Sunday, 21 September 2008

ဗေဒါလမ်း (၁၆) - ချောင်းလှဖို့ကို

ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။
မဗေဒါပြာနွဲ့နှောင်းငဲ့။
ချောင်းတန်တန် ရေငန်ရပ်မှာ စွဲတတ်နိုင်အား။

သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။

သူ့လမ်းနဲ့သူ့အမြင်။
ချောင်းဒီရေနေသမျှ၊ ချောင်းလှဖို့ပင်။
ချောင်းဖျားက ထက်တစ်ခွင်
ပင်လယ်က အောက်တလွှား။
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော၊ မျောကြမနား။

ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေယောင်စောင်းငဲ့။
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

မဗေဒါပြာနွဲ့နှောင်းရယ် ... ဒီချောင်းမှာ ကြာလှပါပကော။ ရေငန်ချောင်းငယ်ငယ် ထဲမှာ စွဲစွဲမြဲမြဲနေတတ်နိုင်ပါပေရဲ့ .. လို့ ကျူရိုးရှင်က ဆိုပါတယ်။
မဗေဒါကတော့ သူ့စိတ်နဲ့သူ့ကိုယ်ပဲ၊ ချောင်းတခွင်မှာမြင်ရသမျှဟာ ချောင်းလှဖို့ပဲဖြစ်နေပါတယ်။ ဘုတ်မကပဲ ချိုတေးဆိုဆို၊ ဗျိုင်းညိုတွေရဲ့ အောက်သံပဲ ကြားကြား၊ ကမ်းဘေးက အုန်းပင်ညီနောင် စောင်းချင်လဲစောင်းနေ၊ ချောင်းကောက်ကွေ့နေလဲ ကောက်ကွေ့နေပါစေ၊ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဟာ ချောင်းကို အလှဆင်နေတယ်လို့ပဲ ယူဆထားပါတယ်။ သူ့လမ်းကို သူ့အမြင်နဲ့ပဲ သူမြင်ပါတယ်။ ဒီချောင်းရေထဲမှာ နေသမျှတော့ ချောင်းကလေးလှတယ်လို့မြင်ထားပါတယ်။ အထက်တခွင်က ချောင်းဖျားကနေ ပင်လယ်ဝ ချောင်းအောက်အထိ စုန်လိုက် ဆန်လိုက်နဲ့တစ်လှည့်စီ မနားတမ်း မျောနေရတဲ့ ဒီသဘောတရားကိုနောကြေနေအောင် ဗေဒါက သိထားပါတယ်။
ရွှေယောင်တစောင်းထုံးတားတဲ့ ကျူရိုးရှင်ရယ် ... ဒီချောင်းမှာပဲ ကြာနေရမှာပါ။ ရေငန်ချောင်းငယ်ငယ် ထဲမှာပဲ စွဲစွဲမြဲမြဲနေချင်လှပါတယ် .. လို့မဗေဒါက ဆိုပါတယ်။
မဗေဒါ အမြဲ စုန်ဆန် နေရသလိုဘဲ ကျနော်တို့ဘ၀တွေမှာလဲ အနိမ့်အမြင့်အတက်အကျတွေနဲ့ ပြည့်နှက်လို့ ဘ၀ခရီးကို လျှောက်နေကြရ တာပဲမဟုတ်လား။ အဲဒီအခါမှာ ဗေဒါလေးတွေလိုဘဲ "ချောင်းတခွင် မြင်သမျှ ချောင်းလှဖို့" ပါပဲလို့ အရာရာကို အကောင်းအမြင်နဲ့ ကြည့်ဖို့ ကြိုးစားရပါလိမ့်ဦးမယ် ... လို့ခံစားမိပါတယ်။
ဒီကဗျာရဲ့ ဒုတိယအပိုဒ်လေးကို အသံထွက်ပြီး ဆိုကြည့်ကြစေချင်ပါတယ်။ သံစဉ်တစ်ခုဟာ ရစ်သမ်နဲ့ စီးဆင်းနေတာကို ခံစားရပါလိမ့်မယ်။ ဆရာကြီးရဲ့ ပါရမီကို တွေ့ ရမှာပါ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: