Saturday, 27 September 2008

ဗေဒါလမ်း (၃၅) - ဗေဒါခင်အသိ

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း။
အောက်တခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ဝိုင်း။

ရေရိုင်းက ထင်တိုင်းသာ။
ဒီတက်ချိန် နှိမ်မရ၊ ဒေါထလို့သာ။
ချောင်းပေါက်မှာ သူ မြောက်လာ
သူ မညှာ သူ မသနား။
ချောင်းတစ်ခွင် သူ ၀င်စ၊ ပြခဲ့သူ့အား။

သူ့အားကို ပြလိုက်ရုံ။
လတာပြင် ရေ၀င်တိုး၊ ထိုးကြ ပလုံ။
စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျုရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါပင်အသိ။
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၉၁၊ ဇန်န၀ါရီ၊ ၁၉၆၈)

ဒီတက်လာပြန်ပါပြီ။ချောင်းအောက်ပိုင်းတခွင် ပင်လယ်ဝမှာ ၀ဲကတော့တွေ ထလို့ ရေရိုင်းတွေက ဟီသံပေးပြီး တဟုန်တိုး တက်လာနေပါပြီ။
ဒီတက်ချိန်ဆိုရင်တော့ ရေရိုင်းကို နှိမ်လို့မရဘဲ ဒေါမာန်တွေထပြီး ထင်တိုင်းကြဲ တက်လာတာပါဘဲ။ ချောင်းပေါက်ဝမှာ မြောက်ကြွပြင်းထန်စွာနဲ့ ဘယ်သူ့ကိုမှ ညှာမယ့်၊ သနားမယ့် ပုံမရှိဘဲ ချောင်းတစ်ခွင်ကို ၀င်လာစမှာဘဲ သူ့အားအင်ကိုပြပြီး ကြမ်းကြမ်းရမ်းရမ်းတက်လာပါတယ်။
သူ့ရဲ့အားကို ပြလိုက်ရုံနဲ့တင် လတာပြင်ကို ရေတွေ ဒလဟော အားနဲ့အင်နဲ့ ၀င်တိုးပြီး ပလုံစီတွေထလာပါတယ်။ ပုစွန်ဆိတ်ကလေးတွေလဲ အထိတ်တလန့်နဲ့ တုန်နေအောင်ကြောက်သွားပြီး တောင်ဖက်ခုန်လိုက်၊ မြောက်ဖက်ပြေးလိုက်နဲ့ ဆောက်တည်ရာမရ ကြောက်လန့်နေကြရှာသလို ကျူရိုးအခင်အသေးလေးနဲ့ ကျူရိုးရှင်တစ်ယောက်လဲ မဗေဒါကို စိုးရိမ်စိတ်နဲ့ ချောင်းဝနားမှာ ဆွေးနေရပြန်ပါတယ်။
ဒီတော့ မဗေဒါက မဆွေးပါနဲ့၊ မစိုးရိမ်ပါနဲ့ ကျူရိုးရှင်ရယ်၊ အချိန်တန်ရင် ဒီရေရဲ့ မာန်ကျပြီး ချောင်းဟာ ပြန်လှပသွားရစမြဲပါ။ နောက်တချီ ဒီရေဦး ထိုးတက်လာမယ့် ဒီရူးထချိန်အထိ တော့ ချောင်းပြန်လှနေဦးမယ်ဆိုတာ ချောင်းတလျှောက် ကောက်ကွေ့ဝင်ပြီး သွားနေကျ ဗေဒါပင် တွေ အသိဆုံးပါဘဲ လို့ ကျူရိုးရှင်ကို နှစ်သိမ့်လိုက်ပါတယ်။
တစ်ခါတစ်ရံမှာတော့ ကိုယ်က သံယောဇဉ်နဲ့ အစိုးရိမ်ပိုမိပေမယ့် ကာယကံရှင်ကိုယ်တိုင်က သူ့အခြေအနေကို သူအသိဆုံးမို့ မစိုးရိမ်ဖို့ နှစ်သိမ့်လိုက်ပြန်ရင်လဲ ကျေနပ်ရပြန်တာပါပဲ မဟုတ်ပါလား။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: