Tuesday, 23 September 2008

ဗေဒါလမ်း (၃၄) - မယ့်သဘော

ကမ်းစပ်မှာထိုင်
ကျူမကိုင် လက်မှိုင်ချလို့၊ ငိုင်လှချေတကား။
ကျူရိုးရှင် အခင်သေးရယ်၊ ငေးလှချေတကား။

မငေးလို့ မဖြစ်ပေါင်။
ဒို့ချောင်းမှာ ဖန်လာဆန်း၊ ပန်းရလေအောင်။
မိုးထိအောင် လှေကားထောင်
ထောင်မယ်တဲ့ လတာဘေး။
ပင်ကျရည် တမြူလောက်နဲ့
ချောင်းပေါက်မှာ ငါးပျံမူး၊ မြူးရက်လို့လေး။

အိုအချင်း ကျူရိုးရှင်။
ချောင်းပေါက်မှာ ငါးပျံမြူးပေမယ့်
ကိုယ်မမြူး နေလိုက်လျှင်။
ဆောင်းဦးပေါက်ပြီမို့
ကောက်ပင်နွဲ့ မှည့်ပြီရှင် တံစဉ်ကို ပြင်ပါတော့။
အချိန်တန် စုန်ဆန်မြန်းတဲ့
ပန်းဗေဒါ မယ့်သဘောကို၊ စောလိုက်ပါနော့။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၉၀၊ ဒီဇင်ဘာ၊ ၁၉၆၇)

မဗေဒါက မေးပါတယ်။ ကျူရိုးရှင်ရယ်၊ ကျူတံလဲမကိုင်ဘဲ ကမ်းစပ်မှာထိုင်ပြီး လက်မှိုင်ချလို့ ငိုင်လှချေလား၊ အခင်သေးနဲ့ ကျူရိုးပိုင်ရှင်ရယ် ငေးလှချေလား တဲ့။

ဒီတော့ ကျူရိုးရှင်က မငေးလို့မဖြစ်ပေါင်၊ ဒို့ချောင်းမှာ ထူးထူးဆန်းဆန်းဖြစ်နေလို့ စိတ်ပင်ပန်းနေရတယ်။ လတာဘေးမှာ ငါးပျံက ပင်ကျရည် တမြူလောက်သောက်ပြီးယုံနဲ့ မိုးထိအောင်လှေကားထောင်မယ်ဆိုပြီး မူးမူးနဲ့ မြူးနေလို့ဘဲ လို့ ပြန်ဖြေပါတယ်။

ဒီတော့တခါ မဗေဒါက အို .. ကျူရိုးရှင်ရယ်၊ ချောင်းပေါက်မှာ ငါးပျံသူ့ဟာသူ မြူးနေ၊ မူးနေလဲ ကိုယ်မမြူးဘဲ နေလိုက်ရင်ပြီးတာပါပဲ။ ဆောင်းဦးပေါက်လဲရောက်ပြီဆိုတော့ ကောက်ပင်နွဲ့နွဲ့တွေလည်း မှည့်ဝင်းလာနေပြီ၊ ဒီတော့ ကောက်ရိတ်ဖို့ တံစဉ်ကိုပြင်လိုက်ပါတော့၊ အချိန်တန်ရင် အမြဲတမ်း စုန်ဆန်နေတဲ့ ဗေဒါပန်းလေး မယ့်သဘောကို စောကြောလိုက်ပါဦး လို့ ပြောလိုက်ပါတယ်။

ဒီကဗျာမှာလဲ ကျူရိုးရှင်နဲ့ မဗေဒါတို့ရဲ့ ဖွင့်မပြောတဲ့ သံယောဇဉ်သဘော တစွန်းတစကို မြင်လိုက်ရသလိုပါဘဲ။ ဒီဗေဒါလမ်းကဗျာတွေဟာ အဓိကအားဖြင့် ဒဿနတွေကို နိမိတ်ပုံနဲ့ ဖွဲ့ထားတယ်ဆိုပေမယ့် ဆရာကြီးအနေနဲ့ လူ့ဘ၀မှာ အမြဲလို သေချာပေါက်နီးပါး ကြုံတွေ့ရမယ့် ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ် တွေကိုလည်း ထည့်သွင်းဖွဲ့ဆိုထားတယ်လို့ ယူဆမိပါတယ်။ ကျနော့်အယူအဆ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်ကိုက သိင်္ဂါရ ရသဖက်ကို ပိုပြီး တိမ်းညွတ်လွယ်လို့ ဒီလိုတွေးမိသလားတော့ မဆိုနိုင်ပါဘူး။ ၀ိုင်းစဉ်းစားသုံးသပ်ကြည့်ကြ စေလိုပါတယ်။ ကဗျာသွားကိုကြည့်ရင် ကျူရိုးရှင်က မှိုင်နေတော့လဲ မဗေဒါက မေးမိတယ်။ ကျူရိုးရှင်ပြန်ဖြေတာက ငါးပျံက မူးပြီး စကားကြီးစကားကျယ်တွေ ပြော၊ လေလုံးမိုးလုံးထွားပြနေလို့ (မိန်းကလေးအချို့ရဲ့ သဘာဝအတိုင်း) အပျော်အပါးနဲ့ သုံးနိုင်ဖြုန်းနိုင် ဟိတ်ဟန်ကောင်းတဲ့ သူတွေအပေါ် အထင်ကြီးတိမ်းညွတ်မိများ သွားလေမလားရယ်လို့ စိုးရိမ်နေတဲ့သဘောမျိုးလို့ ထင်လိုက်မိပါတယ်။ ဒါမှ မဟုတ်လဲ မူးမူးနဲ့ စကားကြီးစကားကျယ်တွေ အရည်မရ အဖတ်မရ လျှောက်ပြောနေလို့ ရိုးရိုးတန်းတန်း ကြည့်မရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ မဗေဒါကလဲ သူ့ဟာသူဘာဖြစ်ဖြစ်နေနေ ဂရုမစိုက်ဘဲ ကိုယ့်ဟာကိုယ်နေ၊ ကိုယ်လုပ်စရာရှိတာကို အာရုံစိုက်ပြီးလုပ်လိုက်ရင် ပြီးတာပဲမဟုတ်လား။ ဒီလမ်းမှာ အမြဲသွားနေတဲ့ မယ့်သဘောကိုလဲ စောကြောဆန်းစစ်ကြည့်ပါဦး လို့ ပြောလိုက်ပုံက သံယောဇဉ်အငွေ့တွေ ပါနေသလိုပဲမို့ ဒီလို ခံစားမိတာပါ။ ဒီလမ်းမှာ အမြဲသွားနေရတဲ့သူမို့ ဒီလမ်းမှာတွေ့ နေကျ ငါးပျံလိုမျိုးအကြောင်းတော့ ကောင်းကောင်း သိပါတယ် ဆိုတဲ့ သဘောကို သွယ်ဝိုက်ပြီး (imply) ပြောထားတဲ့သဘောမျိုး၊ အတိအကျလဲ သံယောဇဉ်ရှိကြောင်းမပြောဘူး၊ စိတ်မပူအောင်လည်း ပြောတတ်တယ်ဆိုတဲ့ ပုံစံမျိုး ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: