ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ
ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း
သည်ချောင်းရေ လေမခတ်တယ် စီးတတ်လေခြင်း။
ကျူရိုးရှင် ပီပီမှုတ်လို့
ဘုတ်မကို သူကပြိုင်၊ ချောင်းစပ်မှာထိုင်
ဘုတ်မက တိုင်၊ ကျူတိုင်ကအေး။
ရေစီးနဲ့လာ၊ ရေသာမှာပြန်လို့မြန်းတဲ့
မဗေဒါစုန်ဆန်လမ်းကို၊ လွမ်းတယ်တဲ့လေး။
စုန်ပါတဲ့ဆန်ပါ
ကျူရိုးရှင် ပီပီကလေးနဲ့၊ တေးချိုလို့သာ
ဘယ်မြို့ကလာ၊ ဘယ်ရွာဆိပ်ကမ်း
အပွင့်အပြာရောင်နဲ့
ဘယ်သောင်မှာ နေချိုအေးလျင်၊ မှေးအိပ်မယ်မှန်း။ ။
ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)
ဒီကဗျာလေးထဲမှာ ကျနော်နှစ်သက်မိတဲ့အဖွဲ့အနွဲ့ကတော့ "ရေကြင်ဆွေ" ဆိုတဲ့စကားလုံးလေးရယ်၊ "ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း" ဆိုတာလေးရယ်ပါဘဲ။ ဒီလိုကာရန်မျိုးကို ဆရာကြီးလို ပါရမီရှင်တွေရဲ့ အဖွဲ့အနွဲ့တွေမှာသာ တွေ့ရပါလိမ့်မယ်။ ချောင်းကမ်းရဲ့ အခြေအနေနဲ့ အလိုက်သင့်ဖြစ်အောင် စုန်ဆန်မျောပြီး၊ ရေကိုသာ ချစ်ကြင်နေရတဲ့ ဗေဒါပင်ကလေးတွေကို ကျူရိုးရှင်က ပီပီသံလေးပေး ရင်းနဲ့ ကမ်းခြေကနေပဲ ထိုင်လွမ်းနေရပါတယ်။ ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ၊ ဘယ်နေရာမှာ ခိုနားဦးမှာလဲ။ ကျူရိုးရှင် ကတော့ အဝေးကနေ မှန်းဆလွမ်းတ နေဖို့ပဲ တတ်နိုင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဘ၀ဟာ ဘယ်လိုမှ မပေါင်းဆုံနိုင်ပါဘူး။ ဒီလိုပါဘဲ။ ဘယ်တော့မှ မဆုံတွေ့နိုင်တဲ့ ဘ၀နှစ်ခုမှာ နေပြီး အဝေးကနေသာ ငေးမျှော်နေကြရတဲ့ဘ၀ပိုင်ရှင်တွေ ကျနော်တို့ နေတဲ့ ဒီ လောကကြီး ထဲမှာ ဘယ်လောက်များရှိနေပါသလဲ။ သူ့ဘ၀ကိုသူလျှောက်လှမ်းနေတာကို အဝေးကသာ ငေးကြည့်ပြီး လက်တွေ့ဘာမှ မလုပ်ပေးနိုင်၊ မကူညီနိုင်တဲ့ ဘ၀မျိုးမှာဆိုရင် ဘယ်လိုများခံစားကြရမလဲ။
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ
No comments:
Post a Comment