ဗေဒါလမ်း (၂၂) - ဒီတရား
မတက်ရလျင်တော့ ၊ တစ်သက်ပါ့မခံပေါင် ... တဲ့။
ကနစို တုံးတိုသစ်က ၊ ကြွေးဟစ်ရန်ထောင်။
မနက်ကအသေကောင်၊ သူတောင်မှတက်နိုင်သေး။
ငါ တုံးတို ကနစိုသားပေပေါ့။
ချောင်းဖျားကို ခါတစ်ခေါက်၊ ရောက်ရမယ်လေး ... တဲ့။
ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစိုတုံးပျိုလှကို နားချပါရှင်။
ဒီချောင်းကို ၀င်မိလျင်၊ မထင်နဲ့တစ်ခေါက်ထဲ။
တက်တုံ သက်တုံနဲ့
တက်မကုန်၊ သက်မစဲ၊ မောလောက်အောင်ပဲ။
ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစိုတုံးပျိုလှကို နားချပါရှင်။
ဒီချောင်းကိုဝင်မိလျင်၊ တက်ချိန်တွင်ဆင်းနိုင်ပဲ။
ဆင်းချိန်မှာ တက်လိုလဲ၊ စောင့်ရစမြဲ။
မနက်ကတက်တဲ့ဒီ၊ မမီလိုက်လေလဲ။
ညဦးယံဒီပြန်တက်ပါလိမ့်။
တက်စရာခက်ပါပဲ၊ ပန်းဗေဒါနဲ။ ။
ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံမဂ္ဂဇင်း၊ ၁၉၆၀)
ဒီအခါမှာ မဗေဒါက ကျူရိုးရှင်ရယ်၊ ဒီချောင်းမှာဒီတရား ဆိုတာကြားဖူးပါလိမ့်မယ်။ ကနစိုသားတုံးတိုကို နားချပါဦးရှင်။ ဒီချောင်းထဲကိုဝင်မိလို့ကတော့ တက်နေဆင်းနေရတာတစ်ခေါက်ထဲလို့များမထင်လိုက်ပါနဲ့။ တက်လို့မကုန်နိုင်၊ ဆင်းလို့လဲ မစဲနိုင်နဲ့ မောလောက်အောင်သွားနေရပါလိမ့်မယ်။ ပြီးတော့ တက်ချင်တိုင်းလဲမတက်နိုင်၊ ဆင်းချင်တိုင်း လဲဆင်းလို့မရ။ ရေတက်ချိန်မှာဆို စုန်လို့မရ၊ ရေကျချိန်မှာဆန်ချင်လို့မရနဲ့ အချိန်ကိုလဲ စောင့်ရပါသေးတယ်။ ဒီလိုမှမဟုတ်လို့ တက်ချင် ပါသေးတယ်ဆိုရင်တော့ မနက်ကတက်တဲ့ ဒီရေကို မမီလိုက်လဲ ညဦးယံလောက်ကျရင် ဒီပြန်တက်လာပါလိမ့်မယ်။ မဗေဒါတို့အတွက်ကတော့ တက်ဖို့ဆိုတာ မခက်လှပါဘူး လို့ ပြောလိုက်ပါတယ်။
ဒီကဗျာလေးမှာ ဆရာကြီးဟာ တွေးဆဆင်ခြင်စရာ၊ သင်ခန်းစာယူစရာအများအပြားပေးသွားပါတယ်။ မိုက်မဲစွာမာန်တက်မှု၊ အခြေအနေကို အသေအချာ သိနားလည်ခြင်းမရှိမှု၊ အတွေ့အကြုံနည်းပါးမှု၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်လိုမှု ဆိုတဲ့ လူအတော်များများမှာရှိတတ်တဲ့ စိတ်ဓါတ်တွေကို ကနစိုတုံးနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ တည်ငြိမ် ရင့်ကျက်မှု၊ စာနာနားလည်သနားတတ်မှု၊ အတွေ့အကြုံများပြားမှု၊ စိတ်ရှည်သည်းခံနိုင်မှု၊ အခွင့်အရေးကို လောမကြီးဘဲ၊ လွတ်သွားတဲ့အခွင့်အလမ်းတခုကိုမက်မောမနေဘဲ နောက်ထပ်လာဦးမယ့် အခွင့်အလမ်းကို ရယူ နိုင်မယ်ဆိုတဲ့ တွေးခေါ် မျှော်မြင်နိုင်မှု အစရှိတဲ့ စိတ်ဓါတ်အကျင့်ကောင်းတွေကိုတော့ မဗေဒါနဲ့ နှိုင်းယှဉ်ပြထားပါတယ်။
နောက်ဆုံးအပုဒ်လေးကို ကျနော်အကြိုက်ဆုံးပါဘဲ။ ညဦးယံဒီပြန်တက်ပါလိမ့်ဦးမယ်တဲ့။ ကျနော်တို့ဘ၀မှာ လွတ်သွားတဲ့ အခွင့်အလမ်းတွေအတွက် အချိန်မနှောင်းသေးပါဘူး။ အားလျှော့စရာမလိုပါဘူး။ ညဦးယံရောက်ရင် ဒီပြန်တက်ပါ လိမ့်ဦးမယ်။ တက်လာမယ့် အဲဒီ ဒီရေနဲ့ အမီလိုက်ကြဖို့အတွက် ကိုယ့်ဖက်ကသာ အဆင်သင့်ဖြစ်ဖို့လိုပါလိမ့်မယ်။ အဲ ... ဒီရေတက်လာချိန်မှာ အိပ်ပျော်မနေကြဖို့သာ လိုပါလိမ့်မယ်။ ညဦးယံအခါကိုရောက်ရင်တော့ ဒီရေပြန်တက်လာဦးမှာပါ ... လို့ခံစားမိပါတယ်။
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ
No comments:
Post a Comment