Sunday, 14 September 2008

စိတ်

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ကျနော့်ရဲ့ကျေးဇူးရှင်ဖခင်ကြီး ဆုံးပါးခဲ့ပါတယ်။ အခံစားရဆုံးကတော့ မေမေပါပဲ။ အိမ်ထောင်သက် အနှစ်လေးဆယ်နီးပါး ပေါင်းသင်းလာခဲ့ပြီး မိသားစုတခုလုံးရဲ့ အားကိုးရာဖြစ်တဲ့၊ အထူးသဖြင့် မေမေ့အတွက် အဓိကမှီခိုအားထားရာ ဘ၀လက်တွဲဖော်ဖြစ်တဲ့ ဖေဖေ့ကို ဆုံးရှုံးခဲ့ရတဲ့အတွက် မေမေ့စိတ်မှာ အလွန်တရာထိခိုက်ကြေကွဲခံစားခဲ့ရပါတယ်။
ဖေဖေ့ကို ဆုံးရှုံးရတာရော၊ မေမေ ခံစားနေရတာကို မချိတင်ကဲကြည့်ပြီးရော အားလုံးပေါင်းစပ်ပြီး ကျနော့်စိတ်မှာလည်း အတော် နာကျင်ကြေကွဲစွာခံစားရပါတယ်။ မုဆိုးမ မိခင်အိုကို တတ်နိုင်သမျှ နှစ်သိမ့်အားပေးခဲ့ပါတယ်။
ဒီလိုနေရင်းနဲ့ပဲ ဖေဖေ ဆုံးပြီး (၄)လပြည့်ဖို့ ရက်အနည်းငယ်အလိုမှာ မေမေ ဒီကဗျာလေးကို ရေးခဲ့ပါတယ်။


သူထွက်ခွါလည်း၊
ပြန်လာလိမ့်နိုး၊ တိတ်တခိုးပင်၊
မျှော်ကိုးစောင့်ကြိုနေမိသည်။ ။

သူ့စကားသံ၊
မကြားပြန်လည်း၊ ရှာကြံနားစွင့်၊
မျှော်လင့်တောင့်တနေမိသည်။ ။

သူမရှိလည်း၊
ရှိနေသေးသည်၊ မဝေးမကွာ၊
အနီးမှာဟုရှာမိသည်။ ။

သူ့အရိပ်ကို၊
ခိုလှုံလိုလည်း၊ လဲပြိုပျက်ရွေ့၊
ရှာမတွေ့တော့၊
ချမ်းမြေ့စိတ်များပျောက်ခဲ့ပြီ။ ။

အဲဒီနောက် ကျနော်လည်း ဝေးမြေရပ်ခြားကို ထွက်ခွာခဲ့ရပါတယ်။ မုဆိုးမ မိခင်အိုအနားမှာ နေချင်ပေမယ့်လည်း ဘ၀အတွက်ရော၊ ကျနော်အလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့ တာဝန်အတွက်ရောမို့ မထွက်ချင်ပေမယ့် ထွက်ခဲ့ရတာပါပဲ။ ကျနော် နိုင်ငံခြားမှာရှိနေတုန်း (ငွေရေးကြေးရေးအရ ပူပင်စရာမလိုပေမယ့်) မေမေ့ကို အလွန်စိတ်ပူခဲ့ရပါတယ်။ ဘ၀လက်တွဲဖော်နဲ့ သေခွဲခွဲရလို့မှ မကြာသေး၊ အားကိုးရာဖြစ်တဲ့ တဦးတည်းသောသားကလည်း အဝေးကို ရှင်ခွဲခွဲပြီးထွက်သွားရလေတော့ မေမေ ဘယ်လိုများ ခံစားနေရရှာပါလိမ့်မလဲ။ မေမေဟာ နှလုံးရောဂါအခံလည်း ရှိပါတယ်။ အဲဒီလို ပူပင်နေရတုန်း ဖေဖေ ဆုံးတာ (၆)လ ပြည့်တဲ့နေ့မှာ မေမေ ဟာ ဒီကဗျာလေးကို ဆက်ရေးခဲ့ပါတယ်။

မရသည်ကို၊
လိုချင်တောင့်တ၊ သောကမီးကြီး၊
ငြီးငြီးဟုန်းထ၊ တောက်လောင်လှစဉ်၊
"အဘိဏှသုတ်တော်"၊
ရွတ်ပူဇော်သော်၊ တွေးခေါ်ဆင်ခြင်၊
အမှန်မြင်၍၊ ရေစင်အေးချမ်း၊
ပက်ဖြန်းသည်သို့၊ နှစ်လို့စိတ်တွင်၊
တရားမြင်သည်၊ လျင်လျင်စွဲငြီး၊
သောကမီးကိုငြိမ်းစေသတည်း။ ။

အဲဒီတော့မှပဲ ကျနော်လည်း မေမေ့အတွက် အနည်းငယ် စိတ်အေးသွားရပါတော့တယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်အနန္တ၊ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်အနန္တကြောင့် မေမေ့ရဲ့စိတ်မှာ ဆောက်တည်ရာ ရခဲ့ရပါတယ်။ ရတနာသုံးပါးဟာ အမှန်တကယ်ပဲ ကျနော်တို့ရဲ့ အားကိုးအားထားရာဖြစ်စေပါတော့တယ်။
မေမေ့ရဲ့ကဗျာလေးနဲ့ပဲ ရတနာသုံးပါးနှင့်တကွ ကျနော့်ရဲ့ကျေးဇူးရှင်ဖခင်ကြီး နဲ့ မိခင်ကြီးအပါအ၀င် အနန္တော၊ အနန္တငါးပါးကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့လိုက်ပါတယ်ခင်ဗျား။
ခံစားဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးပါ။

ဟယ်ရီ

5 comments:

အိ said...

လာဖတ်သွားပါတယ်ကိုဟယ်ရီ
ကိုဟယ်ရီ့ မေမေ လည်းကဗျာရေးတယ်လား...

Angel said...

အံ့သြစရာကောင်းလောက်အောင် စာပေ အထုံကောင်းလွန်းတဲ့ သားအမိပဲ။ သေသေချာချာ ဖတ်သွားပါတယ် အူးဟယ်ရီ။ :)

Unknown said...

မိသားစုဘ၀ မိသားစုခံစားချက်
တရားသောနည်းနဲ့ဘ၀ကို ရင်ဆိုင်ဖြေရှင်း
တကယ်လှပတဲ့ သီချင်းတစ်ပုဒ်ပါပဲ။
ဆက်ရေးပါဗျာ ။
ရေးချင်တာရေးပါ ။
ဖတ်ချင်သူတွေရှိမှာပါ။

Angelhlaing(May everybody be happy and healthy! said...

ဒီအချိန်မှာ အတိုက်ဆုံးမို့ ရင်နဲ့ရင်းလို့ ဖတ်သွားတယ်အကို...

Harry said...

စိတ်မကောင်းပါဘူး ညီမလေး အိန်ဂျယ် ... အကိုလည်း ကိုယ်တိုင် ခံစားဖူးတဲ့အတွက် ကိုယ်ချင်းစာနာမိပါတယ် ... တတ်နိုင်သမျှ စိတ်ကို ဖြေပေါ့ကွယ် ...