Tuesday, 16 September 2008

ဗေဒါလမ်း (၉) - စုန်ဆန်ရတရား

ပန်းပါဘိ၊ ဗေဒါဆွေ။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကဝေ။
စုန်ဆန်ရ တပေပေ၊ ဒီရေနယ်တကျေး။
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဘွယ်တဲ့လေး။

အိုအချင်း ကျူရိုးရှင်။
နေသာမှာ ရွာရဟန်း၊ ဆွမ်းခံကြွဝင်။
ထန်းတစ်ဖျား နေကိုမြင်၊ ရွာပြင်ကတံတား။
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။

အိုအချင်း ကျူရိုးရှင်။
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်။
ဈေးသမား မယားလင်၊ တစ်ရွာဝင် တစ်ရွာသွား။
အိမ်အပြန်ပုစွန်ငါး၊ နေ့တိုင်းပါလား။

ဒီတက်တော့ သူထက်သန်။
ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်။
အလဲလဲအဖန်ဖန်၊ စုန်ဆန်ရတရား။
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

မဗေဒါတော့ စုန်ရဆန်ရနဲ့ ပင်ပန်းလှပါဘိ လို့ ကျူရိုးရှင် က တေးသံတဝေေ၀နဲ့  ကရုဏာသက်နေမိပါတယ်။ စုန်ဆန်ရတပေပေ .... တဲ့၊ တပေပေတလေလေနဲ့ ပဲ ဒီရေကြော ဒီချောင်းတလျှောက် ဗေဒါတို့ရဲ့လမ်းမှာ စုန်ဆန်နေရတာ ပင်ပန်းဖွယ်ပါပဲတဲ့။ ဒီတော့ မဗေဒါက သံဃာတော်တွေလည်း နေ့တိုင်း ရွာပြင်ကတံတားလေးကို ဖြတ်ပြီး ဆွမ်းခံပြန်ရပါတယ်၊ ဈေးသမားလင်မယားလည်း လောင်းလှေလေးထိပ်မှာ ဟင်းရွက်စုံလေးတွေတင်ပြီး တစ်ရွာဝင်တစ်ရွာထွက်သွား၊ ပြန်လာတော့ ပုစွန်တွေ၊ ငါးတွေနဲ့ နေ့တိုင်းအိမ်ပြန်လာရပါတယ် ... တဲ့။ မဗေဒါ တဦးတည်းသာ စုန်နေဆန်နေရတာမှမဟုတ်ပဲ။ လူသားအားလုံး သွားလိုက်ကြ၊ ပြန်လိုက်ကြနဲ့ ဒီသံသရာထဲ လည်နေကြရတာပဲ မဟုတ်ပါလား။ ဒီရေတက်လာရင်လည်း စိတ်အားထက်သန်စွာ ဆန်တက်လိုက်မယ်၊ ဒီရေကျပြန်တော့လဲ ရွှင်ရွှင်လန်းလန်းနဲ့ပဲ စုန်ဆင်းလိုက်မယ်။ ဒီလိုပဲ အဖန်ဖန်တလဲလဲ စုန်နေဆန်နေရတဲ့ တရားကို ဒီရေမှာသွားနေတဲ့ မဗေဒါ မြင်များထားလေရော့သလား .... လို့တွေးကြည့်မိပါတယ်။
ကျနော်တို့ ဘ၀မှာလဲ ဒီလိုပဲ သွားလိုက်၊ ပြန်လိုက်၊ တက်လိုက်၊ ကျလိုက်၊ နိမ့်လိုက်၊ မြင့်လိုက်နဲ့ ဒီဘ၀ခရီးကို လျှောက်နေကြရဦးမှာဘဲ မဟုတ်လား။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: