Monday, 15 September 2008

သခင်မြင်ပါ

အလွမ်းတွေ သယ်လာသူရယ်၊
အပန်းဖြေအလည်လာသလား၊
ဘယ်အခါများ ပန်းငုံလွှာရယ်၊
လွှမ်းထုံကာပွင့်ဝဲမှာလဲ၊
လွင့်ဆဲဗျာပို။

ကြွေရွက်တွေ လေမှာနွဲ့ရင်ဖြင့်၊
နွေရက်ရှည် ဝေဒနာဖွဲ့ပြီပေါ့၊
ဖြေရာမဲ့ငို။

တကယ်မသိလေသလား၊
တွယ်ငြိနေ ရင်မှာပူလို့၊
တမင်တကာသူ စိမ်းကားလှတယ်ထင့်၊
မကြင်နာသူ တိမ်းကစားပြပေမယ့်၊
မိန်းမသားဘ၀မို့ အချစ်ကို၊
လှစ်ဆိုလို့မဖြစ်ဘဲ။

သူသိစေတော့၊
အပူရှိသူ ရတက်ဖြာပွားလေရဲ့၊
သက်လျာတပါး ရင်ခွင်ညှာမှာ၊
ဝှက်ကာထားတဲ့ အကြင်နာကို၊
သခင်မြင်ပါ ပြောချင်လှလည်း၊
မနောအသွင်က ချစ်သဏ္ဌာန်ရုပ်ကို၊
ဟန်လုပ်ကာ သိမ်းထားလို့ရယ်ကွယ်၊
မိန်းမသားတို့အသည်း။ ။

ညီမငယ်လေး တဦးအတွက် ကိုယ်ချင်းစာနာမှုနဲ့အတူ ခံစားဖွဲ့ဆိုပေးထားတာပါ။ ရင်ထဲမှာ တိတ်တခိုး သိမ်းထားရတဲ့ဘ၀ကို ကြုံဖူးသူများမှ ခံစားနားလည်နိုင်ပါလိမ့်မယ်။ မိန်းမသားတွေအဖို့တော့ ပိုပြီး ခက်ခဲနွမ်းနယ်စွာ ကျော်ဖြတ်ရပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမြဲချမ်းမြေ့ပျော်ရွှင်ပြီး လိုရာဆန္ဒပြည့်ဝပါစေ ညီမလေးရေ ...
ချစ်ရသောသူနဲ့လည်း အမြဲလက်တွဲနိုင်ပါစေ ... နုနယ်သေးတဲ့နှလုံးသားလေးမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ကင်းဝေးပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ် ..
ဖတ်ရှုခံစားပေးသူများကိုလည်း ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

3 comments:

အိ said...

ကဗျာလာဖတ်သွားတယ်ကိုဟယ်ရီ..ဗြဲ ငိုတော့မယ်
တပုဒ်ပြီးတပုဒ်နဲ့ နှိပ်စက်နေတယ် (ကောင်းချက်ပြင်းတယ်)

Anonymous said...

ငိုချင်အောင်လုပ်နေတယ်...ko harry.. =(

Harry said...

အော် .. အလွမ်းဓာတ်ခံရှိကြသူများ ဆိုတော့လဲ ..
ငိုနဲ့နော် .. တိတ်ကြ .. တိတ်ကြ ... မုန့်မုန့်ဝယ်ကျွေးမယ်နော်