Saturday, 13 September 2008

ဗေဒါလမ်း (၁) - မယ့်လမ်းပါလား

ပန်းနီလာ၊ ဗေဒါဆင်သ လို့
ယဉ်လှတယ်လေး။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ၊ တန်းစီလို့လေး ။

အိုအချင်း ကျူရိုးရှင်။
မဗေဒါပြာလဲ့လမ်း၊ ကမ်းကပ်မယ်ပြင်။
စံပယ်လှပွင့်ဖြူစင်၊ ကမ်းခွင်ကငယ်ကျွမ်း။
သူ့လိပ်ပြာခြံအရံနဲ့၊ သူစံရာ သူပျော်မွေ့၊
ပြေးတွေ့ချင်စမ်း ..... တဲ့။

တွေ့ချင်တဲ့စေတနာရယ်။
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ်။
လိပ်ပြာကဝတ်ရည်သယ်၊ စံပယ်ကမအား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း
မယ့်လမ်းပါလား။

အိုအချင်း ... ကျူရိုးရှင်။
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင် ၊ ပျိုခင်ရဲ့အနွဲ့။
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို ၊ ပြုံးကြည့်ချင်ငဲ့ .. တဲ့။

ကြည့်ချင်တဲ့စေတနာရယ်
သနားဘွယ် ချစ်ဘွယ်တေးပေမို့
အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့၊ မြစ်ရိုးကအပြာချယ်ကို၊
ပျို့နယ်လိုက်လေမလား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အိုအချင်း ... ကျူရိုးရှင်။
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ထီးတော်ကတချွင်ချွင်
ကွင်းပြင်ကဘုရား။
နေမင်းညိုချိန်တန်ပေါ့
နိဗ္ဗာန်ကိုစိတ်ကြံကူး၊ ဖူးချင်လျက်သား .... တဲ့။

ဖူးချင်တဲ့စေတနာရယ်။
နိဗ္ဗိန္နာ ဂီတာတေးပေမို့၊ အေးချိုလှတယ်။
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့အရ
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့။

ချောင်းရေကဖောင်၊ တောင်လေကသွေး။
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့၊
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်၊
အားစိုက်ပါလေး။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

ကျနော့်ဘဝမှာ အနိမ့်အမြင့်အတက်အကျတွေနဲ့ ကြုံရတဲ့အခါတိုင်း ဒီဗေဒါလမ်းကဗျာတွေက ကျနော့်ကို ပြန်လည်ရုန်းထဖို့ အားမာန်တွေ အမြဲပေးခဲ့ပါတယ်။ ဗေဒါလမ်းနဲ့ ကျနော် စတင်ရင်းနှီးခဲ့တာကတော့ ကျနော်ငယ်ငယ်က ရေဒီယိုကလွှင့်တဲ့ ဗေဒါလမ်း သီချင်းအရှည်ပါ။ ဒီကဗျာစုထဲက သင့်တော်ရာအပိုဒ်တွေကို ရွေးထုတ်ပြီး သံစဉ်ထည့်ဆိုထားတာပါ။ အမျိုးသမီးအဆိုတော်တစ်ယောက်ပါပဲ။ ဘယ်သူဆိုထားလဲဆိုတာတော့ ကျနော် ငယ်သေးတော့ မမှတ်မိပါဘူး။ နောက်မှ ဗေဒါလမ်း ကဗျာအမှတ် (၁ဝ) ပန်းပန်လျက်ပဲ ကို ဒေါ်ကြည်ကြည်ဌေး ဆိုထားတာ ရေဒီယိုကနေလွှင့်တာထပ်ပြီး ကြားဖူးပါတယ်။ ကဗျာတွေကို တော့ ၁၉၈၉ လောက်မှာ စဖတ်ခဲ့ဖူးပါတယ်။ အဲဒီကတည်းကစလို့ ဒီနေ့အထိ အကြိမ်ကြိမ် အခါခါ ဖတ်နေဆဲပါ။ ဖတ်တိုင်း ဖတ်တိုင်းလဲ ခံစားရတဲ့ ခံစားမှုဟာ တကြိမ်နဲ့တကြိမ် မတူပါဘူး။ အခြေအနေနဲ့အသက်အရွယ်ကိုလိုက်ပြီး အမျိုးမျိုး ပြောင်းလဲခံစားရပါတယ်။ ဒါပေမယ့် အမြဲတူညီတဲ့ခံစားမှုတစ်ခုကတော့ မဗေဒါရဲ့ အားမာန်နဲ့ အခြေအနေကိုလိုက်လျောညီထွေ နေနိုင်စွမ်းအား Flexibility ပါဘဲ။ ကိုယ်ဖြစ်ချင်တာမဖြစ်ရလို့ အားမငယ်ပဲ ကိုယ့်လမ်းကို ကိုယ်သိပြီး ကိုယ့်ဘဝကိုယ်နားလည်တဲ့ မဗေဒါလို စိတ်ထားမျိုးကို (ရာနှုန်းပြည့်မဟုတ်တောင် အတိုင်းအတာ တစ်ခုအထိ) ကျနော်အမြဲအားကျအတုယူခဲ့ရပါတယ်။ တစ်ခု အကြံပေးချင်တာကတော့ ဒီကဗျာစုတွေကို အကြိမ်ကြိမ်အခါခါ ဖတ်ကြည့်စေချင် ပါတယ်။ ဖတ်ကြည့်လေလေ၊ ဆရာကြီးဇော်ဂျီရဲ့ ကဗျာဝိညာဉ်ဟာ ကျနော်တို့နှလုံးသားနဲ့ ပိုနီးစပ်လာလေလေပါပဲ။ ဗမာကဗျာ့သမိုင်းမှာ ဆရာဇော်ဂျီ မပါရင်မပြည့်စုံသလို ဆရာဇော်ဂျီရဲ့သမိုင်းမှာလဲ ဗေဒါလမ်း မပါရင် ပြည့်စုံမှာမဟုတ်ပါဘူး။ ဒါကြောင့် ဗမာကဗျာ့သမိုင်းမှာ အင်မတန်သြဇာကြီးမားပြီး မပါရင်မဖြစ်တဲ့ ဒီ ဗေဒါလမ်းကဗျာစု အားလုံး (၄၁ပုဒ်) ကို ကျနော် ပြန်ရိုက်ပြီး တင်ပေးပါ့မယ်။ စာအုပ်တင်ထားတာရှိပေမယ့် အလွယ်တကူ ဖတ်ရှုပြီးမျှဝေခံစား ဆွေးနွေးနိုင်အာင်ပါ။ မဗေဒါနဲ့ ကျူရိုးရှင် တို့ရဲ့ ဘဝနဲ့အတွေးအခေါ်၊ အဖြစ်သနစ်၊ ခံစားချက် အားလုံးပေါ့။ ကဗျာရွာ မှာလည်း ကျနော် တင်ထားပါတယ်။ အဲဒီမှာလည်း သွားရောက်ဖတ်ရှုနိုင်ကြပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

1 comment:

Anonymous said...

ဖတ်ရတာ ရင်ထဲထိ အေးပြီးလှသွားတာပဲ။