ဗေဒါလမ်း (၃၇) - လမ်းရိုးပါကွဲ့
အနောက်ဖက်ဆီ၊ နေနီနှင့် တိမ်ပန်း။
ရှေ့ဆီမှာ ဓနိတန်း၊ ချောင်းရှေ့ဖက်ကမ်း။
ဓနိတန်း ကမ်းကွေ့မှာ။
ဒီတက်ချိန် တိမ်အစွမ်း၊ ပန်းတောက်တဲ့ခါ။
ကွေ့အောက်က ရေနီလာ၊ ကွေညာက မြသွေး။
မဗေဒါ ဆန်လာလမ်း၊ နန်းဆံပေ့လေး တဲ့။
အို အချင်း ကျူရိုးရှင်။
မင်းတို့ရွာ တစ်ဖက်ကမ်း၊ လမ်းက အမြင်။
မယ့်အနီး မယ့်ဝန်းကျင်၊ ချောင်းရေပြင် ကြည်လဲ့။
စုန်ကာ ဆန်ကာနှင့်၊ မြမပါ နီလာမဲ့၊
လမ်းရိုးပါကွယ့်။ ။
ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၁၁၊ စက်တင်ဘာ၊ ၁၉၆၉)
ဓနိတန်းကမ်းအကွေ့ကနေကြည့်လိုက်ရင် ဒီရေတက်ချိန်မှာ တိမ်တောက်တဲ့အခါ တိမ်ရဲ့အစွမ်းကြောင့် ပန်းတွေလိုတောက်ပြီး ကွေ့လေးရဲ့ အောက်ဖက်မှာ ရေပြင်က အပြာရောင်သမ်းပြီး နီလာလိုလှလို့ ကွေ့အထက်မြစ်ညာမှာတော့ အစိမ်းရောင်ဖန့်ဖန့်နဲ့ မြအသွေးဆင်နေပါတယ်။ မဗေဒါဆန်တက်လာတဲ့လမ်းကတော့ တယ်လဲ နန်းဆံပါလားလို့ ကျူရိုးရှင်ကပြောလိုက်ပါတယ်။
ဒီအခါ မဗေဒါက အို အသင်ကျူရိုးရှင်၊ ဒီဟာကတော့ တစ်ဖက်ကမ်းက မင်းတို့ရွာရှိတဲ့ လမ်းကနေ ကြည့်လို့မြင်ရတဲ့အမြင်ပါ။ မယ့် အနီးပတ်ဝန်းကျင်တ၀ိုက်မှာတော့ ချောင်းရေပြင်က ကြည်လဲ့လို့ ဘာအရောင်မှ မရှိပါဘူး၊ စုန်လိုက် ဆန်လိုက်နဲ့ မျောနေရတဲ့ ဒီချောင်းရေဟာ မြသွေးလိုလဲမစိမ်း၊ နီလာလိုလဲ ကြည်ပြာရောင်မရှိတဲ့ လမ်းရိုးလေးသာ ဖြစ်ပါတယ်လို့ ပြန်ဖြေလိုက်ပါတယ်။
ကိုယ့်ဖက်က ကိုယ့်တဖက်သတ်အမြင်နဲ့အဝေးကကြည့်ရင် ဘေးပယောဂကြောင့် စိတ်မှာတမျိုးမြင်နိုင်ပါတယ်။ ဒါပေမယ့် အနီးကပ်ကြည့်ရင်တော့ ကာယကံရှင်ရဲ့ အခြေအနေဟာ အဝေးကမြင်ရသလိုမဟုတ်ဘဲ တမျိုးဖြစ်သွားနိုင်တာကြောင့် အသေအချာ သုံးသပ်ပြီးမှ အခြေအနေကို သိပြီးမှသာ ဆုံးဖြတ်ချက်တစ်ခုကို ချသင့်ပါတယ် ... လို့ခံစားမိပါတယ်။
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ
No comments:
Post a Comment