Saturday, 13 September 2008

ဗေဒါလမ်း (၂) - မယ့်လမ်းပါတဲ့

ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စံပယ်ကို ယမယ်ဖွဲ့ (ယိုးမယ်ဖွဲ့) ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
ပျိုမယ်ကို ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စေတီငယ်ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။

လင်းယဉ်နွဲ့ တချီချီ
ကျူရိုးရှင်သူ့စကား၊ နားကျခဲ့ပြီ
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီပြာလဲ့။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)

ဗေဒါလမ်း(၁) မှာ မဗေဒါက ချောင်းထဲမှာ စုန်ချည်၊ ဆန်ချည်သွားနေရတာငြီးငွေ့ပြီမို့ စပယ်တို့၊ ပျိုမေတို့၊ စေတီ တို့ကို ယမယ်ရှာပြီး ကမ်းကိုကပ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကမ်းကိုကပ်ချင်တိုင်းလဲ ကျူရိုးရှင်က "ဒီချောင်းရေ ဗေဒါလမ်း မယ့်လမ်းသာပ" ဆိုပြီးပဲ အမြဲနားချခဲ့ပါတယ်။ အခု ဒီ ဗေဒါလမ်း(၂) မှာ နောက်ဆုံးတော့ ကျူရိုးရှင် နားချသလိုဘဲ ဒီချောင်းရေမှာ စုန်တခါ၊ ဆန်တလှည့် နေရတဲ့ လမ်းဟာသာ ဗေဒါရဲ့လမ်း၊ မယ့်လမ်းပဲဖြစ်ကြောင်း လက်ခံပြီး ဆက်လက်ရှင်သန်ရုန်းကန်သွားရဦးမယ်လို့ ပြောချင်တယ်လို့ ကျနော် ခံစားရပါတယ်။

ကျနော်တို့တွေရော၊ အကြောင်းမျိုးစုံယမယ်ရှာ၊ တွေ့ကရာတွေရိုးမယ်ဖွဲ့ပြီး ကိုယ်လျှောက်နေကျလမ်းကနေ သွေဖည်ချင်ခဲ့ကြဖူး ပါလိမ့်မယ်။ နောက်ဆုံးတော့လဲ ကိုယ့်ဘ၀ထဲက ရုန်းမထွက်နိုင်ကြဘဲ မူလ လမ်းကိုပဲ ပြန်လျှောက်ကြရတဲ့အခါ ဒီ ဗေဒါလမ်းကဗျာ လေးက တစ်စုံတစ်ခုသော ခံစားမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: