ဗေဒါလမ်း (၃၃) - မင့်စေနာ
အသာအသာ
ဗေဒါမှုန်နွဲ့ငဲ့၊ စုန်ခဲ့ပါတဲ့
အောက်တစ်ခွင် ပင်လယ်ဝမှာ ဒီကျလျှင်တဲ့။
အသာအသာ
ဗေဒါမှုန်နွဲ့ငဲ့၊ စုန်ခဲ့ပါတဲ့
ဒီချောင်းမြေညနေအေး၊ လေသွေးရင်တဲ့။
အိုအချင်း ကျူရိုးရှင်။
ကျရေမှာ ပြေပြေဆင်း မင်းစုန်စေ့ချင်
တောင်လေလဲသွေးစေချင်၊ ချောင်းတစ်ခွင် မြစ်တန်း။
မင့်စေနာ မယ့်မှာပန်း၊ လှိုင်းကြက်ခွပ်လမ်း။
ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၇၉၊ ဖေဖေါ်ဝါရီ၊ ၁၉၆၇)
အို ... အသင်ကျူရိုးရှင်ရယ်၊ ရေကျမှာလဲ ပြေပြေလေး မယ့်ကိုစုန်ဆင်းလာစေချင်တယ်၊ ပြီးတော့တခါ ချောင်းတခွင် မြစ်စဉ်တန်းထဲမှာ တောင်လေကလဲ တိုက်စေချင်သေးတယ်။ အဲဒီတော့ ရေကျနဲ့ ပင့်လေ ဆုံရင် ဒီလမ်းမှာ လှိုင်းကြက်ခွပ်တွေထပြီး စုန်ဆင်းရ ခက်တော့မှာပေါ့၊ မင့်စေတနာကြောင့် မယ်ကတော့ ပင်ပန်းရဦးမှာပဲ ... လို့ မဗေဒါက ပြန်ပြောလိုက်ပါတယ်။
တစ်ခါတစ်ခါ ကိုယ်ကတော့ စေတနာနဲ့ အမှတ်မထင် ပြောမိ၊ ပြုမိတာတွေဟာ တဖက်သားအတွက် ၀န်ထုပ်ဝန်ပိုးသဖွယ် ဖြစ်သွားစေတတ်တာကို ကျနော်တို့သတိထားကြဖို့လိုပါတယ် ... လို့ထပ်ဆင့်ခံစားမိပါတယ်။
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ
1 comment:
Post a Comment