဝ ချောင်းအောက်အထိ စုန်လိုက် ဆန်လိုက်နဲ့တစ်လှည့်စီ မနားတမ်း မျောနေရတဲ့ ဒီသဘောတရားကိုနောကြေနေအောင် ဗေဒါက သိထားပါတယ်။
ရွှေယောင်တစောင်းထုံးတားတဲ့ ကျူရိုးရှင်ရယ် ... ဒီချောင်းမှာပဲ ကြာနေရမှာပါ။ ရေငန်ချောင်းငယ်ငယ် ထဲမှာပဲ စွဲစွဲမြဲမြဲနေချင်လှပါတယ် .. လို့မဗေဒါက ဆိုပါတယ်။
မဗေဒါ အမြဲ စုန်ဆန် နေရသလိုဘဲ ကျနော်တို့ဘ၀တွေမှာလဲ အနိမ့်အမြင့်အတက်အကျတွေနဲ့ ပြည့်နှက်လို့ ဘ၀ခရီးကို လျှောက်နေကြရ တာပဲမဟုတ်လား။ အဲဒီအခါမှာ ဗေဒါလေးတွေလိုဘဲ "ချောင်းတခွင် မြင်သမျှ ချောင်းလှဖို့" ပါပဲလို့ အရာရာကို အကောင်းအမြင်နဲ့ ကြည့်ဖို့ ကြိုးစားရပါလိမ့်ဦးမယ် ... လို့ခံစားမိပါတယ်။
ဒီကဗျာရဲ့ ဒုတိယအပိုဒ်လေးကို အသံထွက်ပြီး ဆိုကြည့်ကြစေချင်ပါတယ်။ သံစဉ်တစ်ခုဟာ ရစ်သမ်နဲ့ စီးဆင်းနေတာကို ခံစားရပါလိမ့်မယ်။ ဆရာကြီးရဲ့ ပါရမီကို တွေ့ ရမှာပါ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၁၅) - သူ့လမ်းစဉ်

ကမ်းစပ်ကိုမင်
လမုပင်အခြေကြီးနဲ့၊ အသီးတွေဖြိုး။
ကမ်းခြေကိုဒီရေတိုး ၊ ပြိုလဲမှာစိုး။

ကမ်းစပ်ကိုမင်
ဓနိပင်ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး။
ဓနိခိုင်အလက်ထဲက ခွဲရမှာစိုး။

ကမ်းစပ်ကိုမင်
လတာပြင်ငဖျံလူးလို့၊ ပျော်မြူးကြရိုး။
ဒီတက်လျင် လတာနုံး၊ ဒီဖုံးမှာစိုး။

စိုးပါဘု သူ့မူရာ။
ချောင်းတစ်ခွင်ပင်လယ်ဝက၊ ပန်းလှဗေဒါ။
ဆန်တက်ချိန်မှာ၊ ဆန်လာနိုင်ပါဘိ။
စုန်ဆင်းချိန်မှာ၊ စုန်လာနိုင်ပါဘိ။
သူ့လမ်းစဉ်သူမြင်ရဲ၊ သူစွဲတတ်ဘိ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

လမုပင်တွေ၊ ဓနိပင်တွေ၊ ငဖျံ (ငါးပျံ)တွေကတော့ ကမ်းစပ်ကိုခင်တွယ်မက်မောနေကြပါတယ်။ လမုပင်ကလည်း အသီးတွေနဲ့ပြည့်နှက်နေပြီး ကမ်းစပ်ကိုအားကိုးနေရပါတယ်။ ဒီရေတိုးလို့ ကမ်းပြိုရင်သူပါလဲသွားမှာ စိုးရွံ့ နေရပါတယ်။ ဓနိပင်ကလဲ ဒီလိုပါဘဲ၊ ဓနိခိုင်တွေ အခိုင်လိုက်နဲ့ ပြည့်နှက်နေတော့ ကမ်းပြိုမှာကြောက်နေပါတယ်။ ငဖျံကလဲ လတာပြင်မှာ လူးပြီးပျော်မြူးနေရတော့ ဒီရေတက်လာလို့ လတာပြင်ကိုဖုံးသွားရင် သူပျော်မြူးကျက်စားရာနေရာလေး ပျောက်သွားမှာစိုးနေပါတယ်။
ဒါပေမယ့် မဗေဒါကတော့ ဒီလို စိုးရွံ့ စိတ်တွေမရှိပါဘူး။ ဒီရေတက်လာရင်လဲ ပင်လယ်ဝကနေ ဆန်တက်လာမှာပါဘဲ။ ဒီရေပြန်ကျရင်လဲ ပြန်စုန်ဆင်းသွားမှာပါဘဲ၊ သူ့လမ်းစဉ်ကို သူမြင်ပါတယ်။ ကြုံလာသမျှကိုလည်း ရဲရဲကြီးရင်ဆိုင်ရဲပါတယ် ... တဲ့။
ဒီနေရာမှာတော့ ဆရာကြီးက မဗေဒါရဲ့ သတ္တိ၊ ပြောင်းလွယ်ပြင်လွယ်မှု (Flexibility) တို့အပြင် ပိုင်ဆိုင်တပ်မက်မှု ရှိတဲ့သူတွေဟာ ပိုပြီး ကြောက်တတ်၊ သတ္တိနဲတတ်ကြောင်း မီးမောင်းထိုးပြသွားသလိုပါဘဲ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

Thursday, 18 September 2008

ပန်းဧည့်သည်

အဖြည့်ခံပေမို့၊
မေ့ချန်လေသလားကွယ်။

လာချင်လာ ပြန်ချင်ပြန်နဲ့၊
ရင်ခုန်သံပေးကာသွား၊
အသည်းတံခါးဖွင့်ခဲ့တယ်။

မျှော်လင့်ချက်ဝေ၊
အော် ... မရင့်ကျက်လေသမျှတော့၊
ဆင့်ရတက်ပွေ အခက်သားပါလား၊
ရှက်များတောင်ရှက်မိပါရဲ့၊
သက်ထားမောင် တကယ်မသိတာလား၊
တွယ်မိရာ လွမ်းတတ်သူမို့၊
ကြွမ်းပြတ်ဆူ မျက်ရည်သိမ်းမယ်၊
ထိန်းလို့ကွယ် မျှော်နေခဲ့။

စိမ်းမယ်ဆို ပြင်ပြင်စိမ်း၊
ယိမ်းမယ်ဆို လျင်လျင်ယိမ်းပါတော့၊
မိန်းကလေးအသည်းမှာ အနေခက်လှလို့၊
ကြွေရွက်လို ယောင်ချာချာနဲ့၊
တောင်လေလာ မြောက်ကိုသာပဲ၊
ရှောင်သွေခွာ မရောက်လိုတာမို့၊
(မောင်ရေ ..)
နောက်ဆို မလာနဲ့။

တက္ကသိုလ်ဖြူဖြူသီ သီဆိုထားတဲ့ "လွမ်းခဲ့တယ် ပန်းဧည့်သည်" ဆိုတဲ့ သီချင်းကလေးရဲ့ ဒုတိယနှစ်ပိုဒ်ကို ကဗျာအသွင်ပြောင်း ရေးဖွဲ့ထားတာပါ။ မူရင်းသီချင်းမှာကိုက စာသားတွေ နဘေနဲ့ ကာရန်တွေက ကဗျာလေးတပုဒ်လိုမို့လို့ သူ့မူရင်းအတိုင်းကို နည်းနည်းလေးပဲ ပြင်ရပါတယ်။ ငယ်ငယ်တုန်းကတော့ ရေဒီယိုမှာ မြန်မာ့အသံက ခဏခဏလွှင့်ပါတယ်။ အခုတော့လည်း မကြားရတာ ကြာပါပြီ။ အလွန်ကြိုက်မိတဲ့ သီချင်းကလေးတပုဒ်ဖြစ်လို့ အခုလို ရေးကြည့်မိတာပါ။ သီချင်းရေးဆရာ နာမည်များသိရင်တော့ ပြောပြပေးကြပါခင်ဗျာ။
(တက္ကသိုလ်ဖြူဖြူသီ ဆိုတာ အဆိုတော် ဖြူသီပါပဲ။ အရင်က ရေဒီယိုခေတ်မှာ အဲဒီ နာမည်နဲ့ စဆိုတာပါ။ နောက်မှ စတီရီယိုသီချင်းတွေကို ဖြူသီ နာမည်နဲ့ ဆိုတာပါ)

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ..
ဟယ်ရီ

Read More...

Wednesday, 17 September 2008

ဗေဒါလမ်း (၁၄) - ချောင်းရဲ့အလှ

ကျူရိုးရှင် မနေတတ်လို့
ရေစပ်ကိုတဲ့ ဆင်းလို့လာ။
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ။
ကျူရိုးရှင့် ၀ါသနာ၊ ကဗျာနွဲ့ချိုတေး။
ဆန်မကုန် စုန်မခန်းမှာ၊ ပန်းရှာလိမ့်လေး ... တဲ့။

အိုအချင်း မင်းပီပီ။
ရေပြည့်မှာ ဗေဒါပန်း၊ ကမ်းနဲ့အညီ။
ဆန်လိုက်ကြစီရရီ၊ တချီချီတကြွကြွ။
တက်ရေမှာ မြင်နေကြ၊ ချောင်းရဲ့အလှ။

အိုအချင်း ပီပီငယ်။
ရေကျမှာ ဗေဒါပန်း၊ ကမ်းရပ်ကိုပယ်။
ဝဲယာမှာ လတာကျယ်၊ အလယ်မှာ ဗေဒါမ။
သက်ရေမှာမြင်နေကျ၊ ချောင်းရဲ့အလှ။

တက်ရေနဲ့ သက်ရေနယ်။
ဆန်မကုန်စုန်မဆုံး၊ လုံးပတ်ချာလည်။
ဗေဒါမခရီးသည်၊ ပန်းရှာမယ်ဆိုရလည်း။
ဒီချောင်းမှာ အလှဖွား၊ ပွားခဲ့ပြီပဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

ကျူရိုးရှင်က မနေတတ်လို့ မဗေဒါစုန်လိုက်ဆန်လိုက်နဲ့မျောပြီး မောနေရှာမယ့် ရေစပ်ကိုဆင်းလာပါတယ်။ တေးကဗျာ တွေဖွဲ့သီတာကို ၀ါသနာပါတဲ့ ကျူရိုးရှင်က မဗေဒါတော့ ဆန်လို့လဲမကုန်နိုင်၊ စုန်လို့လဲမပြီးနိုင်နဲ့ အတော် ပင်ပန်းရှာမှာပဲလို့ ပြောပါတယ်။ ဒီတော့ မဗေဒါက ကျူရိုးရှင်ရယ်၊ ဒီတက်လို့ ချောင်းရေပြည့်လာပြီဆိုရင် ဗေဒါပန်းတွေက ကမ်းနဲ့အညီ ကြွကြွရွရွ၊ လှလှပပကလေး စီစီရီရီနဲ့ ဆန်တက်နေတာဟာ ရေတက်ချိန်မှာ မြင်နေကျ ချောင်းရဲ့အလှပါ။ ဒီလိုပါဘဲ ဒီရေကျလို့ ချောင်းရေပြန်ဆင်းပြီဆိုရင် ဗေဒါပန်းတွေက ကမ်းနားမှာမနေဘဲ ချောင်းရဲ့ဘယ်ညာမှာ လတာပြင်ကျယ်နဲ့ ချောင်းအလယ်မှာတော့ မဗေဒါတို့က အစီအရီလေး စုန်ဆင်းသွားနေတာဟာ ရေကျချိန်မှာ မြင်နေကျ ချောင်းရဲ့အလှပါ ... တဲ့။ ရေတက်နဲ့ရေကျကိုလိုက်လို့ ဆန်လိုက်စုန်လိုက်နဲ့ မဆုံးတမ်း လုံးလည်ချာလည်လိုက်ပြီး သွားနေရတဲ့ ခရီးသည် မဗေဒါ တို့ဟာ ပင်ပန်းရှာလိမ့်မယ် ဆိုရင်လည်း ဒီချောင်းထဲမှာပဲ အလှတွေ တဖွားဖွား ပွားများအောင်ဆောင်ရွက်ပေးနိုင်လို့ ကျေနပ်စရာပါပဲ ... ဆိုပြီး ပြန်ဖြေလိုက်တယ်လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၁၃) - ဆိုင်ခင်းလျက်ပဲ

အညာလှေ။
အညာမြေကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ထန်းလျက်ခဲရယ်နဲ့
ပဲမျိုးစုံကြုံလေခိုက်၊ ၀ယ်လိုက်ပါလား. . .တဲ့။

တံငါလှေ။
တံငါမြေကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ပုစွန်ကျားရယ်နဲ့
ငါးမျိုးစုံကြုံလေခိုက်၊ ၀ယ်လိုက်ပါလား.. . တဲ့။

ကမ်းစပ်မှာ မြှောင်။
အိုးဖောင်ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ရာဝင်အိုးရယ်နဲ့
အိုးမျိုးစုံကြုံလေခိုက်၊ ၀ယ်လိုက်ပါလား .. .. တဲ့။

ကမ်းစပ်မှာမြှောင်။
ဝါးဖောင် ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ခယင်ဝါးရယ်နဲ့
ဝါးမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား .. .. တဲ့။

ဒီလမ်းက ပန်းဗေဒါ။
ဆန်ရေစုန်ရေနဲ့
ထုံပေပေသူမနား၊ သွားရခါခါ။
ပါပါစ ရောင်းစရာ၊ ပါရှာဘု သူတို့နဲ။
အပြာမှာ အ၀ါကွက်ကယ်နဲ့
အတက်မှာသူရွှင်ပြပေမဲ့၊ ကျလည်းလေ သူမငြင်းရှာဘု
ဒီချောင်းရေ ကောက်ကစင်းမှာ
ဆိုင်ခင်းလျက်ပဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)


မဗေဒါကျင်လည်ကျက်စားရာချောင်းတလျောက်မှာ ဈေးလှေတွေ၊ ကုန်လှေတွေ အများအပြား ဆိုက်ကပ်ထားပါတယ်။ အညာလှေကလဲ အညာကုန်အစုံအလင်၊ တံငါလှေကလဲ ငါးပုစွန်မျိုးစုံ၊ အိုးဖောင်ကလဲ အိုးမျိုးစုံ၊ ၀ါးဖေါင်ကလဲ ၀ါးမျိုးစုံ၊ သူ့ကုန်နဲ့သူ ရောင်းနေကြပါတယ်။ ဒါပေမယ့် ဒီလမ်းမှာကျင်လည်နေတဲ့ ဗေဒါပန်းလေးတွေကရော၊ စုန်လိုက်ဆန်လိုက်နဲ့ မရပ်မနား အခါခါ ဒီလမ်းကို ထုံပေပေနဲ့သွားနေပေမယ့် သူတို့မှာ ရောင်းစရာရှိရဲ့လား .... သူတို့ ခမျာ မရှိရှာပါဘူး။ အပြာရောင်အောက်ခံပေါ်က အ၀ါကွက်လေးတွေနဲ့ ဗေဒါပန်းလေးတွေဟာ အတက်မှာ ရွှင်ရွှင်ပြပြရှိသလို ကျတဲ့အခါမှာလည်း မငြင်းရှာပါဘူး။ ညီညွတ်ပြေပြစ်တဲ့ ဒီချောင်းရေလမ်းတလျှောက်မှာ ဆိုင်ခင်းထားသလိုပဲ ‎သွားနေလာနေကြရရှာပါလား ... လို့ခံစားမိပါတယ်။
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၁၂) - စိုင်းဦးမှာလား

ပင်လယ်ဝဆီက
ဒီတက်စလှိုင်းဘောင်ဘင်။
မဗေဒါတဟုန်ထိုး၊ ချောင်းရိုးကိုဝင်။
မိုးမမြင် လေမမြင်၊ ပန်းဆန်ချင်လေတိုင်း။
ရေထဦးပေမို့
စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း။

အထက်ချောင်းကျတော့
ဒီညောင်းစချောင်းရေသာ။
မဗေဒါကိုယ်ရှိန်သတ်၊ လှမ်းတတ်နိုင်ပါ။
စိုင်းခဲ့တဲ့ ခရီးတာမှာ၊ သာနာစုံပုံခဲ့။
ရေသင်ဖြူးပေမို့
ပွင့်ဖူးစုံငုံတံနဲ့၊ ပန်းမူရာနွဲ့။

ပန်းအလှ မဗေဒါ ... တဲ့။
ကျူရိုးရှင်ပီပီကလေး၊ တေးသံကသာ။
ပင်လယ်ဝဆီက
ဒီရေကျခွန်းစလာ၊ လွမ်းစရာပါတကား။
မိုးမမြင်လေမမြင်နဲ့
ထီမထင်စုန်ချင်တိုင်း၊ စိုင်းဦးမှာလား။ ။

ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)

"မိုးမမြင် လေမမြင်၊ ပန်းဆန်ချင်လေတိုင်း။ ရေထဦးပေမို့ စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း။" ဆိုတဲ့အဖွဲ့လေး ရယ်၊ "ရေသင်ဖြူးပေမို့ ပွင့်ဖူးစုံငုံတံနဲ့၊ ပန်းမူရာနွဲ့။" ဆိုတာလေးရယ်ကို အရမ်းကြိုက်ပါတယ်။

ဒီရေတွေ ပင်လယ်ဝကတက်လာတော့ လှိုင်းတွေဘောင်ဘင်ခတ်ပြီး ခပ်ကြမ်းကြမ်းတက်လာတဲ့အခါ မဗေဒါကလဲ ဒီလှိုင်းနဲ့ အတူ ချောင်းရိုးထဲကို တဟုန်ထိုး ၀င်လာပါတယ်။ အတက်ခရီးစပြန်ပါပြီ။ သူ့ခမျာမှာလဲ ပန်းဆိုတော့ ပန်းဆန်ချင်တဲ့အခါလဲ ဆန်ချင်ရှာပါလိမ့်မယ်။ အတက်ခရီးရဲ့ ထုံးစံအတိုင်း စိတ်ကူးတွေ တယဉ်ယဉ်၊ မျှော်လင့်ချက်တွေ တပွေ့ တပိုက်၊ အောင်မြင်မှုကိုလဲ မိုးမမြင်လေမမြင်နဲ့ မာန်လဲ နည်းနည်းတော့ တက်ချင်တက်နေရှာပါလိမ့်မယ်။ ရေထဦးရက်ဆိုရင် ရေတက်ကြမ်းပါတယ်။ ရုတ်တရက် အောင်မြင်မှုတွေအများကြီးရလေတော့လဲ လှပတဲ့အနာဂတ်ကို စိတ်ကူးတယဉ်ယဉ်နဲ့ ဗေဒါပန်းလေး ထင်ရာစိုင်းမိမှာပါဘဲ။

ဒီလိုနဲ့  ချောင်းဖျားပိုင်းကို ရောက်လာတော့ ဒီရေညောင်းစပြုလာပါပြီ။ ဒီရေအရှိန်ကုန်လာလို့  အတက်နှေးလာတော့ မဗေဒါလဲ တဟုန်ထိုးတက်လာတဲ့ အဟုန်ကိုထိန်းပြီး ကိုယ်ရှိန်သတ်ရပြန်ပြီပေါ့။ အရှိန်လေးနဲ့တက်နေတုန်း စိုင်းလာခဲ့မိတဲ့ ခရီးတလျှောက်မှာလဲ သာတဲ့အခါသာ၊ နာတဲ့အခါနာနဲ့ အမြဲတမ်းအသာစီးရခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။ အခုတော့လဲ သင်ဖြူးလို ချောမွေ့ တည်ငြိမ်နေတဲ့ ရေပြင်ထက်မှာ အဖူးအငုံအပွင့် ရိုးတံစုံနဲ့  ဗေဒါပန်းကလေး အမူအရာနွဲ့ နွဲ့ နှောင်းနှောင်းနဲ့ ဟန်တင့်နေရပြန်ပါတယ်။

ကျူရိုးရှင်ကတော့ ပီပီကလေးကို သီကျူးရင်း တေးသံသာလေးတွေနဲ့ "ပန်းအလှမဗေဒါရေ .." လို့ နှုတ်ခွန်းဆက်လိုက်ပြန်ပါတယ်။ ပင်လယ်ဝဆီမှာ ဒီရေကျစပြုလာနေတာကို ကျူရိုးရှင်မြင်နေရပါတယ်။ ဒီရေကျရင်တော့ မဗေဒါ ပြန်ဆင်းသွားရဦးမှာပဲ ဆိုပြီး လွမ်းစရာအဖြစ်ကိုတွေ့နေမိပါတယ်။ အစုန်အဆင်း အကျခရီးဟာ ရှေ့မှာ မလွှဲမရှောင်သာ ကြုံရဦးမှာမို့ မဗေဒါရယ် ... အဆင်းခရီးကိုရော မိုးမမြင်လေမမြင်နဲ့ မထီတရီ ထီမထင်ဘဲ စုန်ချင်သလို ကဆုန်စိုင်းပြီး ဆင်းသွားဦးမှာလား .... တဲ့။

ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်ကိုပြောရရင် ကျူရိုးရှင်ဟာ မဗေဒါအပေါ်ငြိတွယ်မိတဲ့ သံယောဇဉ်အစလေးတွေ ရှိနေသလိုပါဘဲ။ ဆရာကြီးဟာ ကျူရိုးရှင်နဲ့ မဗေဒါကို သိင်္ဂါရ ရသဖက်ကို တိမ်းညွတ်တဲ့သဘော (Romantic Inclination) ဖက်ကို ပါအောင် ဖွဲ့ ထားတယ် လို့ ယူဆမိပါတယ်။
(ကျနော့်အမြင်မှန်တယ်လို့ မဆိုလိုပါ။ ကျနော်ခံစားမိတာကိုသာ မျှဝေခြင်းဖြစ်ပါတယ်။ တချို့ ကတော့လည်း ဒီလိုမဟုတ်ဘူး၊ နိမိတ်ပုံတွေ၊ တင်စားချက်တွေသာဖြစ်တယ် လို့ ပြောကြပါတယ်။ အလွန်လှပတဲ့ ဆရာကြီးရဲ့ အဖွဲ့ အနွဲ့တွေကြောင့်သာ ဒီလိုထင်နေရတာ လို့ ဆိုကြပါတယ်။ ကျနော့် အနေနဲ့တော့ အငြင်းပွါးဖွယ်မရှိပါ။ ၀ိုင်းပြီး စဉ်းစားဆွေးနွေးကြစေလိုပါတယ်။ ကျနော့်အမြင်မှာတော့ မဗေဒါဟာ လောကသဘာဝအတိုင်း အဖေါ်၊ သံယောဇဉ် စတာတွေ ရှိစေချင်လို့ ဆရာကြီးက ကျူရိုးရှင်ကို ဘ၀အဖေါ်အဖြစ်ထည့်ပေးတယ်လို့ ယူဆမိပါတယ်။ ဒီနေရာမှာ ဘ၀ရဲ့ အဖေါ်ဆိုတာ ပေါင်းဆုံနိုင်မှမဟုတ်ပါဘူး။ သံယောဇဉ်ခရီးဖေါ်သဘောမျိုးကို ဆိုလိုပါတယ်။ ကျနော် သိင်္ဂါရ ဥခွံထဲက ရုန်းမထွက်နိုင်သေးတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။)

ကျူရိုးရှင်ကတော့ ဘေးကနေကြည့်သူပီပီ ပိုပြီးမြင်တတ်တဲ့သဘောရှိပါတယ်။ ဒါကြောင့်မို့ ပင်လယ်ဝဆီမှာ ဒီကျစပြုလာလို့ မဗေဒါ ဆင်းချိန်ရောက်ပြီ၊ ပင်လယ်ဝအထိဆင်းသွားရင် သူလွမ်းကျန်ခဲ့ရဦးမှာပါလား ... လို့  ကြိုမြင်နေတဲ့ သဘောမျိုးရှိနေပါတယ်။ လောကသဘာဝအရ တက်ချိန်မှာ မာန်တက်ပြီး ထင်ရာစိုင်းတတ်ကြသလို ကျချိန်ရောက်လို့ ဆင်းရတဲ့အခါ ထီမထင် ဒေါင်ကျကျ ပြားကျကျ နေနိုင်တဲ့ သတ္တိမျိုး၊ အရည်အချင်းမျိုး ကျနော်မွေးရပါလိမ့်ဦးမယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၁၁) - တွေးမိပါစ

ဗေဒါတဲ့ ဗေဒါ။
ဒီချောင်းမှာ အမည်မွှေး၊ အေးငြိမ်းသာယာ။
မွှေးသမျှပြန်တစ်ရာ၊ ခံစရာအရေး။
အတိုက်ခံနိုင်မှ၊ အမွှေ့ခံနိုင်မှ
ထိုးဝါးကိုင် ဒီဆိုင်ဝဲတဲ့
ရွှေဘဲရန် စုန်ဆန်လမ်းမှာ
ရမ်းတတ်တယ်လေး။

မွှေးမှလည်း မဟုတ်ပါ။
ရိုးသံရှင်ပဲ့တင်ထပ်၊ ချောင်းစပ်ဧရာ။
စုန်ဆန်ရ လမ်းတကာမှာ၊ လမ်းမသာ ရှာကြ။
တစိုက်စိုက်ကယ်နဲ့၊
အတိုက်ကို အကြိုတွေ့ပါလို့
အမွှေ့ဒဏ်ခံနေကြ၊ တွေးမိပါစ။ ။

ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)

ဒီချောင်းထဲမှာ နာမည်မွှေးတဲ့၊ နာမည်ကောင်းနဲ့ ကျော်ကြားနေတဲ့ မဗေဒါဆိုတာ အလကားတော့ ကျော်ကြားလာတာ မဟုတ်ပါဘူး။ နာမည်မွှေးသလိုပဲ ခံစရာရှိလဲ အတိုက်တွေ၊ အမွှေ့တွေကို ခါးစည်းခံနိုင်မှ၊ ရမ်းကားတဲ့ ဘဲတွေရဲ့ ဒဏ်ကိုလဲ ခံနိုင်ရည်ရှိမှသာ ဖြစ်နိုင်မှာပါ။ နာမည် မွှေးမွှေး မမွှေးမွှေး၊ ကျူရိုးရှင် က ပီပီသံကို ပဲ့တင်ထပ်အောင် ဧရာချောင်းစပ်က ပေးနေတဲ့ လမ်းမှာ မဗေဒါကတော့ ဒီလမ်း မသာရင် သာမယ့်လမ်းကို သူစုန်ဆန်နေကြ လမ်းတကာလမ်းကြား လိုက်လို့ ရှာပြီးသွားရင်းနဲ့ အတိုက်တွေ့ရင်လဲ ကြိုဆို၊ အမွှေ့ဒဏ်ခံရတော့လဲ ခံနေကျပဲမို့ စိတ်မပျက်ဘဲ သူ့ခရီးသူဆက်နေတာကို တွေးမိရဲ့လား လို့ ... မဗေဒါက ပြောနေသလိုပဲခံစားရပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

Tuesday, 16 September 2008

ဗေဒါလမ်း (၁၀) - ပန်းပန်လျက်ပဲ

ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။

ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)

ဒီကဗျာလေးကတော့ သီချင်းရှိပါတယ်။ ပန်းပန်လျက်ပါ ဇာတ်ကားထဲမှာ ဒေါ်ကြည်ကြည်ဌေး ဆိုထားပါတယ်။ အသံထည့်တာကတော့ ဂီတလုလင်မောင်ကိုကိုလား၊ စန္ဒယားချစ်ဆွေ လား သေသေချာချာမမှတ်မိတော့ပါဘူး။
စဉ်းစားကြည့်ကြမယ်ဆိုရင် လတာပြင်ညိုပြာပြာရဲ့အခြေမှာ လှိုင်းလုံးတွေနိမ့်လိုက်၊ မြင့်လိုက်နဲ့၊ အဲဒီလှိုင်းလုံးတွေရဲ့ကြားမှာ မဗေဒါကလဲ လှိုင်းတွေဦးမော့လာရင် လှိုင်းနဲ့အတူတက်သွားလိုက်၊ လှိုင်းတွေပြန်ကျသွားတဲ့အခါ လှိုင်းနဲ့အတူ နိမ့်ဆင်းလိုက်နဲ့ တက်လိုက်၊ ကျလိုက် ဖြစ်နေရပါတယ်။
ဒီတော့ လှိုင်းတွေဆင်းလို့ မဗေဒါ လိုက်ဆင်းရတော့ရော၊ သက်သာရဲ့လား။ မသက်သာလှပါဘူး။ မဗေဒါက ဆင်းလာတဲ့အချိန်မှာ အုန်းလက်ကြွေကြီးက ရေပေါ်မှာ မျောလာပါတယ်။ မဗေဒါက အဆင်း၊ အုန်းလက်ကအလာ၊ သူ့နံဘေးကို ၀င်လို့ဆောင့်ပါလေရော .. တဲ့။ ကဲ ဆောင့်ပြီးတော့ရော သက်သာရဲ့လား။ မသက်သာသေးပါဘူး။ ဒီလှိုင်းတစ်လုံးက မဗေဒါကို ဖုန်းလိုက်ပြန်ရော။ လှိုင်းကြားထဲမြုပ်နေပြီးမှ လှိုင်းနဲ့ ခပ်ဝေးဝေး တလံလောက်အကွာမှာမှ ပြန်ပေါ်ရပြန်ပါတယ်။ အဲ .. ပေါ်လာလို့မှ သက်သာမယ်မကြံသေး၊ ချောင်းဆွယ်ထဲက ဘဲအုပ်ကြီး ထွက်လာ ပါလေရောလား။ ဘဲအုပ်က တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်ထဲရယ်။ ဒါပေမယ့် ဘဲအုပ်က ယက်လိုက်၊ ကန်လိုက် တာတွေကို ခံပြီးပေမယ့်လဲ ဗေဒါပျံကတော့ အံကိုခဲလို့ အလှမပျက်၊ ပန်းပန်လျက်ပဲရှိနေပါသေးလား .... လို့တွေးကြည့်မိပါတယ်။
ကျနော်တို့ဘ၀မှာလည်း ဒုက္ခတစ်ခုမှ မဆုံးသေး၊ နောက် တစ်ခုကြုံရ၊ တစ်ခါ အဲဒီဒုက္ခခံရပြီးလို့မှ မကြာသေး၊ နောက်တစ်ခုထပ်ကြုံရနဲ့ ဒီ ဒုက္ခသံသရာထဲ ရုန်းထွက်ဖို့  မလွယ်လှပါဘူး။ ဒါပေမယ့် မဗေဒါလိုပဲ၊ ဘယ်လို ဒုက္ခနဲ့ ကြုံရကြုံရ ကျနော်တို့လည်း ဒီဘ၀ခရီးကို အပြုံးမပျက် ဆက်လျှောက်နေနိုင်အောင် ကြိုးစားကြရဦးမယ် မဟုတ်ပါလား။ ပန်းပန်လျက် ဆက်လျှောက်ကြရအောင်ပါ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၉) - စုန်ဆန်ရတရား

ပန်းပါဘိ၊ ဗေဒါဆွေ။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကဝေ။
စုန်ဆန်ရ တပေပေ၊ ဒီရေနယ်တကျေး။
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဘွယ်တဲ့လေး။

အိုအချင်း ကျူရိုးရှင်။
နေသာမှာ ရွာရဟန်း၊ ဆွမ်းခံကြွဝင်။
ထန်းတစ်ဖျား နေကိုမြင်၊ ရွာပြင်ကတံတား။
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။

အိုအချင်း ကျူရိုးရှင်။
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်။
ဈေးသမား မယားလင်၊ တစ်ရွာဝင် တစ်ရွာသွား။
အိမ်အပြန်ပုစွန်ငါး၊ နေ့တိုင်းပါလား။

ဒီတက်တော့ သူထက်သန်။
ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်။
အလဲလဲအဖန်ဖန်၊ စုန်ဆန်ရတရား။
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

မဗေဒါတော့ စုန်ရဆန်ရနဲ့ ပင်ပန်းလှပါဘိ လို့ ကျူရိုးရှင် က တေးသံတဝေေ၀နဲ့  ကရုဏာသက်နေမိပါတယ်။ စုန်ဆန်ရတပေပေ .... တဲ့၊ တပေပေတလေလေနဲ့ ပဲ ဒီရေကြော ဒီချောင်းတလျှောက် ဗေဒါတို့ရဲ့လမ်းမှာ စုန်ဆန်နေရတာ ပင်ပန်းဖွယ်ပါပဲတဲ့။ ဒီတော့ မဗေဒါက သံဃာတော်တွေလည်း နေ့တိုင်း ရွာပြင်ကတံတားလေးကို ဖြတ်ပြီး ဆွမ်းခံပြန်ရပါတယ်၊ ဈေးသမားလင်မယားလည်း လောင်းလှေလေးထိပ်မှာ ဟင်းရွက်စုံလေးတွေတင်ပြီး တစ်ရွာဝင်တစ်ရွာထွက်သွား၊ ပြန်လာတော့ ပုစွန်တွေ၊ ငါးတွေနဲ့ နေ့တိုင်းအိမ်ပြန်လာရပါတယ် ... တဲ့။ မဗေဒါ တဦးတည်းသာ စုန်နေဆန်နေရတာမှမဟုတ်ပဲ။ လူသားအားလုံး သွားလိုက်ကြ၊ ပြန်လိုက်ကြနဲ့ ဒီသံသရာထဲ လည်နေကြရတာပဲ မဟုတ်ပါလား။ ဒီရေတက်လာရင်လည်း စိတ်အားထက်သန်စွာ ဆန်တက်လိုက်မယ်၊ ဒီရေကျပြန်တော့လဲ ရွှင်ရွှင်လန်းလန်းနဲ့ပဲ စုန်ဆင်းလိုက်မယ်။ ဒီလိုပဲ အဖန်ဖန်တလဲလဲ စုန်နေဆန်နေရတဲ့ တရားကို ဒီရေမှာသွားနေတဲ့ မဗေဒါ မြင်များထားလေရော့သလား .... လို့တွေးကြည့်မိပါတယ်။
ကျနော်တို့ ဘ၀မှာလဲ ဒီလိုပဲ သွားလိုက်၊ ပြန်လိုက်၊ တက်လိုက်၊ ကျလိုက်၊ နိမ့်လိုက်၊ မြင့်လိုက်နဲ့ ဒီဘ၀ခရီးကို လျှောက်နေကြရဦးမှာဘဲ မဟုတ်လား။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၈) - မျောလျက်သာပဲ

လေပြင်းငယ်ပွေ ၊ လေပြေလျင်လဲ။
ချောင်းကျယ်ဘယ်မငြင်း၊ ချောင်းကျဉ်းလျင်လဲ။

နေပူတုန်း ခါ ၊ မိုးရွာလျင်လဲ။
လသာသာ ပျိုအိုကြိုက် ၊ လမိုက်လျင်လဲ။

အဖော်ငယ်စုံ၊ ဖော်မစုံလျင်လဲ။
ပွင့်ဖူးငုံ အကုန်လန်း ၊ နွမ်းနယ်လျက်လဲ။

စုန်ပြန်ရ အဖန်ဖန်၊ ဆန်ပြန်ရ တလဲလဲ။
မဗေဒါ ဒီရေကြောမှာ၊ မျောလျက်သာပဲ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

လေပြင်းပဲတိုက်တိုက်၊ လေပြေညင်းပဲသာသာ၊ ချောင်းကျယ်သည်ဖြစ်စေ ကျဉ်းသည်ဖြစ်စေ၊ နေပူပူ မိုးရွာရွာ၊ လသာသာ လမိုက်မိုက်၊ အဖော် ရှိရှိ မရှိရှိ၊ လန်းဆန်းသည်ဖြစ်စေ ပင်ပန်းနွမ်းနယ်နေသည် ဖြစ်စေ၊ မဗေဒါဟာ ဘ၀ရဲ့ တေးသွားလင်္ကာကိုလိုက်လို့ကျရာကြုံရာအခြေအနေအားလုံးအပေါ်မှာ မညည်းညူပဲ တူညီတဲ့ တုန့်ပြန်မှုနဲ့ မတုန်မလှုပ် ရင်ဆိုင်ပြီး သူ့လမ်းအတိုင်း စုန်နေ ဆန်နေရင်း မျောပါနေရမြဲပါပဲ။
ထိနမိဒ္ဓ တရားတွေနဲ့ စောဒကတက် ညည်းညူနေကြမယ့်အစား ဘ၀မှာ ကြုံလာသမျှကို မညည်းမညူဘဲ ရဲရဲကြီးရင်ဆိုင်ဖြတ်သန်းမယ့် မဗေဒါလို အားမာန်သတ္တိနဲ့ရင့်ကျက် တည်ငြိမ်မှုမျိုး ကျနော်ရှိဖို့ ကြိုးစားရပါလိမ့်ဦးမယ် ... လို့သာ ခံစားရပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၇) - တေးစုံနဲ့ပဲ

တီတာတာ
ကညာမေဘုတ်က ၊ ရွှေနုတ်ချိုသွေး။
ကျူရိုးရှင်ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့တေး။

ပဒေသာ
ထေရ်ဝါရည်စူးလို့၊ လှေဦးမှာလေး။
ကျူရိုးရှင် ပီပီနှော၊ စည်ဗြောသံတေး။

သောင်အခြေ
ခေါင်ရေလေမြူးတော့၊ ရေရူးတွေဖွေး။
ကျူရိုးရှင် ပီပီဟိန်း၊ ဗိန်းဗောင်းသံတေး။

အကောင်သေ
တောင်လေရေတက်တော့ ၊ ရေယက်နဲ့ထွေး။
ကျူရိုးရှင် ပီပီကြွေး၊ ငိုချင်းသံတေး။

တက်မကူ
ရွက်ဖြူပူပေါင်းနဲ့ ၊ လှေလောင်းကိုယ်လေး။
ကျူရိုးရှင် ပီပီပျိုး ၊ ဘွဲ့ကြိုးသံတေး။

ပြူ့တပြူ
မြေငူဓနိကျွန်း၊ သောင်ထွန်းပြီလေး။
ကျူရိုးရှင် ပီပီနော့၊ သားချော့သံတေး။

တေးမျိုးရယ်စုံ ၊ ကုန်နိုင်ပါလေဘဲ။
မဗေဒါစုန်ဆန်မြဲ ၊ တေးစုံနဲ့ဘဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

မြစ်ရိုးတလျှောက်ပတ်ဝန်းကျင်မှာ တွေ့ကြုံလာရသမျှတွေကို ကျူရိုးရှင်က အမျိုးမျိုးတေးသီနေပါတယ်။ ဘုတ်မအီသံ ကြားတော့ အလွမ်းဘွဲ့၊ မယ်ဘွဲ့၊ သံဃာတော်တွေနဲ့ အလှုအတန်းပွဲတွေတွေ့ပြန်တော့လည်း စည်ဗြောသံ၊ လေမြူးပြီး ရေရူးထလာချိန်မှာ ဗိန်းဗောင်းသံ၊ အသေကောင်တွေရေထဲမျောလာပြန်တော့ ငိုချင်းသံ၊ လောင်းလှေလေးတွေ တက်လာကြပြန်တော့ ဘွဲ့ကြိုးသံ၊ ဓနိကျွန်းမှာ သောင်ပြင်လေးထွန်းစပြုလာတော့ သားချော့တေး၊ အခြေအနေကို လိုက်ပြီး ပီပီတစ်လက်နဲ့  တေးသံစုံသီနေတာပါ။ ဒီတေးသံတွေကြားထဲမှာ မဗေဒါကတော့ ထုံးစံအတိုင်း စုန်နေ၊ ဆန်နေ မြဲပါဘဲ။ ကျူရိုးရှင်ဟာ ၀ါသနာအလျှောက်ပဲ တေးသီနေတာလား၊ ဒါမှမဟုတ် သူ့ရဲ့တာဝန်အရလား၊ ဒီလိုမဟုတ်ရင်လည်း သူ့သဘာဝအလျောက်ပဲလား၊ ဒါမှမဟုတ် မဗေဒါကိုပဲ ပျော်စေချင်လို့ သူ့ရဲ့ အစုန်အဆန်ခရီးတလျှောက် အပန်းပြေအောင် စေတနာနဲ့လား၊ သံယောဇဉ်ကြောင့်လား၊ ဒီတေးသံစုံတွေဟာ မဗေဒါရဲ့ခရီးမှာရော အကျိုး သက်ရောက်မှု တွေ ရှိလာမှာလား၊ တေးသံစုံမကြားရလဲ မဗေဒါက စုန်ဆန်နေမြဲ နေရမှာဆိုတော့ သူ့အနေနဲ့ထူးပါ့မလား၊ ဒါမှမဟုတ်လဲ ဒီအတိုင်း အမြဲ စုန်ဆန် နေရမယ့် အစား တေးသံစုံလေးတွေနဲ့ဆိုရင် ဗေဒါလမ်းကို တနည်းတဖုံများ အထောက်အကူပြုလေမလား ... တွေးကြည့်ကြပါဦး။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၆) - ရဲခဲ့သည်ပါ့

မြစ်တန်းမှာတဲ့ လေကြမ်းဆင်။
ထန်လိုက်လေ လေမုန်တိုင်း၊ လှိုင်းကဘောင်ဘင်။
တလှိုင်းထွက် တလှိုင်းဝင်
ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတရိုးမှာ၊ စိုးရွံ့မှာပဲ။

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်။
လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်။
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင်ဖြစ်နဲ။
ရေလှိုင်းဗလပွေနဲ့
မိုးသက်လေ ရေတရိုးမှာ၊ စိုးရွံ့မှာပဲ။

စိုးမရွံ့တွန့်မတုံ။
မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှ မဖြုံ။
ဆန်လိုက်ပြန်တုန်၊ စုန်လိုက်ပြန်ရ။
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

ဒီကဗျာလေးမှာ တော့ "လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်" ဆိုတဲ့ အဖွဲ့လေးကို ကျနော် အရမ်းကြိုက်ပါတယ်။ မြစ်တစ်ခွင်၊ မြစ်ပြင်တစ်လျောက် ကို ဆရာကြီးက မြစ်တန်း၊ မြစ်ရိုး ဆိုပြီး သုံးသွားပါတယ်။ မုန်တိုင်းကထန်၊ လှိုင်းတွေက လည်း တလိမ့်လိမ့်နဲ့အဆက်မပြတ်ပဲအလွန်ကြီးနေတဲ့ မြစ်ပြင်ကျယ်တလျောက်မှာ၊ မိုးသက်လေပြင်းကျလို့ လျှပ်စီးတွေလက်၊ မိုးကြိုးတွေထစ်ချုန်း နဲ့ မြစ်ပြင်ကိုတောင် ကောင်းကောင်းမမြင်ရလောက်အောင် ညစ်ထေးပြီး စစ်ဘုရင်လိုကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်းရမ်းနေတဲ့ မြစ်ပြင်တရိုးမှာ မဗေဒါရောက်နေပါတယ်။ (ဒီနေရာမှာ "ဗေဒါခင်ဖြစ်နဲ" ဆိုတဲ့ စကားလုံးလေးကို ၀ိုင်းပြီး ခံစားလို့ အဓိပ္ပာယ်ဖွင့်ပေးကြပါဦး။ ဆရာကြီးက အဲဒီ "နဲ" ဆိုတဲ့ စကားလုံးလေးကို ဒီကဗျာတွေထဲမှာ တော်တော်လေးသုံးထားပါတယ်။ ကျနော်ခံစားရတာကတော့ အသံထွက်ကိုယူရင် "အော် .. မဗေဒါနှယ်၊ ဖြစ်မှဖြစ်ရရှာလေ၊ အော် .. ဗေဒါခင့်အဖြစ်နှယ်" ဆိုပြီး ပြောတဲ့ ကရုဏာသက်တဲ့အသံ မျိုး ပေါက်နေသလိုပဲလို့ ခံစားမိပါတယ်။ ဒါမှမဟုတ်ရင်လဲ တချို့ ကတော့ "နည်း" လို့ ပြန်ကြပါတယ်။ မဗေဒါရဲ့ ဖြစ်ပုံဖြစ်နည်း လို့ဆိုလိုတယ်လို့ ပြောကြပါတယ်။ စဉ်းစားပေးကြပါဦး) ဒီလိုရောက်နေလို့လဲ သူ့ ခမျာ စိုးရွံ့ထိတ်လန့်နေရှာမှာပဲလို့ (ကျူရိုးရှင်က) ထင်နေပါတယ်။ (ဒီနေရာမှာလဲ ကျူရိုးရှင်က ထင်တယ်လို့ပဲ ကျနော် ယူဆ ပါတယ်။ မဗေဒါကို အမြဲ စိုးရိမ်တတ်တာက ကျူရိုးရှင်ပဲလို့ ဒီကဗျာတွေအားလုံးမှာတွေ့လို့ပါ)။ ဒါပေမယ့် မိုးတွေ၊ လေတွေ၊ ရေတွေ အားလုံးရှုပ်ထွေးပြီး ဘယ်လောက် ကြောက်စရာကောင်းကောင်း၊ မဗေဒါကတော့ နဲနဲမှ မဖြုံပါဘူးတဲ့။ သည်မြစ်ထဲမှာ စုန်လိုက်ဆန်လိုက်နဲ့ အခေါက်ပေါင်းမရေမတွက်နိုင်အောင်သွားခဲ့ပြီးပြီမို့ အတွေ့အကြုံ ရင့်လှလို့ သည်မြစ်ထဲမှာ ဒီလိုကြုံလဲသွားရဲပါတယ်။ ရဲနေပါပြီ လို့ ပြန်ပြောလိုက်တယ် ... လို့ခံစားမိပါတယ်။

ကျွန်တော်တို့တတွေရော၊ မုန်တိုင်းထန်တဲ့ဘ၀တစ်ကွေ့၊ လောကဓံရဲ့ တိုက်ခိုက်မှုကို ခါးစည်းခံခဲ့ရတဲ့ ဘ၀အချိုး တွေရောက်ခဲ့ရင် မဗေဒါလို ရဲရဲကြီးရင်ဆိုင်နိုင်ဖို့ လုံလောက်တဲ့ အတွေ့အကြုံ၊ အင်အားတွေ ရှိထားဖို့ လိုပါလိမ့်မယ်။ ဒီလိုစိတ်ဓါတ်မျိုး၊ အားအင်မျိုးလဲ မွေးနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဒီကဗျာလေးဟာ ကျနော့်ကို အားမာန်သစ်တွေ ပေးခဲ့ပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၅) - တက်ချိန်နှင့်ကျချိန်

ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး
ကမ်းစပ်ကိုကြဉ်
ကွင်းပြင်ကို စားကျက်ပြောင်းကြပေါ့
ချောင်းအောက်ခွင် ပင်လယ်ဝမှာ ဒီကြွပြီလေး။

ကနန်းမရွှံ့စိုစို၊ တစ်ကိုယ်လုံးနီထွေး။
တွင်းဝလတာပြင်က
ခရာပြင် တွယ်ကာတက်လေပေါ့
တောင်တက်ခွင် ပင်လယ်စွန်းမှာ ဒီတွန်းပြီလေး။

ပုစဉ်းကောင်၊ အတောင်ကငွေမှေး
ကမ်းစပ်ကျူတစ်ရုံက
လူမလုံ၊ သူခုန်ထွက်လေပေါ့၊ ဒီတက်ပြီလေး။

ဒီတက်ချိန်တန်၊ ဆန်လာပေါ့ ဗေဒါပန်း
ကျူရိုးရှင် ကျူတံတီး၊ ဆီးကြိုလို့လွမ်း။

ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး
ကမ်းစပ်မှာငိုင်
သူ့လည်တိုင်စွေတစောင်းနဲ့
ရေတံငါအစာချောင်းပြန်ပေါ့၊ ဒီညောင်းပြီလေး။

ကနန်းမရွှံ့စိုစို၊ တစ်ကိုယ်လုံးနီထွေး
လက်မတစ်ထောင်ထောင်နဲ့
တွင်းဘောင်မှာ မင်းယောင်ခင်းပြန်ပေါ့၊ ဒီဆင်းပြီလေး။

ပုစဉ်းကောင်၊ အတောင်ကငွေမှေး
ကျူရုံမှာ သူလှုံခ ပြန်ပေါ့၊ ဒီကျပြီလေး။

ဒီကျချိန်တန်၊ စုန်ပြန်ပေါ့ ဗေဒါပန်း
ကျူရိုးရှင်၊ ကျူပင်ရွက်နဲ့ ခွန်းဆက်လို့လွမ်း။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

ဒီကဗျာလေးမှာ ဆရာကြီးရဲ့ ကာရန်နိုင်နင်းမှုနဲ့ စကားလုံးကြွယ်ဝမှုပါရမီတွေကို တွေ့ရပါလိမ့်မယ်။ ပင်လယ်ကနေ ဒီရေတွေ တက်လာတာကို "ဒီကြွပြီလေး" "ဒီတွန်းပြီလေး" "ဒီတက်ပြီလေး" ဆိုပြီးသုံးထားသလို၊ ဒီရေပြန်ကျသွားချိန်ကိုလဲ "ဒီညောင်းပြီလေး" "ဒီဆင်းပြီလေး" "ဒီကျပြီလေး" ဆိုပြီး ဖွဲ့ပြထားပါတယ်။ ဒီတက်ချိန်မှာ ဗျိုင်းညီနောင်တို့၊ ပုစဉ်းကောင်တို့၊ ကနန်းမတို့တတွေအသီးသီးအလုပ်ရှုပ်နေကြသလို မဗေဒါကတော့ ဒီတက်ချိန်ဆိုရင် ဆန်တက်လာတာပါပဲ။ ဒီကျချိန်မှာလည်း တခြားသူတွေ သူ့အလုပ်နဲ့သူရှုပ်နေကြသလို မဗေဒါကတော့ စုန်ဆင်း သွားပြန်တာပါဘဲ။ ကျူရိုးရှင်ကလဲ ကျူတံလေးနဲ့ကမ်းနံဘေးကနေ မဗေဒါကို လွမ်းမြဲလွမ်းနေရတာပါဘဲ ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

Monday, 15 September 2008

သခင်မြင်ပါ

အလွမ်းတွေ သယ်လာသူရယ်၊
အပန်းဖြေအလည်လာသလား၊
ဘယ်အခါများ ပန်းငုံလွှာရယ်၊
လွှမ်းထုံကာပွင့်ဝဲမှာလဲ၊
လွင့်ဆဲဗျာပို။

ကြွေရွက်တွေ လေမှာနွဲ့ရင်ဖြင့်၊
နွေရက်ရှည် ဝေဒနာဖွဲ့ပြီပေါ့၊
ဖြေရာမဲ့ငို။

တကယ်မသိလေသလား၊
တွယ်ငြိနေ ရင်မှာပူလို့၊
တမင်တကာသူ စိမ်းကားလှတယ်ထင့်၊
မကြင်နာသူ တိမ်းကစားပြပေမယ့်၊
မိန်းမသားဘ၀မို့ အချစ်ကို၊
လှစ်ဆိုလို့မဖြစ်ဘဲ။

သူသိစေတော့၊
အပူရှိသူ ရတက်ဖြာပွားလေရဲ့၊
သက်လျာတပါး ရင်ခွင်ညှာမှာ၊
ဝှက်ကာထားတဲ့ အကြင်နာကို၊
သခင်မြင်ပါ ပြောချင်လှလည်း၊
မနောအသွင်က ချစ်သဏ္ဌာန်ရုပ်ကို၊
ဟန်လုပ်ကာ သိမ်းထားလို့ရယ်ကွယ်၊
မိန်းမသားတို့အသည်း။ ။

ညီမငယ်လေး တဦးအတွက် ကိုယ်ချင်းစာနာမှုနဲ့အတူ ခံစားဖွဲ့ဆိုပေးထားတာပါ။ ရင်ထဲမှာ တိတ်တခိုး သိမ်းထားရတဲ့ဘ၀ကို ကြုံဖူးသူများမှ ခံစားနားလည်နိုင်ပါလိမ့်မယ်။ မိန်းမသားတွေအဖို့တော့ ပိုပြီး ခက်ခဲနွမ်းနယ်စွာ ကျော်ဖြတ်ရပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမြဲချမ်းမြေ့ပျော်ရွှင်ပြီး လိုရာဆန္ဒပြည့်ဝပါစေ ညီမလေးရေ ...
ချစ်ရသောသူနဲ့လည်း အမြဲလက်တွဲနိုင်ပါစေ ... နုနယ်သေးတဲ့နှလုံးသားလေးမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ကင်းဝေးပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ် ..
ဖတ်ရှုခံစားပေးသူများကိုလည်း ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၄) - မှန်းဖို့လိုပဲ

မဗေဒါ၊ ဘယ်ရွာဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ။
ဒီတက်လျင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင် ၊ ဆန်လိုက်သည်ပဲ။

မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ၊ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ
ဒီကျလျင်ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်၊ စုန်လိုက်သည်ပဲ။

ဘုတ်မက အီ၊ ပီပီက သံမစဲ၊
မဗေဒါ စုန်ဆန်လမ်းကို ၊ မှန်းဖို့လိုပဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

ကျူရိုးရှင်က ဘယ်လိုပဲ မှန်းဆလွမ်းနေပေမယ့် မဗေဒါကတော့ နားခိုစရာကိုမရှာပဲ ဒီအတက်အကျ ကိုလိုက်ပြီး စုန်လိုက် ဆန်လိုက်နဲ့ပဲ ချောင်းရိုးတလျှောက်မှာ သူ့ဘ၀ကိုသူ ပျော်ပျော်ကြီး လျှောက်လှမ်းနိုင်ပါတယ်။ မဗေဒါ အမြဲ စုန်ဆန် နေရသလိုဘဲ ကျနော်တို့ဘ၀တွေမှာလဲ အနိမ့်အမြင့်အတက်အကျတွေနဲ့ ပြည့်နှက်လို့ ဘ၀ခရီးကို လျှောက်နေကြရ တာပဲမဟုတ်လား။ အဲဒီအခါမှာ ဗေဒါလေးတွေလိုဘဲ ချောင်းရိုးလေးရဲ့ အကွေ့အဖြောင့်နဲ့အညီ အလိုက်သင့်စီးမျောတတ်သလို ကျနော်တို့လဲ စီးမျောတတ်ဖို့ ကြိုးစားရပါလိမ့်ဦးမယ် ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃) - ဘယ်ရွာဆိပ်ကမ်း

ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ
ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း
သည်ချောင်းရေ လေမခတ်တယ် စီးတတ်လေခြင်း။

ကျူရိုးရှင် ပီပီမှုတ်လို့
ဘုတ်မကို သူကပြိုင်၊ ချောင်းစပ်မှာထိုင်
ဘုတ်မက တိုင်၊ ကျူတိုင်ကအေး။
ရေစီးနဲ့လာ၊ ရေသာမှာပြန်လို့မြန်းတဲ့
မဗေဒါစုန်ဆန်လမ်းကို၊ လွမ်းတယ်တဲ့လေး။

စုန်ပါတဲ့ဆန်ပါ
ကျူရိုးရှင် ပီပီကလေးနဲ့၊ တေးချိုလို့သာ
ဘယ်မြို့ကလာ၊ ဘယ်ရွာဆိပ်ကမ်း
အပွင့်အပြာရောင်နဲ့
ဘယ်သောင်မှာ နေချိုအေးလျင်၊ မှေးအိပ်မယ်မှန်း။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

ဒီကဗျာလေးထဲမှာ ကျနော်နှစ်သက်မိတဲ့အဖွဲ့အနွဲ့ကတော့ "ရေကြင်ဆွေ" ဆိုတဲ့စကားလုံးလေးရယ်၊ "ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း" ဆိုတာလေးရယ်ပါဘဲ။ ဒီလိုကာရန်မျိုးကို ဆရာကြီးလို ပါရမီရှင်တွေရဲ့ အဖွဲ့အနွဲ့တွေမှာသာ တွေ့ရပါလိမ့်မယ်။ ချောင်းကမ်းရဲ့ အခြေအနေနဲ့ အလိုက်သင့်ဖြစ်အောင် စုန်ဆန်မျောပြီး၊ ရေကိုသာ ချစ်ကြင်နေရတဲ့ ဗေဒါပင်ကလေးတွေကို ကျူရိုးရှင်က ပီပီသံလေးပေး ရင်းနဲ့ ကမ်းခြေကနေပဲ ထိုင်လွမ်းနေရပါတယ်။ ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ၊ ဘယ်နေရာမှာ ခိုနားဦးမှာလဲ။ ကျူရိုးရှင် ကတော့ အဝေးကနေ မှန်းဆလွမ်းတ နေဖို့ပဲ တတ်နိုင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဘ၀ဟာ ဘယ်လိုမှ မပေါင်းဆုံနိုင်ပါဘူး။ ဒီလိုပါဘဲ။ ဘယ်တော့မှ မဆုံတွေ့နိုင်တဲ့ ဘ၀နှစ်ခုမှာ နေပြီး အဝေးကနေသာ ငေးမျှော်နေကြရတဲ့ဘ၀ပိုင်ရှင်တွေ ကျနော်တို့ နေတဲ့ ဒီ လောကကြီး ထဲမှာ ဘယ်လောက်များရှိနေပါသလဲ။ သူ့ဘ၀ကိုသူလျှောက်လှမ်းနေတာကို အဝေးကသာ ငေးကြည့်ပြီး လက်တွေ့ဘာမှ မလုပ်ပေးနိုင်၊ မကူညီနိုင်တဲ့ ဘ၀မျိုးမှာဆိုရင် ဘယ်လိုများခံစားကြရမလဲ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

Sunday, 14 September 2008

စိတ်

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ကျနော့်ရဲ့ကျေးဇူးရှင်ဖခင်ကြီး ဆုံးပါးခဲ့ပါတယ်။ အခံစားရဆုံးကတော့ မေမေပါပဲ။ အိမ်ထောင်သက် အနှစ်လေးဆယ်နီးပါး ပေါင်းသင်းလာခဲ့ပြီး မိသားစုတခုလုံးရဲ့ အားကိုးရာဖြစ်တဲ့၊ အထူးသဖြင့် မေမေ့အတွက် အဓိကမှီခိုအားထားရာ ဘ၀လက်တွဲဖော်ဖြစ်တဲ့ ဖေဖေ့ကို ဆုံးရှုံးခဲ့ရတဲ့အတွက် မေမေ့စိတ်မှာ အလွန်တရာထိခိုက်ကြေကွဲခံစားခဲ့ရပါတယ်။
ဖေဖေ့ကို ဆုံးရှုံးရတာရော၊ မေမေ ခံစားနေရတာကို မချိတင်ကဲကြည့်ပြီးရော အားလုံးပေါင်းစပ်ပြီး ကျနော့်စိတ်မှာလည်း အတော် နာကျင်ကြေကွဲစွာခံစားရပါတယ်။ မုဆိုးမ မိခင်အိုကို တတ်နိုင်သမျှ နှစ်သိမ့်အားပေးခဲ့ပါတယ်။
ဒီလိုနေရင်းနဲ့ပဲ ဖေဖေ ဆုံးပြီး (၄)လပြည့်ဖို့ ရက်အနည်းငယ်အလိုမှာ မေမေ ဒီကဗျာလေးကို ရေးခဲ့ပါတယ်။


သူထွက်ခွါလည်း၊
ပြန်လာလိမ့်နိုး၊ တိတ်တခိုးပင်၊
မျှော်ကိုးစောင့်ကြိုနေမိသည်။ ။

သူ့စကားသံ၊
မကြားပြန်လည်း၊ ရှာကြံနားစွင့်၊
မျှော်လင့်တောင့်တနေမိသည်။ ။

သူမရှိလည်း၊
ရှိနေသေးသည်၊ မဝေးမကွာ၊
အနီးမှာဟုရှာမိသည်။ ။

သူ့အရိပ်ကို၊
ခိုလှုံလိုလည်း၊ လဲပြိုပျက်ရွေ့၊
ရှာမတွေ့တော့၊
ချမ်းမြေ့စိတ်များပျောက်ခဲ့ပြီ။ ။

အဲဒီနောက် ကျနော်လည်း ဝေးမြေရပ်ခြားကို ထွက်ခွာခဲ့ရပါတယ်။ မုဆိုးမ မိခင်အိုအနားမှာ နေချင်ပေမယ့်လည်း ဘ၀အတွက်ရော၊ ကျနော်အလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့ တာဝန်အတွက်ရောမို့ မထွက်ချင်ပေမယ့် ထွက်ခဲ့ရတာပါပဲ။ ကျနော် နိုင်ငံခြားမှာရှိနေတုန်း (ငွေရေးကြေးရေးအရ ပူပင်စရာမလိုပေမယ့်) မေမေ့ကို အလွန်စိတ်ပူခဲ့ရပါတယ်။ ဘ၀လက်တွဲဖော်နဲ့ သေခွဲခွဲရလို့မှ မကြာသေး၊ အားကိုးရာဖြစ်တဲ့ တဦးတည်းသောသားကလည်း အဝေးကို ရှင်ခွဲခွဲပြီးထွက်သွားရလေတော့ မေမေ ဘယ်လိုများ ခံစားနေရရှာပါလိမ့်မလဲ။ မေမေဟာ နှလုံးရောဂါအခံလည်း ရှိပါတယ်။ အဲဒီလို ပူပင်နေရတုန်း ဖေဖေ ဆုံးတာ (၆)လ ပြည့်တဲ့နေ့မှာ မေမေ ဟာ ဒီကဗျာလေးကို ဆက်ရေးခဲ့ပါတယ်။

မရသည်ကို၊
လိုချင်တောင့်တ၊ သောကမီးကြီး၊
ငြီးငြီးဟုန်းထ၊ တောက်လောင်လှစဉ်၊
"အဘိဏှသုတ်တော်"၊
ရွတ်ပူဇော်သော်၊ တွေးခေါ်ဆင်ခြင်၊
အမှန်မြင်၍၊ ရေစင်အေးချမ်း၊
ပက်ဖြန်းသည်သို့၊ နှစ်လို့စိတ်တွင်၊
တရားမြင်သည်၊ လျင်လျင်စွဲငြီး၊
သောကမီးကိုငြိမ်းစေသတည်း။ ။

အဲဒီတော့မှပဲ ကျနော်လည်း မေမေ့အတွက် အနည်းငယ် စိတ်အေးသွားရပါတော့တယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်အနန္တ၊ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်အနန္တကြောင့် မေမေ့ရဲ့စိတ်မှာ ဆောက်တည်ရာ ရခဲ့ရပါတယ်။ ရတနာသုံးပါးဟာ အမှန်တကယ်ပဲ ကျနော်တို့ရဲ့ အားကိုးအားထားရာဖြစ်စေပါတော့တယ်။
မေမေ့ရဲ့ကဗျာလေးနဲ့ပဲ ရတနာသုံးပါးနှင့်တကွ ကျနော့်ရဲ့ကျေးဇူးရှင်ဖခင်ကြီး နဲ့ မိခင်ကြီးအပါအ၀င် အနန္တော၊ အနန္တငါးပါးကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့လိုက်ပါတယ်ခင်ဗျား။
ခံစားဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးပါ။

ဟယ်ရီ

Read More...

Saturday, 13 September 2008

ဗေဒါလမ်း (၂) - မယ့်လမ်းပါတဲ့

ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စံပယ်ကို ယမယ်ဖွဲ့ (ယိုးမယ်ဖွဲ့) ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
ပျိုမယ်ကို ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စေတီငယ်ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။

လင်းယဉ်နွဲ့ တချီချီ
ကျူရိုးရှင်သူ့စကား၊ နားကျခဲ့ပြီ
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီပြာလဲ့။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

ဗေဒါလမ်း(၁) မှာ မဗေဒါက ချောင်းထဲမှာ စုန်ချည်၊ ဆန်ချည်သွားနေရတာငြီးငွေ့ပြီမို့ စပယ်တို့၊ ပျိုမေတို့၊ စေတီ တို့ကို ယမယ်ရှာပြီး ကမ်းကိုကပ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကမ်းကိုကပ်ချင်တိုင်းလဲ ကျူရိုးရှင်က "ဒီချောင်းရေ ဗေဒါလမ်း မယ့်လမ်းသာပ" ဆိုပြီးပဲ အမြဲနားချခဲ့ပါတယ်။ အခု ဒီ ဗေဒါလမ်း(၂) မှာ နောက်ဆုံးတော့ ကျူရိုးရှင် နားချသလိုဘဲ ဒီချောင်းရေမှာ စုန်တခါ၊ ဆန်တလှည့် နေရတဲ့ လမ်းဟာသာ ဗေဒါရဲ့လမ်း၊ မယ့်လမ်းပဲဖြစ်ကြောင်း လက်ခံပြီး ဆက်လက်ရှင်သန်ရုန်းကန်သွားရဦးမယ်လို့ ပြောချင်တယ်လို့ ကျနော် ခံစားရပါတယ်။

ကျနော်တို့တွေရော၊ အကြောင်းမျိုးစုံယမယ်ရှာ၊ တွေ့ကရာတွေရိုးမယ်ဖွဲ့ပြီး ကိုယ်လျှောက်နေကျလမ်းကနေ သွေဖည်ချင်ခဲ့ကြဖူး ပါလိမ့်မယ်။ နောက်ဆုံးတော့လဲ ကိုယ့်ဘ၀ထဲက ရုန်းမထွက်နိုင်ကြဘဲ မူလ လမ်းကိုပဲ ပြန်လျှောက်ကြရတဲ့အခါ ဒီ ဗေဒါလမ်းကဗျာ လေးက တစ်စုံတစ်ခုသော ခံစားမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၁) - မယ့်လမ်းပါလား

ပန်းနီလာ၊ ဗေဒါဆင်သ လို့
ယဉ်လှတယ်လေး။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ၊ တန်းစီလို့လေး ။

အိုအချင်း ကျူရိုးရှင်။
မဗေဒါပြာလဲ့လမ်း၊ ကမ်းကပ်မယ်ပြင်။
စံပယ်လှပွင့်ဖြူစင်၊ ကမ်းခွင်ကငယ်ကျွမ်း။
သူ့လိပ်ပြာခြံအရံနဲ့၊ သူစံရာ သူပျော်မွေ့၊
ပြေးတွေ့ချင်စမ်း ..... တဲ့။

တွေ့ချင်တဲ့စေတနာရယ်။
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ်။
လိပ်ပြာကဝတ်ရည်သယ်၊ စံပယ်ကမအား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း
မယ့်လမ်းပါလား။

အိုအချင်း ... ကျူရိုးရှင်။
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင် ၊ ပျိုခင်ရဲ့အနွဲ့။
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို ၊ ပြုံးကြည့်ချင်ငဲ့ .. တဲ့။

ကြည့်ချင်တဲ့စေတနာရယ်
သနားဘွယ် ချစ်ဘွယ်တေးပေမို့
အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့၊ မြစ်ရိုးကအပြာချယ်ကို၊
ပျို့နယ်လိုက်လေမလား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အိုအချင်း ... ကျူရိုးရှင်။
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ထီးတော်ကတချွင်ချွင်
ကွင်းပြင်ကဘုရား။
နေမင်းညိုချိန်တန်ပေါ့
နိဗ္ဗာန်ကိုစိတ်ကြံကူး၊ ဖူးချင်လျက်သား .... တဲ့။

ဖူးချင်တဲ့စေတနာရယ်။
နိဗ္ဗိန္နာ ဂီတာတေးပေမို့၊ အေးချိုလှတယ်။
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့အရ
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့။

ချောင်းရေကဖောင်၊ တောင်လေကသွေး။
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့၊
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်၊
အားစိုက်ပါလေး။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

ကျနော့်ဘဝမှာ အနိမ့်အမြင့်အတက်အကျတွေနဲ့ ကြုံရတဲ့အခါတိုင်း ဒီဗေဒါလမ်းကဗျာတွေက ကျနော့်ကို ပြန်လည်ရုန်းထဖို့ အားမာန်တွေ အမြဲပေးခဲ့ပါတယ်။ ဗေဒါလမ်းနဲ့ ကျနော် စတင်ရင်းနှီးခဲ့တာကတော့ ကျနော်ငယ်ငယ်က ရေဒီယိုကလွှင့်တဲ့ ဗေဒါလမ်း သီချင်းအရှည်ပါ။ ဒီကဗျာစုထဲက သင့်တော်ရာအပိုဒ်တွေကို ရွေးထုတ်ပြီး သံစဉ်ထည့်ဆိုထားတာပါ။ အမျိုးသမီးအဆိုတော်တစ်ယောက်ပါပဲ။ ဘယ်သူဆိုထားလဲဆိုတာတော့ ကျနော် ငယ်သေးတော့ မမှတ်မိပါဘူး။ နောက်မှ ဗေဒါလမ်း ကဗျာအမှတ် (၁ဝ) ပန်းပန်လျက်ပဲ ကို ဒေါ်ကြည်ကြည်ဌေး ဆိုထားတာ ရေဒီယိုကနေလွှင့်တာထပ်ပြီး ကြားဖူးပါတယ်။ ကဗျာတွေကို တော့ ၁၉၈၉ လောက်မှာ စဖတ်ခဲ့ဖူးပါတယ်။ အဲဒီကတည်းကစလို့ ဒီနေ့အထိ အကြိမ်ကြိမ် အခါခါ ဖတ်နေဆဲပါ။ ဖတ်တိုင်း ဖတ်တိုင်းလဲ ခံစားရတဲ့ ခံစားမှုဟာ တကြိမ်နဲ့တကြိမ် မတူပါဘူး။ အခြေအနေနဲ့အသက်အရွယ်ကိုလိုက်ပြီး အမျိုးမျိုး ပြောင်းလဲခံစားရပါတယ်။ ဒါပေမယ့် အမြဲတူညီတဲ့ခံစားမှုတစ်ခုကတော့ မဗေဒါရဲ့ အားမာန်နဲ့ အခြေအနေကိုလိုက်လျောညီထွေ နေနိုင်စွမ်းအား Flexibility ပါဘဲ။ ကိုယ်ဖြစ်ချင်တာမဖြစ်ရလို့ အားမငယ်ပဲ ကိုယ့်လမ်းကို ကိုယ်သိပြီး ကိုယ့်ဘဝကိုယ်နားလည်တဲ့ မဗေဒါလို စိတ်ထားမျိုးကို (ရာနှုန်းပြည့်မဟုတ်တောင် အတိုင်းအတာ တစ်ခုအထိ) ကျနော်အမြဲအားကျအတုယူခဲ့ရပါတယ်။ တစ်ခု အကြံပေးချင်တာကတော့ ဒီကဗျာစုတွေကို အကြိမ်ကြိမ်အခါခါ ဖတ်ကြည့်စေချင် ပါတယ်။ ဖတ်ကြည့်လေလေ၊ ဆရာကြီးဇော်ဂျီရဲ့ ကဗျာဝိညာဉ်ဟာ ကျနော်တို့နှလုံးသားနဲ့ ပိုနီးစပ်လာလေလေပါပဲ။ ဗမာကဗျာ့သမိုင်းမှာ ဆရာဇော်ဂျီ မပါရင်မပြည့်စုံသလို ဆရာဇော်ဂျီရဲ့သမိုင်းမှာလဲ ဗေဒါလမ်း မပါရင် ပြည့်စုံမှာမဟုတ်ပါဘူး။ ဒါကြောင့် ဗမာကဗျာ့သမိုင်းမှာ အင်မတန်သြဇာကြီးမားပြီး မပါရင်မဖြစ်တဲ့ ဒီ ဗေဒါလမ်းကဗျာစု အားလုံး (၄၁ပုဒ်) ကို ကျနော် ပြန်ရိုက်ပြီး တင်ပေးပါ့မယ်။ စာအုပ်တင်ထားတာရှိပေမယ့် အလွယ်တကူ ဖတ်ရှုပြီးမျှဝေခံစား ဆွေးနွေးနိုင်အာင်ပါ။ မဗေဒါနဲ့ ကျူရိုးရှင် တို့ရဲ့ ဘဝနဲ့အတွေးအခေါ်၊ အဖြစ်သနစ်၊ ခံစားချက် အားလုံးပေါ့။ ကဗျာရွာ မှာလည်း ကျနော် တင်ထားပါတယ်။ အဲဒီမှာလည်း သွားရောက်ဖတ်ရှုနိုင်ကြပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

Friday, 12 September 2008

ရင်မှမိုး

ညိုယောင်ဆင်၊
ရင်ခွင်ကမိုး။

သူ တိမ်းလေရဲ့၊
သူစိမ်းတွေပြင်ပြင် ပမာမို့၊
အပူကိန်းသူ ရင်ခွင်မှာတော့၊
သခင် မကြင်နာ ဖျက်ခြွေရက်တာကြောင့်၊
မြင်မြင်ရာ မျက်ရည်စက်တွေက၊
ရက်ရှည်ဆက် ငွေ့ရည်ဖွဲ့ပါလို့၊
ဝေ့ကြွေရဲ့ မိုးတွေမစဲအောင်ကွယ်၊
သဲစွေလို့ဖြိုး။

တခါက မစဲနိုင်အောင် ရင်ထဲတွင်စွေခဲ့ရလေသော မိုးများသို့ ...

အခုတလော ဒွေးချိုးတွေပဲ ရေးချင်စိတ်ပေါ်နေလို့ ရေးမိတာပါ။ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဟယ်ရီ

Read More...

Tuesday, 9 September 2008

အခါတပါးက ခြေရာများ

ပန်းတို့ဖြင့် သွယ်ကုံးအပ်သော
အဆင်တန်ဆာတို့သည် လည်းကောင်း ...
အလွမ်းတို့ဖြင့် ခြယ်မှုန်းအပ်သော
အလင်္ကာတို့သည် လည်းကောင်း ...

အမြင်လွှာတွင် နှစ်လိုရာသော လောက၏အလှနှင့်
ရင်မှာအစဉ် ဖြစ်သိုလာသော သောက၏ညတို့ပင်တည်း။

သူချခဲ့သောခြေရာအနှုတ်အသွင်းများတွင်
အပူကြွခဲ့သောဝေဒနာရုပ်ကြွင်းများတည်၏။

လေမှာလွင့်မျောရသော ရွက်ကြွေတို့ကဲ့သို့
ဝေဒနာရင့်သောကအမောရက်ရှည်တို့ တည်၏။

ဖြေရာမဲ့ဘ၀ကို
နဘေရှာဖွဲ့ရမည်ဆိုပါက
နွမ်းချို့ရင့် ကြေပြုန်းကာ
အသည်းနာ ဘ၀င်ကြွေ မြေခသည့်ခဏတွင်
လွမ်းဆို့နင့် သေဆုံးကာ
ငရဲမှာ အသင်္ချေ နေရမည့်ဘ၀သို့ သူပို့ခဲ့ပါသည်။

အခါတပါးက တယောက်သောသူ၏ ခြေရာများသို့
အစဉ်အောင်းမေ့ရင်း
ကဗျာကြားမှ မပျောက်သောအပူ၏ ဝေဒနာများသို့
အသွင်ပြောင်းရွှေ့လိုက်ပါသည်။

ရေးချင်ရာတွေ လျှောက်ရေးထားတာပါ ...
နားလည်ဖတ်ရှုခံစားပေးနိုင်မယ်ဆိုရင်ဖြင့် ကျေးဇူးအထူးပါခင်ဗျာ
ဟယ်ရီ

Read More...

Sunday, 7 September 2008

အိမ်အိုဟောင်း

အတ္တနဲ့ကာ၊
မာနနဲ့မိုး။

မေတ္တာကို ပစ်ခွာရက်သူကြောင့်၊
သစ္စာပျက်ကျိုး။

ဒွေးချိုးကလေးပါ။ အတိုဆုံးပါပဲ။ ကျနော်အရင်ရေးခဲ့တဲ့ "ပဟေဠိ" ဆိုတဲ့ ဒွေးချိုးလေးထက် ပိုတိုအောင် ကြိုးစားရေးထားတာပါ။ ဒီ့ထက်တော့ တိုလို့မရတော့ဘူးထင်ပါရဲ့နော်။
ဖတ်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးပါခင်ဗျာ
ဟယ်ရီ

Read More...

Saturday, 6 September 2008

လွမ်းလင့်လူးလွန့်လိမ့်လေလော



ဒါလည်း ရှင်မဟာရဋ္ဌသာရ ရဲ့ရေးနည်းပါပဲ။ ပဒုမ္မာကြာဆိုနည်းလင်္ကာ လို့ခေါ်ပါတယ်။ လွမ်း တလုံးတည်းကို ကြာဝတ်ဆံလို မူတည်ပြီး ပတ်ရေးထားတာပါ။ နှစ်ထပ်ကြော့၊ လေးထပ်ကြော့ စကြာတေးထပ်တွေလိုပါပဲ။ ဒါပေမယ့် ဒါကတော့ လင်္ကာရေးနည်းဆိုတော့ လေးလုံးစပ်နဲ့ပဲရေးထားတာပါ။ "လ" တလုံးတည်း တပိုဒ်ခြားစီသုံးထာကတော့ ပုလဲတတန့်သန္တာတတန့် သဘောမျိုးယူထားတာပါ။ ဒီလိုဖတ်လိုက်ပါခင်ဗျာ။

လွမ်းလင့်လေလေ၊ လွမ်းကာနေ၍၊
လွမ်းလှေလွန့်လူး၊ လွမ်းရေဦးတွင်၊
လွမ်းလူးလှိမ့်လှ၊ လွမ်းပိုညသည်၊
လွမ်းလျလေလျှံ၊ လွမ်းစေဖန်၏၊
လွမ်းလွန်လွန်းလျှင်၊ လွမ်းမိုးဆင်ကာ၊
လွမ်းလျင်လှိုက်လျှက်၊ လွမ်းလေသက်သည်၊
လွမ်းလက်လက်လတ်၊ လွမ်းမပြတ်ခင်၊
လွမ်းလျှပ်လက်လျှို၊ လွမ်း၍ငိုမည်၊
လွမ်းလိုလူးလူး၊ လွမ်းတေးကျူးသီ၊
လွမ်းလည်လိမ့်လှ၊ လွမ်းရောင်ပြကာ၊
လွမ်းလာလေလိမ့်၊ လွမ်းနှင်းစိမ့်အေး၊
လွမ်းလှိမ့်လူးလာ၊ လွမ်းကဗျာသီ၊
လွမ်းလျာလူးလှင့်၊ လွမ်းနယ်ဆင့်ကာ၊
လွမ်းလင့်လူးလွန့်လိမ့်လေလော။ ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ
ဟယ်ရီ

Read More...

နွေနှယ်နုန်းနုန်း နွမ်းနယ်နေ

ပျိုးပျိုးပြက်ပြက်၊ တခဲနက်နှင့်၊
လက်လက်လင်းလင်း၊ ရွှေအဆင်းသို့၊
ဝိုးဝင်းဝါဝင့်၊ ရုပ်လွှာတင့်သည်၊
မြမြင့်မိုးမှ၊ ကြယ်စင်ညတွင်၊

လင်းလှလျှပ်လက်၊ ပန်းနွယ်ခက်သို့၊
နံနက်နှင်းနု၊ လှရည်ဥရာ
ပြာပြာပျို့ပျို့၊ ကိုယ်ဟန်မို့နှင့်၊
ညို့ညက်ညှင်းညှင်း၊ နုသားဝင်းခြယ်၊
နေနတ်နွယ်နန်း၊ ဖြစ်တည်လွှမ်းသို့၊
မြင့်မြန်းမွှေးမြ၊ ပန်းအလှဆင်း၊
သီသင်းသံသာ၊ နှုတ်လွှာမှာလွင့်၊
ဖြိုးဖျာဖျောက်ဖျောက်၊ နှင်းရည်ပေါက်နှယ်၊
ဖွေဖေါက်ဖြေဖျော်၊ ချစ်ခွင့်ပေါ်နိုး၊
မှန်းမျှော်မိမင့်၊ လွမ်းတေးဆင့်ကာ၊
ရော်ရင့်ရက်ရှည်၊ ကြာလေလေဝေး၊
ထွေးထွေးထက်ထက်၊ ချစ်မြသက်သည်၊
လက်လက်လျှပ်လို၊ ဝေးရာကိုဖယ်၊
မုန်းမယ်မာန်မူ၊ ခွာရှောင်သူရေ၊
နွေနှယ်နုန်းနုန်း နွမ်းနယ်နေ

ရှင်မဟာရဋ္ဌသာရ ရဲ့ ပုလဲတတန့်၊ သန္တာတတန့်ရေးနည်းပါ။ တပါဒခြားစီ အက္ခရာတလုံးတည်း သုံးပြီး စပ်သွားတာပါပဲ။ တချို့ကတော့ ဧကပုဒ်ရတု လို့လည်းပြောကြပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ရတုအနေနဲ့ရေးထားတာမဟုတ်ပါဘူးခင်ဗျာ။ လင်္ကာအနေနဲ့ပဲ ရေးထားတာပါ။
ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ
ဟယ်ရီ

Read More...

ခုနစ်ပြည်ထောင်အလွမ်း

အွန်စောတို့မြေ၊ ချယ်ရီဝေလဲ။
ကန္တာရညခင်းမှာ၊ လမင်းသာလဲ။

ပစိဖိတ်ပြာ၊ ကျွန်းငယ်မှာလဲ။
မီးတောင်ကျွန်းအီကွေတာ၊ သောင်ပြင်မှာလဲ။

မာလာယုနယ်၊ ကျွန်းဆွယ်မှာလဲ။
ရာမမင်းစံပျော်ရာ၊ ပြည်တော်မှာလဲ။

ဘယ်ဆီမှာရောက်နေနေ၊
ဘယ်ရေကိုသောက်နေလဲ။
ရင်ထဲမှာ လွမ်းနေတစ်ပြောက်၊
စမ်းရေခြောက်ဆဲ။

ဘယ်မြေမှာရပ်နေနေ၊
ဘယ်ခြေရာလှမ်းနေလဲ။
ရင်ထဲမှာ လွမ်းနေသမ်းလို့၊
စမ်းရေခမ်းဆဲ။ ။

ဖတ်ရှုအားပေးသည့်အတွက် ကျေးဇူးအထူးတင်ပါသည်
ဟယ်ရီ

Read More...

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၁၁)

သဖြန်
သဖြန်ဆိုတာ အသံ+အဖြန် ဆိုတဲ့ ပိုဒ်တွေကို ပေါင်းထားတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ သီချင်း အသံကို ပြန်စေတတ်သောသီချင်း၊ ဖြန်ဖြေသောသီချင်း ရယ်လို့ဖြစ်ပါတယ်။ ဒီတော့ ဒွေးချိုးသဖြန်ဆိုတာ မူရင်း ဒွေးချိုးငယ်သာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီမှာမှ တက်သံ၊ သက်သံ၊ နိမ့်သံ၊ တိုင်သံ ဆိုတဲ့ အသံ(၄)မျိုး နဲ့ ပြန့်အောင် 'ဖြန်' ပြီး၊ အဲဒီ အသံလေးသံကို 'ဖြန်ဖြေ'ပြီး၊ ဒါမှမဟုတ် ပတ်ပျိုး စတဲ့ သီချင်းကြီးတွေကို ဆိုအပြီးမှာ အသံကို သံမှန်ကို 'ပြန်'ရောက်အောင်လုပ်ဖို့ စပ်ဆိုထားတာလို့ဆိုပါတယ်။ ပတ်ပျိုးလို သီချင်းကြီးတွေပေါ်လာမှ ပညာရှိတွေက ဒီနာမည်ကို မှည့်ခေါ်ခဲ့ဟန်တူတယ်လို့ ဆိုပါတယ်။ ဒီတော့ သဖြန် ဆိုတာဟာ သီချင်းသံကို အစွဲပြုပြီး ခေါ်ထားတဲ့အမည်ဖြစ်ပြီး ဒွေးချိုးတို့၊ ဒွေးဆစ်တို့ ဆိုတာကတော့ အဆစ်အပိုင်း၊ အချိုး (အပိုဒ်) တွေကို အစွဲပြုပြီး ခေါ်ထားတဲ့အမည်ဖြစ်တယ် လို့ ဆိုပါတယ်။ ဒွေးချိုး သဖြန်၊ နှစ်ဆစ်ချိုးသဖြန် ဆိုပြီးလဲ ခေါ်ကြပါတယ်။ ဒွေးချိုး၊ လေးချိုး တွေရဲ့ အစပ်မျိုးဖြစ်ပြီး ပတ်ပျိုးအချမှာ အဆိုများပါတယ်။ စည်းကိုက်၊ ၀ါးကိုက် ဆိုင်းဝိုင်းနဲ့ ဆိုရတယ်လို့ သိရပါတယ်။ သဖြန်တွေကိုဆိုတဲ့အခါ ငါးပေါက်သံ (Key F Major) နဲ့ ဆိုရတယ်လို့ မှတ်သားထားမိ ပါတယ်။ သဖြန်အမျိုးအစားတွေကတော့ ...
(၁) သံထောက်သဖြန်
(၂) ခွန်းထောက်သဖြန်
(၃) ကွန်းထောက်သဖြန်
(၄) ရေလားသဖြန်
(၅) ရေခင်းသဖြန်
(၆) ပုလဲပေါက်သဖြန် ဆိုပြီး ရှိပါတယ်။


သံထောက်သဖြန်ဆိုတာ အသံ(၄) သံတို့ကို တစ်ထောက်၊ နှစ်ထောက်နားပြီး ရွတ်ဆိုရတဲ့ သဖြန်မျိုးကို ခေါ်ပါတယ်။
ခွန်းထောက်ဆိုတာကတော့ သီချင်းကြီး၊ ပြဇာတ်စကားတို့ရဲ့ကြားမှာ နှုတ်ခွန်းနဲ့ထောက်ပြန်ပြီး ပြောဆို မေးမြန်းရတဲ့ သဖြန်မျိုးကို ဆိုလိုပါတယ်။ ခွန်းထောက်သဖြန်ကို ပုလဲပေါက်သံ (Lydian Mode) နဲ့ ဆိုရတယ်လို့ မဟာဂီတ ဦးပြုံးချိုရဲ့ မဟာဂီတပေါင်းချုပ်မှာ 'သဖြန်ငါးပေါက်၊ ခွန်းထောက်ပုလဲ ဆိုရိုးတည်း' လို့ရေးသားထားတာ ကို ထောက်ပြီး ပြောကြပါတယ်။
ကွန်းထောက်ဆိုတာ ဘုရင်တွေယာယီတဲနန်းမှာ ခဏနားခိုက် သီဆိုဖျော်ဖြေရတဲ့ ဒွေးချိုးကို 'ကွန်းထောက်သဖြန်' လို့ခေါ်ပါတယ်။ ဘုရင်တွေရဲ့နန်းတော်ကို 'ကွန်း' လို့အရင်ရှေးခေတ်ကခေါ်ပါတယ်။ နတ်နန်းကို နတ်ကွန်းလို့ခေါ်သလိုမျိုးပါ။ ဘုရင်တွေ တိုင်းခန်းလှည့်လည်ရာက ခဏနားခိုစခန်းချတာကို 'ထောက်' တယ်လို့ခေါ်ပါတယ်။ ခဏ တစခန်းထောက်တဲ့သဘောလို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြ ထားပါတယ်။ ကဗျာဖွဲ့နည်းနိသျည်းထဲမှာကတော့ ဇာတ်ပွဲသဘင်တွေမှာ မင်းသား၊ မင်းသမီးတွေ ခရီး လှည့်လည်သွားကြရင်း ယာယီတဲနန်းဘုံကွန်းဆောက်ပြီးရပ်နားတာကို 'ကွန်းထောက်နားတယ်'၊ 'ကွန်းထောက်ချတယ်' လို့ခေါ်ကြောင်းနဲ့ အဲဒီအခါမှာ ရွတ်ဆိုကြတဲ့ အကြောင်းအရာတွေဖြစ်တယ်လို့ မြန်မာစာညွန့်ပေါင်းကျမ်းကို ကိုးကားပြီးဆိုထားပါတယ်။ ပညာဝန်ထောက်ဦးဖိုးစိန်ရဲ့အလိုအရကတော့ 'အဲဒီအခါမျိုးမှာ မြိုင်ထကိုဖြစ်စေ၊ လွမ်းချင်းကိုဖြစ်စေ ဆိုပြီးမှ သဖြန်ကို ဆက်လက်၍ဆိုကြ၏။ ၄င်း သဖြန်မှာလည်း ထိုမြိုင်ထ၊ လွမ်းချင်းတို့၏ အချသာဖြစ်၍ ကွန်းထောက်ခြင်း၊ စခန်းချခြင်းနှင့် ဘာမှ မဆိုင်ခဲ့ပါ။ မင်းသားကို နှုတ်ထောက်၍လျောက်တင်ရသော သဖြန်၊ သို့မဟုတ် နှုတ်ခွန်းထောက်၍ ဆိုရသော သဖြန်သာဖြစ်သောကြောင့် ''ခွန်းထောက်သဖြန်'' ဟုသာခေါ်ဆိုထိုက်၏။ ကွန်းထောက်သဖြန် ဟုခေါ်ဆိုကြသည်မှာ အမှားသာဖြစ်၏' လို့ ရေးခဲ့ဘူးပါတယ်။
ရေလားသဖြန်ဆိုတာ မြစ်ချောင်းအင်းအိုင်တွေမှာ ရေကစား၊ သွားလာကြတဲ့အကြောင်းတွေကို စပ်ဆိုကြ တဲ့ သဖြန်မျိုးဖြစ်ပါတယ်။
ရေခင်းသဖြန်ဆိုတာလည်း ရေပြင်ပေါ်မှာ တပ်ခင်းပြီး ပျော်ပါးစံစားတဲ့အကြောင်းကို ဖွဲ့ဆိုထားတဲ့ သဖြန် ဖြစ်ပါတယ်။
ပုလဲပေါက် သဖြန်ဆိုတာကတော့ ခွန်းထောက်သဖြန်ကိုဘဲ ပုလဲပေါက်အသံနဲ့ဆိုတဲ့အခါ အသံကို လိုက်ပြီး ခေါ်တဲ့အမည် လို့ဆိုပါတယ်။
တချို့ကတော့လည်း ဒွေးချိုးငိုချင်းသဖြန် ဆိုပြီး အပြည့်အစုံခေါ်ပါတယ်။ ဒီနေရာမှာ ဒွေးချိုးဆိုတာ စပ်နည်းအချိုး၊ ငိုချင်း ဆိုတာက အကြောင်းအရာ၊ သဖြန် ဆိုတာက သီဆိုသံကို ဆိုလိုရင်းသာဖြစ်ပြီး တကယ်ကတော့ ဒွေးချိုး ရိုးရိုးဘဲဖြစ်ပါတယ်လို့ ဖေါ်ပြထားပြန်ပါတယ်။
သဖြန်တွေကို ဖွဲ့ဆိုတဲ့အကြောင်းအရာအလိုက်သာမက စပ်နည်းနဲ့ အနက် ကိုလိုက်ပြီးလဲ အမည်ပေး လေ့ရှိပါတယ်။ ဒွေးချိုးကိုဘဲရေးရိုးရေးစဉ်ထက် အပိုဒ်ရေနဲနဲပိုများ၊ အက္ခရာနည်းနည်းပိုများပြီး စပ်ထား ရင် ဒွေးချိုးသဖြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒွေးချိုးကြီး လောက်တော့ မရှည်၊ မများရဘူး လို့လဲ ပြောထားပါတယ်။ နမူနာ ဒွေးချိုးသဖြန် တပုဒ် ထည့်ရေးပေးလိုက်ပါတယ်။

အခြေငယ်တယ်၊
ငရေသယ် တသိရ်မွေ့ပါတဲ့၊
အိမ်ရှေ့ကိုအမှန်ရရင်ဘဲ၊
ဉာဏ်ကတနဲ။ ။
ကျေးဇူးသျှင်၊
ရေးမှုကိုမြှော်မမြင်လို့၊
မိုက်ဉာဏ်ဝင် နင်တန်ချက်ကိုလ၊
ကမ္ဘာဘာ စဉ်အဆက်မှာဟယ်
(အမယ်လေး) ထုံးပျက်နိုင်ဘဲ။ ။

မြ၀တီမင်းကြီး ရေး - အီနောင်ဇာတ်မှ ဒွေးချိုးသဖြန်
အို ရှုမောဖွယ် ထားကေသွယ်၊
သည်ဝယ်ပုံသို့ မကြံလေသေး။
ဖြူဝန်းငယ်ရာပြိုင်သည်၊
ညာပင်တိုင် ရွှေဗွေမြင့်ငယ်ကို၊
ပြန်ခွင့်ကနှေး။

အထူးမှတ်သားဖို့ကတော့ ဒွေးချိုး၊ တြိချိုး၊ လေးချိုးတိုင်းဟာ သဖြန်ဖြစ်နိုင်ပေမယ့်၊ သဖြန်တိုင်းကတော့ ဒွေးချိုး၊ လေးချိုး မဖြစ်နိုင်ပါဘူး။ ပုံစံအနေနဲ့ အနောက်နန်းမတော် မမြကလေး ရေးတဲ့ ရှစ်စုံရွက်ကြာ ပတ်ပျိုးမှာ -

သနားမကြင်ရက်ကယ်မို့၊
သူ့ထွက်ဖန်ရာဆယ်၊
ရေးနှောင့်အချယ်။
အိုဘယ်ခါနေ့ငယ်မှ၊
ကိုယ်တွေ့သည် ပူနယ်က၊
အေးလွယ်သည်မှန်း။
ဆိုပြီး ချထားတာဟာ ဒွေးချိုးမဟုတ်ပေမယ့် သီဆိုသံက သဖြန်သံ (ငါးပေါက်သံ) နဲ့ဆိုတဲ့အတွက် သဖြန်လို့ပဲ မှတ်ယူ ရတယ်လို့ ဆိုပါတယ်။
သဖြန်ပြီးတော့ အချိုးကဗျာတွေထဲက တြိချိုးအကြောင်းကို ဆက်ပါမယ် ...

Read More...