Saturday, 27 September 2008

ဗေဒါလမ်း (၄၀) - ချောင်းမအသိ

ချောင်းမကို ၀င်၊ မြင်ပါရဲ့လား။
ဒီဆိုင်မှာ ပေါ်လာမြဲ၊ ၀ဲကြီးပါလား။

ဒီ သရဲ ၀ဲလယ်တွင်။
ဝဲလှည့်ရာ ဗေဒါချောငဲ့၊ မောရလိမ့်ထင်။
ဒီဝဲကြောင့် မယ်ငြိုငြင်၊ နှုတ်ပြစ်တင် စကား။
ချောင်းမကို မယ့်လက်ညှိုး၊ ထိုးလိုက်မယ်လား။

အိုအချင်း ကျူရိုးရှင်။
မောလိမ့်မယ် တကယ်ပဲ၊ ၀ဲလှည့်ခိုက်တွင်။
ချောင်းမထဲ ကြုံမြဲပင်၊ ဆင်ခြင်မိပါရဲ့။
ချောင်းမကို ဒါပေမယ့်၊ ၀င်လိုက်မယ်ကွယ့်။

ဒီဝဲကြောင့် မငြိုငြင်။
ရေအီလျှင် ဒီသရဲ၊ ရှဲရမည်ပင်။
ဒီသရဲ မရှဲခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမ အသိ။

ဒီဝဲကြောင့် မငြိုငြင်။
မမောခင် ထွက်ချင်လဲ၊ ခဲရမည်ပင်။
ဒီဝဲက ထွက်နိုင်ခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမအသိ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၂၃၊ စက်တင်ဘာ၊ ၁၉၇၀)

ချောင်းမကိုအ၀င်၊ ချောင်းလက်တက်နဲ့ ချောင်းမဆုံရာ ဒီချောင်းဆိုင်မှာ ရေစီးအားနှစ်ခုအဆုံကြောင့် ပေါ်လာမြဲဖြစ်တဲ့ ၀ဲကြီးရှိနေပါတယ်။ မြင်ရဲ့လား .. တဲ့။ ကျူရိုးရှင်က သတိပေးရင်းမေးလိုက်တာပါ။
ဆက်ပြီး ဒီ မကောင်းဆိုးဝါးသရဲလိုဆိုးတဲ့ ၀ဲအလယ်မှာ မဗေဒါတော့ ၀ဲလှည့်သမျှချာချာလည်ပြီး မထွက်နိုင်ပဲ မောနေရလိမ့်ဦးမယ်ထင်ပါတယ်။ ဒီဝဲကြောင့် ချောင်းမကြီးကို ငြိုငြင်ပြီး လက်ညှိုးထိုးလို့ အပြစ်တင်စကား နှုတ်ဖျားကနေဆိုဦးမှာလား .. လို့ မေးလိုက်ပါသေးတယ်။
အို .. ကျူရိုးရှင်ရယ်၊ ၀ဲထဲမှာလှည့်နေရခိုက်ကတော့ တကယ်ပဲမောရပါလိမ့်မယ်။ ချောင်းမထဲကိုဝင်တာနဲ့ ဒီလိုပဲ ကြုံစမြဲဆိုတာလဲ ဆင်ခြင်မိပါတယ်။ ဒါပေမယ့် ချောင်းမထဲကိုတော့ ၀င်လိုက်ပါ့မယ်ကွဲ့ ... လို့ မဗေဒါက ပြန်ပြောပါတယ်။
ဒီဝဲကြောင့်တော့ မငြိုငြင်ပါဘူး။ ရေအီပြီး ကျသွားချိန်ဆိုရင် ဒီသရဲ အဝေးကိုရှဲလို့ သွားရမှာပါ၊ အဲဒီလို ဒီသရဲ ၀ဲကြီး ရှဲမသွားခင်အထိ မဗေဒါပြာစင်အိက ဒီဝဲဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုတာ ချောင်းမအသိပါ။
ဒီဝဲကြောင့်တော့ မငြိုငြင်ပါဘူး။ မမောခင် ပြန်ထွက်ချင်လဲ ထွက်လို့မရဘဲ အားခဲနေရဦးမှာပါ၊ အဲဒီလို ဒီဝဲကြီးထဲကမထွက်နိုင်ခင်အထိတော့ မဗေဒါပြာစင်အိက ဒီဝဲဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုတာ ချောင်းမအသိပါ ... လို့ မဗေဒါက ဆက်ပြောပြလိုက်ပါတယ်။

ကျနော်တို့တွေ ကျင်လည်ကျက်စားနေထိုင်ရှင်သန်ရာ ဒုက္ခစုံတဲ့ မနုဿဘုံမှာ သုခချည်းပဲ မရှိနိုင်ပါဘူး။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ဘေးရန်တွေနဲ့လည်း ရင်ဆိုင်ကြရမှာ အမှန်ပါ။ ဘယ်သူမှ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒီလို ကြုံတွေ့ကြရရင် ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ အဲဒီလို ခံနိုင်ရည်ရှိအောင်ကလည်း အတွေ့အကြုံ လိုပါတယ်။ ဒီဒုက္ခက မလွတ်မြောက်နိုင်သေးခင်တော့ ကြံ့ကြံ့ခံရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီဒုက္ခတွေဟာ မမြဲဘူး၊ အချိန်တန်ရင် ပျောက်ကွယ်သွားမှာပါပဲ။ ဒါကို ရင်မဆိုင်လို့လည်းမရသလို အမြဲလည်း ကြုံနေရမှာမဟုတ်ဘူး။ ဒုက္ခကိုရင်မဆိုင်ချင်ဘူးဆိုပြီး ဘ၀ကို ဇာတ်သိမ်းလိုက်လို့ မရသလို ဘ၀ကိုအပြစ်တင်နေလို့လည်း မရဘူး ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: