ဗေဒါလမ်း (၂၈) - ပန်းဝင်နိုင်ပါရဲ့
ကျ ရေနဲ့ကြုံ၊ စုန်ရန်သာတကား။
မဗေဒါပြာလဲ့ဝင်းရယ်၊ ဆင်းချင်ရဲ့လား။
ဟိုကမ်းမှာ ခရာခြုံ၊ သည်မှာတုံ ပုံတံတား။
မဆင်းချင် မင်းဝင်တွဲ၊ ရဲလိုက်ပါလား။
အိုအချင်းကျူရိုးရှင်။
မိရာတွယ် မယ်မတွဲ၊ ရဲစိတ်မထင်။
စုန်ချိန်ကျပြီမို့
စုန်ရလည်းမယ့်လမ်းပင်၊ ပန်းဝင်နိုင်ပါရဲ့။
ပွင့်ဖူးစုံငုံတံနဲ့၊ ဆင်းလိုက်မယ် .. တဲ့။ ။
ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)
ဟိုကမ်းနားမှာတော့ ခရာဆူးခြုံတွေရှိတယ်။ သည်နားမှာတော့ တံတားလဲရှိတယ်။ အဲဒီတော့ မဆင်းချင်ဘူးဆိုလဲ သူတို့ကိုမှီတွယ်ပြီး ရဲရဲကြီးတွဲနေပါလား ... လို့လဲ အကြံပေးပါတယ်။
ဒါပေမယ့် မဗေဒါကတော့ ဒီလိုအမှီအတွယ်ကို မရှာလိုပါဘူး။ စုန်ချိန်ကျလာလို့ စုန်ရတော့လဲ သူ့လမ်းမို့ သူစုန်ရမှာပါဘဲ။ ဒီလိုစုန်ရတာဟာ ဆုံးရှုံးခြင်းမဟုတ်ပါဘူး။ စုန်နေရလည်းသူ့ လမ်းမှာ သူပန်းဝင်နိုင်ပါသေးတယ်။ အဖူးအပွင့်အငုံရိုးတံစုံနဲ့ ဆင်းလိုက်မယ် ... လို့ ပြန်ဖြေလိုက်ပါတယ်။
အောင်မြင်မှုတွေရလာတိုင်းလဲ ဘ၀မှာ မပြီးပါဘူး။ အောင်မြင်နေတဲ့အချိန်မှာကို ကျဖို့ ဆင်းဖို့ ကြုံတတ်ကြတာပဲ မဟုတ်ပါလား။ မဗေဒါ ပန်းပွင့်တွေနဲ့ လှနေကာမှ ပြန်ဆင်းရသလိုဘဲ ကျနော်တို့ဘ၀တွေမှာလဲ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နှက်လို့ ဘ၀ခရီးကို လျှောက်နေကြရ တာပဲမဟုတ်လား။ အကျဖက်ကိုရောက်လာရင် ကိုယ့်လမ်းကို ကိုယ်မမြင်တော့ဘဲ မိရာကိုဖမ်းတွယ်ပြီး မကျအောင် ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအခါမှာ သူတပါးကို မှီခိုရတော့ ကိုယ့်ရဲ့လမ်းပျောက်ပြီး သူတို့ရဲ့ သြဇာအောက် ရောက်တတ်ပါတယ်။ ကိုယ့်ဘ၀ကိုယ်ဖန်တီးခွင့်ဆုံးရှုံးသွားပြီး သူတပါးကြိုးဆွဲရာ က ရတဲ့ ဘ၀မျိုးရောက်သွားတတ်ပါတယ်။ ဒါတွေကို ကြိုမြင်ထားရင် ဗေဒါလေးတွေလိုဘဲ စုန်စရာရှိလဲ အလိုက်သင့်စုန်ဆင်းရင်းနဲ့ ကိုယ့်လမ်းမှာဘဲ ပန်းဝင်နိုင်အောင် ကြိုးစားတတ်သလို သူတပါးကို မမှီခို၊ အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပန်းဝင်နိုင်အောင် ကျနော်တို့လဲ ကြိုးစားရပါလိမ့်ဦးမယ် ... လို့ခံစားမိပါတယ်။
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ
No comments:
Post a Comment