ဗေဒါလမ်း (၂၀) - တင်းရပုံပဲ
ဖူးတံကညိုတိုတို။
စုန်ရေဆန်ရေနဲ့
ဗေဒါဆွေရေအလှ၊ ချောင်းမတခို။
ရေငန်နဲ့ရေချို၊ ဥဒဟိုမစဲ။
နေ့မရှောင်ညမအား၊ နားရရှာဘဲ။
နားချင်လို့ ခါတရံ၊
မဗေဒါရွာသူ့ပန်းပေမို့၊ ကမ်းကပ်မဲ့ကြံ။
အစုန်မှာကပ်ရပြန်၊ အဆန်မှာခွာရမြဲ။
အဆန်မှာကပ်လျင်လဲ၊ စုန်ဆင်းတော့ခွဲ။
ကပ်ပြန်ရ၀မ်းမသာ၊ ခွာပြန်ရ၀မ်းမနည်း။
မဗေဒါစုန်ဆန်ရင်း၊ တင်းရပုံဘဲ။ ။
ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)
ရွာသူလေးတွေ ဆင်သမယ့် ပန်းဘ၀နဲ့ တခါတလေနားချင်လို့ ကမ်းကိုကပ်ဖို့ ကြံမိရှာပါတယ်။ ဒါပေမယ့် ရေစုန်မှာ ကမ်းကပ်လိုက်ရင် ရေဆန်ကျတော့ ပြန်ခွာလိုက်ရ၊ ရေဆန်မှာ ကမ်းကပ်လိုက်ရင်လဲ ရေစုန်မှာ ပြန်ခွာလိုက်ရနဲ့ပဲ အမြဲကမ်းကပ်နေရတယ်လို့ မရှိပါဘူး။
ဒီတော့လည်း ကမ်းကပ်ရလည်း ၀မ်းမသာ၊ ကမ်းကနေပြန်ခွာရလဲ ၀မ်းမနည်းတော့ဘဲ စိတ်ကိုသာတင်းရင်းနဲ့ မဗေဒါခမျာ စုန်နေဆန်နေရရှာဆဲပါပဲ။
ကျနော်တို့တွေလဲ လောကဓံတရားအတိုင်းအနိမ့်အမြင့်အတက်အကျတွေနဲ့ ကြုံလာရတဲ့အခါမှာ ဗေဒါလေးတွေ အားတင်းရသလိုပဲ ၀မ်းသာဝမ်းနည်းခံစားမှုမျိုးသိပ်မခံစားရဘဲ ဥပေက္ခာတရား လက်ကိုင်ထား နိုင်မယ် ဆိုရင် ဘ၀ခရီးကို လျှောက်လှမ်းရာမှာ ပိုပြီးအထောက်အကူ ပြုနိုင်ပါလိမ့်မယ် ... လို့ခံစားမိပါတယ်။
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ
No comments:
Post a Comment