Tuesday, 23 September 2008

ဗေဒါလမ်း (၃၁) - မင်းပါမှပဲ

စာဗူးတောင်းမှာ၊ စါဝါတို့လင်မယား။
သူတို့လွမ်းကြတော့
မယ်လွမ်းအောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

ဖက်လိပ်အိမ်ဆင်၊ ခါချဉ်က လက်သမား။
လက်ရာဆန်းပါဘိ။
ကမ်းကုန်အောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

မိုးတက်မယ့်ဟန် ၊ ငဖျံ က ဂျွမ်းသမား။
အကြံကြီးသူမို့
မီးပွင့်အောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

ဖွဲ့ချင်ရဲ့နော်၊ ဖေါ်ချင်ရဲ့မနဲ။
ဒီလှိုင်းပျံ ထန်ချင်ထန်တဲ့
ဆန်ချိန်တန် ဆန်တက်ရင်းသာပါ့
ဆန်ချိန်ကုန် စုန်လို့ဆင်းပါတဲ့
ဗေဒါငယ် မယ် မငြင်းရယ်၊ မင်းပါမှပဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၅၊ ဇူလိုင်၊ ၁၉၆၂)

စာဗူးတောင်းလေးမှာ စါဝါလင်မယားလွမ်းနေကြပါတယ်။ သူတို့လွမ်းနေတာမြင်တော့ မဗေဒါကလည်း လွမ်းချင်လာပါတယ်။ ဒါနဲ့ပဲ ကျူရိုးရှင်ကို တေးဖွဲ့ဖို့ပြောပါတယ်။
လက်သမားဆရာလို ဖက်လိပ်အိမ်ဆောက်နေတဲ့ ခါချဉ်ရဲ့ လက်ရာဆန်းတွေကိုတွေ့တော့လည်း ကျူရိုးရှင်ကို ဒီလက်ရာတွေကို ကမ်းကုန်အောင်အမွှမ်းတင် တေးဖွဲ့ဖို့ပြောပြန်ပါတယ်။
မိုးပေါ်တောင်တက်တော့မလိုလို အကြံကြီးတဲ့ပုံနဲ့  ဂျွမ်းထိုးကစားနေတဲ့ ဂျွမ်းသမား ငါးပျံရဲ့ မီးပွင့်မတတ် ဂျွမ်းဟန်တွေကိုလဲ ကျူရိုးရှင်ကို တေးဖွဲ့စေချင်ပြန်ပါတယ်။

ဒီတော့ ကျူရိုးရှင်က တေးလည်းဖွဲ့ချင်ပါရဲ့၊ သူတို့အကြောင်းတွေကိုလည်းဂီတနဲ့သရုပ်ဖေါ်ချင်ပါရဲ့။ ဒါပေမယ့် ဆန်ချိန်ဆိုရင်လဲ မငြင်းတမ်းဆန်၊ စုန်ချိန် ဆိုရင်လဲ မငြင်းဘဲစုန်ဆင်းသွားတဲ့ "မယ်မငြင်း" ဗေဒါငယ်အကြောင်းပါမှပဲ တေးဖွဲ့လို့ရပါလိမ့်မယ်။ ဒီတေးဟာ ပြည့်စုံ ဂုဏ်မြောက် ပါလိမ့်မယ် လို့  ပြန်ပြောလိုက်ပါတယ်။

ဒီနေရာမှာ မဗေဒါဟာ မိန်းမသားပီပီ အသားလိုလို့ အရိုးတောင်းတာလား၊ သူ့အကြောင်းတေးဖွဲ့စေချင်တာကိုပဲ မာယာပရိယာယ်နှောပြီး သွယ်ဝိုက်တဲ့ နည်းနဲ့တောင်းဆိုလိုက်တာလား၊ ကျူရိုးရှင်ကို "မူနွဲ့" လိုက်တာများလား ... ဒါမှမဟုတ်လည်း အမြဲစုန်ဆန်နေရတဲ့ ငြီးငွေ့စရာဘ၀မှာ အမောမှပြေပါစေတော့ရယ်လို့ ကြုံတွေ့ရသမျှ သူတွေအကြောင်း ရိုးရိုးသားသားပဲ တေးဖွဲ့သီကျူးသံကို ကြားချင်လို့လား .... ကျူရိုးရှင်ကလည်း သူ့ဘ၀မှာ မဗေဒါသာ အဓိက လို့ ပြောချင်တဲ့ သဘောနဲ့ ဘယ်သူတွေအကြောင်းဖြစ်ဖြစ် မင်းအကြောင်းမပါရင်တော့ မဖွဲ့နိုင်ပါဘူး လို့ ပြန်ဆိုလိုက်လေသလား ... တွေးကြည့်ကြပါဦး

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: