Tuesday, 23 September 2008

ဗေဒါလမ်း (၂၉) - ကြံဖန်ရ

သက်လာတဲ့ရေ ၊ တောင်လေကဖမ်း။
ရေပြင်မှာ လေ၀င်စိုင်း၊ လှိုင်းကြက်ခွပ်လမ်း။

ဒီလှိုင်းကလေသဟာ၊ ဗေဒါက ရေသမား။
ဗေဒါခင်စုန်ချင်အား၊ ဒီလှိုင်းကတား။

ဒုက္ခဟဲ့ မဗေဒါ။
လှိုင်းပုတ်ပြန် ဆုတ်ဟန်ပြ၊ ဆင်းရသူ့မှာ။
ဆုတ်ရင်းလဲ သူဆင်းလာ၊ မြင်ပါပေါ့ပင်လယ်ဝ။
ရေစုန်လေဆန်မို့
ဗေဒါပျံ ကြံဖန်ရ၊ ချောင်းဒီလောက။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)

ရေကျချိန်ရောက်ပြီမို့ ဒီရေပြန်ဆင်းတဲ့အချိန်မှာ တောင်လေကဖမ်းတိုက်ထားတော့ ရေကမြောက်ကနေတောင်ကိုအဆင်း၊ လေက တောင်ကနေ မြောက်ဖက်ကိုပင့်တိုက်တဲ့အခါ ရေပြင်မှာ လေကဆုန်စိုင်းတော့ ဒီရေလမ်းမှာ လှိုင်းကြက်ခွပ်တွေဖြစ်လာပါပြီ။
ဒီလှိုင်းဟာ လေကြောင့်ဖြစ်သလို ဗေဒါကတော့ ရေကိုအားထားပြီးမျောနေရတဲ့ ရေသမားပါပဲ။ ရေကျချိန်မို့ ဗေဒါခင် ပြန်စုန်ချင်ပေမယ့် ဒီလှိုင်းကအထက်ဖက်ကိုပြန်ပင့်တားထားတော့ စုန်ချင်တိုင်းစုန်လို့ မရဘူးပေါ့။
ဒုက္ခပါဘဲဟဲ့ မဗေဒါရယ်၊ လှိုင်းကပုတ်လိုက်ရင် ဆုတ်ဟန်ပြပြီးမှ ရေနဲ့အသာမျှောပြီးသူ့မှာပြန်ဆင်းရပါတယ်။ ဒီလိုပဲ အသာဆုတ်ပြီးမှ ပြန်ပြန်ဆင်းလာရင်းနဲ့ပဲ ပင်လယ်ဝကိုမြင်နေရပါပြီ။ ရေကအစုန်၊ လေကအဆန်မို့ ဗေဒါပျံခမျာ ဒီချောင်းလောကထဲမှာ ပန်းတိုင်ရောက်ဖို့ ကြံခဲ့ ဖန်ခဲ့ ရပါတယ် ... တဲ့။
ဒီကဗျာလေးမှာ "ရေစုန်လေဆန်" ဆိုတဲ့အဖွဲ့လေးကို အတော်လေးနှစ်သက်မိပါတယ်။ စုန်ရေနဲ့လိုက်ဆင်းတာတောင် လေကခံတိုက်နေတော့ လွယ်လွယ်နဲ့ဆင်းလို့မရဘဲ နဲနဲပြန်တက်လိုက် (တနည်းအားဖြင့် ဆုတ်ဟန်ပြလိုက်) များများပြန်ဆင်းလိုက်နဲ့ အတော်လေး ကြံရဖန်ရ ပရိယာယ်တွေသုံးရပြီးမှ သွားချင်တဲ့ပန်းတိုင် ပင်လယ်ဝကို မြင်လာရပါတယ်။ ကျနော်တို့တွေဆက်လျှောက်ရမယ့် ဘ၀လမ်းမှာလည်း ဆင်းတိုင်း လွယ်သေးတာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လဲ ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအခက်အခဲမျိုးတွေ တွေ့တွေ့ ကြံဖန်ပြီးတော့ ဉာဏ်သုံးကျော်လွှားရင်တော့ ပန်းတိုင်ကို တချိန်မှာ ရောက်ရမှာပါ ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: